သော့ခလောက်ကြီး တန်းလန်းနဲ့ပဲလား ပြီးတော့ ရှေ့ဆက်စရာတွေ (၂)

အင်တာဗျူးအဆက် - ပထမပိုင်းမှာ ရွေးကောက်ပွဲနိုင် အမတ်များ
လွှတ်တော်တွင်း ၀င်ရောက်နိုင်ဖို့ ကျမ်းကျိန်ရန်
ဆုံးဖြတ်ခဲ့တဲ့ဖြစ်စဉ်နဲ့ ပါတီကို ပြန်လည်ထူထောင်ဖွဲ့စည်းဖို့
အောက်ခြေကနေ ဗဟိုအထိ အဆင့်ဆင့် မည်သို့ လုပ်ကိုင်မည်ဆိုတာ
စဉ်းစားချက်တို့ကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ယခု ဒုတိယပိုင်းမှာ လက်ရှိအင်န်အယ်ဒီပါတီ ဦးဆောင်မှုများ၊
ဆောင်ရွက်နေမှုများကို ဝေဖန်သုံးသပ်နေကြပုံများနဲ့
ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးမှာ ကချင်ပြည်နယ်ရဲ့
အခမ်းကဏ္ဍကို မေးမြန်းထားတာ ဖြစ်ပါတယ်။

မေး။ ။ ခုနင်က မေးတဲ့အထဲမှာ ပြန်ကောက်ပြီး မေးချင်တာက လက်ရှိမှာ
အင်န်အယ်ဒီပါတီနဲ့ ဒေါ်စုတို့ရဲ့ ခေါင်းဆောင်မှု၊ ဆုံးဖြတ်ချက်၊
အပြောနဲ့ လက်တွေ့ ထင်ဟတ်ချက်တွေကို ပြည်သူတွေအတွင်းမှာသာမက
လေ့လာစောင့်ကြည်သူတွေက အမျိုးမျိုး ဝေဖန်ပြောဆိုနေကြတာတွေ ကြားနေရတယ်။
ဒေါ်စုနဲ့တကွ လက်ရှိပါတီကို ဦးဆောင်နေသူတွေကို သံသယရှိတာတွေ၊ အားမလို
အားမရဖြစ်တာတွေ ပြောဆိုနေတာတွေ ကြားနေရတယ်။ ပါတီတွင်းမှာလည်း
မကျေလည်မှုတွေ ပဋိပက္ခတွေ ရှိနေတယ်အထိ ပြောဆိုနေကြတာတွေ ရှိနေတယ်။
အဲဒါတွေကို ဆရာက ဘာပြောချင်သလဲ။

ဖြေ။ ။ အဖွဲ့အတွင်းမှာ အင်န်အယ်ဒီက လုပ်ချင်တာတွေ လုပ်နေတယ်
ဆိုတာနဲ့ ပတ်သက်ရင် ပြောနေကြတာတွေက မျိုးစုံပဲ။ ဟိုးတုန်းကတည်းက
မြို့နယ်တွေအတွင်းမှာ အယူအဆကွဲတာတွေရှိတယ်။ လူသစ် လူဟောင်းဆိုတာမျိုးတွေ
ရှိတယ်။ လိုင်းမာ လိုင်းပျော့ဆိုပြီး ရှိတယ်။ နေရာရတဲ့သူနဲ့
မရတဲ့သူတွေ ဆိုပြီး ရှိတယ်။ အရင်တုန်းက ဦးအောင်ရွှေတို့လက်ထက်မှာ
အဖယ်ရှားခံရတဲ့သူတွေ ရှိတယ်။ စသည်ဖြင့် အင်န်အယ်ဒီအနေအထားကလည်း မျိုးစုံ
အသံတွေ ထွက်နေတော့ ပါတီဟာ ခိုင်ခိုင်ခန့်ခန့် အားကောင်းမောင်းသန်
ရှိလှတယ်လို့ တော့ မဟုတ်ဘူး။ ဒါပေမယ် ဒေါ်စု လွတ်မြောက်လာပြီးနောက်
သူ့ရဲ့ နိုင်ငံရေး သိက္ခာနဲ့ သြဇာက ကြီးမား ကျယ်ပြန့်လာတဲ့အတွက်ကြောင့်
ဒေါ်စုကို အားလုံးက ၀န်းရံလာတဲ့နောက်မှာ ပါတီကိုယ်တိုင်လည်း ပြန်ပြီး
ကြွလာတယ်လို့ ပြောရမယ်။

မေး။ ။ ဒေါ်စု လွတ်မြောက်လာပြီးနောက်မှာ ပိုပြီးတော့တောင်
အသံထွက်လာသေးသလားလို့။

ဖြေ။ ။ ပိုပြီးတော့တောင်မှ အသံတွေ ထွက်လာတယ်လို့ ပြောရမယ် ထင်တယ်။
ဒေါ်စုကိုပဲ လုံးဝကြည်ညိုတဲ့ သူတွေဆိုတာမျိုး၊ ဒေါ်စုပေါ်လာခါမှ
သူ့စိတ်ကြိုက်တွေပဲ လိုက်လုပ်နေရတယ်တို့ မျိုးစုံ အသံတွေ
ထွက်လာပြန်တယ်။ ပါတီရဲ့ ဆုံချက်တွေ၊ ဆွဲဆောင်မှုတွေ၊ စိတ်ဝင်စားစရာတွေက
မျိုးစုံ ကွဲပြားလာတယ်။ အဲသည်လို လှုပ်ရှားမှုတွေကနေပဲပါတီဟာ ဒီနေ့မှာ
အားကောင်းလာတယ်။ ဒေါ်စုကို မဏ္ဍိုင်ပြုပြီး ပါတီဟာ ၀န်းရံမှုတွေကနေ
လှုပ်ရှားတက်ကြွမှုတွေဖြစ်လာတယ်။ လူထုကလည်း ပိုပြီးတော့ ၀န်းရံလာတယ်။
ထောက်ခံမှုတွေ တိုးပွားလာတယ်။

မေး။ ။ ဒီတော့ ဆရာတခါတုန်းကပြောခဲ့သလို အင်န်အယ်ဒီပါတီကို လူထုက
ထောက်ခံတာမဟုတ်ဘူး။ ဒေါ်စုရဲ့ ပါတီဆိုပြီး လူထုက သိနေတာ၊
ထောက်ခံနေတာမျိုးပေါ့။

ဖြေ။ ။ ကျနော် အစည်းအဝေးတွေမှာ ပြောပါတယ်။ လူထုက ကျနော်တို့ကို
ခေါင်းဆောင်လို့ အသိအမှတ်ပြုနေတာ မဟုတ်ဘူး။ လူထုက
ဒေါ်အောင်ဆန်းစုကြည်အနားမှာ ရှိနေတဲ့လူတွေအနေနဲ့ အသိအမှတ်ပြုနေတယ်။
ပါတီကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံထားတဲ့ ပါတီအနေနဲ့ပဲ သိနေတာ။
လူထုက သိနေတာက ဒေါ်အောင်ဆန်းစုကြည်ပဲ။ ကျနော်က ဒါကြောင့်
ပြောချင်တာကတော့ ပါတီဟာ ဟိုလိုဖြစ်နေတယ်၊ ဘယ်လိုတွေ လုပ်နေတယ်လို့
ပြောနေတာတွေဟာ မဟုတ်သေးဘူး။ လုပ်နိုင်တဲ့ အခြေအနေလည်း မရှိသေးဘူး။
ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ သွားတည်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လူထုက
ထောက်ခံနေတဲ့ အတိုင်းအတာပေါ်မှာ သွားတည်နေတယ်။ ဒီလိုပဲ ပြောလို့ရမယ်။

မေး။ ။ ဒါဆိုရင် လူထုက ထောက်ခံနေတာကြောင့် ဒေါ်အောင်ဆန်းစုကြည်
လုပ်သမျှ အောင်မြင်နိုင်တယ်လို့ ပြောရမှာပေါ့။

ဖြေ။ ။ ဟုတ်တယ် တဖက်ကပြန်စဉ်းစားမယ်ဆိုရင် …
ဒေါ်အောင်ဆန်းစုကြည်ဆိုတာ လူပုဂ္ဂိုလ်တဦးပဲ၊ နံမည် တခုပဲပေါ့နော်။
သူလည်းပဲ လူထုထောက်ခံမှုမရရင် လုပ်ချင်တာ လုပ်လို့ မရဘူး။
သူလုပ်နေတာတွေဟာလည်း လူထုထောက်ခံမှုအပေါ်မှာ မူတည်ပြီး ဖြစ်ထွန်းနေရတာပဲ
ဖြစ်တယ်လို့ ပြောရမယ်။

တိုင်းပြည်ရဲ့ အနေအထားကလည်း စစ်အာဏာရှင်တွေ၊ စစ်အာဏာရှင်တပိုင်းတွေ၊
စစ်အာဏာရှင်ဝန်းရံသူတွေ၊ စစ်အာဏာရှင် လက်ဝေခံတွေ၊ နောက်လိုက်တွေ၊
အစုအဖွဲ့တွေကလည်း ပြည်သူတွေကို နှစ်ပေါင်းများစွာ အနိုင်ကျင့်
ဖိနှိပ်ထားတယ်။ အဲသည်မှာ ပြည်သူတွေကလည်း အဲဒီ လူတွေ၊ အစုအဖွဲ့တွေ၊
အခြေအနေတွေကို စက်ဆုပ်ရွံရှာ ကြောက်လန့်နေတာကနေပြီးတော့
ဒေါ်အောင်ဆန်းစုကြည်ကို အကြောင်းပြုပြီး ပြောရဲ ဆိုရဲဖြစ်လာတယ်။
အကြောက်တရားကို ဖယ်ရှားဖို့ ကြိုးစားလာကြတယ်။ နည်းလမ်းတွေ ရှာလာတယ်။
ဒီအင်အားစု ၂ ခုရဲ့ အားပြိုင်မှုဖြစ်တယ်လို့ ကျနော်က မြင်တယ်။

မေး။ ။ ဆိုတော့ ဆရာပြောချင်တာက တိုင်းပြည်ရဲ့ လက်ရှိအခြေအနေမှာ
စစ်အာဏာရှင်တွေနဲ့ အပေါင်းအပါတွေရဲ့ လုပ်ရပ်တွေ၊ ဖြစ်တည်မှုတွေကို
ပြည်သူလူထုက အစွမ်းကုန် စက်ဆုပ်ရွံရှာပြီးတော့ ဖယ်ရှားပစ်ချင်နေပြီ။
အဲသည်အရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခမ်းကဏ္ဍဟာ အရေးပါလာတယ်။ လူထုရဲ့
ထောက်ခံမှုဟာ အဲသည် မျှော်လင့်ချက်ဖြစ်တယ်။

ဖြေ။ ။ လူထုက ဖြစ်နိုင်မယ်ဆိုရင် အဲသည်အာဏာရှင်နဲ့
နောက်လိုက်နောက်ပါ အားလုံးကို ဘင်္ဂလားပင်လယ်ထဲ ကန်ချလိုက်လို့ ရရင်
ကန်ချပစ်ချင်နေတာ ကြာပြီ။ ဒါပေမယ့် လက်တွေ့မှာ လုပ်လို့ မရနိုင်ဘူး။
လက်တွေ့မှာ အာဏာယန္တယားက တည်ရှိနေတယ်။ အာဏာယန္တယားတွေနဲ့ အခြေခံဥပဒေတို့၊
ရွေးကောက်ပွဲတွေ၊ လွှတ်တော်တွေ ပေါ်လာတယ်။ အဲသည်မှာ မသူတော်အုပ်စုတွေက
အဆင့်တိုင်း အဆင့်တိုင်းမှာ တည်ရှိနေတယ်။ ဒါတွေကို လူထုက ဆန့်ကျင်
ဖယ်ရှား ရှင်းလင်းချင်နေကြတယ်။ အဲသည်မှာ ဒေါ်အောင်ဆန်းစုကြည်
အကြောင်းပြုပြီး ပြည်သူတွေရဲ့ လှုပ်ရှားမှုတွေ ပေါ်လာတယ်။
ဒီမိုကရေစီရေးကို ဦးတည်တဲ့ လုပ်ငန်းမှန်သမျှကို ထောက်ခံတဲ့
လှုပ်ရှားမှုတွေ ဖြစ်ပေါ်လာတယ်။

မေး။ ။ အဲသည်အတွက် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီရဲ့
အမတ်တွေကို ပြည်သူတွေက တခဲနက်ကို ထောက်ခံအားပေးမှုတွေ ရပ်တည်မှုတွေ
ပြတဲ့အထိကို ဖြစ်လာတာပေါ့။

ဖြေ။ ။ ဟုတ်တယ်။ အင်န်အယ်ဒီဟာ ရွေးကောက်ပွဲမှာ သြဇာကြီးတယ်၊
အောင်မြင်တယ်လို့ ပြောနိုင်တယ်။ အဲသည် အောင်မြင်မှုတွေကြောင့်
လွှတ်တော်ကို မတက်ဖူးတို့၊ ပြင်ဆင်မှုတွေ လုပ်ပေးပါတို့ စသည်ဖြင့်
ရပ်တည်မှုတွေ တောင်းဆိုမှုတွေ လုပ်လာတဲ့အခါမှာ ပါတီက လုပ်ချင်တာ
လုပ်တယ် ဆိုပြီး ဝေဖန်မှုတွေ ထွက်လာပြန်တယ်။ ဘယ်လိုပဲ ပြောပြော
အဲသည်အချိန်အခါမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုနဲ့ပဲ
အဲသည်ပိတ်ဆို့နေတဲ့ အခြေအနေကို ဖောက်ထွက်နိုင်ခဲ့တယ်။
အဲသည်အခါကျတော့လည်း အင်န်အယ်ဒီပါတီကို အပြစ်တင်ဝေဖန်တာတွေက ရပ်မသွားဘူး။
လွှတ်တော်ကို မေလ ၂ ရက်နေ့မှာ အင်န်အယ်ဒီပါတီ ကျမ်းကျိန်ဖို့ သက်သက်
ဖွင့်ပေး စီစဉ်ပေးရတာဟာ သက်သက် လွှတ်တော်ကို အနိုင်ကျင့်တာပဲ ဆိုပြီး
ပြောတဲ့သူတွေတောင် ရှိသေးတယ်။

မေး။ ။ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီရဲ့
အလုပ်တွေဟာ ပြည်သူတွေရဲ့ တခဲနက်မျှော်လင့် ထောက်ခံမှု အားပေး ရပ်တည်မှုတွေ
ရထားသော်လည်း ဝေဖန်မှုတွေကတော့ ရှိနေတာပဲ လို့ ပြောချင်တာပေါ့။
ဒီမိုကရေစီလမ်းကြောင်းကို ချီတက်ကြရာမှာ အသံမျိုးစုံ အတားအဆီး
အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတာဖြစ်တယ်လို့ ဆိုချင်တာပေါ့။

ဖြေ။ ။ ဒေါ်စုဦးဆောင်တဲ့ အင်န်အယ်ဒီလှုပ်ရှားမှုမှာ လူထုကြီး ရှိတယ်။
အဲသည်တော့ အဲသည် အစုအဖွဲ့ကြီးရဲ့ သွားတဲ့လမ်းတလျောက်မှာ ဆင်သွားတဲ့
လမ်းလိုပဲပေါ့၊ ဘေးမှာ ရှိတဲ့ ကန့်လန့်ခံနေတဲ့
သစ်ပင်တွေအကိုင်းအခက်တွေ ကျိုးပဲ့ကုန်တာပဲ။ ဆင်သွား လမ်းဖြစ်တယ်
ဆိုသလိုပဲပေါ့။ အင်န်အယ်ဒီဆင်ကြီး ဖြတ်သွားတဲ့ဆီမှာ
ဒီမိုကရေစီလမ်းစတွေ ပေါ်လာတယ်လို့ ပဲ ပြောချင်တယ်။ အဲသည်မှာ ဘေးကနေ
ပြောနေကြ၊ ဝေဖန်နေကြတာတွေကတော့ ရှိမှာပဲပေါ့။ ဆင်သွား လမ်းဖြစ်တယ်
ဆိုတဲ့နေရာမှာ ဖြောင့်ဖြူးနေတဲ့ ကတ္တရာလမ်းမကြီးတော့
ရုတ်ခြည်းပေါ်လာမှာတော့ မဟုတ်ဘူး။ သစ်ကိုင်း သစ်ခက်တွေ၊
အပိတ်အဆို့တွေ၊ အတားအဆီးတွေဆိုတာမျိုး ဒီမိုကရေစီကို ပိတ်ဆို့နေတဲ့
လူတွေ၊ အင်အားတွေ၊ အစုအဖွဲ့တွေ၊ သဘောထားတွေကို တိုးဝှေ့ဖြတ်သန်းပြီး
သွားနေရပြီ။ ဒီမိုကရေစီလမ်းစပေါ်အောင် ဖြတ်ဖောက်ပြီး သွားနေရပြီ။
အဲသည်လမ်းတွေဟာ ဒီမိုကရေစီလမ်းကို ဦးတည်ပြီး လျောက်နေရတာ ဖြစ်တယ်လို့
ပြောချင်ပါတယ်။

မေး။ ။ ဟုတ်ပါပြီ။ ကချင်ပြည်နယ်မှာ အပစ်အခတ်မရပ်စဲနိုင်သေးဘူး။
ပြည်တွင်းစစ်မီး တောင်လောင်နေဆဲဖြစ်တယ်။ အဲသည်အကြောင်းကိုလည်း ဆရာတို့
သဘောထား သိချင်ပါတယ်။ ပြောပြပေးပါဦး။

ဖြေ။ ။ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲဟာ ရိုးသားတဲ့
စစ်ပွဲတခုမဟုတ်ဘူး၊ လူသိရှင်ကြား ပြောပြနေတဲ့ စစ်ပွဲမဟုတ်ဘူးလို့
ပြောချင်တယ်။ သည်စစ်မှာ လျို့ဝှက်ထားတဲ့ အကြံအစည်တွေ ရှိနေတယ်လို့
ပြောချင်တယ်။ ဘာကြောင့်လဲဆိုတော့ အခြားပြည်နယ်တွေမှာ နယ်စပ်ဒေသတွေမှာ
ငြိမ်းချမ်းရေးလုပ်ဖို့ ပြောနေတယ်။ ၀တို့၊ ကရင်တို့နဲ့ စေ့စပ်တာတွေ
လုပ်နိုင်တယ်။ လိုက်လျောတာတွေ လုပ်နိုင်တယ်။ ဒါပေမယ့်
ကချင်နဲ့ကျတော့ အဲသလို သဘောထားတွေ မရှိဘူး။ ဒါကြောင့် ရိုးသားတဲ့
စစ်မဟုတ်ဘူးလို့ ပြောလို့ရတယ်။ သူတို့မှာ သီးခြားအကြံအစည်တွေ ရှိတယ်။
ကချင်ဟာ တရုတ်ပြည်နဲ့ နီးစပ်နေတဲ့ဒေသဖြစ်တဲ့ အတွက်ကြောင့် တရုတ်ရဲ့
သဘောထားတွေ၊ ပတ်သက်မှုတွေများ ဆက်စပ်နေသလားလို့ စဉ်းစားစရာတွေ ဖြစ်လာတယ်။

မေး။ ။ တိုင်းရင်းသားပြည်သူတွေ အတိဒုက္ခရောက်နေတယ်။ ကယ်ဆယ်ရေးတွေ
လိုတယ်။ အနည်းဆုံး အပစ်အခတ်တွေ ရပ်စဲနိုင်ဖို့ လိုအပ်တယ် မဟုတ်လား
ဆရာ။

ဖြေ။ ။ ဟုတ်တယ်။ အကူအညီတွေ လူသားချင်းစာနာထောက်ထားမှုတွေ
ပို့ပေးနိုင်ဖို့ကိုတောင်မှ အဟန့်အတားတွေ အတားအဆီးတွေ ရှိနေတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေသလားဆိုတာကို
စုံစမ်းဖို့အတွက်လည်း အခြေအနေမပေးဘူး။ စစ်ဘေးဒုက္ခသည်တွေကိုတောင်မှ
ကာကွယ်စောင့်ရှောက် ကူညီခွင့် မရနိုင်တာကလည်း မဟုတ်သေးဘူး။
နောက်ပြီးတော့ အပစ်အခတ်ရပ်စဲဖို့ ကိစ္စ ဆိုတာကို ပြောရရင် …
တပြည်လုံးမှာ အပစ်ရပ်ဖို့ လိုတယ်။ ကချင်ပြည်နယ်မှာလည်း ရပ်စဲဖို့
လိုတယ်.။ အခြားနေရာတွေမှာ အခြားတိုင်းရင်းသားတွေနဲ့
အပစ်အခတ်ရပ်စဲရေးကို ဆောင်ရွက်နိုင်ပေမယ့် ကချင်နဲ့ကျတော့ ထိုးစစ်ကို
မရပ်နိုင်ဘူး ဖြစ်နေတယ်။

မေး။ ။ ဒါပေမယ့် စစ်အစိုးရဖက်က ထုံးစံအတိုင်း အပစ်အခပ်ရပ်စဲရေးက
ပထမ၊ ပြီးမှ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးညှိနှိုင်းရေးက
နောက်ဆက်တွဲခြေလှမ်းမဟုတ်လား ဆရာ။ အခုဟာက ကချင်ပြည်နယ်မှာက
နိုင်ငံရေးဆွေးနွေးမှုကို ဖိတ်ခေါ်နိုင်ဖို့ နေနေသာသာ ထိုးစစ်တွေကို
မနှစ်ကတည်းက မရပ်နိုင်သေးတာ ဖြစ်နေတယ်လေ။

ဖြေ။ ။ ဟုတ်တယ်။ ၂၀၁၁ နှစ်ကုန်ပိုင်းမှာ သမတက အပစ်အခတ်ရပ်စဲဖို့
တောင်းဆိုခဲ့တယ်။ အဲသည်မှာ တပ်မတော်ဖက်က ထိုးစစ်တွေ ရပ်စဲဖို့ကို
အကောင်အထည်မဖော်ဘူး။ ကချင်တိုင်းရင်းသားလက်နက်ကိုင်တွေဖက်က
ထောက်ပြတဲ့အချက်က မြန်မာစစ်တပ်တွေသာ ကိုယ့်နေရာကိုယ်ပြန်သွားရင်
ထိုးစစ်တွေလည်း မရှိတော့ဘူး။ အပစ်အခတ်လည်း ရပ်သွားမယ်လို့ ပြောတယ်။
နိုင်ငံရေးအရလည်း တွေ့ဆုံဆွေးနွေးမှုတွေ လုပ်လာကြဖို့လည်း သူတို့က
တိုက်တွန်းနေတယ်လို့ ဆိုတယ်။

မေး။ ။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးတာကို လက်ရှိအစိုးရက
ဘယ်လိုလုပ်မှာလဲ။

ဖြေ။ ။ ကျနော်ကြားသိတာကတော့ အရင်တုန်းက တိုင်းရင်းသားတွေက
ဖယ်ဒရယ်ကောင်စီနဲ့ပဲ အားလုံး တစုတစည်းတည်း ဆွေးနွေးဖို့
ဆန္ဒရှိတယ်လို့ ပြောတယ်။ ဒါပေမယ့် အစိုးရကိုယ်တိုင်က ပြည်နယ်အလိုက်
တိုင်းရင်းသားတွေကို တသီးတခြားစီ ခွဲခြားပြီး ဆွေးနွေးတာတွေ
လုပ်လာတယ်။ အဲသည်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက
သီးခြားကိုယ်စီ သဘောထားတွေ ဖြစ်လာတယ် ထင်တယ်။ ဖယ်ဒရယ်ကောင်စီရဲ့
အခမ်းကဏ္ဍက တမျိုးတမည်ဖြစ်သွားတယ်။ အခုနောက်ပိုင်းမှာ အစိုးရက
ဘာလုပ်ပြန်သလဲဆိုတော့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် နေပြည်တော်မှာ
အမျိုးသားညီလာခံကြီး တခုကျင်းပမယ်လို့ ဆိုလာပြန်တယ်။ ဘာပဲပြောပြော
ဘေးလူအနေနဲ့ ရပ်ကြည့်ပြီး ပြောရရင်တော့ ပြည်တွင်းငြိမ်းချမ်းရေးကို
နိုင်ငံရေးအဆင့်ဆွေးနွေးတာကို သဘောကျပါတယ်။ လက်ခံပါတယ်။ သို့သော်
ပြည်တွင်းငြိမ်းချမ်းရေးအတွက် အမျိုးသားညီလာခံကို
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့လုပ်မယ်ဆိုရင်
ကချင်တိုင်းရင်းသားတွေကိုပါ ထည့်သွင်းစေချင်တယ်။ သီးခြား
ဖယ်ထုတ်ထားတာမျိုး မဖြစ်စေချင်ဘူး။ သူတို့နဲ့ အပစ်အခတ်မရပ်သေးတဲ့
ထိုးစစ်တွေ မရပ်သေးတဲ့ ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို
ချန်လှပ်ပြီးတော့
ပြည်တွင်းငြိမ်းချမ်းရေးအမျိုးသားညီလာခံဆိုတာမျိုးကိုတော့
မဖြစ်စေချင်ဘူးလို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။

ဦးဝင်းတင်နဲ့ မေးခွန်းများ၊ မိုးမခ၊ မေ ၆၊ ၂၀၁၂

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ