ပန်းလက်ဖ၀ါးတိုရဲ့ ပိုင်ရှင်..

 လူသူကင်းမဲ့သော လမ်းပေါ်တွင်
တစ်ယောက်တည်းလမ်းလျှောက်ရင်း
မြေပေါ်မှ ကျောက်ခဲကလေးကို
ခြေထောက်နှင့်လှိမ့်ကန်ခဲ့ဖူးသည်။
လမ်းဘေးအုတ်ခုံမှ ဂစ်တာသံသဲ့သဲ့ကြားရသောအခါ
မည်သည့်သီချင်းများလဲ…ဟု
မသိမသာ နားစွင့်မိဆဲ့….။

 ပန်းကလေးတစ်ပွင့်ကို
အမျိုးအမည်မတပ်ဘဲ ချစ်ချင်ခဲ့သည်။
ဂျာကင်အိပ်ထဲလက်နှိုက်ရင်း
တစ်စုံတစ်ယောက်အကြောင်း စဉ်းစားရသည်မှာ
ကိုယ်တစ်ယောက်တည်းမှာရှိသည့်
အမူအကျင့်မှ ဟုတ်ပါရဲ့လား ။
ညဥ့်နက်သန်းကောင်မှ
အိမ်သို့ပြန်လာကြသော တေလေတသိုက်၏
ရယ်သံကိုကြားလိုက်၇သည်။
မအိပ်ချင်သေး…..။
အိပ်လျှင်..အိပ်မက်က လှမည်လား။
ညက လှသည် ။
လရောင်ကလှသည် ။

 မကြားချင်ဟု ………
ကိုယ်က ငြင်းဆန်၍ မရနိုင်လောက်အောင်ပင်
နာရီသံချောင်းခေါက်သံက လွင့်ပျံ့လာသည်။
အလွန်ဆုံးခေါက်နိုင်လှ ဆယ့်နှစ်ချက်ပဲ ဟုဆိုကာ
မြူလိုဝေ့ရင်း
ကိုယ် နားထောင်ခဲ့သည်။

 " ဒုက္ခနှင့် တစ်ခါကြုံတိုင်း ချစ်သူလက်ကလေး
တစ်ခါကိုင်ချင်သည် " တဲ့။
အိုမာခယမ် ကပြောသည်။
ကိုယ့်ဘက်ကလည်း ပြန်ပြောရမည်လေ..။
" ချစ်မိသူဆိုတာ လောကမှာ စစ်အရှုံးဆုံးသူပါ "
ပြီးရင်……..
နှစ်ယောက်သား ရယ်မောကြမည်။
ခွေးလေခွေးလွင့်တစ်ကောင်သာ
ကိုယ်တို့ နဘေးမှာ ရှိနေမည်ဆိုရင်…
ကိုယ်တို့ နည်းနည်းတော့ ထိုခွေးကို အားနာကြမည်။
လူငယ်ဘ၀ လရောင်ညတွေ..
အို….ဝေစမ်းပါစေလေ..။

 ချစ်သူရေ..
အချစ်ဆိုတာ ဘယ်သူမဆို တူးဖော်လို့ ရနိုင်တဲ့
ကမ္ဘာဦးက ဓါးတစ်လက်ပါပဲ။
သံချေးတက်နေတဲ့ ပန်းကနုတ်ကိုတော့
ကိုယ်တို့ ဖုန်သုတ်ပြီးမှ ဖတ်ရလိမ့်မယ်။

 အချစ်ဆိုတာ…
ပျော်စရာကို မျှဝေခံစားချင်သည်။
ငိုစရာတွေကိုတော့ ကိုယ်တစ်ယောက်တည်း အကုန်ယူလိုက်မည်။
ဤနေရာတွင်တော့
အိုမာခယမ်နှင့် ကိုယ် သဘောထားကွဲလွဲခဲ့ကြသည်။
ဗီးနပ်(စ်) ရုပ်ထုကို တစ်နေ့နေ့မှာများ………….
ကိုယ် ရယူနိုင်ပါမည်လား ။
သူမ၏ ကျိုးအက်လပ်ဟာနေသော ဘယ်ဘက်ရင်အုံမှာ
မမြင်ရသော ကဗျာတစ်ပုဒ်ရှိမည်ထင်သည်။

မမြင်မှန်းသိလျှက်နှင့် မြင်နိုးနိုး…
သူ့…….ကာရန်တွေကို
ကိုယ်ခိုးမိလိမ့်မည်။

အို….ဗီးနပ်(စ်)…..
အို..အချစ်
နတ်သမီး..
နတ်ဒေ၀တာတစ်ပါးမဆန်စွာ

ဘီလူးရစ်သမ်နှင့် ကိုယ့်အိမ်မက်ကို
သူ " စီး " ခဲ့ပြီလေ..။
တာရာမင်းဝေ

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ