နှစ်ကိုယ်အတူတွဲပြီး ခြောက်လေသလား

တစ်နှစ်သော သင်္ကြန်တုန်းကပေါ့ဗျာ ကျွန်တော်တို့ သူငယ်ချင်း တစ်သိုက် ယောကျာင်္းလေး ၆ ယောက် မိန်းကလေး ၄ ယောက် ချောင်းသာကို သွားကြတယ်။ ကျွန်တော်တို့ ဘွတ်ကင်လုပ်ဖို့ကို သူလုပ်နိုးနိုး ကိုယ်လုပ်နိုးနိုးနဲ့ မေ့သွားကြတယ်။ အဲ့မှာ တိုင်ပတ်တာပဲ ချောင်းသာလဲရောက်ကော ရှိသမျှ ဟော်တယ်တွေ တည်းခိုခန်းလေးတွေ အကုန်ပတ်ရှာတာ တစ်ခန်းမှ မရဘူးဖြစ်နေတယ်။ လူတွေလဲ တော်တော်ကို ဘူနေတယ် နောက်ဆုံး ရွှာထဲမှာ သွားရှာတာတောင် မရဘူးဖြစ်နေတဲ့အဆင့်ရောက်နေကာဗျာ။ ကျွန်တော်တို့ အဖွဲ့က ရွှာထဲမှာ ယောင်လည်လည်ဖြစ်နေတာနဲနဲလဲ ကြာလာကော အဲ့ချိန်မှဲာ အရက်သမားလိုလို ဘာလိုလို လူတစ်ယောက်က ကျွန်တော်တို့ အဖွဲ့ကို လာ မေးတယ် အခန်းရှာမရလို့လား တဲ့ ကျွန်တော်တို့ကလဲ ဟုတ်တယ်ပေါ့ အဲလိုလဲပြောကော အဲ့အမူးသမားကြီးက သူ့အသိတစ်ယောက်ရဲ့ အိမ်တော့ ရှိတယ် မင်းတို့ တည်းမလားဆိုပြီး မေးကော ရေငတ်တုန်း ရေတွင်းထဲကျ ဆိုသလိုပဲပေါ့ဗျာ လူတွေကလဲ တော်တော်ပြိုင်းနေတော့ “ဘယ်မှာလဲဗျ အဲ့အိမ်က” ဆိုတော့ သူက ကျွန်တော်တို့ကို အဲ့အိမ်ကို ခေါ်သွားတယ်။ အိမ်က အရမ်းအကောင်းကြီး မဟုတ်ပေမယ့် တော်တော်တော့ ကောင်းတယ်ပြောရမယ် သာမန် တည်းခိုခန်းလောက်တော့ရှိတယ်။ ဒါပေမယ့် ထူးဆန်းတာ တစ်ခုက အဲ့အိမ်က ဘာသော့မှတောင် မခတ်ထားဘူး အကုန် Open ဒလဟောကြီးဖွင့်ထားတယ်ဆိုပါတော့ဗျာ။ ပြီးတော့ ဘယ်လောက်ပေးရမလဲ ပြောတော့ အဲ့လူကြီးက အိမ်ရှင်လို့ထင်ရတယ့်လူတစ်ယောက်ကိုခေါ်လာတယ် ဈေးလဲပြောကော တော်တော်တောင်အံသြသွားတယ် ဈေးက တော်တော်ကြီးကို သက်သာနေတယ်။ အပြင်ငှားခတွေနဲ့ ထက်ဝက်လောက်ကို ကွာနေတယ်။ ကျွန်တော်ကတော့ နဲနဲ မရိုးဘူးလို့တော့ ထင်လိုက်ပါတယ် ဒါပေမယ့်လဲ ကောင်မလေးတွေက “ငါတို့ အရမ်းပင်ပန်းနေပြီဟာ။ ဒီအိမ်ပဲ ငှားလိုက်တော့ ငါတို့ နားချင်နေပြီ” ဆိုတာနဲ့ ကျွန်တော်တို့လဲ အဲ့အိမ်ကို ငှားလိုက်ကြတယ်။ ပထမဆုံးရက်တော့ အေးဆေးပဲ အခန်းပတ်ရှာနေရတာနဲ့ လူတွေက တော်တော်ကို ပြိုင်းနေတော့ ခဏလေးနဲ့ အိပ်ပျော်သွားကြတယ် ရေတောင် မကစားနိုင်ကြဘူး။ ဒုတိယမြောက်နေ့ကနေ စတာပါပဲ… အဲ့ ဒုတိယနေ့ကြတော့ မနက်ပိုင်း ရေကစား ညနေပိုင်း ရေကစားကြပြီး ညဘက်လဲကျကော ကျွန်တော်တို့တွေစုပြီးဖဲထိုင်ရိုက်ကြတယ် အဲဒီချိန်မှာပဲ ကျွန်တော် တို့နားမှာဖွင့်ထားတဲ့ ဘက်ထရီနဲ့ဖွင့်တဲ့ကက်ဆက်က အလိုလိုပိတ်သွားတယ် ဘက်ထရီကလဲ အားအပြည့်ကြီး။ အဲဒါနဲ့ကျွန်တော်တို့လဲကက်ဆက်ကိုသေချာပြန်စစ်တာပေါ့ ဘက်ထရီကလဲ အကောင်းကြီးပါ အဲ့ဒါနဲ့ပြန်ဖွင့်တယ်. ခဏကြာတော့ပြန်ပိတ်သွားပြန်ရော။ အဲ့ဒါနဲ့ ကျွန်တော်တို့လဲ သီချင်း မဖွင့်တော့ပဲ ကတ်ဆက်လေးကို ပိတ်လိုက်တယ်။ အဲ့ချိန်ထိတော့ သရဲခြောက်တယ်လို့ ဘယ်သူမှ မတွေးမိသေးဘူးပေါ့လေ။ တတိယနေ့လဲ ရောက်ကော ကျွန်တော်တို့ ယောကျာင်္းလေး ၆ ယောက် ညနေပိုင်းလဲရောက်ကော ရွှာထဲသွားပြီး ကာရာအိုကေ သွားဟစ်ကြတယ်။ မိန်းခလေး၎ ယောက်ကိုလဲ ခေါ်ပါတယ် သူတို့က မလိုက်တော့ဘူးဆိုပြီး နေခဲ့လေရဲ့။ ကျွန်တော်တို့လဲ အပြီအပြင်ဟစ်နေတာပေါ့ဗျာ။ အားပါးတရ ဟစ်လို့အပြီး အဲ့အိမ်ကို ပြန်လာတော့ ကျွန်တော်တို့ ယောကျာင်္းလေးတွေုနေတဲ့ အခန်းမှာ မိန်းကလေး ၄ ယောက် တစ်ယောက်ကို တစ်ယောက် ပူးပူးကပ်ကပ်လေး ထိုင်နေကြတာကိုတွေ့လိုက်ရတယ် သူတို့မျက်နှာကလဲ တခုခုကို တွေ့လိုက်ရလို့ အရမ်းကြောက်နေကြတဲ့ ပုံစံတေ ၄ယောက်လုံး ခန္ဓာကိုယ်တွေ တုန်နေတာများ နတ်ဝင်သည်တွေထက်တောင် ပိုဆိုးနေသေးတယ်။ကျွန်တော်တို့ ပြန်လာမှပဲ သူတို့လဲ အားကိုးရှိသလိုမျိုးဖြစ်သွားကြတယ် အဲ့ဒါနဲ့ ကျွန်တော်တို့လဲ ဘာဖြစ်တာလဲ ဆိုတော့ ကျွန်တော်တို့ကို ပြောပြပါလေရော။ ကျွန်တော်တို့ ထွက်သွားပြီး နဲနဲကြာတဲ့အချိန်ထိ သူတို့ မိန်းခလေးတွေလဲ ဧည့်ခန်းထဲမှာ လေထိုင်ပစ်နေတာပေါ့ အဲ့ချိန်မှာ တစ်ယောက်က သူတို့ အခန်းကို ထသွားတော့ မိန်းကလေးတွေဆိုတော့ သိတယ်မလား တစ်ယောက်သွားရင် အကုန်လိုက်ကြတယ်လေ အဲ့တော့ သူတို့ အခန်းရှေ့လဲ ရောက်ကော သူတို့ ခုတင်ပေါ်မှာ လူတစ်ယောက် အိပ်နေတာကို တွေ့လိုက်တယ် အစက သူတို့က ယောကျာင်္းလေးတွေ ပြန်ရောက်လာပြီး သူတို့ကို စနေတယ်မှတ်လို့ ၀ိုင်းသမဖို့ဆိုပဲ အဲ့လိုနဲ့လေးယောက်သား ခုတင်နားလဲရောက်သွားကော အဲ့တော့မှ သေချာကြည့်လိုက်တော့ အိပ်နေတာက မိန်းခလေးတဲ့ ပြီးတော့ မျက်စိကလဲ ပြူးနေတယ် လည်ပင်းကလဲ ဆွဲကြိုးချသေထားတဲ့ ပုံစံလိုမျိုး ရှည်ထွက်နေတာကို တွေ့လိုက်ရတော့ သူတို့လဲ အရမ်းကြောက်ပြီး ကျွန်တော်တို့ အခန်းထဲမှာ ၀င်ပြီး လေးယောက်သား ကပ်နေကြတာ ကျွန်တော်တို့ ပြန်လာတဲ့ အထိပဲတဲ့။ ပြီးတော့ ကောင်မလေးတွေက ပြောတယ် ငါတို့ ဒီနေ့ည နင်တို့ အခန်းမှာ အိပ်မယ်နော် ဆိုတော့ ကျွန်တော်ကလဲ ကိုယ်တွေက ယောကျာင်္းလေးတွေပဲသိတယ်မလား ရပါတယ်ဟာ ငါတို့ကတော့နင်တို့ကိုဘာမှမလုပ်ပါဘူး နင်တို့ဖက်ကမစဘူးဆိုရင်ပေါ့လေ ပြောလို့တောင် ၀ိုင်း အရိုက်ခံလိုက်ရသေး (နုံတယ်နော် ကျွန်တော့်အတိုင်းပဲ :P ) အဲ့ဒါနဲ့ ကျွန်တော်တို့လဲ သူတို့ အခန်းထဲသွား သူတို့ အိပ်ယာတွေကို ၀ိုင်းသိမ်းပြီးကျွန်တော်တို့ အခန်းထဲကို ပြောင်းတာပေါ့ ပြီးတော့မှ ကျွန်တော်တို့က သူတို့ အခန်းထဲ သွားအိပ်မယ်ပေါ့ဗျာ။ နောက်ဆုံး အိပ်ယာသိမ်းနေတဲ့ချိန်မှာ ကျွန်တော်တို့အဖွဲ့ကြားထဲကနေ လူတစ်ယောက်ဖြတ်သွားသလိုခံစားလိုက်ရတယ် အဲ့ဒါနဲ့ အကုန်လုံးက အဲ့လူကို ၀ိုင်းလဲကြည့်လိုက်တော့ ကျွန်တော်တို့ အားလုံး တစ်သက်လုံး မမေ့နိုင်တော့တဲ့ မြင်ကွင်းကို မြင်လိုက်ရသလိုပဲဗျာ ဘယ်လို ပြောရမလဲတောင် မသိဘူးဗျာ။ သိသလိုပြောပြကြည့်မယ် ကို့ဘာသာ ကိုမြင်အောင် ပုံဖော်ကြည့်။ အဲ့လူမျက်နှာကြီးက ဖားဖြုတ်ကို ရေနွေးပူပူထဲ နှစ်ထားပြီး ပြန်ဆယ်လိုက်သလိုပဲ မျက်နှာက ပုပ်ပြီး အရေတွေတောင် နဲနဲထွက်နေတယ် မျက်လုံးကလဲ ပြူးပြီး အပြင်ကိုထွက်မတတ်ဖြစ်နေတယ်။ လျှာကြီးကလဲ အပြင်ကိုထွက်နေတယ်။ ကျွန်တော်တို့အားလုံးလဲ အဲ့မျက်နှာကြီးကိုကြည့်ပြီး ကြက်သေ သေနေတဲ့ အချိန်မှာ ကျွန်တော်တို့ အဖွဲ့က သူရဲကောင်းတစ်ယောက်က သရဲဆိုပြီး ထွက်ပြေးတာ အခန်းဝလဲ ရောက်ကော အခန်းဝက မီးခလုတ်က သူ့ဘာသာသူ အလိုလို ပိတ်လိုက် ဖွင့်လိုက် ပိတ်လိုက် ဖွင့်လိုက်နဲ့တဲ့ဗျာ အဲ့ကောင်လဲ ခုနက ကြောက်နေတာကော အခုလို အနီးကပ်ကြီး နောက်တစ်ခု ထပ်တွေ့လိုက်ရတာကော နှစ်ခုပေါင်းပြီး အဲ့နားမှာတင် မေ့လဲသွားတယ်။ ကျွန်တော်တို့လဲ အဲ့ကောင် မေ့လဲသွားတာမြင်လိုက်တော့မှပဲ သရဲတွေ ဘာတွေလဲ သတိမထားနိုင်တော့ဘူး အဲ့ကောင်ကို ညတွင်းချင်းပဲ ဆေးရုံကို ပို့လိုက်ရတယ်။ အဲ့တစ်ယောက်လဲ ဆေးရုံက ဆင်းကတည်းက ဘုန်းကြီးဝတ်သွားတာ အခုထိကို လူမထွက်တော့ဘူး ကြားတယ်။ အဲ့ကောင် ဆေးရုံတက်နေရတဲ့ အချိန်မှာပဲ အဲ့အိမ်အကြောင်းကို ရွှာထဲမှာ နဲနဲစုံစမ်းကြည့်တော့မှ အဲ့အိမ်မှာ ဟိုတုန်းက လူကြီးတွေ သဘောမတူတဲ့ သမီးရည်းစားနှစ်ယောက် အမြဲချိန်းတွေ့ကြတဲ့နေရာတဲ့ တစ်နေ့လဲကြကော လူကြီးတွေ မိသွားပြီး သူတို့ကိုအတင်းခွဲကြတယ် အဲ့ဒါနဲ့ ကောင်မလေးက စိတ်ညစ်ပြီး အဲ့အိမ်မှာပဲ ကို့ဘာသာကို ဆွဲကြိုးချပြီး သတ်သေသွားတယ် ကောင်လေးကလဲ အဆိပ်သောက်ပြီး သတ်သေသွားကြတယ်။ အဲ့နောက်ပိုင်းက စပြီး သရဲ အရမ်းခြောက်လို့ ဘယ်သူမှ မတည်းရဲကြဘူး ကျွန်တော်တို့ကိုတောင် အဲ့အိမ်မှာ တည်းလို့ဆိုပြီး အကုန်အံသြနေကြတာဆိုပဲ။

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ