ကျွန်တော်နှင့် သက်မဲ့ရွာ....
အပိုင်း (၁)
    နွေည.... ပိန်းပိတ်အောင် မှောင်နေသောည... တစ်ခါတစ်ရံတွင် တဂစ်ဂစ်ဖြင့် ခြောက်ခြားစရာအော်ဟစ်မြည်တမ်းသွားသော ငှက်ဆိုးထိုးသံမှ အပ အရာအားလုံးဟာ တိတ်ဆိတ်ငြိမ်သက်လျက်... ပူအိုက်သော အခုလိုညမျိုးတွင် လေညင်းလေးတွေပါ ငြိမ်သက်နေသောကြောင့် သစ်ရွက်လှုတ်ခတ်သံပင် မကြားရလောက်အောင် တိတ်ဆိတ်လျက်.. အိမ်ကြီးတစ်လုံး... ပြတင်းပေါက်ကလေးကို လှစ်ဟပြီး ကုတင်ပေါ်တွင် အိပ်ပျော်နေသော မိန်းမလှလေးတစ်ယောက်... မိန်းမလှလေးမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလေသည်။ ထိုအချိန်တွင် ခွေးအူသံများပေါ်ထွက်လာပြီး ထိုခွေးများသည် အိမ်ကြီးဘက်သို့ ကြည့်ပြီး ဆွဲဆွဲငင်ငင်အူနေလေသည်။ ရုတ်တရက် အိပ်ပျော်နေသောမိန်းကလေး၏ ခန္ဓာကိုယ်မှာ ဇတ်ခနဲ လှုတ်သွားပြီး ရုတ်တရက် မျက်လုံးပွင့်လာလေသည်။ အကြည့်တို့က စူးရဲလျက်.. တောက်ပြောင်လျက်.. ကုတင်ပေါ်မှ ရုတ်တရက်ဆင်းလာပြီး အခန်းထဲတွင် တစ်စုံတစ်ရာကို လှည့်ပတ်ရှာနေလေသည်။ သူရှာနေသည်ကား ချွန်ထက်သည့် အရာလက်နက်တစ်ခုခု.. ရှာမရသည့်အဆုံး နံရံသို့သွားကာ ခေါင်းဖြင့် နံရံကိုဆောင့်ချလိုက်လေသည်။ " ဒုန်းးးး " ချက်ချင်းဆိုသလို သွေးများကျဆင်းလာသော်လည်း အလွန်ပျော်ရွှင်သည့်အလား ရယ်မောလိုက်လေသည်။ " ဟားဟားဟားဟားးးးးးးးးးးးးးးး " ဦးအက်ဘီနှင့် ဒေါ်လမင်းတို့ ချက်ချင်းနှိုးလာလေသည်။ သမီးဖြစ်သူ သဲသဲ၏အခန်းထဲသို့ ချက်ချင်းသွားကြည့်ရာ နံရံကို ဦးခေါင်းဖြင့် ဆောင့်ပြီး ရယ်မောနေသော သဲသဲကိုတွေ့လိုက်ရသဖြင့် ချက်ချင်းသွားဆွဲလေသည်။ " သမီး.. သမီး.. သတိထားပါအုန်း.. သမီးရယ်... အဲ့လို မလုပ်ရဘူးလေ... " သဲသဲကို ဦးအက်ဘီ အတင်းချုပ်ထားသော်လည်း မနိုင်ချေ။ နံရံကို ဆောင့်မြဲဆောင့်လျက် ရယ်မောနေလေသည်။ အခြေအနေက ပုံမှန်မဟုတ်သဖြင့် ဦးအက်ဘီက ဒေါ်လမင်းကို ဘုရားစင်မှ ပရိတ်ရေကို ယူလာခဲ့ရန် ပြောဆို အချက်ပြလိုက်သည်။ ဒေါ်လမင်း ပရိတ်ရည်ယူလာသည်ကို သဲသဲ မြင်လိုက်သည်နှင့် တပြိုင်နက် တောက်ခ်ခ်ခ် ခပ်ပြင်းပြင်းတစ်ချက်ချကာ တစ်ကိုယ်လုံး ပျော့ခွေသွားလေတော့သည်။ " သမီး.. သမီး.. သဲသဲ.... " အိပ်ယာမှ လန့်နှိုးလာသူပမာ သဲသဲ မျက်လုံးဖွင့်ကြည့်လာသည်။ " ဟင်.. ဖေဖေနဲ့မေမေ.. သမီးအခန်းထဲကို ဘယ်တုန်းက.... အားးးးး ... ကျွတ်.. ကျွတ်... ခေါင်းတွေကလည်း မူးလိုက်တာ... " သဲသဲက ခေါင်းမူးသည့်နေရာကို ဖိစမ်းမိပြီး ကြည့်လိုက်ရာ... သွေးများကို တွေ့လိုက်ရာ ထိတ်လန့်တုန်လှုတ်သွားလေသည်။ " ဟင်... သွေးတွေပါလား... ဘယ်လိုတွေဖြစ်ကြတာလဲဟင်.. သမီးဘာဖြစ်သွားတာလဲ... " ဒေါ်လမင်းက သမီးသဲသဲ အဖြစ်ကို အမှန်အတိုင်း ပြောပြ၇န် ကြံစည်လိုက်သော်လည်း ဦးအက်ဘီက တားလိုက်ပြီး.. " ဟိုအရင်အခေါက်တွေတုန်းကလို သမီးယောင်ပြီး ထင်ရာမြင်ရာတွေလျှောက်လုပ်တာပါ သမီးရယ်... နောက်ဆို အိပ်ခါနီး ဘုရားရှိခိုးအိပ်နော်... " " ဟုတ်.. သမီး ညတိုင်း ဘုရားရှိခိုးအိပ်ပါတယ်.. ဖေဖေ.. ဒါပေမယ့် သမီး ဒီလောက် ခေါင်းမှာ သွေးထွက်တာတောင် လန့်မနှိုးတော့ဘူးလား ဖေဖေရယ်... " " ကဲပါ သမီးရယ်... ဘာမှမတွေးနဲ့တော့... ရော့ ..ဒီပရိတ်ရည်လေးသောက်.. ပြီးရင် ဖေဖေတို့အခန်းထဲမှာ ဖေဖေတို့နဲ့ လိုက်အိပ်နော် သမီး.. " " ဟုတ်.. " သမီးထွက်သွားသည်နှင့် နံရံမှ သွေးကွက်ကိုေ၇နှင့် အ၀တ်စုတ်တစ်ခုယူပြီး ပွတ်တိုက်လိုက်သည်။ သဲသဲကို ဘာမှမတွေးခိုင်းတော့သော်လည်း ကိုအက်ဘီခေါင်းထဲမှာတော့ အတွေးတွေများလျက်ရှိသည်။ သဲသဲ ၁၈ နှစ်ပြည့်တဲ့ ညကတည်း ညအိပ်ရင် ဒီလိုဖြစ်ရပ်တွေ ဖြစ်ပွားလာခဲ့သည်။ ထိုနောက် လပြည့် လကွက်ရက်များတွင် ဒီလိုဖြစ်၇ပ်တွေဖြစ်ပွားခဲ့သည်။ ယခု အခေါက်ရေဖြစ်ပွားသည့်ကာလမှာ စိတ်လာလေသည်။ အရင်တုန်းက ၀င်ပူးသောအခါတွင် တစ်ယောက်တည်း လျှောက်သွားနေခြင်း၊ ခြေသံပြင်းပြင်းလျှောက်ခြင်း၊ တစ်ယောက်တည်း တောက်ခ်ခ်ခ် ခေါက်နေခြင်းများသာဖြစ်ပေါ်ခဲ့သော်လည်း နောက်ပိုင်းတွင် အသက်အန္တရယ်စိုးရိမ်သော အခြေအနေဖြစ်လာသောကြောင့် သဲသဲအခန်းထဲတွင် မည်သည့်အချွန်အတက်မှ မထားစေတော့ဘဲ သိမ်းဆည်းထားလေသည်။ ယခုတော့ အချွန်မရသောအခါ အုတ်နံရံနှင့်ခေါင်းဆောင့်သဖြင့် ခေါင်းကွဲသွားရသည်။ ကိုအက်ဘီ သမီးအတွက် စိတ်မချတော့... အရင်တုန်းကတော့ သမီးမှာ အိပ်ပျော်ရင်း လမ်းလျှောက်တတ်သော ရောဂါရှိသည်ဟု သာမာန်ထင်မှတ်လျက် ဆေးသောက်စေပြီး ဂရုစိုက်ပေးခဲ့သည်။ သို့သော် ပြောင်းလဲလာသော သဲသဲရဲ့ အခြေအနေက သာမာန်မဖြစ်နိုင်တော့မှန်း ကိုအက်ဘီနှင့် ဒေါ်လမင်း နှစ်ယောက်စလုံး တွေးမိလေသည်။ မနက်ကျမှ ဆွမ်းကပ်နေကြဖြစ်သော ဆရာတော်ကြီးတစ်ပါးကို မေးလျှောက်ပြီး သင့်တော်သော အစီအရင်ပြုလုပ်တော့မည်ဟု တွေးနေလေတော့သည်။ ချစ်သူနှင့် ချိန်းထားရာဆီသို့ မင်းမနိုင် စောစောထွက်ခဲ့လေသည်။ ချစ်သူလာရာလမ်းကို မျှော်လင့်နေရင်း ချစ်ခြင်းအပြည့်ဖြင့် လှမ်းလျှောက်လာမည့် ချစ်သူရဲ့ခြေလှမ်းတွေကို တစ်လှမ်းချင်း စောင့်ကြည့်ရသည်မှာ ရင်ခုန်စ၇ာအပြည့်ဖြစ်လေသည်။ ဟော.. ဟိုမှာ သဲသဲ လာပြီ... ဟင်.. ခေါင်းမှာ ပတ်တီးနဲ့ပါလား.. စိတ်ပူသွားပြီး ချစ်သူလေးရှိရာသို့ အပြေးလေးသွားမိသည်။ " သဲ.. ခေါင်းက ဘာဖြစ်တာလဲဟင်... " သဲသဲ မျက်နှာလေး ညိုသွားပြီး " ဖေဖေနဲ့ မေမေကတော့ သဲ အိပ်နေရင်း ယောင်ပြီး ထင်ရာမြင်ရာလျှောက်လုပ်တယ်လို့ ပြောတာပဲ.. သဲ အိပ်မောကျနေရင်း အဲ့လိုယောင်တတ်တာကို သဲသိပါတယ်.. ဒါပေမယ့် သဲမရှင်းတာက ဒီလောက်ပြင်းပြင်းထန်ထန်ထိတာတောင် သဲ လန့်မနှိုးသွားဘူး.. အဲဒါ အရမ်းထူးဆန်းတယ်.. ကိုကို.. " ကျွန်တော် ခဏတွေးရင်း " သာမာန် အိပ်ပျော်ရင်း ယောင်တတ်တဲ့လူတွေက လမ်းလျှောက်မယ်.. သွားတဲ့လမ်းမှာ အခက်အခဲတွေရှိရင် ကျော်တတ်မယ်.. ဒါပေမယ့် တစ်ခုခုက သူတို့ကို ပြင်းပြင်းထန်ထန် လှုတ်နှိုးတာမျိုးတို့ နာကျင်တာတို့ ဖြစ်လာရင်တော့ လန့်နှိုးလာတတ်ကြတယ်.. အခု သဲဖြစ်နေတာက ခေါင်းနဲ့ နံရံဆောင့်လို့ ခေါင်းကွဲသွားတာတောင်မှ မနှိုးဘူးဆိုတော့ နဲနဲစဉ်းစားစရာပဲ... ကဲပါ သဲရယ်... ဘာမှ မစိုးရိမ်နဲ့နော်.. ညဘက်အိပ်ရင် ဘုရား၊ တရားလေးလုပ်.. အသိနဲ့ သတိနဲ့ ကပ်ပြီးထားလိုက်ရင် သဲရဲ့ အဲဒီရောဂါ ပျောက်သွားမှာပါနော်... အရေးအကြောင်းရှိရင်လည်း ကိုကို့ဆီ ဖုန်းဆက်ပေါ့.. ကိုကို ချက်ချင်းပြေးလာမှာပေါ့နော် သဲ.. ဘာမှမကြောက်နဲ့နော်... " " ဟုတ်ကဲ့... ကိုကို.. " ထို့နောက် လေညင်းလေးတို့ရဲ့ ဆော့ကစားမှုကြောင့် ပန်းကလေးများလှုတ်ခတ်သွားကြလေသည်။ သစ်ပင်ပေါ်မှ တစ်ကောင်တည်းဖြစ်နေသော ငှက်ကလေးက အားကျပြီး အဝေးကို ပျံသန်းထွက်ခွာသွားတော့သည်။ " ဘယ်လို.. ဆရာတော် ခရီးသွားတယ် ဟုတ်လား ကပ္ပိယကြီး.. " " ဟုတ်တယ် ဦးအက်ဘီရေ.. ဆရာတော်ရဲ့ မွေးရပ်ဇာတိရွာက ဘုရားထီးတော်တင်ဖို့လေ.. ဘာကိစ္စရှိလို့လဲ... " " သမီးလေး ကိစ္စလေဗျာ.. သမီးလေး ညတုန်းက ယောင်ပြီး နံရံကို ခေါင်းနဲ့ဆောင့်တာ ခေါင်းတောင်ပေါက်သွားတယ်.. ဒါပေမယ့် တဟားဟား ထရယ်နေတာဗျ.. မျက်လုံးတွေကလည်း ကြောက်စရာကြီး.. ကျွန်တော်ချုပ်တာတောင် မနိုင်ဘူး.. နောက်ဆုံး လမင်းကို ပရိတ်ရည်ယူခိုင်းမှပဲ ပရိတ်ရည်ပုလင်းလည်းမြင်ရော တောက်ခ် တစ်ချက် အကျယ်ကြီးခေါက်ပြီး ပျော့ခွေသွားရော... ကျွန်တော်တို့ကတော့ ဒီကိစ္စကို သွေးရိုးသားရိုးမဟုတ်ဘူးလို့ ထင်တယ်ဗျ.. အဲဒါကြောင့် ဆရာတော်ကြီးကို လာလျှောက်ကြည့်တာ.. ခုတော့ ဆရာတော် မရှိဘူးဆိုတော့ စိတ်တောင်ညစ်သွားတယ်ဗျာ.. " " အဲဒီလောက်ထိလည်း စိတ်မညစ်သွားပါနဲ့ဗျာ.. ဆရာတော်လည်း သိပ်မကြာပါဘူး.. အလွန်ဆုံး လေးငါးရက်ပါပဲ... အရေးကြီးတယ်ဆိုရင် ကျောင်းမှာ အာဂန္တုလာတည်းတဲ့ လူတစ်ယောက်တော့ရှိတယ်.. သူက ၀တ်ဖြူစင်ကြယ်ဝတ်ပြီး ဘုရားတရားအရမ်းလုပ်တယ်.. အခုလည်း ဟိုဘုရားလေးမှာ တရားထိုင်နေလေရဲ့.. ခင်ဗျားတို့သူဆီသွားပြီး အကြံညဏ်တောင်းကြည့်ရင်တော့ ရကောင်းရနိုင်မယ်လို့ ကျုပ်တော့ထင်တယ်.. ကဲ ကျုပ်လည်း အလုပ်ကလေးတွေရှိလို့ ခွင့်ပြုအုန်းနော်.." " ဟုတ်ကဲ့.. ကျေးဇူးတင်ပါတယ် .. ကပ္ပိယကြီး.. ကျွန်တော်တို့လည်း အဲဒီလူဆီသွားကြည့်လိုက်ပါအုန်းမယ်.. " ကပ္ပိယကြီး ညွှန်ပြသောစေတီလေးဆီသို့ ဦးအက်ဘီတို့လင်မယားထွက်လာခဲ့လေသည်။ စေတီလေးဆီမှ ဆည်းလည်းသံလေးများက သာယာကြည်နူးဖွယ်ကောင်းသော်လည်း သမီးဇောကြောင့် ပူလောင်နေရသော ကိုအက်ဘီတို့ရင်ထဲမှ မီးတောက်ကလေးများကို မငြိမ်းသတ်နိုင်ပါချေ။ ဟော .. ဟိုမှာတွေ့ပါပြီ.. တန်ဆောင်းအောက်တွင် ပိတ်ဖြူစင်ကြယ်နှင့် ပုတီးစိတ်နေသော သူတော်စင်တစ်ပါး.. ကပ္ပိယကြီးပြောတာ အဲဒီသူတော်စင်များဖြစ်လေမလား.. ထိုသူတော်စင်မှာ အထက်အောက်အဖြူ ၀တ်ဆင်ထားရုံမျှမက မုတ်ဆိတ်မွေး နှုတ်ခမ်းမွှေးများပါ ဖြူပြီး ရှည်လျားစွာ တွဲကျနေလေသည်။ သူတော်စင်ဘေးတွင် အသာထိုင်ချလိုက်ပြီး ဘုရားရှိခိုးလိုက်သည်။ ကိုအက်ဘီတို့ ဘုရားကို သုံးကြိမ်ရှိခိုးပြီး ပြန်အထတွင် ပြုံးပြီးကြည့်နေသော သူတော်စင်ကို တွေ့လိုက်ရလေသည်။ စူးရှလှသော သူတော်စင်၏ အကြည့်ကြောင့် ကိုအက်ဘီနှင့် ဒေါ်လမင်းတို့မှာ ကြောက်ကြောက်လန့်လန့်နှင့် ဘာပြောရမှန်းမသိ ဖြစ်သွားလေသည်။ " အဘ.. အဘ.. နာမည်လေးကို သိပါ၇စေ... " " အော်.. လူတွေ.. လူတွေ.. အင်းလေ.. နာမည်ဆိုတာလည်း ပညတ်တစ်ခုပါပဲ... အဘိုးဖြူလို့ ခေါ်ပေါ့ကွယ်.. ဒါနဲ့ သားတို့သမီးတို့ လာတာ အဘကို တစ်ခုခုမေးလျှောက်ချင်လို့ ထင်တယ်.. ကဲကဲ.. ရဲရဲသာ မေးပေတော့.. " " ဒီလိုပါ အဘ.. ကျွန်တော်နာမည်က ဦးအက်ဘီပါ.. ဒီဘက်ကတော့ ကျွန်တော်ဇနီး ဒေါ်လမင်းလို့ ခေါ်ပါတယ်.. ကျွန်တော်တို့မှာ သမီးလေးတစ်ယောက်ရှိပါတယ်.. သဲသဲလို့ခေါ်ပါတယ်.. သမီးလေး အသက်၁၈ နှစ်ပြည့်တဲ့ညကစပြီး အိမ်မက်မက်တဲ့အခါ ယောင်ပြီး လမ်းထထလျှောက်တတ်ပါတယ်... ကျွန်တော်တို့ သိတဲ့အချိန်ကစပြီး သမီးကို ဆေးတိုက်ပြီး အထူးဂရုစိုက်ခဲ့ပေမယ့် အဲဒီအကျင့်ရောဂါက ပျောက်မသွားခဲ့ဘဲ ပိုပိုဆိုးလာပါတယ်.. နောက် လပြည့်လကွယ်ညတွေမှာဆို ပိုပို ဆိုးတတ်ပါတယ်... အဲဒါကြောင့် သမီးအခန်းထဲမှာ ထိခိုက်စေတဲ့ အချွန်အတက်တွေ မထားခဲ့ပါဘူး.. ညကတော့ သမီးလေးယောင်ပြီး နရံကို ခေါင်းနဲ့ ဆောင့်ပါတော့တယ်.. ပြီးတော့ တဟားဟား နဲ့ ထရယ်တယ်.. မျက်လုံးကြီးတွေကလည်း တကယ့်ကို စူးရှပြီး ကြောက်စရာကြီးတွေပါပဲ.. နောက်တော့ ကျွန်တော်က မသင်္ကာတာနဲ့ ဘုရားစင်ပေါ်က ပရိတ်ရည်ပုလင်းကို ဇနီးသည်ကို ယူခိုင်းလိုက်ပါတယ်.. ကျွန်တော့်ဇနီး ပရိတ်ရည် ယူလာတာလည်း မြင်ရော တောက်ခ်တစ်ချက် ခေါက်လိုက်ပြီး ပျော့ခွေသွားပါတယ်.. နောက်တော့မှ ပြန်နှိုးလာပြီး သူ့အဖြစ်ကို သူမသိပါဘူး.. အခု ကျွန်တော်တို့လင်မယားက သမီးအတွက် အရမ်းစိုးရိမ်နေပါတယ်.. အဲဒါ အဘိုးဖြူ ကူညီနိုင်ရင် ကူညီပေးပါနော်... " " အင်းး အစွဲအလမ်း သံယောဇဉ်တွေက သိပ်ကြောက်စရာကောင်းပါလား... အင်းလေ.. သံသရာမှာ ကျင်လည်နေကြရတဲ့ ကာလပတ်လုံး အပူဆင်းရဲခြင်း ပရိဒေ၀မီးတွေ လောင်ကျွမ်းနေကြရမှာပဲ... အဘိုးကို မင်းတို့ အကူအညီလာတောင်းတော့လည်း အဘိုး တတ်နိုင်တဲ့ဘက်က ကူညီပေးရမှာပေါ့... နေအုန်းကွဲ့.. " အဘိုးဖြူက မျက်လုံးကို မှိတ်လျက် တစ်နေရာကို စူးစိုက်အာရုံပြုနေသည်။ " တကယ်တမ်း ကူညီနိုင်တာ... တနင်္လာသား.. ဘီလူးနက္ခတ်ပိုင်ရှင်.. ခြင်္သေ့ရာသီမှာ မွေးဖွားတဲ့ လူငယ်ပဲ... အဲဒီလူငယ်ကို တွေ့အောင်ရှာပြီး အဘိုးရှေ့ခေါ်လာခဲ့.. သဘက်ခါ မနက် ကိုးနာရီတိတိ အချိန်ရွှေတိဂုံဘုရားပေါ်က ကျား ခြင်္သေ့ဘုရားရှေ့မှာအဘိုး စောင့်နေမယ်.. ကြားလား.. ကဲကဲ.. အဘိုး.. သံသရာမှာ ကိုယ့်အတွက်ပါမယ့် အလုပ် ဆက်လုပ်လိုက်အုန်းမယ်ကွယ်.. " " ဟုတ်ကဲ့ပါ အဘိုးဖြူ.. ကျေးဇူးတင်ပါတယ်... " အဘိုးဖြူကိုပါ ကန်တော့ပြီး ဦးအက်ဘီတို့လင်မယား ပြန်လာခဲ့သည်။ သူတို့အတွေးထဲမှာတော့ တနင်္လာသား.. ဘီလူးနက္ခတ်ပိုင်ရှင်.. ခြင်္သေ့ရာသီမှာ မွေးတဲ့လူငယ်.. ဘယ်သူများဖြစ်မလဲ.. ငါတို့ ဘယ်မှာ ရှာရမလဲ.. ဆွေမျိုး သူငယ်ချင်းတွေထဲမှ နီးစပ်၇ာများကို မေးကြည့်တော့လည်း အချက်သုံးချက်နှင့် ပြည့်စုံသောလူငယ် ရှာမတွေ့... စိတ်ညစ်ညစ်နဲ့ အိမ်ပြန်လာခဲ့ကြသည်။ " ဟင်.. ဖေဖေနဲ့ မေမေ မျက်နှာလည်း မကောင်းပါလား... ဘာဖြစ်လို့လဲဟင်.." " ဒီလိုသမီးရဲ့.. သမီးရဲ့ ယောင်တတ်တဲ့ရောဂါပျောက်အောင် ဆရာတော်ကြီးနဲ့သွားတွေ့တာ.. ဆရာတော်ကြီးက ခ၇ီးထွက်သွားတယ်.. ဒါပေမယ့် ဖေဖေတို့ သူတော်စင်တစ်ပါးနဲ့ တွေ့တယ်.. အဲဒီသူတော်စင်ကြီးက သမီးရောဂါပျောက်ဖို့အတွက် လူငယ်တစ်ယောက်က ကူညီမှ ရမယ်တဲ့.. အဲဒီလူငယ်ကလည်း တနင်္လာသား ဘီလူးနက္ခတ် ခြင်္သေ့ရာသီမှာ မွေးတဲ့လူဖြစ်ရမယ်တဲ့.. ဖေဖေတို့လည်းရှာတာ နှံ့နေပြီ.. ပြည့်စုံတဲ့လူကို မတွေ့ဘူး.. အဲဒါကြောင့် စိတ်ညစ်နေတာ.. " " သမီးလည်း သမီးရောဂါပျောက်ချင်တာပေါ့ဖေဖေရယ်.. ဒါပေမယ့် ဖေဖေတို့ သိပ်လည်း စိတ်ညစ်မနေပါနဲ့.. သမီးမှာ ရောဂါပျောက်ဖို့ ကံပါလာရင်တော့ ပျောက်မှာပေါ့ ဖေဖေနဲ့မေမေရယ်.. သမီး ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး.. သမီးရဲ့ ၀ဋ်ကြွေးတစ်ခုလို့ပဲ သမီး သတ်မှတ်ထားပါတယ်.. ကဲ.. ဖေဖေတို့လည်း နားလိုက်အုန်းနော်.. သမီး ဘုရားသွားရှီခိုးလိုက်အုန်းမယ်.. ဖေဖေနဲ့ မေမေကို သမီး ကန်တော့ပါတယ်.. " " အေးအေး သမီး.. ငါ့သမီးလေး ဒီလိုရောဂါဆိုးကြီးကနေ အမြန်ဆုံး လွတ်မြောက်နိုင်ပါစေကွယ်.. " ဟင်းးးးးးးးးးးး ငါ့ ရောဂါဆိုးကြီးကလည်း ငါ့ကို အချိန်တိုင်းပဲ ခြောက်လှန့်နေပါလား... ညတွေကိုရောက်ရမှာ အိပ်စက်ရမှာတောင် ကြောက်လန့်နေရပြီ... ၀ဋ်ကြွေးတွေ ရှိရင်လည်း ဒီဘ၀ ဒီမျှနဲ့သာ ကျေပါစေတော့ဘုရား... အတွေးများဖြင့် သဲသဲတစ်ယောက် အိပ်မပျော်နိုင်ဖြစ်နေလေသည်။ ငါ အိပ်လို့မရဘူး.. ဒီည လပြည့်ည.. ငါ့ရောဂါများ ပြန်ဖောက်လာအုန်းမှာလား... ငါ့စိတ်တွေယောက်ယက်ခတ်နေသလိုပဲ... တစ်ခုခုထူးခြားတော့မှာလို့ ငါ့စိတ်ထဲကနေ သိနေတယ်... ငါ အိပ်လို့မရဘူး.. ငါ မအိပ်ဘူး.. ငါ ဒီည တစ်ညလုံး မအိပ်ဘူး.. လက်ဖက်အစိုကို ဒီအတိုင်း ၀ါးစားလိုက်ပြီး ကော်ဖီခါးခါးတစ်ခွက်ကို သောက်လိုက်သည်။ ညရဲ့ အလင်းရောင်လေးက ပြတင်းပေါက်မှ ဖြာကျလျက်... လရောင်ရဲ့ ဖမ်းစားမှုကြောင့် မအိပ်ချင်ရန် ပြတင်းပေါက်ဘက်သို့ လမ်းလျှောက်လာလေသည်။ ထိုအခိုက် ခွေးအူသံရှည်ကြီးများကို ရုတ်တရတ် ကြားလိုက်ရကာ သဲသဲတစ်ယောက် ကြက်သီးမွှေးညင်းများထသွားသည်။ မကောင်းဆိုးရွားတွေကိုမြင်ရင် ခွေးတွေ အူကြတယ်လို့ သူများတွေ ပြောသံကြားဖူးတယ်.. ကြောက်ရွံ့စိတ်ဖြင့် ပြတင်းပေါက်ကို ပိတ်ဟန်ပြုလိုက်စဉ်မှာပင်.. ခြံထဲသို့ အရိပ်သုံးခု ဖျက်ခနဲဝင်လာသောကြောင့် သူခိုးထင်ပြီး အသာချောင်းကြည့်နေလိုက်သည်။ ပြတင်းပေါက်တွင် သံဇကာများကာထားသဖြင့် အထဲဝင်လာမှာကိုတော့ သဲသဲမစိုးရိမ်မိခဲ့.. ထိုအရိပ်သုံးခုမှာ လျင်မြန်စွာပင် သဲသဲ အခန်းနား ရောက်လာပြီး ၀ုန်းဆို ပြတင်းပေါက် တံခါးကြီး ပွင့်ထွက်သွားသည်။ " အမလေးးးးးးးးးးး " ဆိုးရွားလှသော ရုပ်ရည်များကြောင့် သဲသဲ လန့်သွားလေသည်။ ဟင်.. သမီးလေး အခန်းဘက်က အသံကြားတယ်... ဦးအက်ဘီတို့လင်မယား အခန်းထဲသို့ဝင်လာစဉ် ပြတင်းပေါက်နားမှာ သဲသဲတစ်ယောက် ခွေခွေလေး လဲနေလေသည်။ စိုးရိမ်စိတ်ဖြင့်.. " သမီး.. သမီး... " မည်သို့ပင် ခေါ်စေကာမူ သဲသဲတစ်ယောက် ပြန်နှိုးမလာတော့... " ဟာ.. ဒုက္ခပါပဲ.. ကိုယ်ကျိုးတော့ နည်းပြီထင်တယ်... ဖေကြီးရေ... သမီးလေးကို ဆေးရုံပို့ရအောင်... " ဇနီးသည် သတိပေးမှ ဦးအက်ဘီ သတိရပြီး ကားသော့ပြေးယူကာ သမီးလေးကို ကားပေါ်ပွေ့ချီပြီး ဆေးရုံသို့မောင်းလာခဲ့လေသည်။ ဒေါ်လမင်းကတော့ သမီးလေးဘေးမှ ဘုရားစာများ တတွတ်တွတ် ရွတ်ဆိုလျက်... ဆေးရုံသို့ရောက်သည်နှင့် ဆရာဝန်များကို ပြေးခေါ်တာ.. " ဆရာ.. ဆရာ.. လုပ်ပါအုန်းဗျာ.. ကျွန်တော့်သမီးလေး ခေါ်လို့မရတော့ဘူး.. လုပ်ကြပါအုန်းဗျာ.. " " စိတ်အေးအေးထားပါခင်ဗျာ. ကျွန်တော်တို့ လူနာကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးပါ့မယ်... " သဲသဲကို အရေးပေါ်ခန်းထဲ ခေါ်သွားကြလေသည်။ ဦးအက်ဘီကတော့ အပေါက်ဝမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်လျက်.. ဒေါ်လမင်းကတော့ ဘုရားစာများရွတ်ပြီး မျက်ရည်များကျဆင်းနေလေသည်။ အတန်ကြာမှ ဆရာဝန်တစ်ဦး အရေးပေါ်ခန်းထဲမှ ထွက်လာလေသည်။ " ဆရာ.. ကျွန်တော့် သမီးလေး အခြေအနေ.. " " အသက်အန္တရယ်ကတော့ မစိုးရိမ်ရတော့ပါဘူးဗျာ.. ဒါပေမယ့် .. " " ဒါပေမယ့် ဘာဖြစ်လို့လဲ ဆရာ... " " ဒါပေမယ့် လူနာက ကိုမာ( အချိန်ကြာမြင့်စွာ သတိမေ့ခြင်း )ဖြစ်သွားတယ်.. " " ဗျာ.. ဒါ.. ဒါဆို.. ကျွန်တော့်သမီးလေး သတိမရတော့ဘူးပေါ့နော်... ဟာဗျာ... သမီးလေး.. သမီးလေးရေ.. " " စိတ်ကိုထိန်းပါ.. အန်ကယ်လ်.. ကျွန်တော်တို့လည်း အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ကြပါတယ်.. ဒီလိုရောဂါမျိုးဟာ သာမာန်ဆိုရင် အချိန်အတော်ကြာအောင် သတိမေ့နေတတ်ပေမယ့် တစ်ခါတစ်လေ လူနာရဲ့ စိတ်ခံစားမှု၊ အာရုံကြောတွေရဲ့ လှုတ်ရှားမှု ပေါ်မူတည်ပြီး အချိန်တိုအတွင်းမှာ သတိပြန်ရလာတဲ့ သာဓကတွေလည်း ရှိပါတယ်.. အရမ်းကြီးလည်း မစိုးရိမ်ကြပါနဲ့.. ကျွန်တော်သွားတော့မယ်.. " " ဟုတ်ကဲ့ပါ .. ဒေါက်တာ.. ကျေးဇူးတင်ပါတယ်.. " သမီးလေး သဲသဲအတွက် ဦးအက်ဘီရော ဒေါ်နီလာရော စိတ်မကောင်းဖြစ်ပြီး ငိုရှိုက်မိကြသည်။ သမီးလေး အမြန်ဆုံးပြန်လည်နေကောင်းသက်သာလာရန်အတွက် မျှော်လင့်မိကြသည်။ ဆုတောင်းပြီး ငိုရှိုက်နေရုံမှ အပ ဘာမှမတတ်နိုင်ရှာတော့..
အပိုင်း(၂)
    နောက်တစ်နေ့တွင် ကျွန်တော် သဲသဲအိမ်သို့ရောက်သွားရာ သဲသဲအိမ်မှာ အလုပ်သမားတစ်ယောက်က သဲသဲညက သတိမေ့သွားသဖြင့် ဆေးရုံတင်လိုက်ရသည် ဆိုသောကြောင့် သဲသဲရှိသော ဆေးရုံသို့ ကျွန်တော်လိုက်သွားခဲ့သည်။ ဟိုရောက်တော့ ကုတင်ပေါ်တွင် ကျွန်တော်ချစ်သော သဲသဲကို အစာပိုက်များ ဆေးထိုးပြွန်များဖြင့် ရင်နင့်စဖွယ် တွေ့ရှိလိုက်ရလေသည်။ ဘေးနှစ်ဘက်တွင် ဦးအက်ဘီနှင့် ဒေါ်လမင်း... သဲသဲရဲ့ အဖြစ်ကို မခံစားနိုင်သောကြောင့် ကျွန်တော့်ပါးပြင်ပေါ်သို့ မျက်ရည်များ ကျဆင်းလာလေတော့သည်။ " ဦးနဲ့ အန်တီရယ်.. ဘယ်လိုဖြစ်ကြတာလဲဗျာ.. သဲသဲ အခြေအနေ ဘယ်လိုနေသေးလဲဟင်.. " " မောင်ရင်က... " " နားနဲ့မနာ ဖ၀ါးနဲ့ နာပါ ဦးနဲ့ အန်တီရယ်. ကျွန်တော် နာမည် မင်းမနိုင်ပါ.. သဲသဲရဲ့ ချစ်သူပါ.. ကျွန်တော် ညက သဲနဲ့ပတ်သတ်ပြီး အိမ်မက်မကောင်းလို့ စိတ်ပူပြီး ဒီနေ့ ဦးတို့အိမ်ကိုရောက်မှ သဲနေမကောင်းလို့ ဆေးရုံတင်ရတယ် ကြားလို့ လိုက်လာတာပါ... ဘယ်လိုဖြစ်ကြတာလဲဗျာ.. " " အော်.. မောင်ရင်က သမီးရဲ့ ချစ်သူကိုးး ဒါဆို သမီးရဲ့ ရောဂါအကြောင်းကို မောင်ရင် သိသင့်သိထိုက်တာတွေ သိပြီးလောက်ရောပေါ့.. ညက ဦးတို့လည်း သမီးလေးအော်သံကြားလို့ သမီးအခန်းထဲသွားကြည့်တော့မှ ပြတင်းပေါက်နားမှာ သမီးလေးလဲကျနေတာကို တွေ့လိုက်ရတော့တာပါပဲကွာ.. ဆရာဝန်ပြောတာကတော့ သမီးလေးမှာ ကိုမာလို့ခေါ်တဲ့ အချိန်ကြာသတိမေ့ခြင်း ဖြစ်သွားတယ် တဲ့ကွာ... အဲဒါ ဦးရဲ့အပြစ်ပါပဲကွာ.. မနေ့က သမီးလေးေ၇ာဂါပျောက်အောင် လူတစ်ယောက်ကိုလိုက်ရှာရင်းနဲ့ ပြန်လာတော့ အရမ်းပင်ပန်းပြီး အိပ်ပျော်သွားလိုက်တာ.. လပြည့်နေ့ဆိုတာကို မေ့သွားခဲ့တယ်ကွာ... ဦးပြန်တွေးမိတိုင်း ဦးကိုယ်ဦး ခွင့်မလွတ်နိုင်အောင် ဖြစ်နေတယ်.. " " စိတ်လျော့ပါ ဦးရယ်.. သဲလေး ဒီလိုဖြစ်ဖို့ ကံပါလာလို့ပဲ မှတ်ယူရမှာပေါ့.. အော် ဒါပေမယ့်.. သဲရောဂါပျောက်အောင် လူတစ်ယောက်လိုက်ရှာနေတယ်ဆိုတာ ဘယ်သူ့ကို လိုက်ရှာနေတာလဲ... သဲရောဂါပျောက်မယ်ဆိုရင် ဘယ်သူ့ကိုပဲဖြစ်ဖြစ် ကျွန်တော်ရှာပေးမယ်.. ကျွန်တော်လုပ်ပေးချင်တယ် ဦး.. " " ဦးလိုချင်တဲ့သူက တနင်္လာသား.. ဘီလူးနက္ခတ်ပိုင်ရှင်... ခြင်္သေ့ရာသီနဲ့ ယှဉ်ဖွားတဲ့သူပဲ..." " ဟင်.. ဒါဆိုရင်တော့ ဦး ဘယ်မှာမှလိုက်ရှာနေစရာမလိုတော့ဘူး... " " ဘယ်လို... မောင်ရင်.. " " ဟုတ်တယ် ဦး.. ဦးလိုချင်တဲ့ အချက်တွေနဲ့ ပြည့်စုံတဲ့လူက ဦးရှေ့မှာ အခုရောက်နေတဲ့ ကျွန်တော်ကိုယ်တိုင်ပဲ... " " ဟေ.. ဟုတ်လား... ကောင်းတာပေါ့ကွာ.. သမီးလေး နေပြန်ကောင်းဖို့အတွက် မောင်ရင့်ကိုပဲ ဦးလေးတို့အားကိုးရမှာပဲ.. မနက်ဖြန် မနက် ကိုးနာရီ မတိုင်မှီ ရွှေတိဂုံဘုရားပေါ်က ကျား ခြင်္သေ့ဘုရားကို မောင်ရင်လာခဲ့ပါ.. မောင်ရင့်ကို ဦးလေးတို့က ယုံကြည် ယုံကြည်ပါတယ် အားလည်း အားကိုးပါတယ်.. " " ဟုတ်ကဲ့ပါ ဦး.. ကျွန်တော် သဲ အတွက် အကောင်းဆုံး လုပ်ဆောင်သွားမှာပါ... " သဲသဲကတော့ ကုတင်ပေါ်တွင် အိပ်ပျော်နေသည့်အလား... " အဖြစ်အပျက်တွေကတော့ အဲဒါတွေပဲဗျ.. မနက်ဖြန် ကျွန်တော် ရွှေတိဂုံဘုရားကို သွားရမယ်.. ဘာတွေဘယ်လိုလုပ်ရမယ်ဆိုတာ မသိသေးပေမယ့် ကျွန်တော့်အနေနဲ့ကတော့ သဲလေး နေပြန်ကောင်းဖို့ ဘာပဲလုပ်ရ လုပ်ရ လုပ်မယ်လို့ ဆုံးဖြတ်ပြီးသွားပြီ.. " ညနေပိုင်း..... သူငယ်ချင်းများဖြစ်ကြသော ကိုမိုး၊ ကိုထက်၊ ကိုလွင်၊ ကိုအောင်ထွန်းဦးတို့ကို ပြောပြနေခြင်းဖြစ်သည်။ ကိုမိုးမှာ ပရလောကနှင့်ဆိုင်သော ဇာတ်လမ်းတွေ ရေးနေသူဖြစ်သည်။ ကိုထက်က ဓါတ်ပုံဆရာ.. ထူးထူးဆန်းဆန်းတွေ စိတ်ဝင်စားသူ... ကိုလွင်ကတော့ သူငယ်ချင်းတွေနဲ့ သွားမယ်ဆိုရင် ငရဲပြည်တောင် အလည်ရောက်ချင်သော လူမျိုး.. ကိုအောင်ထွန်းဦးကတော့ သူငယ်ချင်းများ အလွန်ခင်သော်လည်း အရက်ကို ပုလင်းခါးကြားထိုး သောက်တတ်သောသူ... သူတို့အားလုံးကလည်း ကျွန်တော်နှင့် အတူလိုက်ချင်သည်တဲ့လေ... ကျွန်တော်ကတော့ မနက်ဖြန် ရွှေတိဂုံဘုရားသို့သွားလျှင် မေးကြည့်ပြီးမှ ခေါ်သင့်မခေါ်သင့် ဆုံးဖြတ်မည်ဟု စကားကို မယုတ်မလွန်အောင် ပြောထားရလေသည်။ မနက်ကိုးနာရီမတိုင်မှီ ရွှေတိဂုံဘုရားပေါ်သို့ ကျွန်တော် ရောက်နှင့်နေခဲ့ပြီဖြစ်သည်။ ဘုရားပေါ်တွင် သဲရဲ့မိဘတွေနဲ့ တွေ့ပြီး အဘိုးဖြူကိုစောင့်ဆိုင်းနေလေသည်။ မကြာမှီပင် အဘိုးဖြူရောက်လာပြီး ကျွန်တော်ကို သေချာကြည့်ပြီး အကဲခတ်နေလေသည်။ ဦးအက်ဘီက " ဒါ သမီးနဲ့ ရည်ငံနေတဲ့ ကောင်လေးပါ.. အဘိုးလိုချင်တဲ့ အချက်တွေ သူ့မှာ အကုန်ပြည့်စုံပါတယ်.. ဟိုနေ့ညက သမီး.... " အဘိုးဖြူလက်ကာပြလိုက်ပြီး " လူသားတိုင်းဟာ အတိတ်ဘ၀က ၀ဋ်ကြွေးတွေကြောင့် အဖန်တလဲလဲပူဆွေးသောက ဒုက္ခတရားတွေ ခံစားကြရတယ်.. ဘုရားတောင်မှ ၀ဋ်ကြွေးကို ရှောင်မရခဲ့ဘူး ဆိုတာ နှလုံးသွင်းထားပါ.. အခု သမီးလေး ခံစားနေရတာက အတိတ်ဘ၀ရဲ့ဝဋ်ကြွေးတွေကြောင့်ပဲ.. အင်းလေ.. ၀ဋ်ကြွေးကုန်ချိန် ရောက်တော့မှာပါ.. အခု ဒီလူငယ်လေးဟာ သမီးလေးရဲ့ ဘ၀အဆက်ဆက်က ပါရမီဖြည့်ဘက်လေးပဲ... ကောင်းတယ်.. ကောင်းတယ်.. ကဲ.. ဒီက လူလေးနာမည်က.. " " မင်းကျော်စွာပါ အဘိုးဖြူ.. " " ဟင်းးး သံသရာဆိုတဲ့ စက်ဝိုင်းကြီးမှာ ပဌာန်းဆက်တွေ ပြန်လည်ဆုံဆည်းကြတာ ဓမ္မတာပါပဲလေ.. လူလေး ဒီသမီးငယ်လေးကို ကယ်နိုင်လိမ့်မယ်ဆိုတာ အဘိုးဖြူ သိနေတယ်.. ကဲပါလေ.. ဒီဘုရားရှေ့မှာ သစ္စာတိုင်တည်ရအောင် လိုက်ဆို... ကျွန်တော် တနင်္လာသား မောင်မင်းကျော်စွာ သဲသဲဆိုသည့်ကလေးမလေးကို အမှန်တကယ် ချစ်ခင်ပြိး ကယ်တင်ခြင်းသောကြောင့် အမှုကိစ္စများကို ဆောင်ရွက်ပါမည်.. ဤမှန်ကန်သော် သစ္စာစကားကြောင့် သဲသဲလေးတွင် ဖြစ်ပွားနေသော အမှောင့်ပယောဂရောဂါဆိုးကြီးမှ လျှင်မြန်စွာ သက်သာပျောက်ကင်းပါစေသား.. " အဘိုးဖြူပြောသည့်အတိုင်း ကျွန်တော် သစ္စာဆိုလိုက်ရာ ကြက်သီးများပါ ထသွားလေသည်။ ခန္ဓာကိုယ်တွင်လည်း ခွန်အားများ ၀င်ရောက်လာသလို ခံစားလိုက်ရသည်။ " ဒါနဲ့ အဘိုးဖြူ ကျွန်တော် သဲသဲရောဂါပျောက်အောင် ဘယ်လိုလုပ်ရမှာလဲ.. " " လူလေး သက်မဲ့ရွာကို သွားရမယ်.. " " ဗျာ.. သက်မဲ့ရွာ ဟုတ်လား.. အဲဒီရွာက ဘယ်နားမှာလဲ.. " " အဲဒါကတော့ အဘိုးဖြူ ပြောလို့မရဘူး.. အဘိုးဖြူမှာချင်တာက လူလေး သွားမယ်ဆိုရင် မိထ္တီလာကန်တော်အောက်မှာတော့ ဖားဝင်ကောက်ခဲ့ရမယ်.. ကလေး၊ သဘင်သည်၊ အရူးစကားတွေကို လစ်လျူမရှုပါနဲ့... သက်မဲ့ရွာရောက်ရင် ကမ္ဘာပေါ်မှာ အကောင်းဆုံးမိန်းမကို လိုက်ရှာပါ.. သူတို့ကျွေးတဲ့အစားအစာတွေကို မစားပါနဲ့... နောက် ရွာလူကြီးဆီမှာ သမီးလေးရဲ့ အသက်ဗူးရှိတယ်.. နောက်လ လပြည့်နေ့ မနက်ကိုးနာရီမှာ အဘိုးဖြူ ဒီနေရာကပဲ စောင့်နေမယ်.. အော်.. တစ်ခုသတိထားရမှာက သွားတဲ့လာတဲ့နေရာမှာ ကံငါးပါးကို လုံအောင်ထိန်းပါ.. ရော့ ဒီမှာ သံသေ ရန်သေ လက်စွပ်.. လူလေးကို အဘိုးချီးမြင့်လိုက်မယ်.. ညဏ်ရှိသလိုသာ သုံးပေတော့... အဘိုးမှာချင်တာကတော့ အဲဒါ အကုန်ပဲ.. ကဲ.. အဘိုးလည်း သွားတော့မယ်.. " ပြောပြီးသည်နှင့် အဘိုးဖြူ ချာကနဲထွက်သွားလေသည်။ ထိုအခါ ကျွန်တော် တစ်ခု သတိရမိသဖြင့်.. " အဘိုး.. ကျွန်တော်အခုသွားမယ့် ခရီးစဉ်မှာ ကျွန်တော့်သူငယ်ချင်းတွေကလည်း လိုက်ချင်နေကြတယ်.. သူတို့ကို ခေါ်သွားလို့ ရမလား မသိဘူး... " " ဟင်းးးး သဗ္ဗေသတ္တာ ကမ္မသက္ကာ ပေါ့ကွယ်.. လိုက်ချင်လည်း လိုက်ပါစေပေါ့... သတ္တ၀ါတွေ ကျမ်းမာချမ်းသာကြပါစေ....." ပြောပြီးသည်နှင့် အဘိုးဖြူထွက်ခွာသွားလေတော့သည်။ လပြည်နေ့အထိဆိုတော့ တစ်လတိတိ အချိန်ရပေမယ့် သက်မဲ့ရွာဆိုတဲ့ရွာက ဘယ်မှာလဲ.. ကိုမိုးက " ဘယ်လို... ငါတို့ သက်မဲ့ရွာကို သွားရမယ်.. ဟုတ်လား... " ကိုထက်က " ငါတို့သွားရမယ့်နေရာ မပြောလိုက်ဘူး ဟုတ်လား.. " ကိုလွင်က " ဒါဆို ငါတို့ဘယ်ကနေ ဘယ်လိုစသွားကြမှာလဲ... " ကိုအောင်ထွန်းဦးက အရက်သောက်နေရင်းမှ... " ဘာ... ကံငါးပါး လုံအောင်ထိန်းရမယ် ဟုတ်လား.. တစ်ပါးလောက် ဖောက်လို့မရဘူးလားကွာ.. ကျန်တာတွေ အားလုံး လုံအောင်ထိန်းမယ်... " " အားလုံး ခဏလေးပါဗျာ.. သက်မဲ့ရွာဆိုတာ ရွာနာမည် ရှိချင်မှလည်း ရှိမယ်.. မရှိချင်လည်း မရှိနိုင်ဘူး.. နောက်တစ်ခုက မိထ္တီလာကန်တော်အောက် ဖားကောက်ရမယ်ဆိုတာ.. ထူးဆန်းတယ်.. အဲဒီတော့ အရင်ဆုံး မိတ္ထီလာကို အရင်သွားရမယ်လို့ထင်တယ်.. ကိုအောင်ရေ ခင်ဗျားလိုက်ချင်ရင်တော့ အရက်တော့ မသောက်ရဘူးဗျာ.. အဘိုးဖြူက သေချာမှာလိုက်တာ.. " " အေးပါကွာ... အရမ်းလိုက်ချင်နေတော့လည်း လိုက်ရမှာပေါ့.. ဒါဆို ငါတို့ ဘယ်တော့စထွက်ကြမလဲ..." " ဒီနေ့တော့ ခရီးသွားဖို့ စိစဉ်စရာရှိတာတွေ စီစဉ်ရအုန်းမယ်... မနက်ဖြန်မနက်စောစောစထွက်မယ်... အချိန်သိပ်မရဘူး.. တစ်လပဲ အချိန်ရတယ်... " " အိုခေ.. " မနက်ဖြန်ခရီးထွက်ဖို့ လိုအပ်သော အ၀တ်အစားအသုံးအဆောင်များကိုသာ အဓိကထားယူဆောင်ပြီး ကျန်လိုအပ်မည့်ပစ္စည်းများကိုတော့ လမ်းတွင်မှဝယ်မည်ဟု ဆုံးဖြတ်ထားလေသည်။ အဘိုးဖြူပေးလိုက်သော သံသေလက်စွပ်ကလေးကတော့ လက်တွင်စွပ်လျက်သားးးး ယခုခရီးစဉ်အတွက် ကိုလွင်က သူ့အိမ်မှကားဖြင့် သွားကြမည်ဟု အကြံပြုသဖြင့် အားလုံးလက်ခံလိုက်ကြသည်။ မနက်မသွားခင် သဲသဲ၏အဖေဦးအက်ဘီနှင့် အမေဒေါ်လမင်းတို့ကို ၀င်ပြီးနှုတ်ဆက်လိုက်သည်။ လူကြီးများက သိမ်ဝင်ပုတီများ၊ ပရိတ်ရည်၊ ပရိတ်ချည်များနှင့် လမ်းတွင်သုံးစွဲကြရန် ငွေများထုတ်ပေးကြသည်။ သို့သော် ငွေများကိုတော့ လက်မခံတော့ဘဲ တခြားပစ္စည်းများကိုသာ ယူဆောင်ပြီး ကန်တော့ကာ ခရီးစထွက်ခဲ့ကြလေတော့သည်။ ကားလေးမှာ ရန်ကုန် မန္တလေးအမြန်လမ်းမပေါ်တွင် ပြေးလွှားလျက်.. မိထ္တီလာရောက်သည်နှင့် ကန်ဘောင်သို့တစ်ခါတည်းလာခဲ့လိုက်လေသည်။ " ကဲ.. ကန်ဘောင်တော့ရောက်လာပြီ.. ဘာဆက်လုပ်မလဲ.. ကိုမင်း.." " ကျွန်တော့်ကို အဘိုးဖြူက မိတ္ထီလာကန်အောက် ဖားကောက်ခိုင်းတာ အကြောင်းရင်းတစ်ခုတော့ ရှိလိမ့်မယ်.. ကိုမိုး... ဒီအနီးတ၀ိုက်ကို ကျွန်တော် တစ်ချက်လေ့လာလိုက်အုန်းမယ်.. ကိုမိုးတို့အားလုံး ဒီနေရာမှာပဲ စောင့်နေနော်.. " ကိုမိုးတို့ကို ထားခဲ့ပြီးနောက်.. ကျွန်တော်တစ်ယောက်တည်း ကန်စပ်ဆီသို့ထွက်လာခဲ့လေသည်။ ကန်ရေပြင်ကိုဖြတ်သန်းပြီးတိုက်ခတ်လာသော လေနုအေးတို့က ချစ်သူအတွက် စိတ်ပူလောင်နေသော ကျွန်တော့်ရင်ကို မအေးမြနိုင်ပါချေ.. ကန်ကြီးမှာ ဆောင်းအကုန် နွေအကူးဖြစ်သဖြင့် ရေအနည်းငယ်ကျဆင်းနေလေသည်။ ဟင်.. ကန်စပ်မှာ ဖားရုပ်ကလေးတစ်ရုပ်ပါလား... ကျွန်တော် သွားကောက်လိုက်သည်။ ရွှံ့များကြားမှ ဖားရုပ်ကလေးမှာ အမည်မသိသောသတ္တုပစ္စည်းတစ်မျိုးဖြင့် လက်ရောက်မြောက်စွာပြုလုပ်ထားသော ဖားရုပ်ကလေးဖြစ်လေသည်။ ကျွန်တော် ကောက်ယူပြီး ကိုမိုးတို့ဆီ ပြန်လာခဲ့လိုက်သည်။ ကျွန်တော့်ကို အဝေးမှမြင်သည်နှင့် ကိုလွင်က ဘယ်လိုလဲဆိုသည့်သဘောဖြင့် မေးဆက်ပြသည်။ ကျွန်တော်က ပြုံးပြီး လက်ထဲမှ ဖားရုပ်ကလေးကိုထောင်ပြလိုက်သည်။ " ကဲ.. ဒီညတော့ ကျွန်တော်တို့ ဒီမိတ္ထီလာမှာပဲ ညအိပ်ကြမယ်.. အခုတော့ အဘိုးဖြူမှာတဲ့အတိုင်း မိတ္ထီလာကန်အောက်မှာ ဖားတော့ ကောက်ခဲ့ပြီးပြီ... " " အဘိုးဖြူမှာတာ ဒီဖားရုပ်ကလေး ဖြစ်နိုင်ပါ့မလား... ငါတို့ ဒီလောက်အဝေးကြီးလာပြီးမှ ဒီအရုပ်ကလေးတစ်ရုပ် ကောက်ဖို့အတွက်တော့ မဖြစ်နိုင်လောက်ဘူးနော်.. " ကိုထက်က တွေးဆပြီး ပြောသည်။ " အင်း.. ကိုထက်ပြောတာလည်း သဘာဝကျပါတယ်လေ.. ဒါပေမယ့် ဒီညတော့ စောင့်ကြည့်ရအုန်းမှာပေါ့... " တိတ်ဆိတ်အေးချမ်းသော ဟိုတယ်တစ်ခုတွင် တစ်ယောက်တစ်ခန်း တည်းခိုရန် စီစဉ်လိုက်သည်။ ညမိုးချုပ်သည်နှင့် ထွေရားလေးပါး စကားပြောကြပြီး ကိုယ့်အခန်းကို ပြန်နားလိုက်သည်။ ဖားရုပ်ကလေးကိုတော့ ကျွန်တော့်ကုတင်ဘေး စားပွဲခုံတစ်ခုံပေါ်တွင် တင်ထားလိုက်သည်။ မအိပ်ခင် ဘုရားရှိခိုးပြီး အဘိုးဖြူကိုလည်း တိုင်တည်လိုက်လေသည်။ ထူးခြားသော အငွေ့အသက်ရသည်နှင့် မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ရှေ့တည့်တည့်တွင် အဘိုးဖြူက ကျွန်တော့်ကိုပြုံးပြီး မတ်တပ်ရပ်နေသည်ကိုတွေ့လိုက်ရလေသည်။ " လူလေး.. လူလေးက အဘပြောတဲ့အတိုင်း လုပ်နိုင်ပါပေတယ်.. အခု လူလေး ယူလာတဲ့ဖားရုပ်ကလေးက သာမာန်ဖားရုပ်ကလေးတစ်ရုပ်မဟုတ်ဘူး.. ရှေးအခါက ရှမ်းမင်းသမီးလေးတစ်ပါးရဲ့ ၀ိညာဉ်ကို အောက်လမ်းဆရာတစ်ယောက်က ဒီဖားရုပ်လေးထဲထည့်ပြီး ခိုင်းစားခဲ့တယ်..နောက်တော့ အဲဒီအောက်လမ်းဆရာဟာ လူတစ်ယောက်ကို သူတတ်ထားတဲ့အောက်လမ်းနည်းနဲ့ ဒုက္ခပေးဖို့ ကြံနေတုန်း တောမှီရဟန်းတော်ကြီးတစ်ပါးနဲ့တွေ့ပြီး အသိသံဝေဂ ရသွားတယ်.. အဲဒီအခါ သူအရင်က သုံးခဲ့တဲ့ အောက်လမ်းပစ္စည်းတွေကို ဒီကန်ကြီးထဲကို စွန့်ပစ်ဖျက်ဆီးခဲ့တယ်.. အခု လူလေးရထားတဲ့ ဖားရုပ်ကလေးက ရှမ်းမင်းသမီးလေးရဲ့ ၀ိညာဉ်ထည့်ထားတဲ့ ဖားရုပ်ကလေးပဲ.. အင်းလေ .. သူလည်း လူလေးနဲ့ ရေစက်ပါပြီး ကျွတ်ချိန်တန်ပြီပေါ့ကွယ်.. ဒါပေမယ့် အခုတော့ မကျွတ်သေးဘူး.. သူ လူလေးတို့ကို ကူညီရအုန်းမယ်.. ပြီးမှ သူ့အတွက် လူလေးတို့က အလှူလုပ်ပြီး အမျှပေးဝေနိုင်မှ ကျွတ်လွတ်သွားမှာဖြစ်တယ်.. ကဲ မင်းသမီးလေးရေ.. ဒါ မင်းကူညီရမယ့် လူလေးပဲ.. အပြင်ထွက်ပြလိုက်ပါအုန်း.. " အဘိုးဖြူစကားဆုံးသည်နှင့် တောင်ဝှေးဖြင့် ဖားရုပ်ကလေးကို တို့လိုက်ရာ ဖားရုပ်ကလေးထဲမှာ အခိုးအငွေ့များထွက်လာပြီး ရှေးခေတ် ရှမ်းအ၀တ်အစားဝတ်ဆင်ထားသော မင်းသမီးလေးတစ်ပါး ပုံရိပ်ပေါ်ပေါက်လာလေသည်။ " ကျွန်မနာမည် နီလာဒေ၀ီပါ.. ကျွန်မ ဒီဖားရုပ်ကလေးထဲမှာ အကျဉ်းခံနေရတာ နှစ်ပေါင်း ရာနဲ့ချီပြီး ကြာခဲ့ပါပြီ.. ကျွန်မကိုလွတ်အောင်လုပ်ပေးတဲ့ အဘိုးဖြူကိုရော.. ဟောဒီက အစ်ကိုကိုရော.. ကျေးဇူးတင်ပါတယ်.. " " အခု ကျွန်တော့်ချစ်သူရဲ့ အသက်ဗူးက သက်မဲ့ရွာမှာ ရှိနေတယ်.. ကျွန်တော်သက်မဲ့ရွာကို သွားချင်တယ်.. ကျွန်တော့်ကို လမ်းညွှန်ပေးပါ.. " သက်မဲ့ရွာဟု နာမည်ကြားရုံဖြင့် နီလာဒေ၀ီ မျက်နှာပျက်သွားသည်။ ထို့နောက် အဘိုးဖြူကို မော့ကြည့်ရာ အဘိုးဖြူမှ ခေါင်းကိုငြိမ့်ပြလိုက်သည်။ " ကောင်းပါပြီ.. ကျွန်မရဲ့ ကျေးဇူးရှင်တွေဖြစ်တဲ့အတွက် အရေးကြုံရင် ကျွန်မကူညီပါ့မယ်.. ဒါပေမယ့် ကျွန်မကို တစ်ချက်တော့ ပြန်ကူညီပါ.." " ဘာများပါလိမ့်ဗျာ.. ကျွန်တော် ကူညီနိုင်တာရှီရင် လုပ်ပေးပါ့မယ်... " " ကျွန်မ ဖားရုပ်ကလေးနဲ့သက်ဆိုင်တဲ့အကြောင်း ကျွန်မရှီနေတဲ့အကြောင်းကို ဘယ်သူတစ်ဦးတစ်ယောက်မှ မသိပါစေနဲ့... ဒီဝိညာဉ်ဖားရုပ်ကလေးကို အောက်လမ်းဆရာတွေက အရမ်းလိုချင်နေကြတာပါ.. သိသွားရင် အစ်ကိုတို့အတွက်ရော ကျွန်မအတွက်ပါ အန္တရယ်ရှိလာနိုင်တဲ့အတွက် အခုလိုတားမြစ်ထားရတာပါ.. " " ဟုတ်ကဲ့.. ကျွန်တော် ဘယ်သူ့ကိုမှ မပြောပါဘူး... သက်မဲ့ရွာသွားဖို့ ကူညီမယ်ဆိုတဲ့အတွက် ကျေးဇူးတင်ပါတယ်... " နီလာဒေ၀ီ ပြုံးပြီး အခိုးအငွေ့များအဖြစ် ဖားရုပ်ကလေးထဲသို့ ပြန်ဝင်သွားလေသည်။ အဘိုးဖြူက " ကဲ လူလေး.. ခရီးပန်းလာပြီ.. အနားယူလိုက်အုန်း.. အဘိုး သွားတော့မယ်.. " " ခဏလေး အဘိုး.. မနက်ဖြန်... " ကျွန်တော့်စကားမဆုံးလိုက်ခင် အဘိုးဖြူလက်ကာပြလိုက်ပြီး " မနက်ဖြန် လူလေးတို့ ဘယ်ကို ခရီးဆက်ရမလဲဆိုတာ အဘိုးဖြူကို မမေးနဲ့.. အဘိုးပြောပြီးသား... ကလေး၊ သဘင်၊ အရူးစကားကိုသာ ဂရုစိုက်ပါ... ကဲ အဘိုးသွားပြီ.. " ကျွန်တော် အဘိုးဖြူကို ရိုသေစွာ ကန်တော့လိုက်သည်။ ပြန်ထလိုက်သော အဘိုးဖြူကို မမြင်ရတော့... " အဘိုးဖြူ.. အဘိုးဖြူ.. " ကျွန်တော်မျက်လုံးဖွင့်ပြီး ထထိုင်လိုက်တော့မှ အိမ်မက်မက်နေကြောင်း သိလိုက်ရသည်။ အင်းးး အဘိုးဖြူကတော့ ငါရှေ့ဆက်သွားမယ့်လမ်းအတွက် အိမ်မက်ပေးတာများလား.. ဒါမှမဟုတ် ငါကပဲ ဖားရုပ်ကလေးကို စိတ်စွဲလမ်းနေပြီးတော့ အိမ်မက်မက်တာများလား.. ဟင်.. ကျွန်တော်ဖားရုပ်ကလေးကိုကြည့်လိုက်တော့ ကျွန်တော်ထားသည့်နေရာမှာ အရုပ်ကလေးမရှိတော့.. ထိုအခိုက်မှာ ရေချိုးခန်းထဲမှာ ရေသံကြားလိုက်ရလေသည်။ ဟာ.. ငါရေချိုးပြီး ရေပန်းကိုသေချာပိတ်ခဲ့ပါတယ်.. ဘယ်လိုဖြစ်ပြီး ရေသံကြားနေရတာလဲ.. ကြောက်စိတ်ထက် စူးစမ်းစိတ်ကပိုများနေသည်မို့ အိပ်ယာထဲကထပြီး ရေချိုးခန်းတံခါးကို ၀ုန်းဆို တွန်းဖွင့်လိုက်ရာ အထဲမှာ ဘယ်သူမှမရှိ.. ထူးခြားသည်က ရေပန်းအောက်တွင် ဖားရုပ်ကလေး ရောက်နေခြင်းပင်... ဒါ..ဒါဆို ဖားရုပ်ကလေးက ထူးခြားနေတယ်ဆိုတာတော့ သေချာနေပြီ.. ရေပန်းကိုပိတ်ကာ ဖားရုပ်ကလေးကို သူ့နေရာမှာသူပြန်ထားလိုက်သည်။ အဘိုးဖြူပြောသွားတယ်.. ကလေး၊ သဘင်သည်၊ အရူးစကား သတိထားဂရုစိုက်ရမယ်တဲ့... အင်းလေ.. ဘာပဲဖြစ်ဖြစ် မနက်ဖြန်ကျရင်တော့ သိလာမှာပါ... သဲရေ.. သဲလေးကို ကယ်ဖို့ ကိုကိုလာနေပြီနော်.. ဘာမှမကြောက်နဲ့ မစိုးရိမ်နဲ့နော်.. တစ်ယောက်တည်းတွေးရင်း ပြန်အိပ်လိုက်လေသည်။ မနက်စာကို ကျွန်တော်တို့ သူငယ်ချင်းတစ်စု မိတ္ထီလာမြို့ရဲ့ အလှအပများကို ခံစားရင်း အပြင်မှာပဲထွက်စားရန် ဆုံးဖြတ်လိုက်ကြပြီး လက်ဘက်ရည်ဆိုင် ကောင်းကောင်းတစ်ဆိုင်တွင် ထိုင်ပြီးစားသောက်လိုက်ကြသည်။ ထိုစဉ် ဆိုင်ရှေ့လမ်းမပေါ်တွင် ကလေးတစ်သိုက်နဲ့ အရူးကြီးတစ်ယောက်ကိုတွေ့လိုက်ရလေသည်။ ထိုစဉ် ရုတ်တရက်ဆိုသလို ထိုအရူးကြီးက ဆိုင်ထဲဝင်လာပြီး ကျွန်တော်တို့စားပွဲတွင် ချထားသောမုန့်များကို အားရပါးရ လာနှိုက်စားတော့သည်။ ဆိုင်မှစားပွဲထိုးများက အရူးကြီးကိုမောင်းထုတ်ဟန်ပြင်လိုက်စဉ် ကျွန်တော်တားလိုက်သည်။ " နေပါစေဗျာ.. စားပါစေ.. သူလည်းဗိုက်ဆာနေလို့ဖြစ်မှာပေါ့.. သူစားသမျှ ကျွန်တော်အကုန်ရှင်းပါ့မယ်.. " စားပွဲထိုးများထွက်သွားသည်နှင့် အရူးကြီးက ကျွန်တော်မျက်နှာကို စေ့စေ့ကြည့်ပြီး " မင်းက စိတ်ကောင်းရှိတယ်.. လူရှင်တွေ မရှိတဲ့ အရပ်ကိုသွားချင်ရင် မင်း အောင်ပန်းသွား..ယူရမယ်.. ကဲ.. ဒါပဲဟေ့.. " ကိုအောင်ထွန်းဦးက... " ဘယ်လို အောင်ပန်းသွားယူရမှာလဲ.. ဒီအရူးလျှောက်ပြောနေတယ်.. ငါတို့က ဘာလို့ လူရှင်တွေ မရှိတဲ့အရပ်ကိုသွားရမှာလဲ... ဒီအရူးကို မောင်းထုတ်လိုက်စမ်းကွာ.. တောက်ခ်ခ်... " မောင်းထုတ်စရာပင် မလိုချေ။ ထိုအရူးကြီးမှ ကိုအောင်ထွန်းဦးကို စေ့စေ့ကြည့်ပြီး ခေါင်းတညိတ်ညိတ်ဖြင့် ဘာကိုသဘောကျသည်မသိ.. ဟားတိုက်ရယ်မောပြီးထွက်သွားသည်။ ဆိုင်အပြင်ဘက်ရောက်တော့မှ. " ရှင်ခြင်းနဲ့ သေခြင်းကြားမှာ အချိန်ဆိုတဲ့ကာလလေးပဲ ခြားတယ်ဟေ့... မသေခင်လေး စားထား သောက်ထား ပျော်ထားကြ... ဟားဟား.. " ကိုလွင်က.. " တောက်ခ်ခ်.. စောစောစီးစီး ကျက်သရေ မရှိတဲ့စကားလာပြောသွားသေးတယ်.. မင်းကလည်း ဘာတွေသဘောကောင်းလို့ အရူးကို ဆိုင်ထဲခေါ် ဧည့်ခံနေရတာလဲ.. " ဆိုပြီး အပြစ်တင်လေသည်။ ကျွန်တော်က ပြုံးပြီး " အကြောင်းရှိလို့ပေါ့ကွာ.. လောကကြီးမှာ လူတွေက တစ်ယောက်တစ်မျိုးစီ ရူးနေကြတာပဲ.. ဒါပေမယ့် အန္တရယ်ပေးတဲ့ အရူးနဲ့ အန္တရယ်မပေးတဲ့ အရူး ဆိုပြီး နှစ်မျိုးရှိတယ်ကွ.. စောစောက အရူးက လူတွေကို အန္တရယ်မပေးပါဘူးကွာ... ကိုယ်ကိုယ်တိုင် အရူးဖြစ်နေတယ်.. ဒါပေမယ့် သတိမထားမိဘူး.. နောက်ပြီးလူတွေကို ဒုက္ခလည်းပေးနိုင်တယ်.. အဲ့လို အရူးမျိုးမှ အန္တရယ် ရှိတာဟေ့.. ငါ ဘာကိုဆိုလိုလဲဆိုတာ သိတယ် မဟုတ်လား.. " ထိုအခါမှ.. ကျန်တဲ့လေးယောက်သား ခေါင်းတဆက်ဆက်ငြိမ့်ရင်း ပြုံးသွားကြလေတော့သည်။ " ကဲ.. ဒါနဲ့နေပါဦး.. ငါတို့ ဒီမိတ္ထီလာမှာပဲ ဆက်တည်းအုန်းမလား.. ဘယ်ဆက်သွားရအုန်းမှာလဲ.. " ကိုထက်က မေးလိုက်သည်။ " စောစောက အရူးကြီး ပြောသွားတဲ့အထဲမှာ လူရှင်တွေမရှိတဲ့ အရပ်ဆိုတာ ငါတို့သွားချင်နေတဲ့ သက်မဲ့ရွာပဲဖြစ်ရမယ်.. နောက်ပြီး အောင်ပန်းသွားယူရမယ်ဆိုတော့.... ဘာမှတွေးမနေနဲ့တော့.. ငါတို့ ရှမ်းပြည်အောင်ပန်းအထိတက်ကြမယ်.. ဘာပဲဖြစ်ဖြစ်ထူးခြားလာမယ်လို့ထင်တယ်.. " " မင်းကလည်းကွာ.. အရူးစကားပဲ အဟုတ်မှတ်လို့ ယုံနေသေးတယ်.. " ကိုလွင်က ၀င်ပြောသည်။ " အဘိုးဖြူပြောထားတဲ့ စကားထဲမှာ အရူး၊ကလေး၊ သဘင်သည် စကားကို ဂရုစိုက်ရမယ်လို့ မှာထားတယ်လေ.. အဲဒီတော့ စောစောက အရူးကြီးပြောတာ မဖြစ်နိုင်ဘူးလို့ ပြောလို့မရဘူး.. " " ကဲကွာ. ဟုတ်ပါပြီ.. ဒါဆိုရင် အောင်ပန်းသွားယူရမယ်ဆိုတော့ ငါတို့သွားတဲ့လမ်းမှာ သပြေပန်းယူသွားခိုင်းတာရော မဖြစ်နိုင်ဘူးလား.. " ကိုမိုးက ၀င်ပြောသည်။ " ကိုမိုးပြောတာလည်း မှန်သင့်သလောက်မှန်ပါတယ်.. ဒါပေမယ့် အချက် နှစ်ချက်ကြောင့် ကျွန်တော် အောင်ပန်း သွားဖို့ ဆုံးဖြတ်လိုက်တာ.. " " ဘယ်လိုအချက်နှစ်ချက်လဲ.. " ကိုအောင်ထွန်းဦးက ၀င်မေးသည်။ " တစ်အချက်.. ကျွန်တော် ဘာဖြစ်ချင်လဲ ဆိုတာမမေးသေးခင် အရူးကြီးက ကျွန်တော့်တစ်ယောက်တည်းကို စေ့စေ့ကြည့်ပြီး သက်မဲ့ရွာနေရာကိုပြောတယ်... တစ်ကယ်ဆို သူသိစရာကို အကြောင်းမရှိဘူး.. ဒါက တစ်အချက်.. နောက် .နှစ်အချက်က.. အရူးကြီးရဲ့ စကားထဲမှာ အောင်ပန်းသွား ယူရမယ် ဆိုပြီးတော့ပြောတာ..အောင်ပန်းယူသွားရမယ်လို့ ပြောတာ မဟုတ်တဲ့အပြင် သွား နဲ့ ယူ ကြားထဲမှာ အသံပြတ်သွားတယ်.. သေချာ သတိထားမိရင် သိလိမ့်မယ်.. အဲဒီ အချက်နှစ်ချက်ကြောင့် ကျွန်တော်သွားဖို့ ဆုံးဖြတ်လိုက်တာပဲ.." " အင်း.. မင်းအတွေးနဲ့ မင်းကတော့ ဟုတ်နေတာပဲ.. ကဲ ဒါဆိုလည်း သွားကြတာပေါ့ကွာ.. ဟိုရောက်တော့မှ ထူးခြားမှုကို စောင့်ကြည့်ရသေးတာပေါ့.. " ကိုလွင်ကပြောသည်။ " စောင့်ကြည့်လိုက်စမ်းပါဗျာ.. " သို့နှင့် ကျွန်တော်တို့အားလုံး ရှမ်းပြည်နယ် အောင်ပန်းမြို့သို့ ကားလေးကို ဦးတည်မောင်းနှင်ခဲ့လေသည်။
အပိုင်း(၃)
    လမ်းတွင် ကိုလွင်နှင့် ကိုအောင်ထွန်းဦးက ကားကိုတစ်ယောက်တစ်လှည့်မောင်းရင်း ကိုမိုးကတော့ လမ်းတွင်ကြုံတွေ့ရသော အတွေ့အကြုံများကို အသံသွင်း မှတ်တမ်းတင်နေလေသည်။ ကိုထက်ကတော့ ဗျူးကောင်းသော နေရာများတွင် ကားကို ခဏရပ်ခိုင်းပြီး ဓါတ်ပုံရိုက်လိုက်.. လမ်းမှာတွေ့သမျှ သဘာဝအလှအပများကို မှတ်တမ်းတင်နေသောကြောင့် ကျွန်တော်တစ်ယောက်တည်း ပျင်းလာသည်နှင့် ကိုမိုးရေးသားထားသော ဇာတ်လမ်းစာအုပ်များကို တစ်လမ်းလုံး ဖတ်ရှုလာခဲ့လေသည်။ မကြာမှီမှာပင် သာစည်မြို့သို့ရောက်ရှိခဲ့ကြလေသည်။ ကားဆီထည့်လိုက်ပြီး ထမင်းဆိုင်တစ်ဆိုင်တွေ့သဖြင့် ထမင်းဝင်စားလိုက်ကြသည်။ ထိုစဉ် ထမင်းဆိုင် ပိုင်ရှင်၏ ကလေးနှစ်ယောက်အနက် တစ်ယောက်က စူးစူးဝါးဝါးထငိုလေတော့သည်။ " ဟဲ့ ငအောင်.. အငယ်ကောင်လေး ဘာဖြစ်လို့အဲ့လောက်ငိုနေရတာလဲ.. ဒီမှာ ဆိုင်လူတွေကျနေတာ မသိဘူးလား.. တိတ်အောင်ထိန်းစမ်း.. " ဆိုင်ရှင် အဒေါ်ကြီးက လှမ်းအော်လိုက်ရာ အကြီးကောင်လေးက ကျွန်တော်တို့ကို ကြောက်ကြောက်လန့်လန့်ကြည့်ပြီး " ဟိုဦးကြီးတို့နဲ့ တူတူပါလာတဲ့ ဦးလေးကြီး သုံးယောက်က သူတို့ကိုတော့ ခေါ်မကျွေးဘူးဆိုပြီး ဒေါသထွက်နေကြတာ.. ပြီးတော့ သားနဲ့ ညီလေး သူတို့အနားကဖြတ်သွားမိတော့ အဲဒီသုံးယောက်တည်းက တစ်ယောက်က ညီလေးကို တွန်းပစ်လိုက်တာ.. ညီလေးလဲကျသွားပြီး ငိုနေတာပါ.. " " ဟင်.. " ဆိုင်ရှင် အဒေါ်ကြီးလည်း ဒေါသထွက်သွားပြီး ကျွန်တော်တို့ဝိုင်းကိုလာကာ.. " ဒီမယ်.. ဒီမယ်.. ရှင်တို့ခေါ်လာတဲ့ လူတွေထဲက တစ်ယောက်က ကျွန်မသားလေးကို တွန်းလိုက်လို့တဲ့.. ငိုနေပြီ... ဘယ်မှာလဲ.. အဲဒီလူတွေ.. ရှင်တို့လူကို ရှင်တို့ခေါ်လိုက်စမ်းပါ.. အဲဒီလူကို ကျွန်မတွေ့ချင်တယ်.. " ဆိုပြီး လာရန်တွေ့လေတော့သည်။ ကျွန်တော်တို့လည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး.. " ဟာ. .အစ်မကြီးကလည်း ကျွန်တော်တို့လာတာ ဒီငါးယောက်ပဲလေ.. တခြားလူတွေမပါပါဘူး.. " " ရှင်တို့ မလိမ်ကြနဲ့နော်.. ကျွန်မသား အကြီးကောင်က သေချာပြောလိုက်တာ ရှင်တို့ကားနဲ့ ပါလာတာ တဲ့.. " " ဟာ.. အစ်မကြီးရယ်.. ကျွန်တော်တို့ အမှန်အတိုင်းပြောနေတာ မယုံရင် ကျွန်တော်တို့ကားဆီကို အစ်မကြီးကိုယ်တိုင်လိုက်ခဲ့.. " " အေး လိုက်မယ်.. " ဆိုင်ရှင် အစ်မကြီးကလည်း သူ့သားကိုထိသဖြင့် အရမ်းဒေါသထွက်နေဟန်ရှိသည်။ ကားဆီသို့ရောက်သောအခါ စိတ်ကြိုက်ရှာဖွေခိုင်းလိုက်သည်။ " တွေ့လား အစ်မကြီး.. အစ်မကြီးကို ကျွန်တော်တို့ လိမ်စရာ ဘာတစ်ခုမှ မရှိဘူး.. လာတုန်းကလည်း ကျွန်တော်တို့ ငါးယောက်ပဲ.. တခြား ဘယ်သူမှမခေါ်ဘူး.. " " ကျွန်မသားကြီးကလည်း တစ်ခါမှ အမေကို မလိမ်ခဲ့ဖူးပါဘူး.. ကဲပါရှင် ... ကျွန်မ လိမ်ပြောတဲ့ သားကြီးကို ဆုံးမလိုက်ပါ့မယ်.. ကျွန်မလွန်သွားတာ ရှိရင်တောင်းပန်ပါတယ်နော်.. " " အော်. .ရပါတယ်ဗျာ.. ကျွန်တော်တို့လည်း စားလို့သောက်လို့ ပြီးပြီဆိုတော့ ပိုက်ဆံရှင်းရုံပဲ ကျန်တော့တာပါ.. " ပိုက်ဆံအိတ်ထုတ်ပြီး ရှင်းမည်ကြံသေး ဆိုင်ရှင် အဒေါ်ကြီးက သူ့သားအကြီးကောင်အနားသို့ ရိုက်နှက်ဆုံးမရန် တိုးကပ်သွားလေသည်။ " နင်ပြောတော့ အဲဒီဦးလေးကြီးတွေနဲ့ အတူတူပါလာတယ်ဆို.. ဘယ်မှာလဲ အဲဒီလူတွေ.. နင် ငါ့ကို လိမ်နေတာမဟုတ်လား.. " " သားမလိမ်ပါဘူး.. ဟိုမှာ ကြည့်ပါလား.. ဆိုင်ပေါက်ဝမှာ လူကြီးသုံးယောက် ရပ်စောင့်နေကြတာ.. " ကျွန်တော်တို့အားလုံးဆိုင်ပေါက်ဝသို့ လှည့်ကြည့်သော်လည်း ဘယ်သူ့ကိုမှ မတွေ့... " ဘယ်မှာလဲ ဟဲ့.. ငါ လည်း မမြင်ပါလား.. နင်ထပ်လိမ်ပြန်ပြီလား.. " အကြီးကောင်လေးကို ဗိုက်ခေါက်လိမ်ဆွဲမယ် ဟန်ပြင်လိုက်စဉ် " ကဲပါ အစ်မကြီးရယ်.. ကလေးကိုလည်း ရိုက်မနေပါနဲ့တော့.. ညီလေး.. မင်းကလည်း နောက်တစ်ခါ အမေကို မလိမ်ရဘူးနော်.. " " သား မလိမ်ပါဘူးဗျာ.. ဦးလေးကြီးတို့ကို ရပ်စောင့်နေတယ်ထင်တယ်.. စိတ်ဆိုးနေကြတယ်.. " " ဟားဟား.. ငါ့ညီကတော့ မင်းသားလုပ်ဖို့ကောင်းတယ်.. အိုက်တင်ကတော့ အပြည့်ပဲ.. ကဲ.. အစ်မကြီး ဒီမှာ ကျသင့်ငွေ.. ကျွန်တော်တို့သွားလိုက်အုန်းမယ်နော်.. " ကလေးခေါင်းကို ချစ်စနိုးနဲ့ ပွတ်ပြီး ဆိုင်ထဲကအထွက် ဆိုင်ပေါက်ဝသို့ ထမင်းစားသောက်ရန် လူတစ်ယောက် ရောက်လာလေသည်။ ထိုအချိန်မှာပင် ကျွန်တော်တို့လည်း ထိုလူ့ကိုကျော်ပြီး သွားသည့်အခါ.. ထိုလူမှ.. ရုတ်တရက် ကျွန်တော်တို့ဘက် လှည့်လာပြီး.. " ဟေ့ကောင်တွေ.. မင်းတို့ ငါတို့ကို ဘာလို့ အစာမကျွေးတာလဲကွ... ငါတို့ မကျေနပ်ဘူးးးးးးး မင်းတို့ကို ငါတို့ မကျေနပ်ဘူးးးးးးးးးးးးးးကွ............. " ကြောက်စရာမျက်နှာကြီးဖြင့် ပြေးလာလေတော့သည်။ ကျွန်တော်တို့ကလည်း အခြေအနေမကောင်းဘူးဆိုတာ ရိပ်မိသည်နှင့် တချိုးတည်းကားဆီပြေးပြီး စက်နိုးကာ မောင်းထွက်လာခဲ့ကြတော့သည်။ နောက်ကြည့်မှန်သို့ ကြည့်လိုက်မိစဉ်တွင် ထိုလူမှာ ကားနောက် တော်တော်ဝေးဝေးထိ ပြေးလိုက်လာပြီး လမ်းမကြီးပေါ်တွင်ပင် လဲကျသွားသည်ကိုတွေ့လိုက်ရလေတော့သည်။ ထိုအခါမှ ကျွန်တော်တို့အားလုံး သက်ပြင်းချနိုင်ကြတော့သည်။ ကားမောင်းရင်းမှ ကိုလွင်က " ကိုအောင်.. ဒီအဖြစ်အပျက်အပေါ်မှာ ကိုအောင် ဘယ်လိုမြင်လဲ.. " " ငါ့အမြင်ပြောရရင် စောစောကလူမှာ စိတ်ရောဂါတွေ ဘာတွေများရှိနေလား မသိဘူး.. ကဲ စာရေးဆရာကြီး ကိုမိုးကရော ဘယ်လိုမြင်လဲ.. " " ကျွန်တော့် စိတ်ထင်ပြောရရင် ဒီအဖြစ်အပျက်ဟာ ပရလောကနဲ့ သက်ဆိုင်နေလိမ့်မယ်လို့ထင်တယ်.. ကိုထက်ကရော.. " ကိုထက်က ဘာမှ မှတ်ချက်မပေးလိုသည့်သဘောဖြင့် ပုခုံးတွန့်ပြလိုက်သည်။ ထိုအခါ ငြိမ်ပြီးတွေးနေသော ကျွန်တော့်ဘက် မြှားဦးလှည့်လာလေသည်။ " ကဲ.. ကိုမင်း.. ကိုမင်းကရော ဒီအဖြစ်အပျက်ကို ဘယ်လိုထင်လဲ.. " " ကျွန်တော်ကတော့ ကိုမိုးပြောတာကို လက်ခံတယ်.. ကလေးလေး ပြောတာကို ယုံတယ်... ဆိုင်ထဲမှာ ဘုရားစင်ရှိတဲ့အတွက် ဒီပရလောကသားသုံးယောက် ၀င်မလာနိုင်တာပဲဖြစ်မယ်.. နောက်ပြီး စောစောက ကျွန်တော်တို့မတွေးမိလိုက်တာက.. အဘိုးဖြူပြောသွားတဲ့အချက်ထဲမှာ ကလေးစကား ဆိုတာလည်း ပါတယ်လေ.. ဒီပုံစံအတိုင်းဆို ကျွန်တော်တို့ ရှေ့ဆက်ရမယ့် ခရီးတွေမှာ ပရလောကရဲ့ နှောင့်ယှက်ခြင်းကို ခံရတော့မယ် ထင်တယ်.. ဒါကြောင့် ခုချိန်ကစပြီး အားလုံးသတိထားကြပါ.. မမြင်အပ်တဲ့အရာတွေကို မေတ္တာပို့အမျှဝေပေးကြပါ.. နောက်ပြီး ငါးပါးသီလ လုံပါစေ.. " ကျွန်တော့်စကားကို အားလုံးကလက်ခံသည့်အလား အတွေးကိုယ်စီဖြင့် တိတ်ဆိတ်သွားကြသည်။ သာစည်မြို့ကျော်လာသည်နှင့် တစ်လမ်းလုံး တစ်မျှော်တစ်ခေါ် လယ်ကွင်းပြင်များကိုသာ တွေ့ခဲ့ရလေသည်။ မှေးကနဲ တစ်ချက်အိမ်ပျော်သလို ဖြစ်သွားစဉ် အိမ်မက်ထဲသို့ နီလာဒေ၀ီ မင်းသမီးလေးရောက်လာလေသည်။ " ရှင်တို့မှာ မမြင်ရတဲ့ ပရလောကရဲ့ အနှောင့်အယှက်တွေ ရှိနေပြီ.. စောစောကတောင် ကားထဲ အတင်းဝင်လိုက်လာလို့ ကျွန်မအစွမ်းနဲ့ ဖယ်ရှားပစ်ခဲ့ရသေးတယ်.. ဒါပေမယ့် ခုချိန်ကစပြီး ဘာပဲဖြစ်ဖြစ် ရှင်တို့ ဂရုစိုက်ပါ.. ရှင်တို့သွားမယ့် ခရီးလမ်းဆိုတာ ပရလောကရဲ့ခေါင်ချုပ်လို့တောင် ခေါ်ရမယ့် နေရာကိုပဲ.. အဲဒီတော့ သူတို့ကလည်း တစ်နည်းနည်းနဲ့ ကြိုသိနေမှာပဲ.. လမ်းမှာလည်း အနှောင့်အယှက်တွေ ပေးအုန်းမှာပဲ.. ပရလောကသားအင်အားနည်းရင် ကျွန်မ ဂရုမစိုက်ပေမယ့် အင်အားများလာရင် အစွမ်းထက်တဲ့ ပရလောကသားတွေပါလာခဲ့ရင် ကျွန်မလည်း တတ်နိုင်မှာ မဟုတ်ဘူး.. ဘာပဲဖြစ်ဖြစ် အစစအရာရာ သတိ ၀ီရိယရှိဖို့ အားလုံးကို ကြိုပြောထားလိုက်ပါ.. ရှေ့လျှောက် ဒီထက်ဆိုးလာနိုင်လိမ့်မယ်ဆိုတာ ကျွန်မ ကြိုသိနေတယ်... ကျွန်မသွားတော့မယ်.. " ပြောပြီးသည်နှင့် နီလာဒေ၀ီ ပျောက်ကွယ်သွားတော့သည်။ လန့်နိုးလာသောအချိန်တွင် ဘေးဘီဝဲယာကို ကြည့်လိုက်ရာ တောင်စဉ်တောင်တန်းများကို တွေ့လိုက်ရလေသည်။ " ကိုမင်း အိပ်ပျော်သွားတယ် ထင်တယ်.. " ရေသန့်ဗူးတစ်ဗူးကို ကမ်းပေးလိုက်ရင်း ကိုထက်က ပြောလိုက်သည်။ " ဟုတ်တယ်ဗျာ.. ကျွန်တော်လည်း လယ်ကွင်းတွေ ကြည့်ရင်း ပျင်းလာတာနဲ့ အိပ်ပျော်သွားတာ.. အခု ဘယ်ရောက်ပြီလဲ ကိုထက်.. " " ကျွန်တော်တို့ ရှမ်းရိုးမပေါ် တက်နေပြီလေ.. " " ဟုတ်လား.. ဒါနဲ့ ကိုထက်ရော ပုံတွေတော်တော်ရပြီလား.. " " ရပါတယ်ဗျာ.. ဒါပေမယ့် လှိုင်းတက်က ရှေးဟောင်းထောင်ပြုမြို့ဖြစ်ခဲ့တာဗျ.. အဲဒီမှာတောင် ကျွန်တော်က ကားရပ်ပြီး ဓါတ်ပုံရိုက်ချင်သေးတာ.. အဲဒီမြို့မှာ ဟိုးပုဂံခေတ်ကတည်းက တည်ထားကိုးကွယ်ခဲ့တဲ့ မင်းရဲရွှေဂူ ရွှေဘုန်းတော်ပွင့် စေတီတော်ကြီး ရှိတယ်ဗျ..ကျွန်တော်က ကြားသာကြားဖူးတာ. မရောက်ဖူးသေးဘူး.. " " အော်.. ကျွန်တော် အိပ်သွားတာ နာတာပဲဗျာ.. ဒါပေမယ့် စိတ်ချပါ.. သဲသဲရဲ့ ကိစ္စပြီးတာနဲ့ အပြန် ဒီလမ်းကပဲပြန်ပြီး ဘုရားဖူးကြတာပေါ့.. " " Good Idea.. " ကိုထက်ကတော့ အပြန်မှာ ဘုရားလည်းဖူးရင်း သူ ဓါတ်ပုံရိုက်ချင်နေသော မြင်ကွင်းတွေကို ရိုက်ရတော့မည်ကိုတွေးရင်း ပျော်သွားပုံရသည်။ " ကိုလွင်ရေ.. ဒီည ကျွန်တော်တို့ ဘယ်မှာ အိပ်ဖို့ စဉ်းစားထားလဲ.. " " ကျွန်တော်တို့ ဒီည ယင်းမာပင်အထိသွားမယ် ကိုမင်း.. အဲဒီမှာပဲ ညအိပ်လိုက်မယ်.. " " ကောင်းပါတယ်ဗျာ.. ဒါနဲ့ တောင်ပေါ်တက်လာလို့လား မသိဘူး.. နဲနဲအေးလာတယ်နော်.. " " ဟုတ်တယ်ဗျ.. ကျွန်တော်တောင် စောစောကလေးတင် အနွေးထည် ၀တ်လိုက်ရတယ်.. မြေပြန်နဲ့မတူတော့ဘူးလေ.. အအေးပိုလာပြီ.. ရှမ်းပြည်ရောက်ရင် ဒီထက်ပိုအေးအုန်းမယ်ထင်တယ်.. " " ဖြစ်နိုင်တယ်ဗျ.. ရေတောင်ချိုးနိုင်ပါ့မလား မသိပါဘူးဗျာ.. ဟားဟား.." " တောက်ခ်ခ်.. ဒီလို ရာသီဥတုလေးနဲ့များ ၀ီစကီလေးက သိပ်လိုက်တာ.. ပြောရင်းတောင် သောက်ချင်လာပြီ.. " ကိုအောင်ထွန်းဦးက အရက်ကို တောင့်တဟန်ဖြင့် ပြောသည်။ " ကိုအောင်ထွန်းဦးနော်... ဒီခရီးလမ်းမှာ အရက်မသောက်ဘူးလို့ ကတိပေးထားတယ် မဟုတ်လား... " " အေးပါကွာ.. မင်းကလည်း .. စိတ်ထဲမှာ ရှိတာ ပြောတာပါကွ.. တကယ်မသောက်ပါဘူး.. တောက်ခ်.. အိမ်က မိန်းမက အရက်ဖြတ်ခိုင်းတာတောင် ဘယ်တုန်းကမှ ပြောမရတဲ့ကောင်.. ခုတော့ တကယ်ပြတ်တော့မယ် ထင်ပါရဲ့ကွာ..." ကိုအောင်ထွန်းဦး၏ အမူအယာနှင့် စကားပြောဟန်ကြောင့် ကျွန်တော်တို့ရဲ့ ရယ်သံများ ကားအပြင်ဘက်ထိ လွင့်ပါးသွားလေသည်။ ယင်းမာပင်မြို့လေးမှာ ရှမ်းပြည်နယ်မှလာသော ကုန်တင်ကားကြီးများ မြေပြန့်ဒေသမှလာသော ကုန်တင်ကားကြီးများ ခရီးသွားယာဉ်များ ခရီးတစ်ထောက်ခိုနားရာ နေရာလေးဖြစ်သောကြောင့် စည်ကားလှသည်။ ထမင်းဆိုင်များမှာလည်း မြန်မာအစားအစာ ရှမ်းအစားအစာ စုံလင်ပေသည်။ အရင်ဆုံး ထမင်းဟင်းများ စားသောက်လိုက်ကြပြီး တည်းခိုမည့် တည်းခိုခန်းကို လိုက်ရှာလိုက်သည်။ သို့သော် သိပ်ကြာကြာမရှာလိုက်ရဘဲ ဆိတ်ငြိမ်အေးချမ်းသော တည်းခိုခန်းတစ်ခုကို တွေ့လိုက်ရလေသည်။ မြေညီထပ်တွင်ပင် နှစ်ခန်းငှားလိုက်ပြီး ကျွန်တော်၊ ကိုမိုး၊ ကိုထက်တို့က တစ်ခန်းယူလိုက်ကာ ကိုလွင်နဲ့ ကိုအောင်ထွန်းဥိးကို သက်သက်တစ်ခန်းပေးနေစေသည်။ ခရီးပန်းလာသဖြင့် အေးအေးဆေးဆေးအနားယူနေစဉ် ကိုလွင်တစ်ယောက် အလန့်တကြားပြေးလာပြီး တံခါးကို တဒုန်းဒုန်း ထုနေလေသည်။ ကျွန်တော်ထဖွင့်ပေးလိုက်ရာ.. တစ်ကိုယ်လုံးမှာလည်း ချွေးတွေနှင့် ဒရောသောပါး ပြေးဝင်လာသည်။ တံခါးကိုလည်း လော့ခ်ျချထားလိုက်သေးသည်။ " ကိုလွင် ဘာဖြစ်တာလဲဗျ.. အလန့်တကြားနဲ့.. " " ဟိုမှာ ဟိုမှာ ကို.. ကို...အောင်..." " အင်းလေ.. ကိုအောင် ဘာဖြစ်လို့လဲ.. " " ငါ.. ငါ.. ခရီးပန်းလာတာနဲ့ မှေးခနဲ အိပ်ပျော်သွားတယ်.. ကိုအောင်ကတော့ အပြင်ခဏထွက်သွားတယ်.. အဲဒါနဲ့ ငါလည်း အခန်းတံခါးကို လော့ခ်ျ ချမထားဘဲ အိပ်လိုက်တယ်.. အဲဒီမှာ လည်ပင်းအစ်ပြီး အသက်ရှုကျပ်လာလို့ လန့်နှိုးလာတော့ ကိုအောင်က ကြောက်စရာကောင်းတဲ့ မျက်လုံးတွေနဲ့ ကြည့်ပြီး ငါ့အပေါ်ကနေ တက်ခွ လည်ပင်းကို အသေညစ်သတ်နေတာကွ.. အဲဒါနဲ့ ငါလည်း အတင်းထိုးကြိတ် ရုန်းကန်လိုက်တယ်.. သူလည်း ငါ့ကိုယ်ပေါ်ကကွာသွားရော... မူမမှန်တဲ့ မျက်လုံးတွေနဲ့ ကြည့်ပြီး မင်းကို သတ်မယ်.. မင်းတို့အားလုံးကို သတ်မယ်ဆိုပြီး ငါ ခရီးသွားတိုင်း ယူယူသွားတတ်တဲ့ ငါ့ဓါးမြှောင်ကို ကိုင်လိုက်တာနဲ့.. ငါလည်း ဒီဘက်ကို အမြန်ပြေးလာတာ.. မင်းတို့ တံခါးဖွင့်တာ မြန်ပေလို့.. နို့မဟုတ်ရင် ငါ့ကို သူ သတ်တော့မှာ.. " ထိုအချိန်မှာပဲ.. အပြင်ဘက်က တံခါးကို တဒုန်းဒုန်းထုသံ ကြားလိုက်ရလေသည်။ ကျွန်တော်က.. " ဟိတ်.. အပြင်က ဘယ်သူလဲ.. " " ငါပါကွ.. အောင်ထွန်းဦးပါ.. စောစောက ကိုလွင်များ ဒီအခန်းထဲကို ၀င်သွားလားလို့ ဘာဖြစ်တာလဲ မေးဖို့ ငါလိုက်လာတာပါကွာ.. " ဟု လေသံအေးအေးလေးနဲ့ ပြောနေလေသည်။ ကိုလွင်က အသံအုပ်အုပ်ဖြင့်.. " သူ့ကို မယုံနဲ့.. သူ ၀င်လာရင် ငါတို့ အားလုံးကို သူသတ်တော့မှာ.. တံခါးဖွင့်မပေးနဲ့.. " ဟု ပြောလေသည်။ ထိုအခါ အပြင်မှ ကိုအောင်ထွန်းဦးကလည်း " တံခါးမြန်မြန်ဖွင့်ကြစမ်းပါကွာ.. မင်းတို့ အထဲမှာ ဘာလုပ်နေကြတာလဲ.. " ဟု စိတ်မရှည်သည့်အသံဖြင့် လှမ်းမေးလေသည်။ ကျွန်တော်က ကိုလွင့်ဘက်ကို လှည့်ပြီး " ကဲ ကိုလွင်ရေ.. သူ့အသံနားထောင်ရတာ.. အေးအေးဆေးဆေးဖြစ်သွားလောက်ပါပြီ.. ကဲဗျာ တစ်ခုခုဖြစ်ရင်လည်း ကျွန်တော်တို့က သုံးယောက် သူကတစ်ယောက်တည်း မနိုင်ဘူးလား.. ဟုတ်တယ်မလား.. ဘာပဲဖြစ်ဖြစ် သူငယ်ချင်းအချင်းချင်း ပြသနာကို သေချာသိရအောင် ဖွင့်ပေးလိုက်မယ်ဗျာ.. " ဟု ပြောရင်း ရန်ပြုဟန်ပြင်လာပါက ခုခံကာကွယ်နိုင်ရန် အသင့်ပြင်ထားပြီး တံခါးကို ဖြေးညင်းစွာ ဖွင့်လိုက်လေသည်။ သို့သော် တံခါးကို ၀ုန်းဆို တွန်းဝင်လာပြီး လက်ထဲမှ ဓါးဖြင့် တံခါးရှေ့တည့်တည့်တွင် ရပ်နေသော ကျွန်တော့်ဆီကို ပြေးလာလေသည်။ ကျွန်တော်က တိုးဝင်လာလျှင် ကာကွယ်နိုင်ရန် လက်တစ်ဖက်ကိုရှေ့ထုတ်ပြီး အသင့်ပြင်ထားလိုက်သည်။ သို့သော် ကျွန်တော်နားသို့ မရောက်ခင် အားးးးးးးးးးးးး ဟူသော အသံနက်ကြီးဖြင့် အော်ဟစ်ကာ လဲကျသွားလေသည်။ ပြီးတော့ တစ်ကိုယ်လုံး အကြောဆွဲသလိုဖြစ်ကာ ဆန့်ငင် ဆန့်ငင် ဖြစ်နေလေသောကြောင့် ပြေးပြီး ပွေ့ထူပေးလိုက်သည်။ ကိုထက်ကလည်း အနားတွင် ကျနေသော ဓါးကို ကောက်ယူသိမ်းဆည်းလိုက်သည်။ ကျွန်တော်ပွေ့ဖက်ထားသော်လည်း မျက်လုံးကြီးက ကျွန်တော့်ကို မကျေနပ်သည့်ပုံစံဖြင့် စိုက်ကြည့်နေပြီး တ၀ူးဝူး တ၀ါးဝါး အော်နေလေသည်။ " ကဲ.. ဒီအတိုင်းဆိုရင်တော့ မဖြစ်ဘူး.. ဒီအနားတစ်ဝိုက်က ဆရာဝန်ခေါ်ကွာ.. " ကျွန်တော့်စကားပင် မဆုံးလိုက်.. တည်းခိုခန်း မန်နေဂျာနှင့် အလုပ်သမား နှစ်ယောက် ရောက်လာကြပြီး " ခင်ဗျားတို့ဗျာ.. ဒီလောက် ညနက်နေပြီး တခြားအခန်းတွေလည်း အားနာကြပါဦး.. " " မဟုတ်ပါဘူးဗျာ.. ကျွန်တော့်သူငယ်ချင်းတစ်ယောက် ဘာဖြစ်တာလဲ မသိဘူး.. ဒီအနီးတ၀ိုက်မှာ ဆရာဝန်လေး ဘာလေး မရှိဘူးလား.. " " ဒီအနားမှာ ဘာဆရာဝန်မှ မရှိဘူး.. မြို့ထဲဘက်မှာတော့ ဆရာဝန်တစ်ယောက်ရှိတယ်.. ဒါပေမယ့် သူလည်း ဒီအချိန်လောက်ဆို သွားခေါ်လည်း လိုက်မှာ မဟုတ်တော့ဘူး.. " " ဟာဗျာ.. ဒါဆို ကျွန်တော် သူငယ်ချင်း အသက်အန္တရယ်တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ.. ခဏနေအုန်း.. ဒီဖြစ်ရပ်က သာမာန်မဟုတ်လောက်ဘူး.. ကဲ.ကိုထက်ရေ.. ရေတစ်ခွက်ပေးဗျာ.. " ကိုထက်က ရေတစ်ခွက်ယူပေးသည်နှင့် အဘိုးဖြူပေးထားသော သံသေ လက်စွပ်ကို ချွတ်ယူပြီး ရေထဲစိမ်ထားလိုက်သည်။ ထို့နောက် သံဗုဒ္ဓေ ကိုးခေါက် ဂုဏ်တော်ကိုးပါး ကိုးခေါက် ရွတ်ဆိုလိုက်ပြီး ကိုအောင့်၏ မျက်နှာသို့ ပက်ဖြန်းပေးလိုက်ရာ ထိုခဏတွင် ဟင်းးးး ဆိုသော သက်ပြင်းချသံကြီးနှင့်အတူ ကိုအောင်တစ်ယောက် မျက်လုံးမှိတ်ကာပျော့ခွေသွားလေသည်။ ကျွန်တော်လည်း လန့်ပြီး နှလုံးခုန်နှုန်းစမ်းသပ်ကြည့်ရာ အသက်ရှုနေသေးသည်ကို သိရသဖြင့် စိတ်အေးသွားရသည်။ " ကိုအောင်.. ကိုအောင် သတိရလာပြီလား.. " အတင်း လှုတ်နှိုးလိုက်ရာ တအင်းအင်း ညည်းသံနဲ့အတူ ကိုအောင် ထထိုင်လာသည်။ ပြီးမှ ကျွန်တော်တို့အားလုံးကို အံ့သြသော အမူအယာဖြင့် " ခင်ဗျားတို့အားလုံး ကျွန်တော့်ဘေးနားမှာ ဘယ်လိုဖြစ်လို့ ရောက်လာကြတာလဲ... ဟင်.. နောက်ပြီး ကျွန်တော်ကရော ခင်ဗျားတို့အခန်းထဲ ဘယ်လိုရောက်လာတာလဲ.. " " ကဲပါဗျာ.. အဖြစ်အပျက်တွေကို ကျွန်တော်နောက်မှအေးဆေး ရှင်းပြတော့မယ်.. ဒီက မန်နေဂျာကြီးတို့ကိုလည်း တောင်းပန်ပါတယ်.. နောက် မဆူတော့ပါဘူးနော်.. " " ရပါတယ်ဗျာ.. ကျွန်တော်တို့ကလည်း တခြားဧည့်သည်တွေကို အားနာလို့ လာပြောရတာပါ.. အခုလိုနေမကောင်းတဲ့သူရှိနေတာလည်း မသိပါဘူး.. ကျွန်တော်တို့ကို ခွင်ပြုပါအုန်း.. " မန်နေဂျာကြီးတို့ ပြန်ထွက်သွားကြသည်။ " ကဲ အဖြစ်အပျက်တွေကိုတော့ မနက်ကျမှပဲ မေးတော့မယ်.. အခုညကတော့ ကျွန်တော်တို့နဲ့ပဲ ဖြစ်သလို အိပ်လိုက်ကြတော့နော်.. " ဖျောင်းဖြပြောဆိုပြီး ဘာမှမတွေးတော့ဘဲ အိပ်စက်လိုက်တော့သည်။
အပိုင်း(၄)
    အိမ်မက်ထဲသို့ နီလာဒေ၀ီ ရောက်ရှိလာခဲ့ပြန်ချေပြီ.. " ခုချိန်ကစပြီး ရှင်တို့အားလုံး အပြင်သွားစရာရှိရင်လည်း အားလုံးစုသွားပါ.. တစ်ယောက်ချင်းစီမသွားပါနဲ့.. ရှင့်မှာ အဘိုးဖြူပေးထားတဲ့ သံသေလက်စွပ်ရှိပေမယ့် တခြားသူတွေမှာ ဘာအကာအကွယ်မှ မရှိဘူး.. ဒါကြောင့် ဘယ်သွားသွား ရှင်ပါမှဖြစ်မယ်.. အခု ရှင်တို့ မာယာကြွယ်တဲ့ ပရလောကသားတွေနဲ့ ရင်ဆိုင်နေရပြီ.. ညက ပရလောကသားက အစွမ်းရှိတယ်.. ကျွန်မတစ်ယောက်တည်းဆို မနိုင်ဘူး.. ရှင့်လက်က သံသေလက်စွပ်နဲ့ ကျွန်မအစွမ်းနဲ့ပေါင်းမိသွားလို့သာ သူအထိနာပြီး ထွက်သွားရတာ.. အဲဒါကြောင့် ရှင်တို့အားလုံး အထူးဂရုစိုက် သတိရှိပါ... အဘိုးဖြူပေးတဲ့ သံသေလက်စွပ်ကလည်း ညဏ်ရှိသလို သုံးနိုင်ပါတယ်.. အဲဒါကြောင့် မပျောက်ပျက်အောင် ထိန်းသိမ်းထားပါ..." ပြောပြီးသည်နှင့် နီလာဒေ၀ီ ပျောက်ကွယ်သွားလေသည်။ မနက်ကျတော့ ခရီးဆက်မသွားခင် မနက်စာစားရင်း ညက အဖြစ်အပျက်များကို ကိုအောင်ထွန်းဦးအား ၀ိုင်းမေးကြသည်။ " ဒီလိုဗျ.. ညက ကျွန်တော် အပြင်မှာ ကွမ်းယာသွားဝယ်တာ... သိပ်မဝေးဘူးဆိုတော့ တစ်နေ့လုံးလည်း အညောင်းမိလာတာနဲ့ လမ်းလျှောက်ပြီးတော့ပဲ သွားလိုက်တယ်.. ကျွန်တော် ကွမ်းယာသွားဝယ်ပြီး လက်ဘက်ရည်ဆိုင် ကြည့်လိုက်တော့ ကျွန်တော်ကြိုက်တဲ့ မန်ယူအသင်းဘောလုံးပွဲလာနေတာနဲ့ ကျွန်တော်လည်း လက်ဘက်ရည်သောက်ရင်း ၀င်ကြည့်လိုက်တာ တော်တော်လေး မိုးချုပ်သွားတယ်.. အပြန် လမ်းမှာ လူတောင် သိပ်မရှိတော့ဘူး.. ကျွန်တော်ကလည်း ဘာမှမကြောက်တတ်တဲ့ကောင်ဆိုတော့ ဒီအတိုင်းပဲ ခပ်တည်တည်နဲ့ ကွမ်းလေး ၀ါးရင်း အေးအေးဆေးဆေး လမ်းလျှောက်ပြန်လာလိုက်တယ်.. အဲဒီမှာ တစ်နေရာလည်း ရောက်ရော အနောက်ကနေ လိုက်လာတဲ့ ခြေသံကြားရတော့တာပဲ.. ကျွန်တော်က ရန်ပြုမယ်သူတွေ ဘာတွေများလားဆိုပြီး လှည့်ကြည့်လိုက်တော့ ခြေသံလည်း ရပ်သွားပြီး အနောက်မှာလည်း ဘာမှ မတွေ့ရဘူး.. ကျွန်တော်ဆက်လျှောက်လာတော့ ခြေသံကလည်း ဆက်လိုက်လာတာပဲ... ကျွန်တော် နှစ်ခါသုံးခါလောက် နောက်ပြန်လှည့်လှည့်ကြည့်သေးတယ်.. ဒါပေမယ့် ဘာမှပါမလာတာတွေ့တော့ ငါ့ကို သရဲခြောက်နေပြီဆိုတာ သိလိုက်တယ်... ဒါပေမယ့် ခြေသံလောက်နဲ့တော့ အောင်ထွန်းဦးကို လာခြောက်လို့မရဘူးလေ.. အဲဒီတော့ ကျွန်တော်က.. " ငါ့ကို ဒီလိုပုံစံနဲ့တော့ လာခြောက်လို့မရဘူးနော်.. မင်းဘာသာမင်းလိုက်ချင်လိုက် မလိုက်ချင်နေ.. ငါကတော့ ဂရုကိုမစိုက်ဘူး.. " လို့ပြောပြီး ဆက်သွားတော့ ဆက်လိုက်တုန်းပဲဗျ.. အဲ.. ကျွန်တော် ဒီတည်းခိုခန်းအပေါက်ဝလည်းရောက်ရော တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းတွေထပြီး ခေါင်းတွေကြီးကုန်တယ်... စိတ်ထဲကနေ စိမ့်ပြီး တစ်စုံတစ်ခုကို အားငယ်လာသလိုလို ကြောက်သလိုလိုဖြစ်လာတယ်.. အဲဒီမှာ မျက်လုံးထဲ လက်ကနဲဖြစ်သွားပြီး ကျွန်တော်ဘာမှကို မသိတော့ဘူး..ကျွန်တော် အသိစိတ်ပြန်ရလာတော့ ကျွန်တော်က ကိုမင်းတို့အခန်းထဲရောက်နေပြီ.. ကျွန်တော့်အနားမှာ လူတွေဝိုင်းနေတာကို တွေ့ရတော့တာပဲ.. ကျွန်တော် ညက ဘယ်လိုဖြစ်သွားခဲ့တာလဲ ဆိုတာလည်း ကျွန်တော့်ကို ပြန်ပြောပြပါအုန်း..." " ညက ကိုအောင်က ကိုလွင့်ကို လည်ပင်းညစ်သတ်တယ်လေ.. ကိုလွင်က အတင်းရုန်းကန်ထွက်ပြေးတော့ ဓါးနဲ့လိုက်ထိုးလို့ ကိုလွင် ကျွန်တော်တို့အခန်းဘက်ကို ပြေးလာတယ်... နောက် ကိုအောင်က လိုက်လာပြီး အခန်းတံခါးကို အေးအေးဆေးဆေးဖွင့်ခိုင်းတယ်.. ကျွန်တော်တို့က အကြောင်းစုံသိချင်လို့ ကျွန်တော်တို့ တံခါးဖွင့်ပေးတော့ ကိုအောင်က ကိုမင်းဆီကို ဓါးကိုင်ပြီး ပြေးဝင်လာတယ်. .အဲဒီမှာ ဘာဖြစ်တာလဲ မသိဘူး.. အားးး ဆို အသံနက်ကြီးအော်ပြီး တစ်ကိုယ်လုံး အကြောဆွဲသလို ဆန့်ငင်ဆန့်ငင်ဖြစ်ပြီး ကိုမင်းကို ၀ါးစားမတတ်ဒေါသမျက်လုံးကြီးနဲ့ ကြည့်နေတယ်.. အဲဒီအချိန်မှာ မန်နေဂျာကလည်း ဆူနေလို့ရောက်လာတယ်.. ဆရာဝန်လည်း ရှာမရတော့ဘူး.. ကိုမင်းက သူ့လက်စွပ်ကလေးကို ရေစိမ် ဂုဏ်တော်တွေ ပွားများပြီးတော့မှ ကိုအောင်ကိုဖြန်းလိုက်ကာမှ ကိုအောင် ပြန်ကောင်းလာတာ.. " ဟု ကိုမိုးက ရှည်လျားစွာ ရှင်းပြလေသည်။ " ဟုတ်လား.. ကျွန်တော် အဲဒီလောက်တောင်ဖြစ်သွားတာလား.. ကိုလွင်ရာ.. ကျွန်တော်တောင်းပန်ပါတယ်ဗျာ... အခုဖြစ်သွားတာကလည်း ကျွန်တော့်အသိစိတ်နဲ့ ကျွန်တော် လုပ်တာမဟုတ်ပါဘူးဗျာ.. " " ရပါတယ်ဗျာ.. ကျွန်တော် နားလည်သွားပါပြီ.. စိတ်မဆိုးတော့ပါဘူး.. " ကိုလွင်က ကျေအေးစကားပြောလိုက်သဖြင့် အားလုံးပျော်ပျော်ရွှင်ရွှင် ပြန်ဖြစ်သွားကြသည်။ " ဒါပေမယ့် ကျွန်တော်တို့ ရှေ့ဆက်သွားမယ့် ခရီးလမ်းမှာ ပရိယာယ်မာယာကြွယ်တဲ့ ပရလောကသားတွေက နည်းမျိုးစုံသုံးပြီး အနှောင့်အယှက်ပေးကြလိမ့်မယ်... အဲဒါကြောင့် နောက်ကို အပြင်သွားစရာတစ်ခုခုရှိရင် အုပ်စုလိုက်သွားကြမယ်.. တစ်ယောက်ယောက်က တစ်ခုခုဖြစ်ရင်လည်း ကျန်တဲ့လူတွေ ကာကွယ်စောင့်ရှောက်လို့ရတာပေါ့.. ကိုယ့်သဘောနဲ့ ကိုယ် တစ်ယောက်တည်းထွက်ထွက်မသွားပါနဲ့... " " အင်း.. ကိုမင်းပြောတဲ့အချက်ကတော့မှန်တယ်.. ကျွန်တော်တို့အားလုံး စုစုစည်းစည်းနေမှ ဖြစ်မှာ.. " ကိုထက်က ထောက်ခံသည့်သဘောဖြင့် ၀င်ပြောသည်။ " အခုရှေ့ဆက်သွားမယ့်ခရီးက နောက်ဆုံး အသက်အန္တရယ်တောင် ရှိနိုင်တယ်ဆိုတာ မမေ့ပါနဲ့.. ဒါကြောင့် ကိုယ့်သဘောနဲ့ ကိုယ် မလိုက်ချင်တော့ဘူးဆိုရင်လည်း လှည့်ပြန်နိုင်ပါတယ်.. စိတ်မဆိုးပါဘူး.. " " ဟာ.. ကျွန်တော်ကတော့ ပရိသတ်ကို ဒီလိုထူးဆန်းအံ့သြစရာတွေ တင်ဆက်ချင်နေတာ.. ခရိးဆုံးထိလိုက်မယ်.. " ကိုမိုးက ပြောသည်။ ကိုထက်က. " ကျွန်တော်လည်း အဲဒီလိုပဲ... လောကမှာ မမြင်ရတဲ့ ပရလောကသာရှိကြောင်း သက်သေပြနိုင်ချင်တယ်.. ဓါတ်ပုံနဲ့တကွ မှတ်တမ်းတင်နိုင်ချင်တယ်.. အဲဒါကြောင့် ခရီးအဆုံးထိလိုက်မှာ.. " ပြောလေသည်။ ကိုလွင်က.. " ငါ့သဘောကတော့ ရှင်းတယ်.. သေချင်သေ.. ရှင်ချင်ရှင်.. သေရင်လည်း အတူတူသေမယ်.. ရှင်ရင်လည်း အတူတူရှင်မယ်.. ငါ့သူငယ်ချင်းတွေနဲ့ဆို ဘယ်နေရာကို မဆို လိုက်ပြီးသားပဲ.. " ကိုလွင်စကားကို လေးစားသည့်အနေဖြင့် ကိုထက်က အလေးပြုဟန်လုပ်ပြလိုက်လေသည်။ ကိုအောင်ထွန်းဦးကတော့ ညကအဖြစ်အပျက်ကို အနည်းငယ်ထိတ်လန့်နေဟန် ရှိသည်။ သို့သော် ကျွန်တော်တို့ပြောနေသော စကားများကို ကြားလိုက်ရသောအခါ အားတက်လာဟန်ဖြင့်.. " ဒါဆိုလည်း ချကွာ.. ဒီကနေတော့ လှည့်မပြန်တော့ဘူး.. ကြိုက်တဲ့နေရာသာ ဒိုးပေတော့... " ရယ်မောသံများဖြင့် ညံသွားသည်။ " ကဲ ဒါဆိုလည်း မြန်မြန်စားကြရအောင်... ကလောကို ဆက်တက်မယ်.. အချိန်ရရင် ရသလို အောင်ပန်းထိတက်မယ်.. ဘယ်လိုလဲ.. " " အိုကေ.. ဒါပေမယ့် တောင်တက်လမ်းက မြေပြန့်လမ်းလို မဟုတ်ဘူးနော်.. ခရီးချိန် ပိုကြာတတ်တယ်.. " ကိုလွင်က သတိပေးသည်။ " ဟုတ်ပါပြီဗျာ.. ကျွန်တော်ကလည်း အချိန်ရှိရင် ဆက်သွားမယ်လို့ ပြောတာပါ.. " မကြာမှီမှာပင် ကျွန်တော်တို့ရဲ့ ကားကလေးသည် ရှမ်းရိုးမတောင်ကြီးများပေါ်သို့ စတင် တက်နေပြီဖြစ်သည်။ တောင်တက်ခရီးလမ်း ဟုထင်ထားရာတွင် တောင်တက်ခရီးလမ်း သက်သက် မဟုတ်ဘဲ တောင်များကို တက်လိုက် မြေပြန်လေးများသို့ ပြန်ဆင်းလိုက် ဖြစ်နေလေသည်။ ထိုမြေပြန့်လေးများတွင်လည်း လယ်ကွင်းများ ရွာငယ်ကလေးများကိုလည်း တွေ့ရလေသည်။ ထို့အပြင် တစ်နေရာအရောက်တွင် မြစ်ကြိးတစ်စင်းက ကားလမ်းဘေးတွင် ယှဉ်တွဲပါလာသဖြင့် မြေပုံကြည့်ရာ ပေါင်းလောင်မြစ်ဖြစ်ကြောင်း သိလိုက်ရလေသည်။ ထိုမြစ်ကြီးမှာ ကားလမ်းတလျှောက်လုံး ယှဉ်တွဲပါလာလိုက် ပျောက်ကွယ်သွားလိုက်ဖြင့် လိုက်ပါလာသလို ခံစားရလေသည်။ နေ့လည်ခင်းအချိန်သို့ရောက်သောအခါ အရိပ်ကောင်းသော သစ်ပင်ကြီးတစ်ပင်အောက်တွင် ကားကို ရပ်နားလျက် ယင်းမာပင်မှ ၀ယ်လာသော ထမင်းထုတ်များကို စားသောက်ကြလေသည်။ ကိုမိုးက မစားမသောက်မှီ ဆိုင်ရာပိုင်ရာများကို တင်မြှောက်ပသလေသည်။ ထိုအကြောင်းနှင့် ပတ်သတ်ပြီး ကိုလွင်က " ကိုမိုးရယ်.. စားမှာသာ စားစမ်းပါ.. အဲဒါတွေ အယူမသီးစမ်းပါနဲ့.. " " ကျွန်တော် အယူသီးနေတာ မဟုတ်ဘူး ကိုလွင်.. မတူညီတဲ့ ပတ်ဝန်းကျင်တိုင်းမှာ သက်ဆိုင်ရာဆိုင်ရာ ပိုင်ရာတွေဆိုတာ ရှိတယ်.. ဒါလေးလုပ်ပေးလိုက်ရလို့ ကျွန်တော်တို့အတွက် ထမင်းတွေအများကြီး လျော့မသွားပါဘူးဗျာ.. ကိုယ့်အယူအဆနဲ့ ကိုယ်ပေါ့ဗျာ.. " " ကဲပါဗျာ.. ငြင်းမနေကြပါနဲ့တော့.. စားသောက်ပြီး ရှေ့ခရီးဆက်ကြရအုန်းမှာ.. " ထမင်း စားသောက်ပြီးသည်နှင့် ခရီးဆက်ထွက်ရန် ကားကို စက်နှိုးလိုက်သော်လည်း စက်က နှိုးမလာတော့... " ဟာ.. ဘာဖြစ်တာလဲ မသိဘူး.. " ကိုလွင်က စက်အဖုံးကို ဖွင့်ကြည့်လိုက်သည်။ ပြီးတော့ ဟိုကြိုးကို လှုတ်ကြည့် ဒီကြိုးကို လှုတ်ကြည့် လုပ်နေလေသည်။ " ကိုလွင် ကားပြင်တတ်လားဗျ.. " " ဟအင်း.. မပြင်တတ်ဘူး.. ဘယ်ကြိုးပြုတ်နေလဲလို့ လိုက်စမ်းနေတာ.. " " ကောင်းရော.. ကိုအောင်ထွန်းဦးရော... " ကိုအောင်ထွန်းဦးက ခေါင်းခါပြလေသည်။ " ဟာ သွားရော... ဒါဆို ဘယ်လို ရှေ့ဆက်သွားကြမလဲ... ဒီညတော့ တောထဲမှာများ အိပ်ရတော့မလား မသိဘူး.. " ကိုမိုးက စိတ်ပျက်ဟန်ဖြင့် ၀င်ပြောလေသည်။ ကျွန်တော်တို့အားလုံး စိတ်ဓါတ်ကျသွားကြသည်။ ထိုအခါ ငြိမ်သက်ပြီး စဉ်းစားနေသည့် ကိုထက်က.. " ဒါဆို ဒီလိုလုပ်ဗျာ.. ကျွန်တော်နဲ့ ကိုလွင်က အခု ယင်းမာပင်အထိ ဒီကနေဖြတ်လာတဲ့ ကားကြီးတွေကို အကူအညီတောင်းပြီး လိုက်သွားမယ်.. ယင်းမာပင်မှာ ၀တ်ရှော့ဆရာတွေ တွေ့ခဲ့တယ်.. အကူအညီတောင်းပြီး ပြန်ခေါ်လာခဲ့မယ်.. နောက် တကယ်လို့ နောက်ဆုံး အိပ်ရမယ်ဆိုရင်လည်း ညနေစာ ထမင်းထုတ်လေးတွေပါ ဆွဲခဲ့မှာပေါ့.. ဘယ်လိုလဲ.. " " အဲဒီအကြံ မဆိုးဘူးဗျ.. ထိုင်ပြီး စိတ်ညစ်နေမယ့်အစား လှုတ်ရှားလိုက်တော့ အကျိုးရှိတာပေါ့... ကိုလွင်ကရော.. " " ကောင်းပြီလေ.. ဒါဆိုလည်း လာမယ့် ကားကြီး တစ်စီးစီးကိုပဲ စောင့်ကြရုံ ရှိတော့တာပေါ့.. " မကြာမှီမှာပင် မြေပြန့်သို့ဆင်းမည့် ကုန်ကားတစ်စီးလာသည်နှင့် တားလိုက်ကြသည်။ သို့သော် အရေးထဲ ကားသမားက ဓါးမြတိုက်သည်ထင်ပြီး ကားကို ရပ်မပေးဘဲ.. မောင်းပြေးတော့သည်။ " ဟာကွာ... ဒုက္ခရောက်လို့ ကားတားပါတယ်.. ဓါးမြ အထင်ခံရသေးတယ်.. ငါတို့ရုပ်တွေက ဓါးမြရုပ်တွေ ပေါက်နေလို့လား.. " ကိုလွင်ရဲ့ပြောစကားကြောင့် စိတ်ညစ်နေကြသည့်အထဲမှပင် ရယ်မောမိကြသည်။ သိပ်မကြာခင် သဘောကောင်းသော ကားသမားတစ်ဦး၏ ကားရပ်ပေးမှုကြောင့် အကူအညီတောင်းပြီး ကိုလွင်နှင့် ကိုထက် ယင်းမာပင်သို့ ပြန်ပါသွားကြသည်။ ကျွန်တော်တို့ကတော့ စောောက အပင်ခြေရင်းမှာပင် သူတို့ပြန်အလာကိုစောင့်နေကြရတော့သည်။ ကျွန်တော်လည်း ပျင်းပျင်းရှိသည်နှင့် ခင်းထားသော ဖျာပေါ်တွင် ပက်လက်လှန်ပြီး အပေါ်ကို မော့ကြည့်လိုက်ရာတွင် သစ်ပင်ပေါ်မှ သစ်ရွက်တွေကြားထဲတွင် စိုက်ကြည့်နေသော ကြီးမားလှသည့်မျက်နှာကြီးတစ်ခုကို တွေ့လိုက်ရလေသည်။ " ဟာ.. " ကျွန်တော် ချက်ချင်းပင် ထထိုင်လိုက်ပြီး အပေါ်သို့ ပြန်မော့ကြည့်ရာ ထိုမျက်နှာကြီးကို မတွေ့ရတော့ဘဲ ထိုနေရာတွင် သစ်ရွက်များ လှုတ်ခတ်သွားသည်ကိုတွေ့လိုက်ရလေသည်။ အပင် ပတ်ပတ်လည် သို့လိုက်ရှာသော်လည်း အစအနပင် မတွေ့ရတော့ချေ။ ကျွန်တော့်အဖြစ်အပျက်ကို သတိထားမိသော ကိုမိုးနှင့် ကိုအောင်ထွန်းဦးက " ကိုမင်း. ဘာတွေဖြစ်နေတာလဲ... အလန့်တကြားနဲ့... " " ငါ.. စောစောက ပက်လက်လှန်လိုက်တာ.. ဟိုနေရာမှာ ငါတို့ကို မျက်နှာကြီးတစ်ခုက စိုက်ကြည့်နေတယ်ကွ.. ငါထပြီး ပြန်ကြည့်တော မတွေ့ရတော့ဘူး.. အဲဒါကြောင့် အပင် ပတ်ပတ်လည်ကို ငါလိုက်ရှာနေတာ.. " " ဟာ.. ဟုတ်ရဲ့လားဗျာ.. " " သေချာတယ်ဗျ.. ကျွန်တော် မျက်လုံးနဲ့ အသေအချာကြီးကို မြင်လိုက်ရတာ.. " " မျောက်တွေ ဘာတွေများဖြစ်မလားဗျာ.. " " မျောက်မဟုတ်ဘူးဗျ.. လူမျက်နှာကြီးပဲ.. ဒါပေမယ့် ဒီလောက်ကြီးတဲ့ မျက်နှာမျိုး ကျွန်တော် တစ်ခါမှကို မမြင်ဖူးတာ.. ထူးတော့ထူးဆန်းတယ်.. " ကိုမိုးကတော့.. " ဆိုင်ရာပိုင်ရာများ.. အရှင်တို့ မကြိုက်တဲ့အရာတွေကို ကျွန်တော်တို့ မသိလို့ ကျူးလွန်မိတာတွေများ ရှိရင်ခွင့်လွတ်ပေးတော်မူပါ.. " ဟု တိုင်တည်နေလေသည်။ ထိုကိုယ်ထည်မမြင်လိုက်ရသော မျက်နှာကြီးကတော့ သစ်ခက်များကြားတွင် ပျောက်ချင်းမလှ ပျောက်သွားလေတော့သည်။
အပိုင်း(၅)
    အချိန် အတော်ကြာသည့်အထိ ကိုထက်နှင့် ကိုလွင် ပြန်မလာသေးသဖြင့် ကျွန်တော်တို့အားလုံး စိတ်ပူလာသည်။ လူစုမခွဲရန် ပြောထားသော်လည်း လူခွဲပြီးထွက်မိသည့်အတွက်လည်း ကိုယ့်ကိုကိုယ် ဒေါသထွက်နေမိသည်။ ကိုထက်တို့နောက်သို့ ကျွန်တော်လိုက်သွားရန် ဟန်ပြင်နေစဉ် ကိုအောင်ထွန်းဦးနှင့် ကိုမိုးတို့က ၀ိုင်းတားကြသည်။ " ကိုမင်း လိုက်သွားလို့ လမ်းမှာလွဲသွားရင် အချိန်ပိုကြာနိုင်တယ်.. ဒါကြောင့် စောင့်လက်စနဲ့ ဆက်စောင့်နေပါဗျာ.. သူတို့ ပြန်လာမှာပါ.. " ကိုမိုးစကားကြောင့် ကျွန်တော့်စိတ်ကို လျော့ချလိုက်ပြီး ဆက်လက်စောင့်ဆိုင်းနေလေရာ သိပ်မကြာခင်မှာပင် ကားပြင်ဆရာတစ်ယောက်နှင့် ကိုထက်တို့ ပြန်ရောက်လာလေသည်။ " ကိုထက်ရေ.. မင်းတို့သွားတာ ကြာလို့ ကိုမင်းက စိတ်ပူပြီး လိုက်မယ် တကဲကဲလုပ်နေလို့ တားထားရတယ်... " " ဟုတ်တယ်ဗျာ.. ကျွန်တော်တို့ အခု ရှိနေတဲ့နေရာက တကယ့်နေရာကြမ်းဗျ... အရင်တုန်းက ဒီနားမှာ ဓါးမြတွေ စခန်းချခဲ့ကြဖူးတယ်.. လာသမျှ ကားကို လုယက်ရုံတင်မဟုတ်ဘူး.. လက်စဖျောက်တဲ့ သဘောမျိုးနဲ့ လူပါ သတ်တာဗျ.. နောက်တော့ စစ်တပ်က နှိမ်နင်းတော့ ဒီနေရာမှာပဲ တိုက်ပွဲဖြစ်ပြီး ဓါးမြတွေ အားလုံး နီးပါး သေကြရတယ်.. ဒီနေရာ ဒီအကြောင်းကို သိတော့ ဘယ်ကားပြင်ဆရာမှ မလိုက်ရဲဘူး.. ကျွန်တော်တို့ကိုတောင် မသင်္ကာတဲ့အကြည့်နဲ့ အကြည့်ခံရသေးတယ်... နောက် အတင်းတောင်းပန်ပြီး ခေါ်တာတောင် မလိုက်ကြဘူး.. ဒီအစ်ကိုကြီးကတော့ ကျွန်တော်တို့ကားပျက်တဲ့နေရာမေးပြီး ချက်ချင်းထလိုက်လာတာ... နောက်ပြီး ညနေစာလည်း ၀ယ်ခဲ့ရသေးတယ်ဗျာ.. " ဟု ပြောရင်း လက်ထဲမှာ ထမင်းဗူးများကို မြောက်ပြသည်။ ကားပြင်ဆရာတော့ စက်အဖုံးကိုဖွင့်ပြီး ဘာတွေတွေးနေသည် မသိ။ အနားသွားပြီး မေးလိုက်သည်။ " အစ်ကို ကားက ဘာဖြစ်တာလဲဗျ... ဒီနားမှာ ခဏနားနေပြီး ပြန်ထွက်မယ်လုပ်တော့ ဘယ်လိုမှ နှိုးလို့ မရတော့တာ... " " ခင်ဗျားတို့ ဒီအနားကနေ မြန်မြန်ခွာတော့... " " ဟာ... အစ်ကိုကလည်း ကားက စက်နှိုးလို့ မရပါဘူး ဆိုမှ.. ဘယ်လိုသွားမလဲ.. အခု ကားက ဘာဖြစ်လို့လဲ... " " ကားမှာ ဘာအပြစ်မှ မတွေ့ဘူး.. အားလုံး အကောင်းကြီး... ဒီလူအင်အားနဲ့ ဟိုရှေ့နားလေးကို တွန်းသွားလိုက်မယ်... အဲဒီနေရာ ရောက်ရင် ကျွန်တော် စမ်းပြမယ်... " မယုံကြည်နိုင်သော စိတ်ဖြင့် ကျွန်တော်တို့အားလုံး ကားကို ၀ိုင်းတွန်းလိုက်ကြသည်။ နားနေသည့်နေရာနှင့် ခပ်လှမ်းလှမ်း တစ်နေရာ အရောက်တွင် ကားဆရာက " ဒီနေရာ ဆိုရင်တော့ ရလောက်ပြီ... ကဲ စက်နှိုးကြည့်.. " ဟု ဆိုရာ ကိုလွင်က စက်နှိုးကြည့်လိုက်သည်။ စက်က အကောင်းပကတိအတိုင်း နှိုးသွားသည်။ ကားပြင်ဆရာက.. " ခင်ဗျားတို့ ဒီအနားမှာ ကားပျက်တယ်ဆိုကတည်းက ကျွန်တော့် စိတ်ထဲ ထင့်သွားတယ်.. ဒီလိုပုံစံအတိုင်းသာ ညအထိနေမယ်ဆိုရင်တော့ ခင်ဗျားတို့ တစ်ခုမဟုတ် တစ်ခုကတော့ ဖြစ်မှာပဲ... ဒီလိုဖြစ်ရပ်မျိုးတွေ အရင်တုန်းကလည်း ရှိခဲ့ဖူးတယ်.. ကျွန်တော် နေ့လည်က ထမင်းစားပြီး ခဏမှေးခနဲ အိပ်ပျော်သွားတဲ့ အချိန်မှာ ၀တ်ဖြူစင်ကြယ် နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေး အဖြူနဲ့ သူတော်စင်ကြီးတစ်ပါးတွေ့တယ်.. သူက ရိုးမ တစ်နေရာမှာ ကားပျက်နေတဲ့လူတွေ လာခေါ်ကြရင် ချက်ချင်း ထလိုက်သွားလိုက်ပါ လို့ ပြောတယ်.. တိုက်တိုက်ဆိုင်ဆိုင် အိပ်ယာက လန့်နှိုးနှိုးချင်းမှာပဲ ဒီညီလေးတို့လာခေါ်တာနဲ့ ထလိုက်လာတာ... " " ကျေးဇူးတင်ပါတယ် အစ်ကို .. ဒါနဲ့.. ကားပြင်တဲ့လက်ခလေး ဘယ်လိုပေးရမလဲ မသိဘူး... " " ဟအင်း.. ဘာမှမပေးနဲ့.. ဘာမှလည်း မပြင်ရတဲ့အပြင် ဒီနားက ဖြတ်သွားတဲ့ ကားကြီးမှန်သမျှ အစ်ကို သူငယ်ချင်းတွေချည်းပဲ.. အဲဒါကြောင့် ကြုံသလို လိုက်စီးသွားလို့ရတယ်... ကဲ.. မင်းတို့လည်း ခရီးဆက်ကြအုန်းမှာ မဟုတ်လား... " " ဟုတ်ကဲ့.. .ထပ်ပြီး ကျေးဇူးတင်ပါတယ် အစ်ကို.. " " ကဲ.. မင်းတို့ ခရီးဆက်ကြတော့.. ငါကတော့ ဒီနေရာကနေပဲ ကားကြုံစောင့်တော့မယ်.. " " ဟာ.. အစ်ကို ဖြစ်ပါ့မလား. .အစ်ကို တစ်ယောက်တည်း.. " " ဖြစ်ပါတယ်ကွာ... ဒီလမ်း ဒီခရိး ငါတစ်ယောက်တည်း သွားနေကြပါ... " " အော် ဟုတ်ကဲ့.. ဒါဆိုလည်း ကျွန်တော်တို့သွားပြီနော်... " ကားပြင်အစ်ကိုကြီးကို လက်ပြနှုတ်ဆက်လိုက်ပြီး ခရီးဆက်ထွက်ခဲ့လေသည်။ ကိုထက်တို့ကိုစောင့်ရင်း သစ်ပင်ပေါ်က မျက်နှာကြီးက ကိုမိုးပြောသလို တောစောင့်နတ် တောင်စောင်နတ်က ကိုယ်ထင်ပြတာပဲလား.. ဒါမှမဟုတ် ဓါးမြတစ်ယောက်ယောက်ရဲ့ မျက်နှာကြီးလား.. အသတ်ခံရတဲ့ ခရိးသွား တစ်ဦးဦးရဲ့ မျက်နှာကြီးလားဆိုတာကတော့ ဆက်တွေးလေး ဝေးလေဖြစ်မှာမို့ ဘာမှဆက်မတွေးတော့ချေ။ စောစောက အဖြစ်အပျက်ကြောင့် ကျွန်တော်တို့ခရီးလမ်းတွင် အဘိုးဖြူလိုက် စောင့်ရှောက်နေကြောင်း သိလိုက်ရသည်။ ကားမောင်းရင်း ကိုလွင်က " ငါတို့သွားတဲ့လမ်းမှာ အဘိုးဖြူက လိုက်စောင့်ရှောက်တာတော့ ဟုတ်ပါပြီ... တကယ်ဆိုရင်ကွာ.. ညကတည်းက မင်းကို အိမ်မက်ပေး... ဒီနေရာမှာ ကားဒီလိုပျက်ရင် ဒီလောက်လေးတွန်းသွား ဒါဆို ကားကကောင်းပြီး ဆက်သွား... ဒီလိုလေးပြောလိုက်ရင် ငါတို့ ခရီးသွားရတာ ပိုမြန်မသွားနိုင်ပေဘူးလား.. အခုတော့ တဆင့်ခံကို အိမ်မက်ပေးပြီး ကူညီခိုင်းတော့ ခရီးလမ်းဖင့်နှေးတာပေါ့.. " " မဟုတ်သေးဘူး ကိုလွင်.. အဘိုးဖြူလိုက်စောင့်ရှောက်တာကိုပဲ ကျေးဇူးတင်ရမယ်.. နောက်တစ်ခုက ဒီလိုနေရာမှာ ဒီလို အချိန်ကြာမြင့်မယ်.. ဆိုပြီး ကံပါလာရင် အဲဒီကံကို ဘယ်သူမှ ဖယ်ရှားလို့မရဘူး... အဘိုးဖြူတို့လို သူတော်စင်တွေက ကြိုသိလို့ တားချင်ရင်တောင် တားမြစ်ပိုင်ခွင့်မရှိဘူး.. တားလို့လည်း မရဘူး.. ဒီနေရာမှာ မကြာရင် တခြားနေရာမှာ တခြားအကြောင်းနဲ့ ကြာကို ကြာအုန်းမှာပဲ.. ဒါကြောင့် အဘိုးဖြူကို အပြစ်မတင်ပါနဲ့... " ကိုလွင် ဘာမှဆက်မပြောတော့ဘဲ ငြိမ်သွားသည်။ တောင်စဉ်တလျှောက် တက်လိုက် ဆင်းလိုက်ဖြင့် အချိန်ကြာမြင့်စွာသွားနေပြီး မကြာမှီမှာပင် နေ၀င်တော့မည်။ တောင်တက်လမ်းဖြစ်နေသဖြင့် ကားက ထင်သလောက် မောင်းလို့မရ.. မှောင်စပျိုးလာသောကြောင့် ကားရှေ့မီးကို မီးဖွင့်ပြီး မောင်းနေရသည်။ အကွေ့အကောက်များသော နေရာသို့ရောက်ရှိလာလေသည်။ ဘယ်ကွေ့လိုက် ညာကွေ့လိုက် တက်နေရသော်လည်း တစ်ခါတစ်ခါ မျက်စိရှေ့မှာပင် လမ်းပျောက်ပျောက်သွားသလို ခံစားနေကြရလေသည်။ ထိုစဉ် မြူများက သိပ်သည်းစွာ ကျဆင်းလာပြန်သည်။ မမောင်းလို့ကလည်း မရ..မောင်းပြန်ရင်လည်း ချောက်ထဲကျသွားရင် အကုန်လုံး သေဆုံးသွားနိုင်သည်။ ဒီလိုနှင့် ကားကို ဖြေးညင်းစွာမောင်းနှင်ကြသည်။ အပေါ်မီးလေးထွန်းလိုက်ပြီး ပါလာသော မြေပုံကို ထုတ်ကာ အကွေ့အကောက်များကို ညွှန်ပြပေးနေရသည်။ တစ်နေရာအရောက်တွင် မြေပုံထဲမှာ ပါသည်က ဘယ်ကွေ့ ကွေ့ရမည့်နေရာတွင် မြင်နေရသည်က ကုန်းဆင်း လမ်းတလျှောက်ရှင်းလျက်.. မြူတွေပါ လွင့်ပါးနေကြသည်။ ကိုလွင်က.. " ကဲ.. မြူတွေလည်း ရှင်းပြီ.. လမ်းကလည်း ရှင်းနေတာပဲ.. မြေပုံ သိမ်းလိုက်တော့.. " ဟု ပြောသည်။ " ကားကို ခုချက်ချင်း ရပ်လိုက်စမ်း.. " ကျွန်တော် အမြန်တားလိုက်ရသည်။ ကျွန်တော်တားလိုက်သည်နှင့် ကိုလွင်က အရှိန်ဖြင့်သွားနေသော ကားကို ဘရိတ်ဆောင့်အုပ်ပစ်လိုက်သည်။ ဒုန်း ဟူသော အသံကြီး ကားလိုက်ရလေသည်။ ကျွန်တော်တို့ အားလုံး ကားပေါ်မှ ဆင်းကြည့်လိုက်ရာ လမ်းဘေးက စိုက်ထားသော အမှတ်အသားကျောက်တိုင်ကို တိုက်မိကာ ကျောက်တိုင်ကျိုးသွားသည်။ ချောက်နှင့် ကားအကွာအဝေးမှာ လက်မအနည်းငယ်လောက်သာ ကွာတော့သည်။ " ဟာ.. ကံကြီးပေလို့ပေါ့ကွာ... ကိုမင်းသာ လှမ်းမတားလိုက်ရင် ငါတို့အားလုံး ချောက်ထဲကို အရှိန်နဲ့ ဆင်းတော့မှာ.. အရှေ့မှာ ချောက်ရှိမှန်း ကိုမင်း ဘယ်လိုသိတာလဲဟင်.. " " မဟုတ်ဘူး.. ကျွန်တော်နဲ့ ကိုထက်က မြေပုံမှားသလား လမ်းမှားသလား တွေးနေတာ.. မြေပုံမှာ ဘယ်ကွေ့ကွေ့ရမှာ.. အခု လမ်းက ဖြောင့်နေတော့ စဉ်းစားမရဖြစ်နေတာ.. ကျွန်တော်ဘာမှမပြောမိပါဘူး.. " " ဟာ.. ကိုမင်းကလည်း ကိုမင်းပြောလိုက်တာ အားလုံး ကြားလိုက်တယ်... " ကိုထက်ကလည်း ထောက်ခံသည်။ " မဟုတ်သေးဘူးနော်.. ကျွန်တော် ဒီလမ်း ဒီခရီးကို ခုမှ ရောက်ဖူးတာ.. " ကျွန်တော် ရုတ်တရက် နီလာဒေ၀ီကို သွားသတိရလိုက်သည်။ နီလာဒေ၀ီကယ်လိုက်တာများလား... " ကဲပါ.. ဘယ်လိုပဲဖြစ်ဖြစ် ကိုမင်း မပြောဘူးဆိုရင် ကျွန်တော်တို့ကို ပုဂ္ဂိုလ်တစ်ယောက်ယောက်က ကယ်တင်ပေးနေတာတော့ သေချာနေပြီ.. ကယ်တင်ပေးတဲ့ ပုဂ္ဂိုလ်တွေကို အရမ်းကျေးဇူးတင်ပါတယ်.. ကဲကဲ.. နောက်လှည့် ပြန်မောင်းရအောင်.. ဟင်.. မြူတွေ မရှိတော့ပါလား.. " မှန်သည်။ စောစောက ထူထပ်စွာကျဆင်းနေသော မြူများ လုံးဝပျောက်ကွယ်သွားသည်ကို အံ့သြစဖွယ် တွေ့လိုက်ရလေသည်။ " ဒါ.. ဒါဆို .. ပရလောကသားတွေ လုပ်တာဖြစ်မယ်... " ကိုမိုးက ထိတ်လန့်စွာ ပြောသည်။ " အင်း.. ဒါဆို ပရလောကသားတွေက မမြင်ရတဲ့နေရာတွေကနည်း နည်းမျိုးစုံသုံးပြီး အသက်အန္တရယ်ကို ရန်ရှာနေကြတာပဲ... လမ်းခရီးတလျှောက်လုံး သတိ တစ်ချက်လစ်လိုက်တာနဲ့ အကုန်လုံး ကိစ္စပြတ်သွားနိုင်တယ်.. အဲဒါကြောင့် ကားမောင်းတဲ့ ကိုလွင်နဲ့ ကိုအောင် .. အထူးဂရုစိုက်ပါဗျာ.." " အေးပါကွာ.. ငါလည်း လမ်းကောင်းသွားပြီဆိုပြီး သတိတစ်ချက် လစ်သွားတယ်... နောက်ဆင်ခြင်ပါ့မယ်... ကဲကဲ.. ဆက်သွားကြရအောင်... " ကိုလွင်က သတိပေးပြီး အားလုံး ကားပေါ်သို့ ပြန်တက်လိုက်ကြသည်။ အမှောင်ထဲမှ ကြည့်နေသော စူးရဲသည့်မျက်လုံးများကို ကျွန်တော်တို့အားလုံး သတိမထားမိခဲ့ပါချေ။ ကျွန်တော်တို့ ကားထွက်သွားသည်နှင့် အနောက်မှ တောက်ခ်ခေါက်သံကြီးကိုတော့ အားလုံးကြားလိုက်ရသဖြင့် ကြက်သီးထသွားသည်။ " ဟင်... တောက်ခ် ခေါက်သံကြီး.. အားလုံးကြားတယ် မဟုတ်လား.. " ကိုမိုးက ပြောသည်။ " အင်း ကြားတယ်.. သူတို့အကြံအစည် မအောင်မြင်တော့ စိတ်တိုသွားမှာပေါ့... " " ဟူးးးးးးးးးးး ... " သက်ပြင်းရှည်ကြီးတစ်ချက်ကိုသာ မှုတ်ထုတ်လိုက်လေတော့သည်။ လမ်းခရီးတွင် ဘာအနှောင့်အယှက်မှ မတွေ့ရတော့ဘဲ ကလောမြို့သို့ ည ရှစ်နာရီလောက်မှ ၀င်ခဲ့ကြတော့သည်။ ကလောမြို့လေးကတော့ အေးချမ်းလျက် စည်ကားနေလေတော့သည်။ ဆိတ်ငြိမ်အေးချမ်းသော တည်ခိုခန်းတစ်ခုတွင် အခန်းနှစ်ခန်းငှားလိုက်သည်။ အခန်းတစ်ခန်းထဲတွင် စုအိပ်မည်ဟု ကြံသော်လည်း ဘယ်လိုမှ အဆင်မပြေသဖြင့် နှစ်ခန်းငှားလိုက်ရခြင်းပင်ဖြစ်သည်။ သို့သော် တစ်ခန်းထဲတွင်သာ စုအိပ်ကြပြီး ကျန်တစ်ခန်းကို ပစ္စည်းများထားကာ ပိတ်ထားလိုက်ကြသည်။ ထိုညကတော့ ထမင်းစားသောက်ပြီးသည်နှင့် အိပ်လိုက်ကြရာ မည်သည့်အနှောင့်အယှက်မှ မပေါ်သလို အဘိုးဖြူနှင့် နီလာဒေ၀ီတို့ကလည်း အိမ်မက်မပေးခဲ့ချေ။ မနက်မိုးလင်းသည်နှင့် ခရီးဆက်ထွက်ခဲ့ရာ နေ့လည် မတိုင်ခင်မှာပဲ အောင်ပန်းမြို့သို့ရောက်ရှိခဲ့လေသည်။ ရောက်သည့်နေ့မှာ ဈေးနေ့ဖြစ်သော်ကြောင့် အနီးတ၀ိုက်မှာ ရွာများဈေးဝယ်ထွက်ကြရာ လူစည်ကားလှသည်။ တစ်ခါမှ မကြံဖူးသဖြင့် တည်းခိုခန်းတွင် ရေမိုးချိုး အ၀တ်အစားလဲပြီး ဈေးတန်းဘက်သို့ ကျွန်တော်တို့ သူငယ်ချင်းတစ်စုထွက်ခဲ့လေသည်။ ဖော်ရွေလှသော ရှမ်းလူမျိုးများ၏ အပြုံးနှင့် ရိုးသားပွင့်လင်းလှသော စရိုက်များသည် နွေးထွေးလှသောနေရောင်ခြည်အောက်တွင် အောင်ပန်းမြို့ကို အလှပိုစေခဲ့သည်။ ခြံထွက်သီးနှံများကိုလည်း လတ်ဆတ်စွာ ရောင်းချနေသည်ကိုလည်း တွေ့ရလေသည်။ ရှမ်းခေါက်ဆွဲစားဖူးချင်သဖြင့် လူများ စည်ကားလှသော ရှမ်းခေါက်ဆွဲဆိုင် တစ်ဆိုင်သို့ ၀င်လိုက်သည်။ " ဟာ... ဟိုမှာ Love Casper နဲ့ Sky Venus တို့ပါလား... " သူတို့ကလည်း ကျွန်တော်တို့ကို မြင်သဖြင့် လက်လှမ်းပြလိုက်သည်။ Love Casper ၏ နာမည်အရင်းမှာ ကျော်ထက်ဖြစ်ပြီး ငယ်ငယ်ကတည်းက ခင်ခဲ့သော သူငယ်ချင်းများဖြစ်ကြသည်။ သို့သော် သဘင်အနုပညာကို စိတ်ဝင်စားသဖြင့် ဇာတ်တစ်ခုထဲလိုက်သွားသည်ဟု ကြားမိပြီး နယ်လှည့်ဖျော်ဖြေနေရသဖြင့် အဆက်အသွယ် ပြတ်နေခြင်းဖြစ်သည်။ Sky Venus ၏ နာမည်အရင်းမှာ သက်နှင်းဖြစ်ပြီး ကျော်ထက်နှင့် ဇာတ်ထဲရောက်မှ တွေ့ပြီး မေတ္တာမျှသူ ဖြစ်သည်။ " အမယ်.. မင်းတို့ ဒီကို ဘယ်လိုရောက်လာတာလဲ ဟင်.. ကျော်ထက်.. " " ငါတို့ ဇာတ်ခဏနားတုန်း တောင်ကြီးဘက်ကို အလည်လာကြတာကွ.. တောင်ကြီးမှာ သက်နှင်းရဲ့ အဒေါ်တစ်ယောက်ရှိတယ်လေ.. ငါလည်း မရောက်ဖူးလို့ လာလည်တာ.. အပြန် မိထ္တီလာဘက်က ပြန်မယ်ဆိုပြီး ပြန်လာကြတာ.. ဒါနဲ့နေပါဥိး.. မင်းတို့ကရော ဘယ်လိုဖြစ်လို့ လူစုံတက်စုံ ဒီဘက်ကိုရောက်လာတာလဲ... " " ပြောပြရင်တော့ နဲနဲရှည်မယ်ကွ.. " အဖြစ်အပျက်အကုန်လုံးကို ပြောပြလိုက်သည်။ " အဖြစ်အပျက်ကတော့ အဲဒါပဲကွ... အခု သဲသဲက ဆေးရုံမှာ.. " " ဟင်.. ဟုတ်ရဲ့လားကွာ.. မင်းအဖြစ်ကလည်း ဇာတ်လမ်းဆန်လိုက်တာ.. အံ့သြစရာလည်းကောင်းတယ်.. " ကျော်ထက်က ၀င်ပြောသည်။ " အေး တခြားလူကိုပြောပြရင်လည်း ယုံနိုင်စရာအကြောင်းမှ မရှိတာ.. ဒါပေမယ့် တကယ်ဖြစ်နေတာကွ.. အခု.. ငါ အောင်ပန်းကနေ ဘာဆက်လုပ်လို့ လုပ်ရမှန်း မသိဘူးဖြစ်နေတယ်... " ထိုအခါ သက်နှင်းက ၀င်ပြောလေသည်။ " ကိုမင်းတို့ ဒီလိုနေမယ့်အတူတူ ကျွန်မ ဦးလေးတစ်ယောက်ရှိတဲ့ လင်းခေးဘက်သွားကြည့်ကြပါလား... အဲဒီဘက်မှာတော့ ထူးထူးဆန်းဆန်းဖြစ်ရပ်တွေ အခြောက်အလှန့်တွေကြမ်းတယ်.. နောက်ပြီးတော့ ပရလောကသားတွေ ရွာတောင်တည်ထားတယ်လို့ ကြုံဖူးတဲ့ မြင်ဖူးတဲ့လူတွေ ပြောသံကြားမိတယ်.. " " ဟင်.. ဟုတ်လား... ဒါဆို ကျွန်တော်တို့ သွားကြည့်လိုက်မယ်.. ဒါနဲ့ မသက်နှင်း ဦးလေးနာမည်က ဘယ်လိုခေါ်လဲ.. " " ဦးလေးနာမည်က ဦးကိုကိုမောင် တဲ့... သူကတော့ မြန်မာပဲ... ရှမ်းအမျိုးသမီးတစ်ယောက်နဲ့ လင်ခေးမှာ အိမ်ထောင်ကျရင်း အဲဒီမှာပဲ နေဖြစ်တော့တယ်.. တောထဲတောင်ထဲမှာ မုဆိုးလုပ်ဖူးတော့ လမ်းပန်းလည်း ကျွမ်းတယ်.. ဘာပဲဖြစ်ဖြစ် သွားကြည့်တာ မမှားဘူးလို့ ကျွန်မထင်တယ်.. " " ဟုတ်ကဲ့ပါ မသက်နှင်း .. ကျေးဇူးတင်ပါတယ်.. ကဲ.. ကျော်ထက်ရေ.. ငါတို့လည်းသွားစရာရှိတာ သွားလိုက်အုန်းမယ်.. ရှမ်းခေါက်ဆွဲကိုတော့ ပါဆယ်ပဲ ထုတ်လိုက်တော့မယ်.. ငါ့စိတ်တွေ အရမ်းလောနေလို့.. " " အေးအေး.. ငါတို့လည်း ရန်ကုန်ရောက်မှ မင်းတို့ဆီ လာလည်အုန်းမယ်.. နေကောင်းအောင် နေနော်.. " " အေးပါကွာ.. မင်းလည်း ဂရုစိုက်.. သွားပြီး ကျော်ထက်နဲ့ မသက်နှင်းရေ... " နှုတ်ဆက်ပြီးသည်နှင့် တည်းခိုခန်းသို့ ချက်ချင်း ပြန်ခဲ့လိုက်သည်။ " ဟာ.. ကိုမင်း လောလှချည့်လား.. ဘယ်လိုဖြစ်တာလဲ.. " ကိုမိုးက နားမလည်စွာမေးသည်။ " လောရမယ်ဗျ.. ကျွန်တော်တို့တွေ့ချင်တဲ့ သက်မဲ့ရွာဆိုတာ လင်းခေးအနီးတ၀ိုက်မှာ ရှိကို ရှိလိမ့်မယ်လို့ ကျွန်တော် ယုံကြည်နေတယ်... နောက်ပြီး ကျွန်တော်က အစကတော့ သတိမထားမိဘူး.. ဒါပေမယ့် ကျော်ထက်နဲ့ သက်နှင်းဆိုတာ ဇာတ်ကနေတဲ့သူတွေဆိုတော့ သဘင်သည်တွေလေ... ဘာပဲပြောပြော ဖြစ်ကို ဖြစ်ရမယ်ဗျာ... သဲလွန်စရတာနဲ့ ချက်ချင်းလိုက်မှ.. ကျွန်တော် သဲအတွက် အချိန်နှောင့်နှေးနေလို့ မဖြစ်ဘူး.. " " ကဲပါဗျာ.. ဟုတ်ပါပြီ.. သွားကြတာပေါ့... ဒါပေမယ့် ခဏလေးနော်.. ရှမ်းခေါက်ဆွဲကလေးတော့ ဒီအောင်ပန်းမှာပဲ စားပါရစေအုန်းနော်... အောင်ပန်းရဲ့ နံနက်ခင်း အရသာနဲ့ ရှမ်းခေါက်ဆွဲရဲ့ နူးညံ့မှုနဲ့ပေါင်းပြီး နေရောင်ခြည်နွေးနွေးလေးအောက်မှာ.. " ကိုအောင်ထွန်းဦး၏ စကားမဆုံးခင်... " ကဲ ကဗျာဆရာကြီး.. ဒါဆိုရင်တော့ အောင်ပန်းမှာပဲ နေခဲ့လိုက်တော့နော်... ကျွန်တော်တို့ကတော့ လစ်ပြီ... " ကျွန်တော်တို့အားလုံး ကားပေါ်ပြေးတက်ပြီး ကားကိုမောင်းထွက်တော့မှ.. ရှမ်းခေါက်ဆွဲထုတ်ကြီးကိုင်ပြီး ပြေးလာလေသည်။ ကားရပ်ပေးတော့မှ အမောတကောတက်ထိုင်လိုက်ပြီး " မင်းတို့ကလည်းကွာ... ငါလည်း လိုက်မှာပေါ့ကွ... ခွီးပဲ... ကဲ.. ရှမ်းခေါက်ဆွဲလေးရေ.. ဟိုကောင်ရဲ့ ကောင်းမှုကြောင့် ကားပေါ်မှာပဲ မင်းကို စားရတော့မယ်.. " ဟုပြောရင်း ကားပေါ်မှာတင် ရှမ်းခေါက်ဆွဲစားလိုက်ကြသည်။ ကိုအောင်ထွန်းဦးစားပြီးတော့ ကိုလွင်နှင့် နေရာချင်းပြောင်းပြီး ကားမောင်းလိုက်သည်။ ဒီလိုနှင့် ကျွန်တော်တို့ ခရီးစဉ်ကတော့ လင်းခေးဆိုသည့် အရောက်အပေါက်နည်းသော မြို့လေးဆီသို့ ဦးတည်သွားတော့သည်။
အပိုင်း(၆)
အပိုင်း(၇)
    ကိုကိုမောင်က စကားဆုံးသည်နှင့် ရေနွေးတစ်ခွက်ကို မှုတ်ကာ သောက်လိုက်လေသည်။ " ဟူးးးးးးး ကိုမောင် ကြုံခဲ့ရတာကလည်း တကယ့်ကို ကြောက်စရာကြီးပဲနော်.. " ကိုမိုးက အံ့သြဟန်ဖြင့် ပြောသည်။ " ဟုတ်တယ်.. ဒါကြောင့် ငါ့ညီတို့ သက်မဲ့ရွာသွားမယ့် အစီအစဉ်ကို ဖြစ်နိုင်ရင် ပြန်စဉ်းစားကြည့်ဖို့ အစ်ကိုပြောချင်တာ... " " ကိုမောင့် စေတနာကို ကျွန်တော် နားလည်ပါတယ်.. ဒါပေမယ့် သဲသဲကို ကယ်ဖို့ အဲဒီရွာကို ကျွန်တော် သွားကို သွားရလိမ့်မယ်.. " ကျွန်တော်က ပြောလိုက်သည်။ " ဟာ.. အဲဒီရွာက လူလေးယောက်လောက်တောင် ဒီလောက် ကြောက်စရာကောင်းမယ်ဆိုရင် တစ်ရွာလုံးသာဆိုရင် အရမ်းကြောက်စရာကောင်းမှာပဲ... " ကိုအောင်က ၀င်ပြောလိုက်သည်။ " ကြောက်စရာ ထိတ်လန့်စရာ ကောင်းပေမယ့် သဲသဲကို ကယ်ဖို့ ဒီတစ်လမ်းပဲ ရှိတယ်.. ဒါကြောင့် ကိုမောင်က ရောက်ဖူးတဲ့လူဖြစ်တာကြောင့် လမ်းပြပေးမနိုင်မလား ခင်ဗျ.. " " ကဲပါ.. ဘယ်လိုမှ တားမရတော့လည်း သွားကြတာပေါ့... ငါ့ညီတို့ကို မြင်မြင်ချင်း ခင်မင်မိတဲ့ စိတ်ကြောင့်ရယ်.. နောက်ပြီး သက်နှင်းရဲ့ မျက်နှာ ရှိနေတာကြောင့်ရယ်ကြောင့် အစ်ကို လိုက်ပို့ပါ့မယ်.. ဒါပေမယ့် တစ်ခုတော့ သတိထား ပါ.. တောထဲရောက်တာနဲ့ အစ်ကိုက ဒီအဖွဲ့ရဲ့ခေါင်းဆောင်ပဲ.. ဒါကြောင့် အစ်ကိုပြောတဲ့စကားကို တသွေမတိမ်းလိုက်နာပါမယ် ဆိုတဲ့ ကတိတော့ ပေးရလိမ့်မယ်.. တောဆိုတာ အမှားအယွင်းမခံဘူး.. " " ဟုတ်ကဲ့.. ကျွန်တော်တို့အားလုံး ကတိပေးပါတယ်.. " အသံတိတ်ကာ စဉ်းစားနေသော ကိုအောင့်ဘက်လှည့်ပြီး " ကိုအောင်.. ဘယ်လိုလဲ.. ကြောက်နေလို့လား.. ယောင်္ကျားပဲဗျာ.. သေတစ်နေ့ မွေးတစ်နေ့ပေါ့.. လိုက်မှာလား.. " " ကြောက်တော့ ကြောက်တာပေါ့ကွ.. ဒါပေမယ့် မင်းတို့ပါနေတာပဲ.. ဘာပဲဖြစ်ဖြစ် လိုက်မယ်ကွာ.. ကျွန်တော်လည်း ကတိပေးပါတယ်.. " " အဲဒီလို လုပ်စမ်းပါ.. " " ငါ့ညီတို့ရဲ့ သတ္တိကိုတော့ အစ်ကိုလေးစားသွားပြီဟေ့.. ကဲကဲ.. မနက် စောစောထမယ်.. ရွာကို ခဏ၀င်ပြီး လိုအပ်တာ ယူပြီးရင် ဆက်ထွက်ကြမယ်.. စောစောအိပ်ကြတော့ဟေ့.. " " ဟုတ်ကဲ့.. ဒါပေမယ့် ကိုမောင့် မိန်းမကရော ဒီခရီးစဉ်ကို သဘောတူပါ့မလား.. " " အစ်ကို ဘာလုပ်လုပ် အစ်ကို့မိန်းမက မတားဘူးကွ.. နောက်ပြီး အစ်ကိုဘာလုပ်လုပ် နောက်ဆုံးမှာ အိမ်ပြန်လာမယ်ဆိုတာ ယုံကြည်ပေးထားတယ်.. မနက်ကျရင် အစ်ကို့မိန်းမကို မင်းတို့မြင်ရမှာပါကွာ.. ကဲ စောစောအိပ်တော့.. ည နက်လှပြီ.. " " ဟုတ်ကဲ့ ကိုမောင်.. ကျေးဇူးတင်ပါတယ်.. " " ရပါတယ်ကွာ. " ကိုမောင်က ကျွန်တော်တို့ကို ပြောပြီးသည်နှင့် သူ့အတွက် ပြင်ပေးထားသော အိပ်ယာဆီသို့ ထသွားရာ ကျွန်တော်တို့အသီးသီးလည်း ကိုယ်စီခင်းပေးထားသော အိပ်ယာလေးများသို့ သွားရောက်အိပ်စက်ကြလေသည်။ ကျွန်တော် အိပ်မပျော်သေးချေ။ မနက်ဖြန်ဆိုသော အချိန်ကာလတွင် ကျွန်တော်သေမည် ရှင်မည် မသိနိုင်.. သို့သော် ကျွန်တော် မသေခင် ချစ်သူ သဲသဲ၏ အသက်ကို ကယ်တင်ချင်သေးသည်။ ခုချိန်လောက်ဆို သဲသဲက ဆေးရုံ၏ ကု တင်ပေါ်တွင် မေ့မျောနေပေရော့မည်။ သဲသဲရေ.. မင်း မကြာခင် နေပြန်ကောင်းလာတော့မှာပါ ဟုတွေးရင်း ကြိုးစားအိပ်စက်လိုက်ရလေတော့သည်။ ထိုခဏတွင် အနားတွင်ထားရှိသော အိတ်အတွင်းမှ ဖားရုပ်ကလေး တိုးထွက်လာပြီး ထိုဖားရုပ်ကလေးထဲမှ အခိုးအငွေ့များထွက်လာလေသည်။ ထူးခြားသောအာရုံခံစားမှုကြောင့် ဇတ်ခနဲလန့်နိုးသွားပြီး ကျွန်တော်ထထိုင်လိုက်သည်။ အခိုးအငွေ့များကွယ်ပျောက်သွားပြီး နီလာဒေ၀ီအဖြစ် ရုပ်လုံးပေါ်လာလေသည်။ " အခု လင်းခေးအထိရောက်ပြီဆိုတော့ ဟိုဘက် သက်မဲ့ရွာရောက်တဲ့အထိ ကျွန်မ လမ်းပြပေးပါ့မယ်.. " " ဒါဆို အစောကြီးကတည်းက သက်မဲ့ရွာက လင်းခေးအနားမှာ ရှိတယ်ဆိုတာ ဘာလို့မပြောခဲ့တာလဲ.. " ကျွန်တော် မေးလိုက်သည်။ " ပြောလို့မဖြစ်ဘူးလေ.. ဘာကြောင့်လဲဆိုတာတော့ အဘိုးဖြူက ရှင့်ရဲ့ ညဏ်ရည်ညဏ်သွေးနဲ့ ဇွဲ၊ သတ္တိကို စမ်းသပ်တာလည်း ဖြစ်မှာပေါ့... " " ဘာပဲ ဖြစ်ဖြစ် ကျွန်တော်တို့မှာ သက်မဲ့ရွာနဲ့အတွေ့အကြုံရှိတဲ့ ကိုကိုမောင် ဆိုတဲ့ သူငယ်ချင်းရှိတယ်.. သူ လမ်းပြလိမ့်မယ်.. " " အခြေအနေတွေက မတူတော့ဘူးလေ.. သက်မဲ့ရွာက ကိုးနှစ်မှာ ရွာတစ်ခါပြောင်းတယ်ဆိုတာရော သိလား.. " " ဟင်... ဟုတ်လား.. အဲဒါတော့ ကျွန်တော်လည်း မသိဘူး.. ဒါဆို သွားမယ့်လမ်းမှာ ကိုမောင် လမ်းပြအဖြစ် လိုက်စရာမလိုတော့ဘူးပေါ့.. " " အဲဒီလိုလည်း မဟုတ်သေးဘူး.. ကိုကိုမောင်က သက်မဲ့ရွာနဲ့ ပတ်သတ်ပြီး အတွေ့အကြုံရှိတယ်.. နောက်ပြီး မုဆိုးဖြစ်ခဲ့ဖူးတော့ တောတွင်းပရိယာယ်တွေကို ရှင်တို့ကောင်းကောင်းမသိသေးတာတွေ သူရှင်းပြလိမ့်မယ်.. ရှင်တို့ကိုလည်း စောင့်ရှောက်လိမ့်မယ်.. " " ကောင်းပါပြီ.. " စကားပြောပြီးသည်နှင့် အခိုးအငွေ့များဖြစ်ပေါ်လာပြီး ဖားရုပ်ကလေးထဲသို့ ပြန်ဝင်သွားသည်။ နီလာဒေ၀ီ နှင့် ကျွန်တော်ပြောနေသောစကားသံများသည် ကျယ်လောင်သော်လည်း မည်သူတစ်ဦးတစ်ယောက်မှ နှိုးလာခြင်းမရှိ အိပ်စက်ြ မဲအိပ်စက်နေကြသည်ကို ထူးခြားစွာတွေ့ရလေသည်။ အင်းးး ဒါလည်း သူ့အစွမ်းတစ်မျိုးပဲ ဖြစ်မှာပေါ့.. ကျွန်တော် ဘာမှမစဉ်းစားတော့ဘဲ အိပ်လိုက်လေတော့သည်။ မနက်မိုးလင်းသည်နှင့် နန်းမို့ခမ်းစီစဉ်ပေးသည့် ကောက်ညင်းပေါင်း၊ ရေနွေးကြမ်းနှင့် ပဲပုတ်ကြော်စားသောက်ပြီး ကိုစိုင်းတေဇာတို့ မောင်နှမကို လက်ပြနှုတ်ဆက်ကာ ခရီးထွက်လာကြတော့သည်။ လင်းခေးမြို့မှ ထွက်ပြီး သိပ်မကြာခင် အချိန်အတောအတွင်းမှာပင် ဒမ်ဆီလာဗွေ ဟုခေါ်သော ကိုမောင်တို့၏ ရွာသို့ ရောက်ခဲ့လေသည်။ ကားလမ်းနံဘေးတွင်ပင် တည်ရှိပြီး ကိုမောင်က အိမ်အလည်ခေါ်သဖြင့် ကိုမောင့်အိမ်သို့လိုက်ခဲ့လေသည်။ " ဟေးးး နန်းမိုင်.. ငါပြန်လာပြီဟေ့.. " အိမ်အတွင်းမှ ရုပ်ရည်ချောမောလှသော အမျိုးသမီးတစ်ဦးထွက်လာပြီး.. အသံဝဲ၀ဲဖြင့်.. " ငါ မနေ့ကတည်းက နင်တို့လာမယ် ထင်နေတာ.. " ဟုပြောသည်။ " ဟုတ်ပါတယ် အစ်မ.. လင်းခေးကို ညနေ နေစောင်းတော့မှ ရောက်လို့ ဟိုမှာ တစ်ညအိပ်လိုက်ရတာပါ.. ကျွန်တော်နာမည် မင်းမနိုင်ပါ.. ဒါက ကိုလွင်၊ ဒါက ကိုအောင် ၊ ဒါက ကိုထက် ၊ ဒါက ကိုမိုး ပါ.. တွေ့ရတာ ၀မ်းသာပါတယ်နော်. " " နင်တို့ နာမည်တွေကလည်း ရှုတ်လိုက်တာ... အေးး ငါလည်း တွေ့ရတာ ၀မ်းသာပါတယ်.. " " ကဲ.. ဒါကတော့ ငါ့မိန်းမ နန်းမိုင်တဲ့.. မိန်းမရေ... ငါ တောင်ကြောဘက် သွားလိုက်အုန်းမယ်.. ငါ့အတွက် အသားခြောက်တွေနဲ့ တောလိုက်ပစ္စည်းတွေ ပေးစမ်းပါ.. " " ရှင် တောလိုက်သွားအုန်းမလို့လား... " " တောလိုက်မလို့မဟုတ်ဘူး.. ဒီက ညီလေးတွေကို တောသဘာဝပြချင်လို့ လက်နက်က လိုရမယ်ရ ယူသွားမှာ.. ကဲပါကွာ.. မြန်မြန်သွားပြင်ပေးတော့.. " " အေး.. အေး.. " ဟုပြောပြီး တဲထဲပြန်ဝင်သွားလေသည်။ " တွေ့လား.. ငါ့မိန်းမက သူမေးသင့်တာမေးတယ်.. ဒီထက်ပိုပြီး ငါ့ကိုမစပ်စုဘူး.. မစစ်ဆေးဘူး.. " " ကောင်းပါတယ်ဗျာ.. ဒီလို အချောအလှ မိန်းမလေး ရထားလို့လည်း တို့ကိုမောင်ကြီး မြေပြန့်တောင် မပြန်နိုင်ဖြစ်နေတာ ဖြစ်မယ်... ဟားဟား.." " ဟားဟား.. ကိုမောင်က ဇနီးချောကို ငါတို့ကို ခေါ်ကြွားနေတာပဲ.. " " ဟားဟား.. " ကိုမောင်က အရှက်ပြေ ရယ်မောနေလေသည်။ ထိုအချိန်မှာပင် အိမ်ထဲမှ ကိုမောင့်ဇနီး နန်းမိုင်ထွက်လာပြီး. " နင်တို့ ဘာတွေ ဒီလောက်ရယ်နေရတာလဲဟင်.. ကဲ.. ဒီမှာ တောလိုက်ပစ္စည်းတွေနဲ့ အသားခြောက်.. ဒီထဲမှာ အ၀တ်အစားနှစ်စုံထည့်ပေးလိုက်တယ်.. " " အေး.. အေး... ကဲ.. နေမပူခင် ခရီးဆက်လိုက်ကြရအောင်.. နန်းမိုင်ရေ ငါ သွားပြီဟေ့.. " ကျွန်တော်လည်း မနန်းမိုင်ကို နှုတ်ဆက်ပြိး ခရီးဆက်ထွက်ခဲ့သည်။ ကားပေါ်မှ နေပြီး နေရာတချို့ကို ကိုမောင်က လက်ညိုးထိုးပြပြီး အရင်တုန်းက ဒီနေရာက ဘယ်လိုသစ်တောတွေထူခဲ့တယ်.. ဒီနေရာမှာတော့ ငါ ဘာသားကောင်ရ ခဲ့တယ်.. ဟု ဗဟုသုတများကို ပြောပြနေလေသည်။ ဒီလိုနှင့် တောင်ကုန်းထူထပ်သော နေရာသို့ ရောက်ရှိလာလေသည်။ " ကဲ.. ဟိုးရှေ့က မြင်နေရတဲ့ ကွေ့နေရာလေးနားမှာ ငါ့သူငယ်ချင်းတစ်ယောက်ရဲ့တဲလေးရှိတယ်.. အဲဒီမှာပဲ သူအမြဲနေတယ်.. ကားကို အဲဒီမှာပဲ ထားခဲ့ရတော့မယ်.. နောက်ပိုင်းနေရာတွေက ကားနဲ့ သွားလို့မရတော့ဘူး.. " ကိုမောင် ပြောလိုက်သည်နှင့် အစာသွပ်ဗူးများ.. အ၀တ်အစား အနည်းငယ်... ရေဗူးများ.. အအေးဗူးများ.. ကို စစ်လွယ်အိတ်များဖြင့်ထည့်ကာ အကျီလက်ရှည်ကို ၀တ်.. တောလိုက်ဖိနပ်ရှည်ကို စီးနင်းထားလိုက်သည်။ မကြာမှီပင် ကိုမောင့် သူ ငယ်ချင်းတစ်ယောက်တဲသို့ရောက်ရှိလာလေသည်။ " ဝေးး ကိုမောင်.. တောလိုက်တော့မလို့လား.." " မဟုတ်ပါဘူးဗျာ.. ဒီက ညီလေးတွေက တောသဘာဝအကြောင်း သိချင်တယ်ဆိုတာနဲ့ လိုက်ပို့မလို့ပါ.. ကဲကဲ.. ကားထားပြီးတာနဲ့ ဆက်ထွက်ကြမယ်.. " တစ်လမ်းလုံး စီးလာခဲ့သောကားကလေးကို ထားခဲ့ကာ ခြေလျှင်ခရီး ဆက်ခဲ့ရြ ပန်သည်။ ကိုမောင်က တောထဲမ၀င်ခင်ကပင် အနံ့ပြင်းသော ရေမွှေး ဆွတ်ခြင်း၊ တောထဲတွင် နာမည်ခေါ်ခြင်း၊ တစ်ယောက်တည်း ကိုယ့်သဘောနဲ့ကိုယ်ထွက်သွားခြင်း၊ နောက်ချန်ခဲ့ခြင်း၊ အဖွဲ့သားအချင်းချင်း ရန်ဖြစ် ဆဲဆိုခြင်း များမြ ပုလုပ်ကြရန် သတိပေးထားပြီး ဖြစ်လေသည်။ ကျွန်တော်တို့ အုပ်စုထဲတွင် ၀န်စည်စလွယ် အနည်းဆုံးမှာ ကိုမောင်ဖြစ်ပြီး အစာအစာထုတ်နှင့် ဓါးတစ်လက်ကို ခါးတွင်ချိတ် အ၀တ်အိတ်နှင့် မြှားကျည်ထောက်ကို ကျောမှာ ပိုးပြီး လ က်ထဲတွင် ဒူးလေးတစ်လက်ကိုသာ ကိုင်ထားသောကြောင့် ခြေလှမ်းတို့သည် သွက်လက်ပေါ့ပါးနေလေသည်။ အိတ်အကြီးဆုံးမှာ ကိုအောင်ဖြစ်ပြီး သူ၏ကိုယ်ပိုင် စစ်ကျောပိုးအိတ်ကြီးထဲတွင် ဘာတွေထည့်လာသည်မသိ.. ကြီးမားေ လးလံလှသည်။ မေးသော်လည်း မပြော၊ တချိန်ချိန်ကျရင် သိလာမှာပါဟုသာပြောလေသည်။ လေးလံလှသော အိတ်ကြီးကြောင့် အားလုံးထဲတွင် နောက်ဆုံးဖြစ်နေလေသည်။ ကျွန်တော့်အိတ်ထဲမှာတော့ ဖားရုပ်ကလေးကိုတော့ မမေ့ မလျော့ယူလာခဲ့ပြီး လိုရမယ်ရ အသုံးပြုနိုင်ရန် ပရိတ်ချည်တစ်လုံးကိုပါ ယူလာခဲ့လေသည်။ ကျွန်တော်တို့ လျှောက်လာချိန် သုံးနာရီလောက်ထိ ကိုမောင်က ရှေ့ဆုံးမှနေ၍ သွက်လက်စွာသွားနေသောကြောင့် အဲ့လောက်မြန်မြန်ကြီး မလိုက်နိုင်တော့သဖြင့် ကိုမိုးကလှမ်းခေါ်လိုက်သည်။ " ဟောဟဲ.. ဟောဟဲ.. ကို.. ကိုမောင်... ခဏ.. ခဏနေပါအုန်းဗျာ.. ခဏနားပါရစေအုန်း.." အမှန်အတိုင်းပြောရရင် ကျွန်တော်လည်း တစ်ကိုယ်လုံးချွေးတွေ ရွဲကာ ဟောဟဲဆိုက်နေပြီဖြစ်သည်။ မုဆိုးလုပ်ဖူးသော ကိုမောင့်၏သွက်လတ်မှုကိုတော့ ဘယ်လိုမှ မယှဉ်နိုင်ခဲ့ချေ။ " အေးဗျာ. ကျွန်တော်ကလည်း ခင်ဗျားတို့ကို တစ်ချက်တစ်ချက်မေ့သွားတယ်.. ကျွန်တော်စဉ်းစားနေတာဗျ.. စောစောက ဖြတ်လာတော့လည်း ဒီနေရာပဲ မဟုတ်လား.. " အခုမှ ကျွန်တော်တို့အားလုံးလည်း သတိထားမိသွားသည်.. " ဟင်.. ဟုတ်သားပဲ.. စောစောက ဖြတ်လာတာ ဟိုနားလေးကနေလေ.. ကျွန်တော်တို့ ဒီနားမှာတင် မျက်စိလည်နေတာ ဘယ်လောက်ကြာနေပြီလဲမသိဘူး.. " ကိုထက်က တစ်နေရာသို့လက်ညိုးထိုးရင်းပြောသည်။ " တောလည်း သိပ်မနက်သေးပါဘူး.. ဒါဆို ဘယ်သူအမှားအယွင်းလုပ်လာကြလဲ.. အပေါ့အပါးသွားကြရင်လည်း တောပိုင်တောင်ပိုင်တွေကို ကန်တော့တောင်းပန်ပြီးမှ သွားကြနော်.. မင်းတို့ ဒီနားမှာ ခဏနေခဲ့ကြအုန်း.. ငါ လမ်းပေါက်ရှာလိုက်အုန်းမယ်.. " ပြောပြောဆိုဆို ကိုမောင်ထွက်သွားလေသည်။ ထိုအခါမှ ကျွန်တော်တို့လည်း ပါသမျှကို ပစ်ချပြီး မြက်ခင်းတစ်ခုပေါ်တွင် ပက်လက်လှဲတဲ့လူလှဲ.. အကြောဆန့်တဲ့လူ ဆန့်နှင့် နားဖြစ်ကြလေတော့သည်။ ကျွန်တော်က တောင်ကုန်းလေးတစ်ခုပေါ်တက်ပြီး အခြေအနေကိုကြည့်ခိုက်တွင် သိပ်မလှမ်းမကမ်းတစ်နေရာတွင် နီလာဒေ၀ီကို လှမ်းမြင်လိုက်လေသည်။ နီလာဒေ၀ီက တစ်နေရာသို့ ညွှန်ပြဟန်ဖြင့် လက်ညိုးထိုးပြရင်း ပျောက်ကွယ်သွားလေသည်။ မကြာမှီကိုမောင် ပြန်ရောက်လာပြီး " လမ်းတွေ့ပြီကွ.. ဟိုဘက်မှာ.. " တစ်ခြားတစ်ဖက်သို့လက်ညိုးထိုးပြပြီး အားလုံးသွားကြဖို့ပြင်နေကြသည်။ " မဟုတ်သေးဘူး ကိုမောင်.. သက်မဲ့ရွာသွားမယ့် လမ်းပေါက်က ဒီဘက်မှာ.. " ကျွန်တော့်ပါးစပ်က လွတ်ခနဲ ပြောလိုက်မိသည်။ ကိုမောင်က ကျွန်တော့်ကို မယုံသက္ခွာ မျက်လုံးဖြင့်ကြည့်ပြီး " ကိုမင်းက ဘယ်လိုလုပ်သိတာလဲ.. အခု ကျွန်တော်သွားနေတာက ကျွန်တော့်ရဲ့ လင့်စင်ရှိတဲ့နေရာကိုလေ.. " " မဟုတ်ဘူး. .စောစောက ကျွန်တော် ဟိုတောင်ကုန်းလေးပေါ်ကနေ အခြေအနေကြည့်နေတုန်း လူတစ်ယောက် အဲဒီဘက်ကို လက်ညိုးထိုးပြနေတာကို တွေ့လိုက်တယ်.. " တခြားလူတစ်ယောက်ကို ပြန်မပြောပါဘူး ဟု နီလာဒေ၀ီကို ကတိခံထားသဖြင့် ရှောင်လွှဲပြီး ပြောလိုက်သည်။ ကိုမောင်က တောင်ကုန်းပေါ်ပြေးတက်သွားပြီး.. " ဘယ်မှာလဲ ကိုမင်းပြောတဲ့လူ.. ဒီအနားမှာ လူတစ်ယောက်မှ မရှိသလို ဒီနေရာတစ်ဝိုက်ကလည်း ကြမ်းလွန်းလို့ ဘယ်သစ်ခုတ်သမားမှတောင် မလာရဲဘူး.. ဘာပဲဖြစ်ဖြစ်လေ.. သွားကြည့်ကြတာပေါ့.. ထူးခြားမှုတစ်ခုခုနဲ့ ကြုံရမယ်လို့ ကျွန်တော် ကြိုခံစားနေရတယ်.. " " ကျွန်တော့်ကို ယုံတဲ့အတွက် ကိုမောင့်ကို ကျေးဇူးတင်ပါတယ်.. " " ရပါတယ်ဗျာ.. သာမာန်အချိန်ဆိုရင်တော့ ကျွန်တော် ကိုမင်းပြောတဲ့အတိုင်း ဘယ်လိုမှ လိုက်လုပ်မှာမဟုတ်ဘူး.. ဒါပေမယ့် အခု ကိုမင်းတို့လာတာက မမြင်ရတဲ့လောကနဲ့ ဆက်နွယ်နေတယ်.. နောက်ပြီးသွားရမှာလည်း ပရလောကရွာတစ်ရွာဖြစ်နေတယ်.. အဲဒီတော့ တကယ်လို့ သူတို့ ကျွန်တော်တို့ကို မျှားခေါ်ရင်တောင် ဇွတ်တိုးသွားရမယ့် အခြေအနေမျိုးမှာပဲ.. နောက်ပြီး ကိုမင်းတို့ ဒီနေရာကိုရောက်လာတာကလည်း ထူးဆန်းနေတယ်လေ.. ကိုမင်းမှာလည်း သက်ဆိုင်ရာအစောင့်အရှောက်တွေ ရှိနေလိမ့်မယ်လို့ ကျွန်တော်ယုံတယ်.. အဲဒါကြောင့် ကျွန်တော်လက်ခံလိုက်တာပါ..." ဟု ရှည်လျားစွာ ရှင်းပြပြီး ရေဗူးကို ဖွင့်ထုတ်ကာ မော့သောက်လိုက်ပြီးနောက်.. " ကဲ သွားကြမယ်ဟေ့.. အားလုံးသတိဝီရိယတော့ ရှိပါစေနော်.. " ဟု သတိပေးရင်း ကျွန်တော်ပြောသည့်နေရာသို့ ရှေ့ဆုံးမှ လမ်းရှင်းကာ ထွက်ခွာသွားတော့သည်။ တစ်နေရာအရောက်တွင် ခဏရပ်ပြီး သစ်ပင်တစ်ပင်ကို စိတ်ဝင်တစား ကိုမောင်ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့်.. " ကိုမောင် ဘာတွေကြည့်နေတာလဲဗျ.. " " ကျွန်တော်တို့ မုဆိုးတွေဟာ တောထဲသွားရင် လမ်းမမှားရအောင် သစ်ပင်တွေမှာ အမှတ်အသားတွေလုပ်ထားတတ်ကြတယ်.. ကျွန်တော် အရင်က လုပ်ခဲ့တဲ့ အမှတ်အသားတွေကို ပြန်ရှာနေတာ.. မလာတာလည်း ကြာပြီဆိုတော့ တချို့အမှတ်အသားတွေက သစ်ပင်က အပွေးတတ်တာနဲ့ ပျောက်ကုန်ရော.. အဲဒါကြောင့် သေချာကြည့်နေရတာ.. " " အဲ့လောက်ထိလည်း စိတ်ပူမနေပါနဲ့ဗျာ.. ကျွန်တော်တို့လည်း ကူပြီး ရှာပေးမှာပါ... " ထိုအချိန်မှာပဲ တစ်နေရာတွင် နီလာဒေ၀ီပေါ်လာပြီး လက်ညိုးထိုးပြပြန်သည်။ " လာလာ.. ကိုမောင်ရေ.. ဟိုဘက်မှာ.. " ကိုမောင်က ကျွန်တော့်ကိုတစ်ချက်ကြည့်လိုက်ပြီး ရှေ့မှတိုးသွားပြန်လေသည်။ ဤသို့ဖြင့် လမ်းပျောက်နေသော အချိန်များတွင် နီလာဒေ၀ီ ပေါ်ပေါ်လာပြီး လမ်းပြပေးနေသဖြင့် ညနေနေအနည်းငယ်ညိုသောအခါ ရေတံခွန်တစ်ခုဆီသို့ ရောက်ရှိလာလေသည်။ ကိုထက်က.. " ဟာ.. ဟိုမှာ ရေတံခွန်လေးပါလား.. " ရေကိုမြင်လိုက်ရသဖြင့် ပင်ပန်းနေမှုများ ပျောက်ကွယ်သွားပြီး ပျော်သွားသည်။ ကိုမောင်က " ဟိုမှာ ခင်ဗျားတို့ကို ပြောဖူးတဲ့ ကျွန်တော်လင့်စင်ထိုးဖူးတဲ့ သစ်ပင်ကြီးလေ.. " ကိုမောင် ညွှန်ပြရာသို့ ကြည့်လိုက်ရာ အတော်အသင့်ကြီးမားသောသစ်ပင်ကြီးကို တွေ့ရပြီး အပေါ်တွင် ဟောင်းနွမ်းနေသော လင့်စင်တစ်ခုကို တွေ့လိုက်ရလေသည်။ ရေတံခွန်တွေ့သဖြင့် ရေချိုးရန်ပြင်ဆင်နေသော ကိုလွင်တို့ကို ကိုမောင်က " အားလုံးပဲ ရေအရင်မချိုးကြနဲ့အုန်း.. ဟိုးအပေါ်က လင့်စင်က သိပ်မကောင်းတော့ဘူး.. လင့်စင်တစ်ခု ထပ်ထိုးရမယ်.. အဲဒီအတွက် လိုအပ်တာလေးတွေ အရင်ကူလုပ်ပေးကြအုန်းနော်.." ဟု လှမ်းပြောလိုက်သည်။ ကိုလွင်က " ကိုမောင်ကလည်း လင့်စင်ထိုးအုန်းမလို့လား.. ဒီအတိုင်း အောက်မှာပဲ မီးဖိုပြီး အိပ်လို့ရော မရဘူးလား.. " ဟု ဈေးဆစ်လိုက်သည်။ " မရဘူး ကိုလွင်.. ညဘက်ဆို ဘိုးတော်တွေ ဒီလမ်းကနေ ရေသောက်ဆင်းရင် ဆင်းမှာ. ပြောလို့မရဘူး.. သူတို့က အုပ်တောင့်ရင် မီးဖိုတာတွေ ဘာတွေ ဂရုစိုက်တာမဟုတ်ဘူး.. လူကို အန္တရယ်ပေးနိုင်တယ်.. " " အော် ဟုတ်.. ဒါဆိုလည်း လင့်စင်ဆောက်ကြတာပေါ့.. " လင့်စင်ဆောက်ရန် လိုအပ်သည့် ၀ါးများ၊ နွယ်ကြိုးများကို စုဆောင်းပြီးသည်နှင့် သစ်ပင်ပေါ်မှာ လင့်စင်အဟောင်းကို ဖျက်ချကာ လင့်စင်အသင့်ဆောက်လိုက်ကြသည်။ ထို့နောက် ရေတံခွန်တွေ ရေချိုးကြရန် သွားကြည့်လိုက်ရာ ကြည်လင်စိမ်းမြနေပြီး အောက်မှ ငါးလေး ငါးကြီးများ ကူးခတ်နေသည်ကိုတွေ့မြင်နေရသည်။ ကိုမောင်က.. " အားလုံး ခဏလေး နေကြအုန်းနော်.. ရေဆင်းမချိုးကြနဲ့အုန်း.. ငါးတွေပြေးကုန်မယ်.. အရင်ဆုံး အားလုံးစားဖို့အတွက်.. ငါးတွေဖမ်းရမယ်.. " ဟုပြောရင်း မြှားကျည်ထောက်အတွင်းမှ မြှားများကို စိစစ်ရွေးချယ်ပြီး ထုတ်ယူလိုက်သည်။ ထို့နောက် ငါးတစ်ကောင်ချင်းကို သေချာစွာချိန်ရွယ်ပြီး ဒူးလေးဖြင့် လျှင်မြန်စွာ ပစ်ခတ်လိုက်လေသည်။ မြှားထုတ်ခြင်း၊ ဒူးလေးထဲသို့ မြှားထည့်ခြင်း၊ လက်မှန်းတည့်ခြင်း၊ လျှင်မြန်စွာ ပစ်ခတ်နိုင်ခြင်းတို့ကြောင့် အချိန်ခဏလေးအတွင်းမှာပဲ ငါးလေးငါးခြောက်ကောင် ဖမ်းမိခဲ့လေသည်။ ကိုလွင်ကတော့ ကိုမောင့်အစွမ်းကို အထင်ကြီးလေးစားဟန်ဖြင့် တအံ့တသြကြည့်ရှုလိုက်ပြီး " ကောင်းလိုက်တဲ့ ပစ်ချက်.. လျှင်မြန်လိုက်တာ.. ကိုမောင်က ဒူးလေးမှာ တကယ့်ဆရာကြီးပဲ.. ကျွန်တော်ခုမှ သိတယ်.. " " မဟုတ်သေးဘူး ကိုလွင်.. အခု ကျွန်တော် တော်တာ ကျွန်တော့်ယောက်ခထီး မုဆိုးလုပ်ချိန်တုန်းကလောက်တောင် မရှိဘူး.. သူဆိုရင် စောစောက ကျွန်တော် ပစ်လိုက်တဲ့အချိန်အတွင်းမှာပင် ငါးဆယ်ကောင်လောက် အသာလေးပဲ.. ဒီလိုပဲ ကိုလွင်ရဲ့.. ကျွမ်းကျင်ရာ လိမ်မာဆိုသလိုပေါ့.. တစ်ခါတစ်လေ အသက်လုပွဲတွေမှာ ကိုယ်က လက်နှေးနေရင် အသက်ပါသွားနိုင်တယ်လေ.. အဲဒါကြောင့် ကျင့်ထားရတာပါဗျ.. ကျွန်တော်လည်း ဒူးလေးကို ၀ါသနာပါလို့ တောကောင်လိုက်မထွက်ဘဲ ပျင်းနေတဲ့အချိန်တိုင်း ဒူးလေးပစ်ကျင့်တာ မရပ်ခဲ့ဘူးလေ.. " " အော်.. အားတဲ့အချိန်ကျရင် ကျွန်တော်လည်း ဒူးလေးပစ်တတ်အောင် သင်ပေးပါလား. " " ဟုတ်ကဲ့ပါ.. ကျွန်တော် အားရင် သင်ပေးပါ့မယ်.. ကဲ.. ရေချိုးချင် ရေချိုးတော့လေ.. ဟိုမှာ ကိုမိုးတို့ ကိုထက်တို့တောင် ရေတွေကူးကုန်ကြပြီ.. တောထဲရောက်ရင် ရေမြန်မြန်ချိုးရတယ်နော်.. အကြာကြီး သိပ်စိမ်နေလို့မကောင်းဘူး.. " " ဟုတ်ကဲ့ပါ ကိုမောင်.. " ပြောပြီး ရေထဲဆင်းသွားကြသည်။ တောတောင်ထဲမှ စိမ့်စမ်းရေ ဖြစ်တာကြောင့်လား.. တောရိပ်ကြောင့်လားတော့မသိ.. ရေမှာ စိမ့်ကာ အေးနေလေတော့သည်။ ကျွန်တော်တို့ရေချိုးနေချိန်တွင် ကိုမောင်တစ်ယောက်ကတော့ ဖမ်းမိသော ငါးများကို အကြေးခွံ့ခွာပြီး မလိုအပ်သော ကလီစာများကို အိတ်တစ်အိတ်အတွင်း ထည့်သွင်းနေသည်ကိုတွေ့ရလေသည်။ ကျွန်တော်တို့ ရေချိုးပြီးချိန်တွင် ကိုမောင်လည်း ငါးကိုင်လို့ ပြီးနေချေပြီ.. " ကဲ.. ကိုမင်းတို့အားလုံး ရေချိုးပြီးပြီဆိုရင် ကိုမင်းတို့ကို တောတွင်းဗဟုသုတစားစရာတစ်ခု လုပ်ပြမယ်... ခဏစောင့်.. " ကိုမောင်က ပြောပြီး ထထွက်သွားသည်။ ကျွန်တော်တို့အ၀တ်အစားလဲပြီးချိန်တွင် ကိုမောင် ပြန်ရောက်လာပြီး လက်ထဲတွင် အမည်မသိသော အရွက်များနှင့်မြေကြီးခဲကြီးတစ်ခု မလာလေသည်။ ထို့နောက် ကမ်းစပ်နားသွားပြီး ရင်ခွဲထားသောငါးများထဲသို့ အရွက်များကို ရေဆေးပြီး ထည့်လိုက်သည်။ ထို့အပြင် ခါးကြားထဲမှ ရိက္ခာခြောက်ထုတ်တွင် ပါလာသော ဆားထုတ်ကို ဖြတ်ယူလျက် ငါးများကို ဆားနှင့်နယ်လိုက်ကာ မြေကြီးကို ရေဖြင့် အရည်ဖျော်ပြီး ရလာသောရွံ့ဖြင့် ငါးတစ်ကောင်ချင်းစီ၏ ပတ်ပတ်လည်တွင်အုံလိုက်သည်။ အနားက သဲမြေတွင် ပါလာသော ဓါးဖြင့် ကျွင်း တိမ်တိမ် တစ်ခုတူးလိုက်ပြီး ရွံ့ဖြင့်မံထားတာ ငါးများကို အသာအယာထည့်လိုက်ကာ အပေါ်မှာ သဲပြန်ဖုံးအုပ်လိုက်သည်။ ကိုမောင်လုပ်နေသည်များကို နားမလည်သဖြင့် ကိုအောင်က မေးလိုက်သည်။ " ကိုမောင် ဖမ်းမိတဲ့ငါးတွေကို ရွံ့တွေနဲ့မံတယ်.. အခု မြေကြီးထဲ ပြန်မြုပ်လိုက်တယ်.. အဲဒါ ဘာတွေလုပ်နေတာလဲဗျ.. " ကိုမောင်က ခဏစောင့်ကြည့် ဟူသောအဓိပ္ပါယ်ဖြင့် လက်ကာပြလိုက်သည်။ ပြီးသည့်နောက် သစ်ရွက်ခြောက်များကို ငါးများ ပြန်မြုပ်ထားသောနေရာတွင် စုပုံပြီး မီးရှို့လိုက်သည်။ အပေါ်တွင် ဂွပါသော တုတ်တံနှစ်ချောင်းစိုက်လိုက်ပြီး ထိုဂွတွင် စစ်သုံးစတီးချိုင့်ကို ရေထည့်လိုက်ပြီး တုတ်တံတစ်ချောင်းဖြင့်ထိုးကာ ရေနွေးကြိုလိုက်လေသည်။ မီးငြိမ်းမသွားစေရန်အတွက် သစ်ကိုင်းခြောက်များကို ကျွန်တော်တို့ ရှာပေးလိုက်သည်။ ထို့နောက် မကြာခင်မှာပဲ ရေနွေးဆူလာလေသည်။ ကိုမိုးနှင့် ကိုထက်က ပါလာသော ကော်ဖီမစ်ထုတ်များကိုဖောက်လိုက်ပြီး ဆူလာသောရေနွေးဖြင့် ၀ါးကျည်တောက်တွင် ကော်ဖီဖျော်ကာ အချမ်းပြေ သောက်လိုက်ကြလေသည်။ ခဏအကြာတွင်.. အပေါ်မှာ မီးလောင်ထားသော သစ်ကိုင်းခြောက်များ သစ်ရွက်ပြာများကို ဖယ်ရှားလိုက်ပြီး ကျွင်းကို ဂရုတစိုက် ပြန်တူးလိုက်သည်။ အပေါ်မှာ ရွံ့များကို ဖယ်ရှားလိုက်သောအခါ အငွေ့တထောင်းထောင်းဖြင့် မွေးကြိုင်သော ငါးကင်များ ပေါ်လာလေတော့သည်။ တစ်ဖဲ့စားကြည့်လိုက်ရာ အလွန်အရသာကောင်းသော ငါးကင်များဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။ ကိုမိုးက " ကိုအောင်ရေ.. အစ်ကို့ငါးကင်က တော်တော်ကောင်းတာပဲ.. မြို့မှာသာ ဆိုင်ဖွင့်စားလိုက်ရရင် အစ်ကိုကတော့ ခဏလေးနဲ့ ချမ်းသာမှာပဲဗျ.. " " မြို့မှာဆိုရင် ဒီလောက်ပြည့်စုံမှာမဟုတ်ဘူး.. အခု စမ်းချောင်းလေးနဲ့ ရေတံခွန်လေးနဲ့ ကော်ဖီလေးသောက်ရင်း တောသဘာဝကို ခံစားရင်း စမ်းချောင်းထဲကရတဲ့ ငါးတွေကို ကင်စားရတဲ့အရသာ ဘယ်လောက်ကောင်းလဲ.. " ကိုမောင်ကပြောလိုက်သည်။ " ကိုမောင်က မုဆိုးသာလုပ်တယ်.. အနုပညာတော်တော်ဆန်တာပဲ.. ဟုတ်တယ် .. အခုအချိန်က အလိုက်ဖက်ဆုံးအချိန်ပဲ.. " " မုဆိုးမှာလည်း နှလုံးသားနဲ့ပါဗျာ.. နှလုံးသားရှိတဲ့လူတိုင်း အနုပညာကိုခံစားတတ်ပါတယ်.. " ကိုမောင်ပြောသော ဒီလိုအချိန် ဒီလိုနေရာလေးမှာ ဒီလိုအရသာရှိတဲ့ အစားကောင်းကို သဲသဲကို စားစေချင်လိုက်တာ... အခုတော့ သဲက ဆေးရုံမှာလေ... ကိုကို သဲကို အမြန်ဆုံးကယ်မှာပါ သဲရယ်.. " ဟိတ်.. ကိုမင်း.. ဘာတွေတွေးနေတာလဲဗျ.. " ကိုမောင်က လှမ်းမေးသည်။ " ကျွန်တော့် ကောင်မလေးအကြောင်း တွေးမိသွားလို့ပါဗျာ.. " " ဆောရီးဗျာ ... ကျွန်တော်လည်း စိတ်မကောင်းပါဘူး.. ကိုမင်းရဲ့ ကောင်မလေး အသက်ကို အမြန်ဆုံးကယ်တင်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်ဗျာ... " " ကျေးဇူးတင်ပါတယ် ကိုမောင်.. " မကြာခင်မှာ ရိုးမတောင်တန်းကြီးတွေကြား သူရိန်နေ၀န်းကြီး တိုးဝင်ပျောက်ကွယ်သွားပေတော့မည်။ အဝေးမှာ ငှက်တစ်သိုက် အိမ်တန်းပြန်လာကြချေပြီ။ တောထဲတောင်ထဲတွင် ပိုးကောင်လေးများ၏အသံဆူညံလျက်..
အပိုင်း(၈)
    မကြာမှီမှာပင် လမင်းကြီးက ကောင်းကင်ပေါ်သို့ပေါ်ထွက်လာတော့သည်။ ဟင်.. ဘာလိုလိုနဲ့ လပြည့်ညတောင် ရောက်လာပါရောလား... ညသို့ရောက်သောအခါ ခြင်များက ဖွဲများဖြင့် ပက်သလို့ ၀ိုင်းအုံလာတော့သည်။ လက်ဖြင့် သပ်ချလိုက်ရင်ပင် ခြင်ဆယ်ကောင်ထက်မနည်း သေဆုံးသွားတတ်ကြသည်။ ခြင်တွေက အကောင်တွေလည်း ကြီးသည်။ ထို့ကြောင့် ကျွန်တော်တို့ခန္ဓာကိုယ်တွင် ခြင်မကိုင်အောင် ဆေးများလူးထားရသော်လည်း ကိုမောင်ကတော့ ခြင်ကိုက်သည်ကို အမှုတောင်မထား.. ထို့ကြောင့် ကိုထက်က မနေနိုင်ဘဲ " ကိုမောင်... ဆေးမလူးဘူးလား.. ခြင်မကိုက်ဘူးလား... တောထဲက ခြင်ကိုက်ရင် ငှက်ဖျားဖြစ်တတ်တယ်လေ.. " " ရပါတယ် မလူးတော့ပါဘူး.. ခြင်ကိုက်ခံရတာ များလာလို့ ရိုးသွားပြီး ခံနိုင်ရည် ရှိသွားတာထင်တယ်.. ငှက်ဖျားတွေဘာတွေလည်း မဖြစ်တော့ပါဘူးဗျာ.. " " အော်.. " ကိုထက် ဘာမှဆက်မပြောတော့ဘဲ ငြိမ်သွားသည်။ ညသည် တဖြေးဖြေးနက်သတဲ့ နက်လာချေပြီ.. ကျွန်တော်တို့ကို အိပ်ခိုင်းပြီး ကိုမောင်က ကင်းစောင့်နေလေသည်။ တစ်ယောက်တစ်လှည့် ကင်းစောင့်မည်ဟု ကျွန်တော်က အကြံပြုသော်လည်း ကိုမောင်က စိတ်မချ၍ထင်သည်။ လက်မခံခဲ့.. ထိုအချိန်မှာပင် ဆင်ရိုင်းတစ်အုပ်တစ်အုပ်ေ၇သောက်ဆင်းလာလေသည်။ ပထမဦးစွာ ရှေ့ပြေးကင်းသဘောဖြင့် ဆင်ရိုင်းတစ်ကောင်က နှာမောင်းကိုပင့်မြှောက်ပြီး ရန်သူအနံ့ကိုခံရင်း ဖြေးညင်းစွာလျှောက်လာလေသည်။ ထိုပထမဆင်ရိုင်းကို မြင်ကတည်းက ကိုမောင်က ကျွန်တော်တို့အားလုံးကို နှိုးလိုက်သည်။ မနှိုးလို့လည်းမဖြစ်.. ကျွန်တော်တို့အထဲတွင် ကိုလွင်နှင့် ကိုအောင်က အိပ်ရင်းဟောက်တတ်သောအကျင့်ရှိသဖြင့် အသံမထွက်စေရန် နှိုးလိုက်ခြင်းဖြစ်သည်။ အိပ်မှုန်စုတ်ဖွားဖြင့် အားလုံးနှိုးသောအချိန်တွင် ကင်းထောက်ဆင်က ရေစပ်သို့ပြင်ရောက်နေချေပြီ.. ကမ်းစပ်တွင် ဟိုဟိုဒီဒီကြည့်လိုက်ပြီး အော်ဟစ်လိုက်သည်.. ထိုအခါ တောထဲမှ ဆင်တစ်အုပ်ထွက်လာလေသည်။ ခွန်အားကြီးမားသော ဆင်ထီးကြီးများက ဆင်မကြီးများကို ၀န်းရံလျက်..ဆင်မကြီးများကလည်း ဆင်ပျိုများကို ၀န်းရံလျက်. ဆင်ပျိုများကလည်း ဆင်ပေါက်ကလေးများကို ၀န်းရံလျက် ထွက်လာကြသည်မှာ အသိညဏ်ရှိသောတိရစ္ဆာန်ဖြစ်ကြောင်း သက်သေပြနေသလိုဖြစ်နေသည်။ ထို့နောက် သစ်ပင်ကြီးအနားမှ ဖြတ်သန်းသွားပြီး စမ်းချောင်းထဲဆင်းသွားကြသည်။ စမ်းချောင်းတစ်လျှောက်တွင် ရေဆော့ကစားနေကြသောဆင်များ၏ အသံများမှာ ဆူညံလျက်ရှိသည်။ ထိုသဘာဝမြင်ကွင်းကို ကိုထက်က ဓါတ်ပုံရိုက်ချင်နေသည်မှာ တကဲကဲဖြစ်သည်။ ဖလက်ရှ်ဂမ်းပွင့်သွားပြီး ရန်ရှာမည်စိုးသဖြင့် ကိုမောင်က တားထားရသည်။ ထိုအချိန်တွင် ၀ုန်းဆိုသော အသံကြီး ကြားလိုက်ရပြီး ဆင်များ တောထဲသို့ ပြန်ပြေးကြရာ ပတ်ဝန်းကျင်တစ်ခုလုံး ကမ္ဘာပျက်သလို တ၀ုန်းဝုန်းဖြစ်နေလေတော့သည်။ ကျွန်တော်တို့လင့်စင်ဆောက်ထားသော သစ်ပင်ကြီးအနားမှ ဖြတ်ပြေးကြသဖြင့် သစ်ပင်ကြီးလည်း တုန်ခါနေပြီး လင့်စင်မှာလည်း တကျွီကျွီ အသံများထွက်နေသဖြင့် ဆင်တစ်ကောင်ကောင်ကများ သစ်ပင်ကြီးကို ၀င်ဆောင့်လိုက်ပါက ဆိုသော အတွေးက ကျွန်တော်တို့အားလုံးကို ခြောက်လှန့်နေသည်။ သို့သော် မကြာမှီမှာပင် အရာအားလုံးပြန်လည်တိတ်ဆိတ်သွားမှ သက်ပြင်းချနိုင်တော့သည်။ " လင့်စင်ပေါ်က မောင်ကြီးတို့ သိပ်လန့်သွားကြသလား... ဒီဘက်မှာတော့ ဒီလိုအဖြစ်တွေဖြစ်နေကျ ရိုးနေပါပြီ.. " ချိုသာသောအသံဖြင့် ချောမောလှပသောမိန်းမပျိုလေးတစ်ယောက်ကို လင့်စင်အောက်တွင် တွေ့လိုက်ရလေသည်။ ထိုမိန်းမပျိုလေးမှာ ရှေးခေတ်ဇာတ်ကားများတွင် မြင်တွေ့ရသောပုံစံအတိုင်း ဘီးစဘတ် ရင်ဖုံးအကျီအနက်ရောင်လေး ၀တ်ဆင်ထားလေသည်။ လရောင်အောက်တွင် ဖြူဝင်းလှသောမိန်းကလေး၏ အသားအရေမှာ ထင်းနေလေသောကြောင့် နတ်သမီးလေးတစ်ပါးပမာ ဖြစ်နေလေသည်။ " ခစ်ခစ်.. ဘာလို့များ အဲ့လောက်တောင် ကြည့်နေရတာလဲ မောင်ကြီးတို့ရဲ့.. ဒီမှာ နေတောင်မနေတတ်တော့ဘူး... ကျွန်မနာမည် အင်ကြင်းပါ.. ဒီအနားက ရွာတစ်ရွာကပါ.. အင်ကြင်းတို့ရွာမှာ ဒီည ပွဲတစ်ခုလုပ်တယ်လေ.. အရေးပေါ် သောက်ရေလိုလာလို့ သူငယ်ချင်းတွေနဲ့ ရေခပ်ထွက်လာရင်း ဆင်အုပ်ကြီးရောက်နေတာနဲ့ ကျောက်တုံးတစ်တုံး ပစ်ချပြီး ခြောက်လန့်လိုက်တာပါ.. ဒါနဲ့ မောင်ကြီးတို့က ဒီတော ဒီတောင်ထဲကို ဘာလာလုပ်တာလဲဟင်.. တောကလည်း နက်ပါဘိသနဲ့.. ဒီကြားထဲ သားရဲကြီးတွေ၊ မမြင်ရတဲ့ ပရလောကသားတွေကလည်း ခြောက်လှန့်တတ် ဖမ်းစားတတ်တယ်လေ.. မောင်ကြီးတို့ မကြောက်ကြဘူးလား.. " ကိုမောင်က အသံတိုးတိုးဖြင့် " ငါ အရင်တစ်ခေါက်တုန်းက တွေ့ခဲ့တာ ဒီကောင်မလေးပဲ.. အခု ဘာဆက်လုပ်ကြမလဲ.. " ကျွန်တော်ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီး " အစ်ကိုတို့က မြို့က တက္ကသိုလ်က ဘူမိဗေဒကျောင်းသားတွေပါ.. ဒီတော ဒီတောင် ဒီရေ ဒီမြေကို လေ့လာချင်လို့ ဆိုပါတော့... သားရဲတွေရဲ့ အန္တရယ်ကိုတော့ ကြောက်စရာမလိုပါဘူး.. သူငယ်ချင်း မုဆိုးတစ်ယောက်ပါ ပါတယ်.. " " အော် ဟုတ်ကဲ့ပါ.. သူငယ်ချင်းတို့ရေ.. လာကြတော့.. ရေခပ်ကြရအောင်.. " မိန်းကလေးက အသံပေးလိုက်သည်နှင့် တောထဲမှ ရေအိုးကိုယ်စီကိုင်ဆောင်ထားသော မိန်းမပျိုလေးငါးယောက်ထွက်လာကြလေသည်။ ထို့နောက် ရေခပ်ကြပြီး ကမ်းစပ်မှ ပြန်အတက်တွင်.. စောစောက အင်ကြင်းဆိုသော မိန်းမပျိုလေးက " အော်.. မောင်ကြီးတို့.. သတိမေ့တော့မလို့.. ဒီည ရွာမှာ ပွဲတစ်ခုလုပ်တယ်.. အဲဒါ ရွာကို အလည်လိုက်ခဲ့ကြပါလား.. နားနားနေနေပေါ့.. ရွာမှာတည်းခိုပြီး ရေမြေတွေကို လေ့လာမယ်ဆိုလည်း ရတာပဲလေ.. ဒီတောထဲက ထူးဆန်းတဲ့နေရာတွေကို အင်ကြင်းတို့လိုက်ပို့ပေးမှာပေါ့.. မကောင်းဘူးလား.. " ကျွန်တော် အားလုံးနှင့် တိုင်ပင်လိုက်သည်။ " ကိုမောင် .. ဘယ်လိုလုပ်ကြမလဲ.. " " အန္တရယ်တော့များတယ် ကိုမင်း.. ဒါပေမယ့် ကိုမင်းက သူတို့ရွာသွားချင်တယ်ဆိုတော့ အခွင့်အရေးပဲ.. ကိုမင်းသဘောကရော.. " " ကျွန်တော်ကတော့ ဖြစ်လာမယ့် ပြသနာကို ဒဲ့ပဲရင်ဆိုင်လိုက်ချင်တယ်.. ကျွန်တော်တို့လာတဲ့ ရည်ရွယ်ချက်ကလည်း အဲဒီရွာကိုသွားဖို့ပဲ ဆိုတော့ လိုက်သွားချင်တယ်.. ကိုမိုးတို့.. ကိုထက်တို့ သဘောကရော" " အင်း.. ရောက်နေမှတော့မထူးဘူး... လိုက်သွားလိုက်ကြမယ်.." အားလုံးသဘောတူသဖြင့် " ဟုတ်ကဲ့.. ကျေးဇူးတင်ပါတယ်.. ဒါဆိုလည်း လိုက်ခဲ့မယ်လေ.. " မိန်းမပျိုလေးက ၀မ်းသာသွားသော အမူအယာဖြင့်.. " တကယ်လား.. ၀မ်းသာလိုက်တာ.. အစ်ကိုတို့သာ ပါရင် အဖေ အရမ်းပျော်မှာ.. ကျွန်မတို့ရွာကို ဧည့်သည်သိပ်မလာတတ်ဘူးလေ.. " ကျွန်တော်တို့အားလုံး လင့်စင်ပေါ်မှာဆင်းပြီး အင်ကြင်းဆိုသောမိန်းကလေးနောက်သို့လိုက်လာခဲ့လေသည်။ အားလုံးကိုတွေ့သောအခါ ကိုမောင်ကို အင်ကြင်းကသေချာကြည့်ပြီး အဓိပ္ပါယ်ဖော်ရခက်သော အပြုံးတစ်ခုကို ပြုံးပြလိက်ပြီး ရှေ့ဆက်သွားလေသည်။ သိပ်မကြာခင် ပတ်ပတ်လည် သစ်လုံးတိုင်များကာရံထားသော ရွာတစ်ရွာကိုတွေ့မြင်လိုက်ရလေသည်။ အင်ကြင်းမှာ သူမ၏ ရွာကို မြင်သည်နှင့် ခြေလှမ်းပိုသွက်သွားပြီး " လာလာ.. အစ်ကိုတို့.. ဟိုအရှေ့ကမြင်နေရတာ ကျွန်မတို့ရွာပဲ.. " ရွာခြံစည်းရိုးတစ်လျှောက်တွင် မီးတိုင်များထွန်းညှိထားပြီး အ၀င်အ၀တံခါးနားရောက်သည်နှင့် အတွင်းမှ အစောင့်ဖြစ်ဟန်တူသော လူတစ်ယောက်က ခြံစည်းရိုးတိုင်ပေါ်တွင် မီးတုတ်တစ်ချောင်းကိုင်ပြီး ပေါ်ထွက်လာသည်။ " ဟိတ်.. ဘယ်သူလဲ.. " " အင်ကြင်းပါ.. ဒီမှာ ဧည့်သည်တွေလည်းပါလာတယ်.. တံခါးမြန်မြန်ဖွင့်.. " အင်ကြင်းစကားဆုံးသည်နှင့် ဂိတ်တံခါးကြီး ပွင့်လာလေသည်။ ရွာလည်လမ်းတလျှောက်တွင် ကညင်ဆီ မီးတုတ်များထွန်းထားသဖြင့် ညဘက်ဖြစ်သော်လည်း နေ့ခင်းအလား လင်းထိန်နေလေတော့သည်။ အိမ်များအတွင်း လှမ်းကြည့်လိုက်ရာ အိမ်တိုင်းလိုလိုမှောင်မဲနေပြီး တိတ်ဆိတ်နေသည်ကိုတွေ့ရလေသည်။ ယုတ်ဆွအဆုံး ခွေးဟောင်သံတောင်မကြားရချေ။ လမ်းတစ်လျှောက် ကျွန်တော်တို့၏ ခြေသံများမှအပတိတ်ဆိတ်နေသောကြောင့် ကျွန်တော်တို့အားလုံး စိတ်ထဲတွင် မရဏလမ်းသို့သွားသောလမ်းဖြစ်နေသလို စိတ်ထဲမှစိမ့်ပြီး ကြောက်ရွံ့လာသည်။ အခြေအနေကို ရိပ်စားမိသော အင်ကြင်းက " ရွာက အိမ်တွေမှာ လူတွေမရှိလို့ အစ်ကိုတို့လျှောက်တွေးနေကြတယ်ထင်တယ်.. လျှောက်မတွေးပါနဲ့ အစ်ကိုတို့ရယ်.. အင်ကြင်းပြောထားသားပဲ.. ဒီနေ့ပွဲတော်လုပ်ပါတယ်ဆို.. အဲဒီကိုရောက်နေကြတာဖြစ်မှာပေါ့.. " ကျွန်တော် ဘာမှဆက်မတွေးတော့ဘဲ ဆက်လျှောက်လာခဲ့ရာ.. မကြာမှီမှာပင် ကွင်းပြင်ကျယ်ကြီးတစ်ခုတွင် လူများဝိုင်းထိုင်နေသော မီးပုံကြီးတစ်ပုံကိုတွေ့လိုက်ရလေသည်။ ထိုလူများကြားထဲတွင် ကလေးများ၊ မိန်းမများ၊ ယောင်္ကျားများကိုသာတွေ့ရပြီး သက်ကြီးသူများ လုံးဝမတွေ့ရချေ။ ထိုလူများ၏ မျက်နှာများမှာ ခံစားချက်မဲ့နေသောပုံများဖြစ်ပြီး မီးရောင်အောက်တွင် အသေကောင်ကြီးများထိုင်နေသလို ငြိမ်သက်နေကြသည်။ ထိုမီးပုံကြီးပေါ်တွင် ဘာမှန်းမသိသော အသားတုံးကြီးတစ်ခုကို ကင်ထားသည်ကိုတွေ့လိုက်ရလေသည်။ ထိုလူအားလုံးတို့၏ ထိပ်ဆုံးရှိ ကြီးမားလှသော ခုံကြီးတစ်ခုံပေါ်တွင် ယောင်ကိုတစ်စောင်းထုံးထားသော နှုတ်ခမ်းမွှေးကြီးနှင့် လူကြီးတစ်ယောက်ကိုတွေ့လိုက်ရလေသည်။ ထိုလူကြီးနားသို့ အင်ကြင်းပြေးသွားပြီး " အဖေရေ.. ဒီမှာ ဧည့်သည်တွေပါလာတယ်.. မြို့က ကျောင်းသားတွေတဲ့.. " ထိုလူကြီးမျက်နှာ ပြုံးရွှင်သွားပြီး " လာကြ..လာကြ.. တူတော်မောင်တို့ ရောက်လာတာ ဦးရီးသိပ်ဝမ်းသာတာပဲကွာ.. ဦးရီးနာမည်လည်း မှတ်ထားပေါ့ .. ဦးဒီပ တဲ့.. ဦးရီးရဲ့ သမီးနဲ့တော့ မောင်ရင်တို့ ရင်းနှီးကြပြီးဖြစ်မှာပါ.. ကဲ.. တစ်ယောက်လာခဲ့စမ်းဟေ့.. ဧည့်သည်တွေကို ထိုင်စရာနေရာတစ်ခုပေးလိုက်.. ငါ့တို့ပွဲတော်နေ့မှာ ဧည့်သည်တွေရောက်လာတာ.. မင်္ဂလာတစ်ခုပဲ.. ဘာမှ လိုလေသေးမရှိစေနဲ့.. ငါတို့ရဲ့ပွဲတော်မှာ ဧည့်သည်တွေ ပျော်ရွှင်သွားစေရမယ်. " ဦးဒီပ ပြောပြီးသည်နှင့် ထိုးကွင်းမှင်ကြောင်များဖြင့် ခါးထောင်းကျိုက်ထားသော လူများက ထိုင်ခုံများကို ယူဆောင်လာပြီး ရောက်ရှိလာကြလေသည်။ ထိုင်နေသော လူအုပ်ဘက်သို့ လှမ်းကြည့်လိုက်ရာ ထိုလူအုပ်မှာ မမှိတ်မသုန်သော မျက်လုံးများဖြင့် ကျွန်တော်တို့ကို ကြည့်နေသည်ကို တွေ့လိုက်ရလေသဖြင့် ကျောထဲစိမ့်တက်သွားသည်။ မကြာမှီမှာပင် ဘယ်ကမှုတ်လိုက်သော ခရာသံမှန်းမသိ တစ်ချက်ကြားလိုက်ရပြီး ပတ်ဝန်းကျင်မှ ကညင်ဆီမီးတိုင်အားလုံးရော မီးပုံကြီးပါ ရုတ်တရတ်ပျောက်ကွယ်သွားသည်။ လပြည့်ညဖြစ်သော်လည်း လကို တိမ်ကကွယ်နေသဖြင့် မှောင်မည်းလွန်းလှသည်။ ထိုစဉ် အနီးပတ်ဝန်းကျင်တစ်ခုလုံး အေးစိမ့်သွားပြီး ၀ိုးတ၀ါးအရိပ်ဖြူများက ကျွန်တော်တို့အနားသို့တရွေ့ရွေ့တိုးကပ်လာလေသည်။ ကျွန်တော်တို့အားလုံးကြောက်လန့်သလိုဖြစ်နေသွားပြီး ကြက်သီးတွေထ ခေါင်းတွေကြီးကုန်သည်။ အတူတွဲထိုင်နေသူအချင်းချင်းလက်ချင်းထိထားလိုက်ကြပြီး ဘုရားဂုဏ်တော် စရွတ်မိသည့်အချိန်တွင် မီးများပြန်တောက်လာပြီး ပတ်ဝန်းကျင်မှ အေးစိမ့်မှုများလည်း ပျောက်ကွယ်သွားသည်။ ကျွန်တော်တို့ မယုံကြည်နိုင်ဖွယ်ရာ အဖြစ်အပျက်ကြောင့် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိကြသည်။ " ဟားဟား.. သိပ်လန့်သွားကြသလား.. တူတော်မောင်တို့.. အဲဒီ စိတ်ထဲဝင်ရောက်ပူးကပ်ခြင်းလို့ အဓိပ္ပါယ်ရတဲ့ ပညာပဲ.. ရှိခြင်းနဲ့မရှိခြင်း ဖြစ်ခြင်းနဲ့ မဖြစ်ခြင်းကြားက တူတော်မောင်တို့ စိတ်ထဲမှာ ပေါ်တဲ့အတိုင်း စိတ်ကကြောက်လန့်နေတယ်ဆိုရင် ကြောက်လန့်စရာတွေမြင်မယ်.. စိတ်ကပျော်ရွှင်နေတယ်ဆိုရင် ပျော်ရွှင်စရာတွေမြင်မယ်.. အဲဒီနည်းပါပဲ.. ကဲကဲ.. ဧည့်သည်တော်ကြီးတွေအတွက် အစားအသောက်တွေချပေးလိုက်ကြဟေ့.. " မီးပုံတွင် ကင်ထားသောအသားများထဲမှ တချို့တ၀က်ကို ဖဲ့လိုက်ပြီး အရင်ဆုံး ရွာလူကြီးဖြစ်သည့် ဦးဒီပကို အရင်ပေးသည်။ ထို့နောက် အသားတုံးများကို ပန်းကန်ပြားများတွင် ထည့်လိုက်ပြီး ကျွန်တော်တို့ရှေ့သို့ရောက်လာကြသည်။ ကိုမိုးက ကျွန်တော် အနားနားကပ်လျက်.. " စောစောက ပြသွားတဲ့ပညာရပ်က အရမ်းအံ့သြစရာပဲနော်.. ဒီပညာရပ်က တော်ရုံလူတွေတောင်မလုပ်နိုင်ဘူး.. အခု ကျွန်တော်တို့အားလုံးရဲ့ စိတ်ထဲမှာ ဖြစ်နေတာတွေကို သူသိအောင် တမင်ပညာပြလိုက်တဲ့သဘောပဲ.. " " ဟုတ်တယ် ကိုမိုး.. ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ သတိတော့လစ်လို့မရဘူး.. တခြားလူတွေကိုလည်း ပြောထားလိုက်ပါ... ဒီရွာက ဘာကျွေးကျွေးမစားဖို့.. " " စိတ်ချ.. ကျွန်တော်ပြောထားလိုက်မယ်.. " သူတို့ကျွေးသော အစားအစာများကို ကျွန်တော်တို့အားလုံးက စားချင်ယောင်ဆောင်ပြီး အိတ်တစ်ခုထဲသို့ ထည့်ထားလိုက်လေသည်။ " ကဲ တူတော်မောင်တို့ပင်ပန်းနေကြပြီ.. ဒီရွာမှာ ကျုပ်က ရွာလူကြီးဆိုတော့ ကျုပ်အိမ်မှာပဲ တည်းပေါ့.. ဘာမှအားနာစရာမလိုဘူးနော်.. " ပြောပြီးသည်နှင့် အနားမှအင်ကြင်းကိုခေါ်ကာ တိုးတိတ်စွာမှာကြားနေလေသည်။ " ကဲ တူတော်မောင်တို့ကို ကျုပ်သမီးက လမ်းပြခေါ်သွားလိမ့်မယ်.. သူ့နောက်သာလိုက်သွားကြပေတော့.. ကျုပ်ကတော့ ကျုပ်မိတ်ဆွေတွေနဲ့ ချိန်းထားသေးလို့ စောင့်လိုက်အုန်းမယ်.. " " ဟုတ်ကဲ့ပါ.. ဦး.. ကျေးဇူးတင်ပါတယ်.. " ထို့နောက် အင်ကြင်း၏ခေါ်ဆောင်မှုဖြင့် သူ၏အိမ်သို့လိုက်လာခဲ့သည်။ ဦးဒီပ၏အိမ်မှာ ကြီးမားလှသောအိမ်ကြီးတစ်လုံးဖြစ်ပြီး နှစ်ထပ်အိမ်ဖြစ်သည်။ အင်ကြင်းက ကျွန်တော်တို့နေရမည့်အခန်းများကို ညွှန်ပြပြီး " ကဲ.. အစ်ကိုတို့ .. ကိုယ့်အိမ်လိုသဘောထားပြီး လွတ်လွတ်လပ်လပ်နေလို့ရတယ်နော်..အော်.. ပြောဖို့မေ့နေလိုက်တာ.. ဒီအိမ်ကြီးရဲ့နောက်ဘက်က အဆောင်လေးကိုတော့မသွားနဲ့နော်.. အဲဒီအဆောင်လေးအနားကို ဘယ်သူမှ မသွားရဘူးလို့ အဖေကိုယ်တိုင် အမိန့်ထုတ်ထားလို့ပါ.. ကဲ.. နားကြတော့နော်.. " " ခဏလေး မအင်ကြင်း... အခု မအင်ကြင်းတို့ ရွာနာမည် ဘယ်လိုခေါ်လဲဟင်.. " ကျွန်တော်မေးလိုက်သည်။ " သက်..မဲ့.. ရွာ.. သက်မဲ့ရွာလို့ခေါ်ပါတယ်.. အစ်ကို.. " " ကျွန်တော်နာမည် မင်းမနိုင်ပါ.. ဒါက ကိုမိုး..ဟိုဘက်က ကိုထက်.. အနောက်က ကိုလွင်နဲ့ ကိုအောင်.. ဒီဘက်ကတော့ ကိုမောင် တဲ့.. အခုမှပဲ မိတ်ဆက်ဖြစ်တော့တယ်.. ခင်မင်ခွင့်ရတာရော.. အခုလိုရွာကိုဖိတ်ခေါ်ပြီး ဂရုစိုက်တည်းခိုးခွင့်ပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်.. မအင်ကြင်း.." " အင်ကြင်းလို့ပဲ ရင်းရင်းနှီးနှီးခေါ်နိုင်ပါတယ်.. အစ်ကိုမင်းမနိုင်.. " " ဟုတ်ကဲ့.. ဒါနဲ့ ဒီရွာကို ဘာလို့သက်မဲ့ရွာလို့ ခေါ်တာလဲဟင်.. " " ဒီအကြောင်းပြောပြရင်တော့ တော်တော်ရှည်တယ်.. ဒါပေမယ့် နာမည်ဆိုတာ ပညတ်ချက်တစ်ခုပါပဲ.. " အင်ကြင်းက ပြောမပြလိုဟန် ပြောသောကြောင့် ဆက်မေးမည့်အကြံကို လက်လျော့လိုက်ပြီး " အော် ဟုတ်တာပေါ့.. စပ်စုသလိုဖြစ်သွားရင် ခွင့်လွတ်ပါနော်.. " " ဟုတ်ကဲ့.. ရပါတယ်ရှင်.. တခြားမေးစရာမရှိတော့ဘူးဆိုရင် ကျွန်မလည်း သွားနားတော့မယ်နော်... " " ဟုတ်ကဲ့.. ကောင်းသောညလေးဖြစ်ပါစေ.. " အင်ကြင်း အခန်းရှေ့မှထွက်ခွာသွားသည်။ ကိုမောင်က " ကိုမင်းရေ.. ကိုမင်း သိပ်ရောက်ချင်နေတဲ့ သက်မဲ့ရွာကိုတော့ ရောက်လာပြီ.. ဘာဆက်လုပ်ကြမလဲ... " " အဘိုးဖြူ ရဲ့ ပြောစကားအရဆိုရင် သဲသဲရဲ့ အသက်ဗူးက ဒီရွာလူကြီး ဦးဒီပရဲ့အိမ်မှာ ရှိကိုရှိရမယ်.. ဒါပေမယ့် ဘယ်မှာလိုက်ရှာရမလဲ.. " " ပြောရရင်တော့ ခုချိန်က လှုတ်ရှားလို့ အကောင်းဆုံးပဲ.. ကျွန်တော်တို့လူခွဲရှာကြမယ်.. " ကိုမောင်က ပြောသည်။ ကိုထက်က " သူများအိမ်မှာတည်းပြီး အဲဒီလိုလျှောက်ရှာလို့ သင့်တော်ပါ့မလား.. " " ကိုထက်ရေ.. ခုချိန်မှာ ကျွန်တော်တို့ရှာနေတဲ့ သက်မဲ့ရွာကိုလည်း ရောက်နေပြီ.. ရွာလူကြီးအိမ်ကိုလည်း ရောက်နေပြီ.. သဲသဲကိုကယ်ဖို့အတွက် ခုချိန်မှာ သင့်တော်တာတွေ မသင့်တော်တာတွေ ကျွန်တော် စဉ်းစားမနေချင်တော့ဘူး.. ဖြစ်သမျှအကြောင်းကို ကျွန်တော်တို့ရင်ဆိုင်ကြရမယ်.." " ကဲပါ.. ဟုတ်ပါပြီ.. ရှာတာတော့ ဟုတ်ပါပြီ.. အသက်ဗူးက ဘယ်လိုပုံစံလဲမှ.. ကျွန်တော်တို့မသိတာ.. ဘယ်လိုရှာကြမလဲ.. " ကိုအောင်က တွေးဆပြီးပြောသည်။ " ဒါကတော့ ဟုတ်တယ် ကိုမင်း.. ဘယ်လိုလုပ်ကြမလဲ.. " ကိုမိုးက ထောက်ခံလိုက်ရင်း မေးလိုက်သည်။ အမေးစကား ရှိသော်လည်း အဖြေစကားမရှိချေ။ သဲသဲကိုကယ်ချင်စိတ်သာရှိပြီး အသက်ဗူးက ဘယ်လိုပုံစံရှိသည်ကိုပင် ကျွန်တော်မသိ.. " အားလုံး ခဏလေးဗျာ.. စောစောက အင်ကြင်းပြောတဲ့စကားထဲမှာ အိမ်ကြီးရဲ့ အနောက်ဘက်အဆောင်လေးကိုမသွားဖို့မှာတဲ့ စကားပါတယ်.. ဒါဆို အဲဒီအဆောင်လေးက ဘာထူးခြားလို့လဲ.. သဲသဲရဲ့ အသက်ဗူးထားတဲ့နေရာများလား.. ဘာပဲဖြစ်ဖြစ်တစ်ခုခုတော့ ထူးခြားမှာသေချာတယ်.. ငါတို့သွားကြည့်ကြမယ်.. " " အင်း.. လောလောဆယ်တော့ အဲဒီလိုလုပ်တာပိုကောင်းတယ်.. ဒါပေမယ့် အန္တရယ်တွေလည်းရှိနိုင်တယ်နော်.. " ကိုမောင်ကပြောလေသည်။ " ကျွန်တော် စဉ်းစားထားတာ တစ်ခုရှိတယ် ကိုမောင်.. အဘိုးဖြူပေးထားတဲ့ လက်စွပ်ကလေးက ထူးခြားမှုရှိတာ အမှန်ပဲ.. ကျွန်တော်လည်း လိုရမယ်ရ ပရိတ်ရည်ပါ ယူလာခဲ့တယ်.. အဖိုးဖြူပေးတဲ့လက်စွပ်ကို ပရိတ်ရည်ထဲ စိမ်ပြီး တစ်ယောက်တစ်ခွက်သောက်ထားလိုက်ကြမယ်.. နောက်ပြီး ပရိတ်ချည်လေးတွေကို ကြိုးကွင်းလေးတွေလုပ်ပြီး လည်ပင်းမှာ ချည်ထားလိုက်ကြမယ်.. အရံအတားလေးတစ်ခုတော့ဖြစ်တာပေါ့.. ကိုမောင်.. ကိုမောင့်ရဲ့ မြှားတံထိပ်ကလေးတွေမှာ ပရိတ်ရည်လေးတွေဆွတ်ထားလိုက်နော်.. အခုလို သွားတဲ့လမ်းက အန္တရယ် သိပ်များတယ်.. နောက်ဆုံး ကိုယ့်အသက်ကိုယ်ပါ ဒီရွာမှာ ထားခဲ့ရင် ထားခဲ့နိုင်တယ်.. ဒါကြောင့် သဲသဲရဲ့ အသက်ဗူးကိုရပြီး ကျွန်တော်တစ်ခုခုဖြစ်ခဲ့ရင် အဲဒီအသက်ဗူးလေးကို သဲသဲရဲ့ အဖေနဲ့အမေလက်ထဲကို သေချာထည့်ပေးပါ.. " " ကိုမင်း.. ဘာတွေလျှောက်ပြောနေတာလဲ.. ကျွန်တော်တို့အားလုံး ဘာမှမဖြစ်နိုင်ပါဘူး.. " ကိုမိုးက ပြောလေသည်။ " မဟုတ်ဘူး.. ကိုမိုး.. ကျွန်တော် နောက်ဆုံး အဆုံးစွန်ကို တစ်ခါတည်းပြောထားတာ.. ကျွန်တော် အသက်ရှင်လျက် သဲသဲနဲ့ ပြန်တွေ့နိုင်အောင် ကြိုးစားမှာပါ.. " ကျွန်တော်ရဲ့ ပရိတ်ရည်မှာ အားလုံးအတွက် မလောက်မငဖြစ်နေလေသည်။ ထိုအခါ ကိုအောင်က သူ၏ အထုတ်ကြီးကို ဖွင့်ထုတ်လိုက်ပြီး " အထဲမှာ ဘာတွေပါလဲဆိုတာ အားလုံး သိချင်နေကြတယ် မဟုတ်လား.. ဖွင့်ကြည့်လိုက်ကြ.." ကိုအောင်၏ အိတ်ထဲတွင် ပုံးကြီးများဖြင့်ထည့်ထားသော အရည်များတွေ့လိုက်ရလေသည်။ " ဟာ.. ကိုမောင်.. ဘာရည်တွေလဲ.. " " ပရိတ်ရည်တွေလေကွာ.. ငါတို့ ခရီးလမ်းမှာ ဒါတွေက မရှိမဖြစ်လိုလာမှာပဲ ဆိုပြီး ငါယူလာတာ.. ခုတော့ လိုအပ်မှန်း သိကြပြီ မဟုတ်လား.. " " ကိုအောင်က ဘယ်ဆိုးလို့လဲ.. ရှေ့ရေးကို ကြိုမြင်သားပဲ... ကဲကဲ.. ကိုအောင်ရဲ့ ပရိတ်ရည်တွေကို သောက်သင့်တာသောက်ပြီး ကိုယ်ပေါ်လောင်းသင့်တာလောင်းထားလိုက်ကြပေါ့.. " ကိုအောင်ကတော့ သူ့ကို ချီးကျူးနေသဖြင့် သူ့မျက်နှာက ပြုံးချိုနေလေသည်။ ထိုအချိန်မှာပဲ အိတ်ထဲတွင် တစ်ခုခုလှုတ်လာသည်ကို သတိထားမိပြီး ဖွင့်လိုက်ရာ ဖားရုပ်ကလေး ခုန်ထွက်လာသည်ကိုတွေ့လိုက်ရသည်။ ထို့နောက် အခိုးအငွေ့များထွက်ပေါ်လာပြီး နီလာဒေ၀ီပေါ်ထွက်လာလေသည်။ ကျွန်တော်မှလွဲပြီး အားလုံး အံ့သြသွားသည်။ " ဒီနေရာရောက်မှ ကျွန်မရဲ့အကြောင်းကို အားလုံးသိအောင် ဆုံးဖြတ်ထားလို့ အခု ကျွန်မပေါ်ထွက်လာရတာပါ.. ကျွန်မက နီလာဒေ၀ီပါ.. အဖြစ်အပျက်တွေကိုတော့ နောက်မှ ကိုမင်းမနိုင် ရှင်းပြပါလိမ့်မယ်.. အိမ်နောက်ဖေးက အဆောင်မှာ သဲသဲရဲ့ အသက်ဗူးကိုထားတာ မဟုတ်ပါဘူး.. " " ဟင်.. " " ဟာ.." ကျွန်တော်တို့အားလုံး အံ့သြသွားသည်။ ဒီလောက်တင်းကြပ်ထားသည့်အဆောင်တွင် သဲသဲ၏ အသက်ဗူးထားတာမဟုတ်သဖြင့် စိတ်လည်းပျက်သွားသည်။ " ကျွန်မစကားမဆုံးသေးပါဘူး.. ဒီအနောက်ဘေးအဆောင်မှာထားတာ မိန်းမကြီးတစ်ယောက်ပါ.. ပြောရရင်တော့ ဒီရွာကို စတင်တည်ထောင်ခဲ့တဲ့ စုန်းမကြီးပေါ့.. " ကျွန်တော်တို့ ပိုပြီး အံ့သြသွားသည်။ " ဟင်.. စုန်းမကြီးဆိုပါလား.. " ကိုမောင်က တအံ့တသြပြောသည်။ နီလာဒေ၀ီက ဆက်ပြီး " ဟိုအရင်တုန်းကတော့ ကျွန်မကိုပိတ်လှောင်ထားတဲ့ အောက်လမ်းဆရာနဲ့ခင်မင်ပြီး အရမ်းအစွမ်းထက်ပြီးဆိုးသွမ်းတဲ့ စုန်းမကြီးတစ်ယောက်ပေါ့.. ဒါပေမယ့် တစ်ခါက အောက်လမ်းစီရင်ရင်းနဲ့ အမှတ်မထင် ဘုန်းတော်ကြီးတစ်ပါးနဲ့ တွေ့ပြီး အစီအရင်တွေ ပျက်သွားတယ်.. အဲဒါကို အငြိုးထားပြီး ဘုန်းတော်ကြီးကို အောက်လမ်းနဲ့စီရင်ဖို့ဆုံးဖြတ်လိုက်တယ်.. ဒါပေမယ့် ဘယ်လိုပဲအောက်လမ်းတွေနဲ့ အစီအရင်တွေပဲ လုပ်လုပ် ဘုန်းတော်ကြီးကို ဒုက္ခမပေးနိုင်ခဲ့ဘူး..နောက်ဆုံး ဘုန်းတော်ကြီးက အတန်တန်ဆုံးမ တရားချလိုက်တော့ နောင်တရပြီး အောက်လမ်းနည်းတွေကို စွန့်လွတ်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်..အခု ဦးဒီပဆိုတာအဲဒီအောက်လမ်းဆရာမကြီးရဲ့မောင်ပဲ.. သူလည်းအောက်လမ်းတွေကို သူ့အစ်မစုန်းမကြီးဆီက ဆက်ခံလိုက်ရလို့ တက်တယ်.. နောက်ဆုံး အရမ်းအစွန်းရောက်သွားပြီး ပရလောကသားတွေနဲ့ ဒီရွာကိုတည်ထောင်လိုက်တယ်.. ဒီရွာကိုကြီးကျယ်လာအောင် မြို့ကြီးတစ်မြို့ဖြစ်အောင် တည်ထောင်ဖို့ ကြိုးစားလာတော့တယ်.. အဲဒီအတွက် အနယ်နယ်အရပ်ရပ်က စုန်းတွေ၊အောက်လမ်းဆရာတွေနဲ့ မိတ်ဆွေဖွဲ့ပြီး အကူအညီတောင်းခံခဲ့တယ်.. စောစောက စုန်းမကြီးအကြောင်းကို ဆက်ရရင် အဲဒီစုန်းမကြီးက အရင်တုန်းကလို သူ့မောင်နဲ့ အတူတူမနေတော့ဘူး.. သူ့ရဲ့ အောက်လမ်းပညာစွန့်လွတ်မှုကိုလည်း သူ့မောင်ကို မပြောပြခဲ့ဘူး..ကူလည်း မကူညီတော့ဘူး.. ဦးဒီပက သူ့အစ်မကို အရမ်းချစ်တော့ သူ့ကိုမကူညီတဲ့အတွက် စိတ်မကြည်ပေမယ့် ဘာမှမပြောရဲခဲ့ဘူး.. အရင်တုန်းက အဲဒီစုန်းမကြီးက သူ့ထက်လည်း ပညာမြင့်တယ်လေ.. စုန်းမကြီးက သူနေတဲ့နေရာကို သူ့မောင်ကိုလည်း မလာခိုင်းတော့တဲ့အပြင် ဘယ်သူ့ကိုမှ မလာခိုင်းတော့ဘူး.. အဲဒီအတွက် ဦးဒီပက အဲဒီအဆောင်ဘက်ကို ဘယ်သူမှ မသွားရဘူးလို့ အမိန့်ထုတ်ထားခဲ့တာပဲ... " " ဒါဆို သဲသဲရဲ့ အသက်ဗူးကရော.. ဘယ်မှာလဲ.. သဲသဲကိုရော ဦးဒီပက ဘာကြောင့် ရန်ရှာရတာလဲ.. " ကျွန်တော်မေးလိုက်သည်။ " သဲသဲရဲ့အသက်ဗူးဘယ်မှာထားလဲ ဆိုတာ ကျွန်မမသိဘူး.. ဦးဒီပရဲ့ အစ်မပဲ သိနိုင်လိမ့်မယ်.. သဲသဲက အရင်ဘ၀တုန်းက ဦးဒီပရဲ့သမီးပဲ.. ဦးဒီပမှာ သမီးနှစ်ယောက်ရှိတယ်.. မာလာနဲ့ အင်ကြင်းဆိုတဲ့ သမီးနှစ်ယောက်ပဲ.. မာလာကအကြီး.. အင်ကြင်းက အငယ်.. ဒါပေမယ့် မာလာအသက်ဆယ်နှစ်လောက်မှာ မြွေကိုက်ပြီး ဆုံးပါးသွားရတယ်.. အဲဒီအချိန်တုန်းက ဦးဒီပ အရမ်းဝမ်းနည်းခဲ့ရတယ်.. မာလာကို အသက်ပြန်သွင်းပေးချင်ပေမယ့်အောက်လမ်းပညာသင်နေတုန်းကာလမို့ ဘာမှမတတ်သာတော့ဘူး.. အဲဒါနဲ့ အစ်မဖြစ်တဲ့ စုန်းမကြီးကို အကူအညီတောင်းကြည့်လိုက်တော့ အချိန်နောက်ကျသွားပြီး မာလာရဲ့ ၀ိညဉ်က ပရလောကမှာ မရှိတော့ဘူး.. ဒါကြောင့် ဘယ်လိုမှကူညီလို့မရတော့ဘူးဖြစ်သွားတယ်.. အဲဒီနေ့ကစပြီး ဦးဒီပက သူ့သမီး မာလာရဲ့ရုပ်အလောင်းကိုဆေးစီရင်ပြီး မပုတ်မသိုးအောင်ထားခဲ့တယ်.. တစ်နေ့နေ့မှာ မာလာရဲ့ ၀ိညာဉ်ကို အသက်ပြန်သွင်းမယ်ဆိုတဲ့ ဆန္ဒနဲ့ပေါ့.. တစ်ရက်တော့ ဦးဒိပက ဓါတ်ဖန်လုံးနဲ့ကြည့်လိုက်တဲ့အခါ မာလာရဲ့ဝိညာဉ်က လူဝင်စားအဖြစ်နဲ့ သဲသဲအဖြစ် ပြန်ဝင်စားနေတာကိုတွေ့လိုက်ရတယ်.. ချက်ချင်း ၀ိညာဉ်နှုတ်ပြီး မာလာ့ကို အသက်သွင်းပေးချင်ပေမယ့် ဘာသာတရားကိုင်းရှိုင်းတဲ့ သဲသဲရဲ့မိဘတွေနဲ့ သဲသဲကလည်း ဘာသာတရားကိုင်းရှိုင်းတော့ အလွယ်တကူမလုပ်နိုင်ခဲ့ဘဲ တဖြေးဖြေးချင်း အမှောင်ဓါတ်တွေကို သဲသဲဆီထည့်ပေးခဲ့တယ်.. နောက်ဆုံး သဲသဲရဲ့ အသက်ဗူးကို ယူနိုင်တဲ့အထိပဲ.. " " ဒါဆို သဲသဲရဲ့ဝိညာဉ်ကို မာလာရဲ့ခန္ဓာကိုယ်ထဲ ထည့်မလို့ပေါ့ ဟုတ်လား.. " ကိုလွင်ကမေးလိုက်သည်။ " ဟုတ်တယ် အဲဒီသဘောပဲ .. ဒါပေမယ့် အခုတော့အသက်သွင်းလို့ မရသေးဘူး.. အစီအရင်တွေလုပ်နေတယ်.. အချိန်အခါမကျသေးလို့ မလုပ်သေးတာ.. ဒါပေမယ့် အစီအရင်တွေက ပြီးခါနီးပြီ.. သဲသဲရဲ့ အသက်ဗူးကို အမြန်ယူမှ ဖြစ်တော့မယ်.. ကဲကဲ..အချိန်မရှိတော့ဘူး.. ဦးဒီပရဲ့ အစ်မဆီ အမြန်သွားလိုက်ကြတော့..." ပြောပြီးသည်နှင့် အခိုးအငွေ့များအဖြစ် ဖားရုပ်ကလေးထဲသို့ ပြန်ဝင်သွားသည်။ အဘိုးဖြူပြောသော ကမ္ဘာပေါ်တွင် အကောင်းဆုံးမိန်းမဆိုသည့်သဘောကို နားလည်သွားသည်။ ကိုယ်မှားသော အမှားကို အချိန်မှီပြန်လည်ပြင်ဆင်ပြီး အကောင်းဆုံးကို ဆောင်ရွက်သောလူလောက် ကောင်းမွန်တာမရှိချေ။ နီလာဒေ၀ီ၏ ပြောစကားကြောင့် ကျွန်တော်တို့အားလုံးအိမ်ကြီးထဲမှထွက်ပြီး ခြံထဲမှ အနောက်ဘက်အဆောင်ဆီသို့ခြေလှမ်းများကို ဦးတည်လိုက်သည်။ အိမ်ထဲမှ ထွက်ပြီး သိပ်မကြာခင်မှာပင် ကျွန်တော်တို့သွားမည့်လမ်းတွင် ခွေးအကြီးကြီးနှစ်ကောင် ပိတ်ရပ်နေသည်ကိုတွေ့လိုက်ရလေသည်။ ခွေးကြီးများမှာ ခန္ဓာကိုယ်ကြီးမားလှပြီး မျက်လုံးများမှာလည်း ရဲရဲနီနေလေသည်။ ကျွန်တော်တို့ကို မြင်သည်နှင့် ကျယ်လောင်သော အသံများပြုပြီး ပြေးလာလေသည်။ ကိုမောင်က ဒူးလေးထဲမှာ မြှားတံများဖြင့် လျှင်မြန်စွာ ပစ်ခတ်လိုက်လေသည်။ မြှားတံထိပြီး ခွေးကြီးများ လဲကျငြိမ်သက်သွားတော့သည်။ များမကြာမှီအချိန်အတွင်းမှာပင် အခိုးအငွေ့များဖြစ်ကာ ပျောက်ကွယ်သွားသည်ကို အံ့သြစဖွယ် မြင်တွေ့လိုက်ရလေသည်။ ခွေးကြီးများ၏ အသံများကြောင့် ပတ်ဝန်းကျင်မှ အပင်ကြီးများ ယိမ်းထိုးသွားပြီး အပင်ပေါ်မှာ အရိပ်မည်းမည်းများဆင်းလာကြလေသည်။ များပြားလွန်းလှသည်။ ကိုမောင်လည်း မြှားဖြင့် ကာပစ်ပေးပြီး ကျွန်တော်တို့နှင့်အတူ ပစ်ပြေးပြေးတော့သည်။ ကိုမောင် မြှားမမှီလိုက်သောအခါ အနားသို့ရောက်လာသော မည်းမည်းအကောင်းကြီးများမှာ တစ်ယောက်ယောက်က လွင့်ပစ်လိုက်သည့်အလား လွင့်ထွက်သွားသောကြောင့် နီလာဒေ၀ီကူညီနေပြီဖြစ်ကြောင်း သိလိုက်ရလေသည်။ အရှေ့တွင် အနောက်ဘက်အဆောင်သို့ရောက်တော့မည်.. အဆောင်ငယ်လေးမှာ ခြံစည်းရိုးကာရံထားပြီး အိမ်လေးတစ်လုံးပမာရှိနေလေသည်။ မည်းမည်းအကောင်ကြီးများမှာလည်း များသတဲ့များလာပြီး အုံခဲနေလေတော့သည်။ ကိုမောင်က " ကိုမင်းတို့ ခြံထဲ မြန်မြန်ဝင် မြန်မြန်ဝင်.. " ဟု အော်ပြောရင်း ကာပစ်ပေးနေလေသည်။ ထို့ကြောင့် ခြံဝင်းအပြင်ဘက်တွင် ကိုမောင်တစ်ယောက်တည်း ကျန်ခဲ့တာ အနားပတ်လည်တွင် မည်းမည်းကောင်များပြည့်နှက်လာသည်။ ကျွန်တော်ဆုံးဖြတ်ချက်တစ်ခုချလိုက်ပြီး ကိုမောင်ကို ၀ိုင်းရံနေသောမည်းမည်းအကောင်များကြား တောလိုက်ဓါးကို ယမ်းပြီး ပြေးဝင်သွားသည်။ ကိုမောင်မှာ မည်းမည်းအကောင်များ၏ ချွန်မြရှည်လျားလှသော လက်သည်းချက်များကြောင့် သွေးအလိမ်းလိမ်းဖြစ်နေလေတော့သည်။ ကိုမောင့်ကို အတင်းဝင်ဆွဲရင်း ကျွန်တော်လည်း သွေးအလိမ်းလိမ်းဖြစ်နေသည်။ ထိုအခိုက်တွင် အဘိုးဖြူပေးထားသော လက်စွပ်ကလေးမှ ၀င်းကနဲလက်သွားပြီး အနားပတ်ဝန်းကျင်မှ မည်းမည်းအကောင်များ ရှဲသွားသည်။ ထိုအချိန်ကို အခွင့်ကောင်းယူလျက်.. ကိုမောင့်ကိုဆွဲကာ ခြံဝင်းအတွင်းသို့ ၀င်လိုက်သည်။ အပြင်မှ မည်းမည်းအကောင်များကတော့ ခြံဝင်းထဲမ၀င်ရဲသည့်အလား.. အပေါက်ဝတွင် စုပြုံနေတော့သည်။ ထိုအခိုက်တွင် အဆောင်ငယ်လေးတံခါးပွင့်လာပြီး ရုပ်ရည်ဆိုးလှသော အဖွားအိုတစ်ဥိးထွက်လာလေသည်။ " ကဲကဲ.. လာကြ.. လာကြ.. အပြင်ကကောင်တွေ ငါ့ခြံဝင်းထဲလာကိုမလာရဲဘူး.. " အဖွားအို၏ ပြောစကားကြောင့် ကျွန်တော်နှင့် ကိုမောင့်ကို ကိုထက်နှင့် ကိုမိုးတို့ကတွဲရင်း အဆောင်လေးထဲသို့ ၀င်လာလေသည်။ အဆောင်လေးထဲ ၀င်ဝင်ချင်း သပ္ပါယ်လှသော ဘုရားစင်ကိုတွေ့လိုက်ရလေသည်။ အေးချမ်းလွန်းလှပေစွ.. ဒီလိုနေရာမျိုးတွင် ဒီလိုပုံစံမျိုးနှင့် ဘုရားဖူးရလိမ့်မည်ဟုထင်မှတ်မထားခဲ့.. အဖွားအိုမှာ ရုပ်ရည်ဆိုးလှသော်လည်း မျက်လုံးများကတောက်ပြောင်ဆဲ .. " ကဲ.. ဒီရွာကို မကြုံစဖူး လူသားတွေဘာတွေရောက်လို့ပါလား.. ဒီပ ကတော့ ပညာနောက်တစ်ဆင့်တက်ဖို့ ကြိုးစားနေပြန်ပြီထင်တယ်.." " ဟင်.. ဘယ်လိုပညာနောက်တစ်ဆင့်လဲ အဖွား..." " အဲဒီ နောက်တစ်ဆင့်က လူသွေးတွေနဲ့ စီမံရတာလေ.. ဒါနဲ့ ဒီရွာကို ဘယ်လိုအကြောင်းနဲ့ ရောက်လာတာလဲ... " အဖြစ်အပျက်များကို ပြောပြလိုက်လေသည်။ " အော်.. လူလေးတို့ လိုချင်နေတဲ့ အရာကိုလည်း အဖွားသိတယ်.. အဲဒါကိုထားတဲ့နေရာကို လူလေးတို့သွားမယ်ဆိုရင် အန္တရယ် သိပ်များတယ်.. နောက်ဆုံးအသက်တောင် ပေးခဲ့ရနိုင်တယ်.. ဘယ်လိုလဲ.. သွားယူဝံ့သေးရဲ့လား.. " " ဒီရွာကိုတောင် ရောက်လာမှပဲ အဖွားရယ်.. ကျွန်တော်တို့ ဘာမှမကြောက်တော့ပါဘူး.. ကျွန်တော့်အသက် သေချင်သေသွားပါစေ.. သဲသဲကို ကယ်ချင်တယ်.. ကျွန်တော်တို့ လိုချင်တဲ့ပစ္စည်းသာ ဘယ်နေရာမှာထားလဲဆိုတာ ပြောပြပေးပါ အဖွားရယ်.. " " ဟင်းးးးး ကလေးမလေးရဲ့ အသက်ဗူးကို ဆေးစီရင်ခန်းထဲက မာလာရဲ့ ရုပ်အလောင်းနားမှာ ထားတယ်.. သူရဲ့ဆေးစီရင်ခန်းဟာ ဒီရွာရဲ့အသက်ပဲ.. အဖွား မောင်ရဲ့လုပ်ရပ်တွေကို အဖွားမကြိုက်ပါဘူး.. ဒါပေမယ့် အခု သူရဲ့ပညာက အရမ်းအဆင့်မြင့်နေပြီ.. အဖွားလည်း တားလို့မနိုင်တော့ဘူး.. အခု ဒီရွာက ရွာသူရွာသားတွေဟာ လူတွေမဟုတ်ကြဘူး..လူလေး.. အစိမ်းသရဲတွေ ၊ ၀ိညာဉ်တွေပဲ.. ဒီရွာကို သူတို့သဘောဆန္ဒအလျောက်လာနေကြတာမဟုတ်ဘူး.. အဖွားမောင်က သူတို့ရဲ့ ၀ိညာဉ်တွေကို ချုပ်ပြီး ဒီရွာမှာ အတင်းနေခိုင်းခဲ့တာ.. အဲဒီ ဆေးစီရင်ခန်းထဲမှာ ဓါတ်ဖန်မီးအိမ်ဆိုတာ ရှိတယ်.. အဲဒါ ပျက်စီးသွားရင် ဒီရွာလည်း ပျက်စီးသွားပြီး ၀ိညာဉ်တွေလည်း လွတ်လပ်သွားကြလိမ့်မယ်.. ဒါပေမယ့် အဲဒီဆေးစီရင်ခန်းကို နှစ်ချို့တစ္ဆေကြီးတွေ၊ နာနာရုပ် မိစ္ဆာကောင်တွေကို အစောင့်အရှောက်ထားတယ်.. တော်တန်ရုံအစွမ်းနဲ့ ဆေးစီရင်ခန်းထဲကို ၀င်ဖို့ နေနေသာသာ အနားတောင်ကပ်လို့မရဘူး.. " " ဟင်.. ဒါဆို ဘယ်လိုနည်းလမ်းမှ မရှိတော့ဘူးပေါ့ ဟုတ်လား.. " " နည်းလမ်းတစ်ခုတော့ ရှိတယ်.. ဒါပေမယ့် အဲဒီပစ္စည်းကို ရဖို့ကလည်း မဖြစ်နိုင်တော့ဘူး... စိတ်လျော့လိုက်ပါတော့ကွယ်.. " " ဘာနည်းလမ်းလဲအဖွား.. ဘာပစ္စည်းလဲ.. " " မှော်ဝိညာဉ်ဖားရုပ်ကလေးပဲ.. အဲဒီပစ္စည်းကို အဖွားမိတ်ဆွေ တစ်ယောက် ပိုင်ဆိုင်ခဲ့ဖူးတယ်.. နောက်ပိုင်းတော့ အဖွားလိုပဲ မကောင်းတဲ့အကျင့်တွေကို စွန့်လွတ်လိုက်ပြီး သူဆေးစီရင်တဲ့ ပစ္စည်းတွေရော. ဖားရုပ်ကလေးကိုရော ကန်ကြီးတစ်ကန်ထဲ စွန့်ပစ်လိုက်တယ်လို့ ကြားရတော့တာပဲ..." ကျွန်တော်က အိတ်ထဲမှာ ဖားရုပ်ကလေးကို ထုတ်လိုက်ပြီး.. " အဖွားပြောတာ ဒီဖားရုပ်ကလေးလား.. " ဖားရုပ်ကလေးကို မြင်လိုက်သည်နှင့် အဖွားအိုက အံ့သြသွားပြီး " မင်း.. မင်း.. ဒီဖားရုပ်ကလေးကို ဘယ်ကရတာလဲ.. " " မိထ္တီလာကန်ကပါ.. " " တကယ့်ကို အံ့သြစရာပဲ.. ဒါဆိုရင် ဆေးစီရင်ခန်းထဲကို လူလေးတစ်ယောက်တည်း သွားရလိမ့်မယ်.. ဖားရုပ်ကလေးကိုတော့ ယူသွားပေါ့.. အဲဒီ ဆေးစီရင်ခန်းက အိမ်ကြီးရဲ့ မြေအောက်ခန်းထဲမှာ ရှိတယ်.. မြေအောက်ခန်းတံခါးကို ဖွင့်ပြီး အရှေ့မှာ ဖားရုပ်ကလေးကို ချထားလိုက်.. ဖားရုပ်ကလေးက မိစ္ဆာတွေကို ရှင်းလင်းပေးလိမ့်မယ်.. အဲဒီတော့မှ လူလေးအလိုရှိရာကို ရှာယူပေါ့.. " " ဟုတ်ကဲ့.. ကျေးဇူးတင်ပါတယ် အဖွား.. ဒါဆို ကျွန်တော်တို့သွားလိုက်အုန်းမယ်နော်... " " လူလေးတို့ ဒီနေရာကနေ သွားလို့ မရတော့ဘူး.. ခြံဝမှာ ငါ့မောင်နဲ့ မိစ္ဆာတွေရောက်နေကြပြီ.. " " ဟင်.. ဒါဆို ဘယ်လိုလုပ်ကြမလဲ.. အိမ်ထဲဝင်လိုက်လာရင် ဒုက္ခပဲ " ကိုအောင်က စိတ်ပူစွာပြောသည်။ " အဖွားရဲ့ ခြံဝင်းထဲတော့ ၀င်မလာနိုင်ဘူး.. အဖွားက စည်းချထားမှာ ကြောက်နေတယ်လေ.. ကျန်တဲ့လူတွေကတော့ ပြတင်းပေါက်နားမှာ အယောင်ပြနေလိုက်... လူလေးမင်းမနိုင်ကတော့ ဖားရုပ်ကလေးနဲ့အတူ အဖွားခြံနောက်ဘက်ကနေ အိမ်ကြီးထဲကို သွားတော့.. အချိန်သိပ်မရဘူးနော်... ဒီပ အတင်းဝင်လာရင် အဖွားတို့လည်း မတတ်နိုင်တော့ဘူး.. " အဖွားအိုက ကုတင်အောက်မှ ဟောင်းနွမ်းနေသော သေတ္တာကြီးတစ်ခုကိုဖွင့်ပြီး အတွင်းမှ ဟောင်းနွမ်းပြီး အနက်ရောင်ရှိသော သစ်သားဓါးလေးတစ်လက်ကို ထုတ်ပေးသည်။ " ဒီဓါးက ဟိုးအရင်က အဖွားကို ဆုံးမ ခဲ့တဲ့ ဘုန်းတော်ကြီး ချီးမြင့်သွားတာ.. မကောင်းမှုကို အချိန်မှီပြင်ပြီး ကောင်းမှုလုပ်တဲ့နေရာမှာ အနှောင့်အယှက်တွေတွေ့ရင် ဒီဓါးလေးကို ညဏ်ရှိသလို သုံးဖို့မှာသွားတယ်.. မကောင်းတဲ့ အနှောင့်အယှက်တွေကို နိုင်နင်းတဲ့ သစ်နက်ဓါး တဲ့.. ရော့.. လူလေး ယူသွား.. " " ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်. အဖွား.." ကျွန်တော် တရိုတသေ လှမ်းယူလိုက်သည်။ ထိုအချိန်မှာပင်.. ခြံဝင်းအပြင်ဘက်မှ ဦးဒီပက ဒေါသတကြိး အော်ဟစ်နေတော့သည်။ " ဟေ့ကောင်တွေ မင်းတို့က ငါမသွားဖို့ ပြောထားရဲ့သားနဲ့ သွားဖြစ်အောင်သွားတယ်ဆိုတော့ ငါ့အမိန့်ကို ဖီဆန်တာပဲ.. အကုန်ထွက်လာခဲ့ကြစမ်း.. ကျွန်တော်မှလွဲပြီး အားလုံးက ပြတင်းပေါက်နားမှာ စုရပ်ပြိး ဦးဒီပ စကားကို ဂရုမစိုက်သလို စကားပြောနေကြလေသည်။ ကျွန်တော်ကတော့ အမှောင်ရိပ်ခိုကာ အိမ်ကြီးဆီသို့ ပြေးတော့သည်။ အဖွားအိုနေသော အဆောင်ငယ်လေးဘက် အာရုံရောက်နေကြသဖြင့် ကျွန်တော်ရဲ့ လှုတ်ရှားမှုများကို မည်သူမှ သတိမထားမိခဲ့ချေ။ တစ်ခန်းဝင် တစ်ခန်းထွက်နှင့် မြေအောက်ခန်းရှိမည်ထင်သည့်နေရာများကို ကျွန်တော်လိုက်ရှာလိုက်သည်။ မြေညီထပ်တစ်ခုလုံုးလိုက်ရှာလို့ ပြီးချေပြီ.. မြေအောက်ခန်းကို ဘယ်လိုမှ ရှာမတွေ့..နောက်ဆုံး ဦးဒီပ၏အခန်းဖြစ်မည်ထင့်သည့် အခန်းတစ်ခုထဲရောက်သွားသည်။ အခန်းထဲတွင် အ၀တ်စင်တစ်ခုနှင့် ကုတင်တစ်လုံးမှအပ.. အခန်းတစ်ခုလုံး ရှင်းလင်းနေသည်။ သို့သော် မြေအောက်ခန်းကို ရှာမတွေ့ချေ။ စိတ်ပျက်လက်ပျက် အခန်းထဲက ပြန်အထွက် ခြေရင်းမှ ကုတင်တိုင်ကို ကိုင်မိသွားသည့်ခဏတွင် ကျွီ ဟူသော အသံဖြင့် ကုတင်ဘေးတွင် အပေါက်တစ်ပေါက်နှင့် လှေခါးတစ်ခုကိုတွေ့မြင်လိုက်ရချေပြီ။ ကျွန်တော်လည်း အိတ်ထဲမှ ဖားရုပ်ကလေးကို ထုတ်လိုက်ပြီး လှေခါးရင်းတွင်း ချလိုက်ရာ ထူးဆန်းစွာပင် ဖားရုပ်ကလေးက သက်ရှိဖားလေးအလား.. ခုန်ဆွ ခုန်ဆွဖြင့် အောက်သို့ဆင်းသွားသည်ကိုတွေ့လိုက်ရလေသည်။ ကျွန်တော်လည်း နောက်က လိုက်ပါသွားရင်း လှေခါးခြေရင်းတွင် ကြေးတံခါးချပ်ကြီးတစ်ချပ်ကို ထပ်မံတွေ့ရှိလိုက်ရသည်။ ထိုတံခါးကြီးကိုတွန်းဖွင့်ကြည့်လိုက်ရာ အတွင်းမှ အခိုးအငွေ့များဖြင့် လေများတိုးထွက်လာလေသည်။ " ဟားဟားဟားဟား.. " ခြောက်ခြားဖွယ်ကောင်းသော ရယ်သံကြီးနှင့် မြင့်မားလှသော အရပ်အမောင်းရှိသည့် တင်းပုတ်ကိုင်ထားသော အကောင်ကြီးတစ်ကောင် ပေါ်လာလေသည်။ မျက်လုံးများမှာလည်း နီရဲတောက်ပြောင်လျက်... လက်ထဲမှာ တင်းပုတ်ကြီးကို တအားလွဲပြီး ကျွန်တော့်ကို ရိုက်ချလိုက်သည်။ နောက်သို့ချက်ချင်း ကျွန်တော် ခုန်ရှောင်လိုက်ရာ ဒုန်း ဆိုသောအသံကြီးဖြင့် မြေကြီးများ ဖွာထွက်သွားသည်။ ထိုအခိုက်တွင် ဖားရုပ်ကလေးက ခုန်ဆွ ခုန်ဆွဖြင့် အကောင်ကြီး၏ ခြေထောက်နား တိုးကပ်သွားလိုက်ရာ ကျယ်လောင်သော အသံကြီးဖြင့်အော်ဟစ်ပြီး လဲကျသွားလေသည်။ အခန်းထဲမှ ထပ်မံပေါ်ထွက်လာသည့် မိစ္ဆာကောင်များသည်လည်း အလားတူနည်းများဖြင့် လဲကျပျောက်ကွယ်သွားကြသည်။ တံခါးတစ်ချပ် ထပ်မံတွေ့ရပြန်လေသည်။ အတွင်းကို ဖွင့်ကြည့်လိုက်သောအခါ မှန်အခေါင်းတစ်ခုတွေ့လိုက်ရပြီး အခေါင်းထဲတွင်တော့..... ရုတ်တရက် သဲသဲကို ပြန်တွေ့လိုက်ရသလို ခံစားလိုက်ရသည်။ အံ့သြစွာဖြင့် အခေါင်းအနားကို သွားအကြည့်.. တကယ့်ကို သဲသဲနှင့်တူလွန်းလှသော မိန်းကလေးတစ်ယောက်.. ပကတိအိပ်စက်နေသည့်အလား.. အခု ကျွန်တော်မြင်နေရသည့်မိန်းကလေးမှာ သဲသဲမဟုတ်မှန်း သတိရသွားသည့်အခိုက်တွင် အရေးကြီးသည့် သဲသဲ၏အသက်ဗူးကို လိုက်ရှာမိသည်။ သိပ်မရှာလိုက်ရ.. မှန်ခေါင်း၏ဘေးတွင် အစိမ်းရောင်တောက်ပနေသော ကနုတ်ပန်းများဖြင့် လှပစွာပုံဖော်ထားသော ဗူးလေးတစ်ဗူး.. ထိုအခိုက်တွင် ဖားရုပ်ကလေးထဲမှ နီလာဒေ၀ီ ပေါ်ထွက်လာပြီး " အခု ရှင့်လက်ထဲက ဗူးလေးဟာ ရှင့်ချစ်သူရဲ့ အသက်ဗူးလေးပဲ.. အဲဒါလေးကို ပေါက်ခွဲလိုက်ပါ... ဒါမှ ရှင့်ချစ်သူက ပြန်သတိရလာလိမ့်မယ်.. " နီလာဒေ၀ီ စကားဆုံးသည်နှင့် လက်ထဲမှ ဖန်ဗူးလေးကို ပေါက်ခွဲလိုက်သည်။ ဖောင်း ခနဲပေါက်ကွဲသွားပြီး အတွင်းမှ အဖြူရောင် ၀ိညဉ်လေးတစ်ခု ထွက်ပေါ်လာပြီး ကျွန်တော်ကို နှစ်ပတ်သုံးပတ် ပတ်လိုက်ပြီး ပျံသန်းထွက်ခွာသွားလေသည်။ ငါလုပ်စရာတစ်ခုကျန်သေးတယ်... ဘာပါလိမ့်.. ဘာပါလိမ့်... အော် သိပြီ.. ဓါတ်ဖန်မီးအိမ်ကို ရှာရမှာ.. အခုမှ သတိထားမိသည်။ အခန်းထဲမှာရှိသောအလင်းရောင်က မီးရောင်မဟုတ်ချေ။ ပြာလဲ့လဲ့အရောင်တစ်ခုဖြစ်ပြီး ဘယ်ကထွက်ပေါ်လာမှန်းမသိသဖြင့် မီးအိမ်ကို ရှာရခက်နေလေသည်။ သေချာလေ့လာကြည့်လိုက်တော့မှ အလင်းရောင်ထွက်နေသည့်နေရာက တခြားမီးအိမ်မဟုတ်ချေ။ မိန်းမချောလေးကိုထည့်ထားသည့် အခေါင်းမှ ထွက်နေသောအလင်းရောင်ဖြစ်သည်။ ဟင်... ဒီ အခေါင်းက ဓါတ်ဖန်မီးအိမ်ဆိုတာ များလား... နီလာဒေ၀ီကိုမေးကြည့်အုန်းမှပဲ.. ဖားရုပ်ကလေးကို ကိုင်ပြီး နီလာဒေ၀ီရေ.. ဟုခေါ်လိုက်သည်။ ဖားရုပ်ကလေးအတွင်းမှ နီလာဒေ၀ီရောက်ရှိလာပြီး " ရှင်..မြန်မြန်လုပ်.. ဟိုမှာ အဖွားအိုရဲ့ ခြံဝင်းထဲကို အစမ်းသဘောမျိုးနဲ့ မိစ္ဆာကောင်တွေ ၀င်လာနေပြီ.. တကယ်လို့ ၀င်လို့ရတဲ့အကြောင်းသာ သိသွားရင်.. အိမ်ထဲကလူတွေ အကုန် မလွယ်ဘူး... " " ဟုတ်ကဲ့.. ဒါနဲ့ ဒီဖန်အခေါင်းက ဓါတ်ဖန်မီးအိမ်ဆိုတာလား.." နီလာဒေ၀ီက သေချာစွာကြည့်လိုက်ပြီး.. " ဟုတ်တယ်.. ဒါပေမယ့် ဒီဓါတ်ဖန်မီးအိမ်ကို သေဆုံးသွားတဲ့လူတွေရဲ့ အရိုးတွေကိုကြိတ်ပြီး ရောစပ်ဆေးစီရင်ထားတာနော်... သတိတော့ထားပေါ့.. ကဲ.. ကျွန်မသွားတော့မယ်.. " ပြောပြီး ပျောက်ကွယ်သွားပြန်သည်။ အနားမှ တုတ်တစ်ချောင်းကိုဆွဲပြီး မိန်းမချောလေးထည့်ထားသော ဖန်ခေါင်း (သို့မဟုတ်) ဓါတ်ဖန်မီးအိမ်ကို ရိုက်ခွဲလိုက်သည်။ သစ်သားကျိုးသွားသော်လည်း မှန်ခေါင်းက ကွဲမသွားချေ။ အနားမှ တခြားမာသောတုတ်များဖြင့် ရိုက်ခွဲသော်လည်း မကွဲချေ။ ဘယ်လိုလုပ်ရမည်ကို မသိဖြစ်နေလေသည်။ စိတ်ပျက်စွာ မှန်ခေါင်းကို လက်ဖြင့် ဖိမိလိုက်ရာ တိုက်ဆိုင်စွာပင် အဘိုးဖြူပေးထားသော လက်စွပ်ဝတ်ဆင်ထားသည့် လက်ဖြင့်ထောက်မိသွားသည်။ ထိုအခိုက်တွင် ဖန်အခေါင်းက တဂျစ်ဂျစ်ဖြင့် အက်ကြောင်းများဖြစ်ပေါ်လာသည်ကို ထူးဆန်းစွာတွေ့မြင်လိုက်ရတော့သည်။ ကျွန်တော် နောက်ဆုတ်လိုက်သောခဏတွင် ဖောင်း ဆိုသည့်အသံဖြင့် ဖန်အခေါင်းကြီး ပေါက်ကွဲသွားပြီး အဖြူရောင် အရိပ်သဏ္ဍာန်များ ဟိုဟိုဒီဒီ ပျံထွက်သွားကြသည်။ စောစောက အခေါင်းထဲမှ မိန်းမလှလေးသည်လည်း အသားအရည်များ တဖြေးဖြေးခြောက်သွေ့သွားကာ အရိုးစုဖြစ်သွားသည်ကိုတွေ့လိုက်ရပြန်သည်။ ထိုအခိုက်တွင် မြေကြီးများတုန်ခါလာပြီး အနားတ၀ိုက်မှ ပစ္စည်းများ လဲပြိုကုန်တော့သည်။ ကျွန်တော်လည်း ဖားရုပ်ကလေးကို ကောက်ကိုင်ကာ မြေအောက်ခန်းထဲမှ ပြေးထွက်လာခဲ့လေသည်။ စမ်းသပ်သော ပစ္စည်းများလဲကျသွားရာက ကြီးမားသော မီးတောက်များအဖြစ် ကူးပြောင်းသွားပြီး မီးထလောင်တော့သည်။ ထိုအခိုက်တွင် ထူးခြားလှသောအခြေအနေကို ရိပ်စားမိသော ဦးဒီပကလည်း အိမ်ကြီးဆီသို့ ပြန်ပြေးလာလေသည်။ အိမ်ကြီးအနားအရောက်တွင် ရွာမှ သရဲဝိညဉ်များသည်လည်း အဖြူရောင် ၀ိညဉ်များအဖြစ်သို့ပြောင်းကာ ကောင်းကင်သို့ ပျံတက်ကုန်ကြတော့သည်။ အိမ်ကြီးအပြင်တွင်ရှိသော ဦးဒီပက အခြေအနေမှန်ကို သိသွားချေပြီ.. " ဟာာာ သွားပြီ... သွားပြီ.. ငါ အနှစ်နှစ်အလလက ကြိုးပမ်းခဲ့သမျှတွေ အကုန်သွားပြီ.. ငါ့သမီးကိုလည်း ကယ်တင်လို့မရတော့ဘူးးးးးး အဲဒါ ဘယ်ကောင်လက်ချက်လဲ... ဘယ်သူလုပ်တာလဲ.. အဲဒီကောင်ကို ငါသတ်မယ်.. ငါသတ်မယ်ကွ.. " ဦးဒီပအော်ဟစ်နေခိုက်တွင် ကျွန်တော်ကလည်း တံခါးပေါက်ဝသို့ရောက်သွားသည်။ " အော်..အော်.. မင်းလက်ချက်ကိုးး.. မင်းတို့ကို ငါဒီရွာမှာ လက်ခံထားတာ.. ငါရဲ့ ပညာနောက်တစ်ဆင့်တက်ဖို့ လူသွေးလိုလို့ကွ.. ခုတော့ မင်းက ငါပိုင်တဲ့အရာတွေအားလုံးကို ဖျက်ဆီးပစ်တဲ့ကောင်.. မင်းသေစေရမယ်ကွ.. " ဟု အော်ဟစ်ကြိမ်းဝါးလိုက်ပြီး လက်ဆန့်တန်းလိုက်ရာ ကြီးမားလှသော မီးလုံးကြီးတစ်လုံး ကျွန်တော့်ဆီ ၀င်ရောက်လာလေသည်။ ကြောက်အားလန့်အားဖြင့် အဖွားအိုပေးလိုက်သော သစ်သားဓါးဖြင့် ကာကွယ်လိုက်ရာ ထိုမီးလုံးကြီးမှာ ပျောက်ကွယ်သွားလေသည်။ ဦးဒီပ အံ့သြသွားပြီး " အော်.. မင်းက သစ်နက်ဓါးတောင် ပိုင်ဆိုင်ထားပြီကိုး.. အဲဒါကြောင့် ဒီလောက်စွာနေနိုင်တာ.. ငါကလည်း ဒီပကွ.. မင်းကိုတော့ ငါ့ပညာတွေအကုန်သုံးပြီး သတ်မယ်.. " လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး တစ်စုံတစ်ရာဖြင့် ကျွန်တော့်ဆီကို လှမ်းပစ်လိုက်သည်။ ထိုအခိုက် အိတ်ထဲမှ ဖားရုပ်ကလေးက ခုန်ထွက်လာပြီး ထိုပစ်လိုက်သောအရာကို ကိုက်ထားလိုက်သည်ကိုတွေ့လိုက်ရသည်။ အခုမှ သေချာကြည့်မိတော့ ထိုပစ်လိုက်သောအရာမှာ အင်းများဆွဲထားသော အင်းချပ်တစ်ချပ်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ " ဟင်.. ဒါ.. ဒါ. မှော်ဝိညဉ်ဖားရုပ်ကလေးပဲ... မင်း.. မင်း.. ဘယ်လိုရတာလဲ...တောက်ခ်ခ်... ဒါနောက်ဆုံးပဲ... ငါ့ ပညာအကုန်ထုတ်လိုက်တော့မယ်.. သေလေရော့ဟယ်.. " ဦးဒီပ လက်ဝှေ့ယမ်းလိုက်ရာ မီးကွင်းကြီးနှစ်ခုပေါ်လာပြီး ကျွန်တော့်ထံသို့ ပစ်ထည့်လိုက်သည်။ ထိုအချိန်တွင် ကျွန်တော်နှင့် ဦးဒီပကြားသို့ အဖွားအိုပြေးဝင်လာသည်။ " မောင်လေးဒီပ မလုပ်နဲ့.. " ဦးဒီပ ပစ်လိုက်သော မီးကွင်းနှစ်ခုအနက် တစ်ခုက အဖွားအိုကို ထိမှန်ပြီး လဲကျသွားလေသည်။ ကျန် မီးကွင်းတစ်ခုက ကျွန်တော့်ဆီတည့်တည့်လာနေချေပြီ.. ထိုအခိုက်တွင် ကျွန်တော့်နားထဲတွင် အဘိုးဖြူအသံကိုကြားလိုက်ရလေသည်။ " လူလေး. အဘိုးပေးထားတဲ့ လက်စွပ်ကလေးဝတ်ထားတဲ့လက်နဲ့ ကာလိုက်ပါ.. " အဘိုးဖြူပြောသောစကားအတိုင်း လက်စွပ်ဝတ်ထားသောလက်ဖြင့် ကာလိုက်ရာ လက်တွင် နွေးကနဲဖြစ်သွားပြီး မီးကွင်းကြီး ပျောက်သွားသည်ကိုတွေ့လိုက်ရသည်။ ထိုအခါ ဦးဒီပက လဲကျသွားသော အဖွားအိုကို ပြေးပွေ့ကာ " အစ်မရယ်.. အစ်မဘာလို့ ဒီကောင်လေးကိုယ်စား ၀င်ခံလိုက်ရတာလဲဗျာ.. အခုဆိုရင် ကျွန်တော်ကြိုးစားသမျှ လုပ်သမျှတွေ အကုန်ပျက်စီးသွားပြီ.. ဘာတစ်ခုမှ မကျန်တော့ဘူး.. အခု အစ်မလည်း ကျွန်တော့်လက်ချက်နဲ့ထိသွားရပြီ.. ကျွန်တော် နောင်တရပါပြီ အစ်မရယ်.." " မောင်လေး.. မင်းကို ဒီအလုပ်တွေ စွန့်လွတ်ဖို့ အကြိမ်ကြိမ် သတိပေးခဲ့တာ မင်း နားမထောင်ခဲ့ဘူးနော်.. အခုမင်းနောင်တက နောက်ကျသွားပြီ.. မင်းအတွက် မကောင်းတဲ့ ကံအကျိုးပေးတွေ မကြာခင်ခံစားရတော့မယ်.. " ပြောပြိးသည်နှင့် အဖွားအိုငြိမ်သက်သွားတော့သည်။ " အစ်မ.. အစ်မ...ဟာ... တောက်ခ်ခ်.. ဒီ ဂျိုကောင်ကို နင်ခေါ်လာတာ... အခု ငါ့အကြံတွေလည်း ပျက်ကုန်ပြီ.. အစ်မလည်း သေပြီ.. အဲဒီတော့ အင်ကြင်း နင်လည်း အပြစ်မကင်းဘူး.. နင်လည်း သေစေရမယ်.. " ပြောပြီးသည်နှင့် ခါးကြားထဲမှ ဓါးမြှောင်ကို ထုတ်ယူကာ အင်ကြင်း၏ ၀မ်းဗိုက်ကို ထိုးစိုက်လိုက်သည်။ အင်ကြင်းကတော့ သူ့အဖေ၏ ရူးသွပ်မှုကို မယုံကြည်သော မျက်လုံးများဖြင့် ကြည့်ရင်း သေဆုံးသွားရသည်။ ထိုအခိုက်တွင် မြေအောက်ခန်းမှ မီးတောက်များကလည်း အရှိန်ရလာပြီး တစ်အိမ်လုံးကို လောင်ကျွမ်းတော့သည်။ ထိုခဏတွင် ဦးဒီပအနားသို့ မည်းမည်းအကောင်ကြီးများ ရောက်လာပြီး မီးလောင်နေသော အိမ်ကြီးထဲသို့ ဆွဲခေါ်သွားလေတော့သည်။ " အားးးးးးးးးးးးးးး " အသံနက်ကြီးဖြင့် အော်လိုက်သော ဦးဒီပ၏ အသံကြီးကိုသာ နောက်ဆုံး ကြားလိုက်ရလေသည်။ ထိုနောက် မီးစလေးများက လေသင့်ရာလွင့်ပါသွားပြီး ရွာရှိအိမ်များခေါင်မိုးပေါ်သို့ ကျရောက်ကာ မီးစွဲလောင်သဖြင့် တစ်ရွာလုံး မီးတောက်ကြီးသဖွယ်ဖြစ်နေလေတော့သည်။ ကျွန်တော်တို့လည်း ထိုရွာမှ အဝေးဆုံးသို့ ထွက်ပြေးလာခဲ့ကြသည်။ အရှေ့ဘက်တွင် ရောင်နီလာနေချေပြီ.. ကျွန်တော်တို့၏ အပြန်လမ်းက ပျော်ရွှင်စရာအတိ... ကိုမောင်၏ ရွာတွင် ကိုမောင့်ကို ကျေးဇူးတင် နှုတ်ဆက်စကားပြောပြီး အပြန်လမ်းကို စတင်လိုက်လေသည်။ လမ်းတွင် ကိုမိုးက " ကျွန်တော် တစ်ခုစဉ်းစားမိတယ်.. ကိုမင်း.. ကိုမင်းသာ ဒီဇာတ်လမ်းကိုသာ ရေးလိုက်ရရင် စာဖတ်ပရိသတ် တော်တော်ကြိုက်မှာပဲ.. ကိုယ်တိုင်ကြုံရတဲ့အဖြစ်အပျက်တွေဆိုတော့ ရေးရတာ ပိုလက်တွေ့တာပေါ့ဗျာ.. " " အင်း ကောင်းတာပေါ့.. ရေးလိုက်မယ်ဗျာ.. " " ဒါဆို ခေါင်းစဉ်ကို ဘယ်လိုပေးမယ်လို့ စဉ်းစားထားလဲ.. " " ကျွန်တော် ကိုယ်တိုင် ကြုံခဲ့ရတဲ့အဖြစ်အပျက်ဖြစ်တဲ့အတွက် ကျွန်တော်နှင့် သက်မဲ့ရွာလို့ နာမည်ပေးလိုက်မယ်ဗျာ.. မကောင်းဘူးလား.. " " ကောင်းတာပေါ့ဗျာ.. သိပ်ကောင်းတာပေါ့.. " ကိုလွင်က " တောက်..တော်တော်လူမဆန်တဲ့ ဦးဒီပ ပဲကွာ.. သူ့သမီးအရင်းခေါက်ခေါက်ဖြစ်တဲ့ အင်ကြင်းလေးကိုတောင် သတ်ရက်တယ်.. " ထိုအခါ ကိုအောင်က " ခင်ဗျားလက်ချက်ကိုကြောက်လို့ဖြစ်မှာပေါ့ဗျာ.. ဟားဟားဟား.. " " ဟားဟားဟား.. " ကျွန်တော်တို့၏ ရယ်သံလေးများက ကားအပြင်ဘက်သို့ ခုန်ထွက်ပျောက်ကွယ်သွားလေတော့သည်။ ကျွန်တော်ရန်ကုန်ပြန်ရောက်တော့ သဲသဲဆီ ချက်ချင်းသွားလိုက်သည်။ သဲသဲကတော့ ဆေးရုံပေါ်မှာပင်ရှိနေသေးသော်လည်း သတိကောင်းမွန်စွာရလျက် ကျမ်းကျမ်းမာမာပင်တွေ့လိုက်ရလေသည်။ ကျွန်တော့်ကိုတွေ့လိုက်ရာ.. " ဟင်.. ကိုကို.. " ကုတင်ပေါ်မှ ဆင်းပြီး အပြေးလေးလာကြိုတော့သည်။ " သဲလေး အကြာကြီးအိပ်ပျော်သွားတာ သိလား.. အိမ်မက်ထဲမှာလည်း ကိုကို့ကို တွေ့တယ်.. ကိုကိုက ဓါးအနက်ရောင်ကြီးကိုင်ထားတာ..နောက်ပြီး သဲနဲ့တူတဲ့ မိန်းကလေးတစ်ယောက်ကိုလည်း တွေ့သေးတယ်.. ဒါပေမယ့် သူကဖန်ခေါင်းတစ်ခုထဲမှာ ရောက်နေတယ်.. အိပ်ပျော်နေသလိုလေးပဲ.. အဲဒါ သဲရဲ့ အိမ်မက်ကို ဖေဖေ မေမေကို ပြောပြနေတာ.. " " ကဲပါ . သဲရယ်.. ဘာမှမတွေးနဲ့တော့နော်.. ဒီနေ့ကစပြီး သဲလေးကျမ်းမာပြီလို့သာ မှတ်လိုက်ပေတော့.. " " ဟုတ်.. ကိုကို.. " ဦးအက်ဘီနှင့် ဒေါ်လမင်းတို့ကတော့ ကျွန်တော်နှင့် သဲသဲကို ပြုံးပြီးကြည့်နေလေတော့သည်။
အပိုင်း(၉)
    နောက်တစ်နေ့တွင် ရွှေတိဂုံဘုရားကုန်းတော်ပေါ်သို့ သွားရောက်ရာ ကျား ခြင်္သေ့ဘုရားရှေ့တွင် အဘိုးဖြူရောက်နှင့်နေသည်ကိုတွေ့လိုက်ရလေသည်။ " အဘိုး.. ကျွန်တော် အမှုကိစ္စများကိုအောင်မြင်စွာဆောင်ရွက်လို့ ပြီးခဲ့ပါပြီ.. ဒါပေမယ့် ကျွန်တော် မပြီးပြတ်သေးတာလေး တစ်ခုရှိတယ်.. " " နီလာဒေ၀ီကိစ္စ မဟုတ်လား.. အဘိုးနားလည်ပါတယ်.. ဒါပေမယ့် သာမာန် ကျွတ်လွတ်မယ့်ဝိညာဉ်တွေကို ကျွတ်လွတ်သွားအောင်လုပ်ဖို့ဆိုတာ လွယ်ပေမယ့် ဒီမှော်ဝင်ဖားရုပ်လေးထဲက နီလာဒေ၀ီကို လွတ်မြောက်အောင်လုပ်ဖို့ဆိုတာက အဘိုးဖြူတို့ အစီအရင်တွေလုပ်ပြီး ဖားရုပ်ကလေးကို အရင်ဆုံး ဖျက်ဆီးရလိမ့်မယ်.. ဒါကြောင့် နီလာဒေ၀ီလွတ်မြောက်ဖို့အတွက် ဖားရုပ်ကလေးကို အဘိုးဖြူလက်ထဲထည့်လိုက်ပါ.. မနက်ဖြန် မနက်ပိုင်း ဦးအက်ဘီတို့အိမ်ကို အဘိုးဖြူလာခဲ့ပါ့မယ်.. အဲဒီအခါ သံဃာတော်တွေကို ပင့်ဆောင်ပြီး ရေစက်ချအမျှဝေဖို့ လူလေးတို့ တစ်ခါတည်းပြင်ဆင်ထားပါ.. " ဖားရုပ်ကလေးကို အိတ်ထဲမှ ထုတ်ပြီး အဘိုးဖြူ၏ လက်တွင်းသို့ထည့်ပေးလိုက်လေသည်။ အဘိုးဖြူက ဖားရုပ်ကလေးကို သေချာကြည့်ပြီး " အင်းး သတ္တ၀ါတွေ ကျမ်းမာချမ်းသာကြပါစေ... " ဟု ဆုပေးကာ ထွက်ခွာသွားလေတော့သည်။ ဘုရားမှ အပြန်တွင် ဦးအက်ဘီကိုးကွယ်သော ဘုန်းကြီးကျောင်းသို့ ၀င်ရောက်ကာ မနက်ဖြန် အလှူအတွက် ကြွရောက်ချီးမြှင့်ပေးပါရန် ပန်ကြားလျှောက်ထားခဲ့လေသည်။ ဆရာတော်ကလည်း ၀မ်းမြောက်ဝမ်းသာ လက်ခံခဲ့လေသည်။ အလှူအတွက် ပြင်ဆင်သင့်တာတွေကို ပြင်ဆင်ခဲ့ပြီးနောက် နောက်တစ်ရက် မနက်ပိုင်းတွင် သံဃာတော်များ ကြွရောက်လာလေသည်။ ခဏအကြာတွင် အဘိုးဖြူလည်း ရောက်ရှိလာပြီး အဘိုးဖြူလက်ထဲတွင်တော့ သစ်ခက်ကလေးတစ်ခက်ကို ကိုင်ထားလေသည်။ ထိုသစ်ခက်ကလေးကို နီလာဒေ၀ီအတွက် ရည်ရွယ်ထားသောနေရာတွင် ချလိုက်ပြီး တစ်ခါတည်း သေဆုံးသွားခဲ့ကြသော ဒေါ်စိန်၊ ဦးဒီပ၊ အင်ကြင်း တို့သုံးယောက်အတွက်ကိုပါ ရည်ရွယ်ပြီး ရေစက်သွန်းချ အမျှဝေခဲ့လေသည်။ သာဓုခေါ်ပြီးချိန်တွင် သစ်ခက်ကလေးက သိသိသာသာလှုတ်ခတ်သွားပြီး တဖြေးဖြေးအပေါ်သို့ မြောက်တက်သွားသည်ကိုတွေ့လိုက်ရလေသည်။ ထို့နောက် လေထဲတွင် အတန်ကြာရပ်တန့်နေခဲ့ပြီးနောက် ပြန်လည်းပြုတ်ကျလာခဲ့လေသည်။ အဘိုးဖြူကတော့ ပြုံးပြီး နီလာဒေ၀ီ ကျွတ်လွတ်သွားပြီဖြစ်ကြောင်း ပြောပြလေသည်။ အလှူပြီးသည်နှင့် ကျွန်တော်အိမ်တွင်ပင် သူငယ်ချင်းအားလုံး စုအိပ်ဖြစ်သည်။ ညအချိန်သို့ရောက်သောအခါ အိမ်မက်ထဲသို့ နီလာဒေ၀ီ ပြုံးရွှင်စွာရောက်ရှိလာပြီး ကျွန်တော်တို့ကို လာနှုတ်ဆက်တာဖြစ်ကြောင်း၊ ဒီဘ၀မှ ကျွတ်လွတ်အောင်လုပ်ပေးသည်အတွက်လည်း အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားရင် ပျောက်ကွယ်သွားလေသည်။ ကျွန်တော်လန့်နိုးပြီး ငုတ်တုတ်ထိုင်မိသည့်ခဏတွင် အနားမှ သူငယ်ချင်းများကလည်း ကျွန်တော့်နည်းတူ ငုတ်တုတ်ထထိုင်လိုက်သောကြောင့် အံ့သြသွားရသည်။ ထိုအခိုက်တွင် မွှေးပျံသော ရနံ့များ ရလိုက်ကြလေသည်။ ကျွန်တော်တို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြရင်း အားရပါးရ ပြုံးလိုက်မိပါလေတော့သည်။
Credit to myanmarghoststory.blogspot.com
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ
မှော်ဝင်မြို့ - အဖွဲ့ဝင်များ