ဘယ်သူလဲမေးတဲ့ မမစိမ်း

တသက်နဲ့တကိုယ် တခါမှ မမြင်မတွေ့ဘူးခဲ့တဲ့ ပရလောကသားတွေနဲ့ မပတ်သက်ချင်ပဲ ကြုံဆုံပတ်သက်ခဲ့ရတဲ့ အတွေ့အကြုံတခုကို ပြန်ဖောက်သည်ချပါရစေ။ ယုံသည်/မယုံသည်ကတော့ ကိုယ့်ကိုယ်ပိုင် အတွေးအခေါ်နဲ့ပဲ ဆုံးဖြတ်ကြပါ။ အခုပြောပြမယ့် အကြောင်းအရာနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်းနဲ့အတူ ဆက်စပ်နေတဲ့လူတွေလည်း ငုတ်တုတ်ထင်ရှား ရှိနေသေးတာမို့ ခရေစေ့တွင်းကျ ရေးပြလိုက်ရင်တော့ တရားတဘောင် ရင်ဆိုင်ရကိန်းမြင်နေလို့ အရိပ်အမြွက်လောက်ပဲ ပြောပါရစေတော့။ နေရာ။ ။ရန်ကုန်တိုင်းဒေသကြီး၊ဘုရင့်နောင်လမ်းမ၊ ရေကျောင်းပညာသိပ္ပံအနီးရှိ ငါးထပ်အဆောက်အဦး အချိန်။ ။ (၂၀၀၈) ခုနှစ်ဝန်းကျင်ကာလ အဲ့ဒီအချိန်တုန်းက အဲ့ဒီအဆောက်အဦးမှာ ဖွင့်ထားတဲ့ အလှကုန်ပစ္စည်းဖြန့်ချိတဲ့ရုံးမှာ အလုပ်လုပ်နေချိန်ပေါ့။ အခုတော့ အဲ့ဒီရုံးဆက်ရှိနေသေးလား၊ တခြား နာမည်နဲ့ရုံးတရုံးအသစ်ထပ်ဖွင့်လားဆိုတာတော့ မသိတော့ပါ။ ရုံးရဲ့ ဖွဲ့စည်းပုံအနေအထားကတော့ မြေညီထပ်ကနေ သုံးလွှာအထိ ရုံးခန်းတွေရှိနေပြီး ကျန်တဲ့ အပေါ်ထပ် လေးလွှာနဲ့ ငါးလွှာမှာတော့ အစည်းအဝေးပွဲတွေပြုလုပ်ဖို့နဲ့ အရောင်းမြှင့်တင်ရေးပွဲ(Sale Promotion)တွေလုပ်ရင်သုံးတဲ့ စင်ဒီဇိုင်းတွေ ထားပါတယ်။ ကျွန်မ အလုပ်ဆင်းရတာကတော့ သုံးလွှာက ရုံးခန်းမှာပါ။ အပေါ်ထပ်(၂)ထပ်ရဲ့ သော့တွေကို အထက်အရာရှိက အလုပ်ကိစ္စတွေရှိလာရင် သုံးဖို့ ကျွန်မကိုပေးထားတာဆိုတော့ ကျွန်မလက်ထဲမှာ အဲ့ဒီသော့တွဲတွေ ရှိနေပါတယ်။ ဒီလိုနဲ့ ကျွန်မအတွက် ပထမဆုံးအကြိမ် သည်းထိတ်ရင်ဖိုဖြစ်ရတော့မယ့် နေ့တနေ့မှာတော့ ကျွန်မနဲ့အတူ ရုံးဝန်ထမ်း အမျိုးသား(၁)ယောက်၊အမျိုးသမီးဝန်ထမ်း(၂)ဦးတို့နဲ့ အတူ စုစုပေါင်း (၄)ဦးသား အပေါ်ဆုံးငါးထပ်မြောက်အလွှာမှာ ပစ္စည်းတွေ သွားထုတ်ဖို့ တာဝန်ကျလာပါလေရော။ ကျွန်မတို့ လေးယောက်သား ငါးလွှာကို ရောက်ချိန်မှာ မနက်ပိုင်းအစည်းအဝေးလုပ်ပြီး အဲယားကွန်းတွေလည်းမပိတ်ခဲ့၊ မီးတွေလည်း မပိတ်ထားခဲ့တာ တွေ့ရတယ်။ အတူပါလာတဲ့ ဝန်ထမ်းသုံးယောက်က အခန်းထဲသော့ဖွင့်ဝင်ပြီး စာရင်းနဲ့တိုက်ပြီး ပစ္စည်းတွေထုပ်ပိုးပြင်ဆင်နေကြတာနဲ့ပဲ ကျွန်မကိုယ်တိုင် မီးတွေ၊ အဲယားကွန်းတွေ လိုက်ပိတ်ပါတယ်။ အခန်းထဲမှာတပ်ထားတဲ့ အဲယားကွန်းအနေအထားကို အမှတ်မထင်ကြည့်လိုက်မိတော့ safe guard တထပ်၊ circuit breaker တထပ် ပြီးတော့မှ remote control နဲ့ စနစ်တကျ ဆင်ထားတာကို တွေ့ရတယ်ရှင့်။ ခဏလောက်အကြာမှာ ကျွန်မကိုယ်တိုင်ပိတ်ထားခဲ့တဲ့ အဲယားကွန်းကို အမှတ်မထင်ကြည့်လိုက်မိတော့ ပြန်ပွင့်နေပါရောလား။ ဟိုဟိုဒီဒီ သိပ်မတွေးမိပဲ သြော်....ငါမပိတ်ပဲ ပိတ်တယ်လို့ စိတ်ကအမှတ်မှားတာများလားလေ ဆိုပြီး ပြန်ထပိတ်လိုက်တယ်။ အတူပါလာတဲ့ staff တွေများ ကျွန်မကိုနောက်ချင်ပြောင်ချင်လို့ ပြန်ဖွင့်ထားကြတာများဖြစ်မလားလို့ စိတ်က ဇဝေဇဝါအတွေးနဲ့ သူတို့ရှိတဲ့ဘက်ဆီကို ကြည့်လိုက်တော့လည်း သူတို့လည်း သူတို့အလုပ်မှာ သူတို့အာရုံနဲ့သူတို့ လုပ်နေကြတာ။ ညနေခင်း (၄) နာရီထိုးလောက်ရောက်တော့ ရုံးဆင်းချိန်နီးလာပြီလေ။ ဒါနဲ့ လုပ်လက်စအလုပ်တွေ လက်စသပ်နေတုန်း အဲယားကွန်းက ပြန်ပွင့်နေပြန်ပါရောရှင်။ စိတ်ထဲမှာကြောက်စိတ်နည်းနည်းဝင်လာပေမယ့် ပြဿနာတရပ်ရဲ့ ဖြစ်နိုင်ခြေကို စဉ်းစားပြီး ကျွန်မနဲ့ အတူ အပေါ်ထပ်ကိုပါလာတဲ့ ဝန်ထမ်းသုံးယောက်ကို " နင်တို့ ဘာကိစ္စနဲ့ အဲယားကွန်းကို ပြန်သွားဖွင့်နေကြပြန်တာလဲ?? ရုံးပဲဆင်းကာနီးနေပြီ " ဆိုပြီး ပြောလိုက်တော့ သူတို့ထဲက senior staff တယောက်က " အစ်မခိုင်းထားလို့ ပစ္စည်းတွေစီနေပြီး စာရင်းလုပ်နေတာ ဘယ်သူမှတောင် ဒီနေရာကနေ မထပါဘူး " တဲ့။ သူ့စကားလည်း ဆုံးရော ကျွန်မလည်း အဲ့ဒီအထပ်မှာ ဆက်နေရဲလောက်တဲ့ သတ္တိမရှိတော့ဘူး။ မီးခလုတ်နှစ်ဆင့်အပြင် safe guard ပါခံပြီးတော့ ပိတ်ထားတဲ့ အဲယားကွန်းတလုံးဟာ လူ့ပယောဂကြောင့်မဟုတ်ပဲ သူ့အလိုလိုပွင့်လာတာကို ယုတ္တိဗေဒနည်းကျကျ ဖြေရှင်းဖို့ရာနည်းလမ်းကို ကျွန်မတွေးလို့လည်း မရတော့ဘူး။ ဒီတော့ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးဖြစ်မယ့် ဖြေရှင်းချက်တခုကို ဆုံးဖြတ်ပြီး ချက်ချင်းလက်ငင်း အကောင်အထည်ဖော်လိုက်တော့တယ်။ အဲ့ဒါကတော့ သူတို့သုံးယောက်လုံးကို ပစ္စည်းတွေအမြန်ဆုံးသိမ်းပြီး ပြန်ကြဖို့အတွက် လောဆော်ရင်း ကျွန်မကိုယ်တိုင်လည်း ဒရောသောပါး ဆင်းပြေးတော့တာပါပဲ။ ရုံးဆင်းပြီး ဖယ်ရီကားပေါ်ရောက်လို့ လူစုံလောက်ချိန်မှာ ကျွန်မ(၅)ထပ်မှာကြုံလာရတဲ့ အကြောင်းကို ပြောမိတော့ ကျွန်မတို့ရုံးမှာ အလုပ်ဝင်တာ (၈)နှစ်လောက် လုပ်သက်ရှိပြီဖြစ်တဲ့ အစ်မကြီးတယောက်က " သြော်....နင် တွေ့လာခဲ့ပြီလား " လို့ အရင်းမရှိ၊အဖျားမရှိ ဝင်ပြောပါလေရော။ ပြီးတော့မှ သူနဲ့အတူ တခြားလုပ်သက်ရင့် ဝန်ထမ်းတွေကျွန်မကိုပြောပြကြတာက ကျွန်မတို့ရုံးမှာ အရင်တုန်းက အဲ့ဒီလိုအဖြစ်အပျက်မျိုးလုံးဝ မရှိခဲ့ပါဘူးတဲ့။ ပြဿနာစဝင်တာက ဒဂုံစင်တာမှာ ဗုံးပေါက်တဲ့နေ့က စတာတဲ့လေ။ အလုပ်ရှင်က ဗုံးပေါက်တဲ့နေရာမှာ ကျန်နေသေးတဲ့ ပစ္စည်းပစ္စယတွေကို နေ့ချင်းပြီး သွားသိမ်းခိုင်းတယ်။ သွားသိမ်းလာတဲ့ ပစ္စည်းတွေရုံးကို ယူလာတုန်းကဆိုရင် အဲ့ဒီပစ္စည်းတွေမှာ သွေးစသွေးနတွေပေကျံပြီးပါလာတာဆိုပဲ။ ဗူးအခွံ cover တွေကို ပစ်ပြီး တန်ဖိုးကြီးတဲ့ ပစ္စည်းတွေကို ရုံးမှာ FOC(Free of Charges) အနေနဲ့ ဝေပေးပါသတဲ့။ မျက်စိရှေ့မှာ သွေးတွေအလိမ်းလိမ်းပေပွပြီးပါလာတဲ့ ပစ္စည်းတွေကို ဘယ်သူကလိမ်းရဲပါ့မလဲလေ။ အလုပ်ရှင်သူဌေး စိတ်ကျေနပ်အောင် သူပေးတုန်းယူထားလိုက်ကြပြီး သူလစ်တာနဲ့ အကုန်သွန်ပစ်လိုက်ကြတာပေါ့။ အဲ့ဒီနောက်ပိုင်းကစလို့ ကျွန်မတို့ရုံးမှာ တခါမှမကြုံဘူး၊ မဖြစ်ဘူးတာတွေ စတင်ဖြစ်လာတော့တာပါပဲတဲ့ရှင်။ ဒါနဲ့ ကျွန်မကလည်း မိန်းမသားပီပီ သိချင်စိတ်ကို တားဆီးမရတာနဲ့ ရုံးကအရောင်းစာရေးမ တဦးတလေများ ဗုံးပေါက်တဲ့အထဲမှာ ဖိတ်စင်တာမျိုးရှိခဲ့လို့လားလို့ မေးမိတော့ ဗုံးပေါက်တဲ့အထဲမှာ ရုံးဝန်ထမ်းတွေထဲက အသေအပျောက်မရှိပါလို့တော့ ပြန်ဖြေတာပဲ။ နောက်ပြီးတော့ သူတို့ဆက်ပြောတာက ရုံးဝန်ထမ်းတချို့တလေဆိုရင် အပေါ်အောက် အစိမ်းရောင်ဝမ်းဆက် ဝတ်ထားတဲ့ အမျိုးသမီးတယောက်ကို အဲ့ဒီငါးထပ်မှာ ခဏခဏတွေ့တတ်ကြသတဲ့လေ။ ရုံးကိုလာတဲ့ ဧည့်သည်တွေဘာတွေများ ဖြစ်နေလို့ရှိရင် နေရင်းထိုင်ရင်း မိတ်ပျက်နေပါဦးမယ်လို့ ဝင်ပြီး အာချောင်မိတော့ သူတို့ ပြန်ပြောတာက...... "ဧည့်သည်လည်း မဟုတ်ဘူး။ လူလည်း မဟုတ်ဘူး။ သရဲဟေ့...သရဲဟ။ ငါတို့က သူ့ကို ဝမ်းဆက်အစိမ်းရောင်နဲ့ ခဏခဏတွေ့ရလွန်းလို့ မမစိမ်းလို့တောင် နာမည်မှည့်ပေးထားတယ်.... "တဲ့။ သူတို့ ပြောတာတွေ နားထောင်ပြီးကတည်းက ကျွန်မလည်း အလုပ်ကိစ္စတခုခုနဲ့ အပေါ်ထပ်ကို သွားရတော့မယ်ဆိုရင် အနည်းဆုံးလူ(၂)ယေက်ကနေ(၃၊၄)ယောက်လောက် စုပြီးတော့မှ တက်သွားတော့တယ်။ ဒီလောက်လူစုလူဝေးနဲ့ သွားတဲ့ကြားကနေ ကြုံဖြစ်အောင်ကို ထပ်ကြုံလိုက်ရပြန်ပါသေးတယ်။ အဲ့ဒီနေ့တုန်းက ပစ္စည်းထုတ်စရာရှိတာနဲ့ လူသုံးယောက်စုပြီးတက်သွားကြတာ။ အပေါ်ဆုံးထပ်အခန်းရဲ့ အကျယ်အဝန်းက ပေ(၃၀)*ပေ(၆၀)လောက်တော့ ရှိလိမ့်မလားပဲ။ အခန်းရဲ့ အနောက်ဆုံးမှာတော့ အိမ်သာရှိတယ်။ အိမ်သာကလည်း သုံးတဲ့လူ ဘယ်သူမှမရှိလို့ ပိတ်ထားပြီး ပစ္စည်းတွေစုပုံထားတာ။ ကျွန်မတို့ လူစုအလုပ်လုပ်နေကြတုန်း အိမ်သာထဲကနေ ဒေါက်ဒေါက် ဆိုပြီးတံခါးခေါက်တဲ့အသံ အကျယ်ကြီးထွက်လာပါလေရော။ ကျွန်မတို့သုံးယောက်သားတန်းနေအောင် ပြေးလိုက်ကြတာများ အိုလံပစ်စံချိန်တောင် ချိုးနိုင်လောက်တယ်။ အပေါ်ထပ်အခန်းကို သော့ဖွင့်ပြီးတော့ ဝင်တာဆိုလို့လည်း ကျွန်မတို့လူစုပဲရှိတာလေ။ လူဆိုလို့ ဘယ်သူက အိမ်သာထဲကနေ တံခါးခေါက်မလဲ။ အဲ့နောက်ပိုင်းတော့ ကျွန်မလည်း ကြောက်တော့ ရုံးကိုရောက်ပြီဆိုတာနဲ့ ဘုရားရှိခိုး၊ မေတ္တာသုတ်ကိုရွတ်တာပေါ့။ ရုံးကလူတွေပြောတဲ့ မမစိမ်းကိုလည်း မနှောင့်ယှက်ပါဘူးပေါ့။ ကျွန်မလည်း တာဝန်အရ အဲ့ဒီလေးထပ်နဲ့ငါးထပ်ရဲ့ သော့တွေကိုကိုင်ထားရတော့ မမစိမ်းကိုနှောင့်ယှက်မိတာရှိလည်း ခွင့်လွှတ်ပါပေါ့။ တကယ်လို့များ ခွင့်မလွှတ်နိုင်ခဲ့လို့ရှိရင်လည်း ကျွန်မကို အဲ့ဒီသော့တွဲကြီး ပေးကိုင်တဲ့ ကျွန်မရဲ့ အထက်အရာရှိကိုပဲ ခြောက်ပါ၊လှန့်ပါ။ ကျွန်မကိုလည်း အကောင်အထည်နဲ့တော့မပြလိုက်ပါနဲ့။ ဘာညာဆိုပြီး တတ်သလောက်၊ မှတ်သလောက်နဲ့ မေတ္တာပို့၊ တောင်းပန်ထားရတော့တာပေါ့ရှင်။ အဲ့နောက်ပိုင်းတော့ ကျွန်မလည်း ခြောက်တာလှန့်တာ မကြုံရတော့ပါဘူး။ ဒါပေမယ့် တစ်ရက်မှာ ရုံးကကောင်လေးတစ်ယောက်က အပေါ်ထပ်တက်ရင်းနဲ့ လှေကားအချိုးထောင့်မှာရှိတတ်တယ် ဘာညာဆိုပြီး ပါးစပ်က ရွှတ်နောက်နောက်၊ ပေါက်တတ်ကရတွေပြောဆိုပြီး လှေကားတက်တာ သူ့ရင်ဝကို တယောက်ယောက်က ဆောင့်တွန်းပစ်လိုက်သလိုမျိုး အတွန်းခံလိုက်ရပြီး နောက်ပြန်ကျတာ။ တော်သေးတယ်။ တခြားဝန်ထမ်းတစ်ယောက်က အချိန်မီ လှမ်းဆွဲပြီးထိန်းလိုက်လို့။ မဟုတ်လို့ကတော့ အုတ်နံရံနဲ့ နောက်စေ့နဲ့ မိတ်ဆက်ပြီး ဘဝတစ်ပါးအတွက် ဆိုက်ရောက်ဗီစာ(Arrival Visa) တခါတည်းရသွားမှာ။ ရုံးကလူတွေကို အရင်တုန်းကရော ပရိတ်ရွတ်တာတို့၊ ကမ္မဝါညှပ်တာတို့တွေ မလုပ်ကြဘူးလို့ စပ်စုကြည့်တော့ တစ်ခေါက်တော့ ဘုန်းကြီးပင့်ပြီး တရားနာ၊ ပရိတ်ရွတယ်တဲ့။ အဲ့ဒီနေ့မှာတင်ပဲ ဘုန်းကြီးတွေကို အအေးကပ်တာသွားယူတဲ့ အကိုကြီးကိုလှေကားကနေ တွန်းချလိုက်လို့ခြေထောက်ကျိုးသွားတယ် ဆိုလားပဲ။ အောက်ထပ်တွေမှာက လူတွေပြည့်နေတော့ လူသူမရှိတဲ့ အပေါ်ထပ်မှာ အပိုင်စားနေရာယူထားတာလားတော့ မပြောတတ်ပါဘူး။ တစ်ရက်လည်း ပစ္စည်းအသစ်တွေရောက်လို့ စာရင်းတွေလုပ်ရတော့ ညဘက်အိုဗာတိုင်ဆင်းရတယ်။ကျွန်မအပါအ၀င် ၄ယောက်ပေါ့နော် ။ အဲ့မှာ ၄ထပ်မှာ စာရင်းတွေလုပ်ရင်းကနေ ဗိုက်ကဆာလာရော။ အနောက်ဘက်မှာ ရွှေပုန်းညက်အိမ်ယာရှိတော့ Lion City ဆိုလားဆိုင်ရှိတယ်လေ။ အဲ့ဒီဆိုင်ကနေ မှာစားမယ်ဆိုပြီး ဖုန်းဆက်ပြီးအော်ဒါမှာလိုက်တော့ သူတို့ဆိုင်က ဘာဖြစ်လို့လဲတော့ မသိဘူး။ လာမပို့ဘူး လာယူပါတဲ့။ ကျွန်မတို့လည်း နင်သွားယူ ငါသွားယူနဲ့ နောက်ဆုံးတော့ ရုံးကကောင်လေးတစ်ယောက်နဲ့ကျွန်မ သွားယူဖို့ဖြစ်ပါလေရော။ တစ်ယောက်ကရှေ့ကသွား၊ နောက်တယောက်က နောက်ကနေလိုက်ဆိုပြန်ရင်လည်း စိတ်ခြောက်ချားလို့ ၂ယောက်သားနင်နဲ့ငါအတူတူလှေကားဆင်းမယ်ဆိုပြီး ရင်ဘောင်တန်းပြီး လှေကားကဆင်းလာခဲ့ကြတယ်။ တစ်တိုက်လုံးမှာ လူဆိုလို့ ကျွန်မတို့ ၄ယောက်ပဲရှိတော့တာ၊ အောက်ဆင်းလာတဲ့ လှေကားမှာလည်း မီးမထွန်းတာတော့ မှောင်မဲနေတာပဲ။ အောက်ဆုံးမှာတော့ ရုံးစောင့်အဖိုးကြီးတွေရှိပေမဲ့ သူတို့ကအပြင်မှာပဲနေနေတာ။ ရုံးထဲလဲမ၀င်ရဘူးဆိုတော့ လှေကားမှာ ၁ ၂ ၃ ဆိုပြီးပြေးဆင်းတာတန်းနေတာပဲ။ အောက်ရောက်တော့ ရုံးစောင့်အဖိုးကြီးတွေကမေးတော့ မှာထားတဲ့စားစရာတွေသွားယူမယ်ဆိုပြီးသွားယူကြရော။ အပေါ်ပြန်ရောက်တော့ စားကြအလုပ်လုပ်ကြနဲ့ည၉ခွဲလောက်အလုပ်ပြီးတော့ အောက်ကိုဆင်းလာကြတာပေါ့။ ပြီးတော့သော့ပိတ်ဘာညာနဲ့ အောက်ဆုံးလည်းရောက်ရော အပေါ်ထပ်မှာ သော့ပိတ်သံကြားနေရတယ်။ ကျွန်မတို့လည်းကြောက်ပြီး လာခေါ်မဲ့ကားကိုဘယ်ရောက်နေလဲမြန်မြန်လာခေါ်ဆိုပြီးဖုန်းတွေဆက်ပေါ့နော် ။ အဲ့မှာအောက်ကအဖိုးကြီးတွေက ဟဲ့နင်တို့လူအပေါ်မှာကျန်သေးလားတဲ့ ဘာလို့လဲအဘကျွန်မတို့၎ယောက်ပါပဲဆိုတော့ ခုနနင်တို့၂ယောက်ထမင်းဆင်းဝယ်တော့ နင်တို့ထွက်သွားပြီး နင်တို့သူငယ်ချင်းတစ်ယောက် အနောက်ကလိုက်ဆင်းလာတယ်။ အောက်ဆုံးအထိတော့ မဆင်းလာဘူး။ လှေကားမှာရပ်နေလို့ အဘတောင် ကလေးမ နင်တို့သူငယ်ချင်းက ဟိုဘက်ကိုထွက်သွားတယ်ပဲပြောလိုက်တယ်..အောက်ကနေမြင်တာတော့ ထမီအစိမ်းရောင်လေးနဲ့....တဲ့ ။ အဲ့မှာကျွန်မလည်း သူငယ်ချင်းရဲ့အိမ်ကကားကိုတောင်မစောင့်တော့ဘူး။ ငါတော့ကားဌားပြီးပြန်မယ် ဆိုပြီးတန်းပြေးတော့တာပဲ။ တစ်ရက်ကျွန်မတို့ရုံးမှာ တစ်ရုံးလုံး CCTV လိုက်တပ်ပါလေရော။ ခက်တာက ကျွန်မနဲ့တည့်တည့်နားမှာတပ်တဲ့ ကင်မရာက အမဲချည်းပဲမြင်နေရတယ်တဲ့။ ကျွန်မလဲဘာမှမလုပ်ရပါပဲနဲ့ အဲ့လိုဖြစ်နေတာ။ အဲ့ဒါကိုရုံးကလျှပ်စစ်သမားတွေက ခဏခဏလာဖြုတ်လိုက်ပြန်တပ်လိုက်နဲ့အလုပ်ရှုပ်သွားတယ်။ ကျွန်မလည်း ငါ့များလာကွယ်ထားတာလားမသိဆိုပြီးကြောက်ပြီး မေတ္တာသုတ်ပဲလှိမ့်ရွတ်နေတော့တာ။ နောက်တစ်လလောက်ကြာမှကင်မရာကအဆင်ပြေသွားတယ်ဆိုပါတော့။ အဲ့လိုနဲ့ပဲကျွန်မလည်း အလုပ်ထွက်လိုက်တာ တစ်ရက်ဘာလို့လဲမသိဘူး။ အိမ်မက်ထဲမှာ ကျွန်မရုံးကိုရောက်နေတယ်။ အပေါ်ထပ်ကရုံးခန်းထဲမှာ မမစိမ်းက မျက်လုံးဒေါက်ထောက်ထားသလို ကြည့်နေတာ။ အခုအချိန်ထိ တွေးတိုင်းကြောက်စရာကောင်းလိုက်တာ။ ရုပ်ပျက်ဆင်းပျက်မဟုတ်ပေမဲ့ တော်တော်ကြောက်စရာကောင်းတဲ့ မျက်လုံးမျိုးနဲ့မှန်ကိုကပ်ပြီးကျွန်မကိုကြည့်နေတာ။ ကျွန်မ အိမ်မက်ကနေလန့်နိုးတော့ တော်တော်လန့်နေတာ။ နောက်ရက်ရုံးကိုဖုန်းဆက်ပြီး သူငယ်ချင်းတွေကို နေကောင်းလား ဘာညာမေးရင်း မမစိမ်းအကြောင်းမေးတော့ ပိုကြမ်းလာသတဲ့။ တစ်ရက် မိတ်ကပ်ဆရာမတစ်ယောက် အပေါ်ဆုံး၅ထပ်မှာ အစည်းအဝေးလုပ်ပြီးပြန်ဆင်းလာတော့ ပိုက်ဆံအိတ်ကျန်ခဲ့လို့ သော့ယူပြီးပြန်တက်ယူတာ သော့ဖွင့်နေတုန်း အခန်းထဲကနေပြီး ဘယ်သူလဲလို့မေးတယ်တဲ့။ သူကလည်း ကြောက်ပြီး သူ့နာမည်ဘယ်သူပါဆိုတာ ပြန်ဖြေပြီး ပိုက်ဆံအိတ်ဝင်ယူတယ်တဲ့။ သော့ပိတ်ပြီးဆင်းလာမှ ငါကသော့ဖွင့်ပြီးဝင်တာ အထဲကမေးတယ်။ ငါကလည်း ပြန်ဖြေမိတယ်ဆိုပြီး အကြောက်လွန်သတိလစ်သွားရောတဲ့။ အဖြစ်အပျက်ကတော့ အဲ့ဒါပါပဲရှင်။ လက်ရှိနာမည်ရ ရုံးဖြစ်နေတော့ နာမည်တွေမတပ်ပဲ နေရာကိုလည်းသိပ်မပေါ်လွင်စေပဲ ရေးပေးလိုက်ပါတယ်ရှင်။
Credit to http://phochorgyi.blogspot.com

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ