တရုတ်ဇာတ်လမ်းတွဲထဲက တရားသူကြီး ပေါင်ချိန်ဗေဒင်ဟောတာကို ပြောတာတော့ မဟုတ်ပါ..။ လူတွေအကြောင်းကို လေ့လာရင်း သိမြင်လာတာလေးတွေ မျှဝေပေးချင်လို့ ခေါင်းစဉ်ပေးထားတာပါ။ လခစားအလုပ်ကလေးကနေ ရပ်နားထားပြီး အိမ်မှာရှိနေတုန်း အသစ်အသစ်သော အတွေ့အကြုံလေးတွေ သိချင်လာမိပြန်တော့ ဘာလုပ်ရရင်ကောင်းမလဲ စဉ်းစားမိပါသည်။
စဉ်းစားနေရင်း သာမန်ပုံစံကနေ နည်းနည်း ခွဲထွက်ပြီး လူတွေ၏စိတ်သဘာဝကိုပါ လေ့လာလို့ရအောင် လျှောက်စဉ်းစားမိတော့ လမ်းဘေးမှာ ပေါင်ချိန်သည် ဟု ဆိုသော ပေါ့ပေါ့ပါးပါးအလုပ်လေးကို သွားမြင်မိပါသည်။ ထို လုပ်ဆောင်ချက်လေးက ဘာပညာမှ ပါရန်မလိုပါ။ ပေါင်ချိန်စက်ကလေး ရှေ့ကိုချပြီး လာချိန်သမျှ ပြောပြပြီး တစ်ဦးလျှင် ၅၀/၁၀၀ ယူလိုက်ယုံသာဖြစ်သည်။ သို့သော်..လူ့အကြောင်းကို သိတန်သလောက်တော့ မသိရပါ။ အဲ့သည်တော့ လူတိုင်းလိုလို ၀ါသနာပါတက်ကြသည် ဗေဒင်ဟောခြင်းလေးကိုပါ ရောစပ်အသုံးချလိုက်ရင် သိတန်ကောင်းပါရဲ့ လို့ တွေးမိလာပါသည်။
ကျွန်တော်ကလည်း တားရော့ဗေဒင်ဟောနည်းကို သေသေချာချာ လေ့လာသင်ယူထားသူမို့ ဗေဒင်ကလေးပါ ဟောပေးရင် စိတ်ဝင်စားနိုင်သည်ဟု တွေးမိပြီး အဆိုပါ ပုံစံလေးကို လုပ်ချင်လာမိပါသည်။ စီးပွားရေးပုံစံကြီး လည်း မလုပ်ချင်…လူ့အကြောင်းလည်း သိချင်ဆိုတော့ ကျွန်တော်လည်း စိတ်ပါသော နေ့များတွင် ပေါင်ချိန် စက်ကလေး ပိုက်ပြီး လူစည်ကားသော အဆင်ပြေရာ နေရာလေးတွေမှာ ထိုင်နေလိုက်ဖို့ ဆုံးဖြတ်လိုက် ပါသည်။ အသစ်အဆန်းများကို စိတ်ဝင်စားတက်သူတွေ များတဲ့လူ့သဘာဝကို သိထားတော့ ပေါင်ချိန်စက်ပေါ်က တင်ထားတဲ့ ဗီနိုင်းစလေးမှာ ရေးလိုက်တာကတော့….
"ပေါင်ချိန် ဗေဒင်ဟောသည်" လို့ပါ…။
ပထမနေ့
ဒီနေ့ကတော့ စဦးဆုံး လုပ်ကြည့်မယ့် လုပ်ငန်းလေးပါ။ တစ်ခါမှလည်း မလုပ်ဖူးဘူးဗျ..။ အဲ့တော့ လိုရမယ်ရ Visiting Card လေးကို အိပ်ထဲ ထည့်…ဖုန်းကို အားပြည့်အောင် သွင်း….အရန်အဖြစ် အားသွင်းပြီးသား ဖုန်းဓါတ်ခဲတစ်လုံးကိုလည်း အိပ်ထဲကို ထည့်ပြီး ဗီနိုင်းစလေးရယ်…ပေါင်ချိန်စက်ကလေးရယ်…ခင်းထိုင်စရာ အခင်းလေးတစ်ခုရယ်..ထီးတစ်ချောင်းရယ် သယ်ပြီး အိမ်က ထွက်လာပါတော့သည်။ တာမွေမှ သူငယ်ချင်းများနဲ့လည်း မတွေ့တာ ကြာပြီ မို့လို့ တာမွေဘက်ကိုပဲ ထွက်လာခဲ့ပါသည်။
တာမွေကို ရောက်တော့ သူငယ်ချင်းနဲ့ လက်ဘက်ရည်ဆိုင်ထိုင်..စကားစမြည်ပြောပြီး သူ့ဆိုင်အနီးတွင် တစ်ရက်စာ နေရာလေးတောင်းပြီး ကျွန်တော့်အလုပ်ခန်းကို ဖွင့်လိုက်ပါတော့သည်။ လုပ်နေတဲ့အလုပ်ကို လေးစားရမည်မို့လို့ ကလိချင်တဲ့ဖုန်းကိုလည်း အသံပိတ်ပြီး တုန်ခါမှုစနစ်ကိုသာ ထားလိုက်ပါတော့သည်။ ဒီနေ့ ကျွန်တော့်လေ့လာရေးနှင့်အလုပ်ကိုပဲ စိတ်ထဲရှိနေပါတော့သည်။ ( ပြောချင်တာကတော့ မည်သည့်အလုပ်ကို လုပ်နေပါစေ…ကိုယ်လုပ်နေတဲ့အလုပ်ကို အားစိုက်မှု စိတ်ဝင်စားမှု စိတ်ထက်သန်မှု အပြည့်ရှိနေရပါမည်။ Pro ဟူသော ဘ၀ကို လိုချင်ရင် လက်ရှိအချိန်နှင့် လက်ရှိအလုပ်ကိုသာ ဂရုစိုက်နေရပါမည်)
ခဏကြာတော့…
"ဒီမှာရှင်….ဒီမှာ..ပေါင်ချိန်ချင်လို့.." "ဗျာ..ဟုတ်ကဲ့..ချိန်ပါဗျာ.။ လက်ထဲက ကိုင်ထားတာလေးတွေရှိရင် ယုံယုံကြည်ကြည် ခဏအပ်နှံထားနိုင်ပါတယ်" လို့ ပြောပြီး မော့ကြည့်လိုက်တော့ မိန်းကလေး ၃ ယောက်.. "ရှင်က ပေါင်ချိန်လား…ပေါင်ချိန်ရင်း ဗေဒင်ဟောတာလား."
"ဟုတ်ကဲ့…ပေါင်ချိန်ရင်း ဗေဒင်လည်း ဟောပေးပါတယ်။ နာမည်မမေးဘူး…မွေးသက္ကရာဇ်မမေးဘူးဗျ။ "
"ဒါဆိုရင် ရှင်က ဘာနဲ့ဟောမှာလဲ…"
"တားရော့ နဲ့ ဟောမှာလေ….ဒီမှာ.."
လက်ထဲက တားရော့ထုတ်ကလေးကို ပြလိုက်ပါသည်။ သူတို့က လက်ထဲက တားရော့ထုတ်ကလေး ကိုလည်းကြည့်ရင်း…တစ်ယောက်ကို တစ်ယောက်လည်း ပြန်ကြည့်ကြပါသည်။ပြီးမှ…
"ဒါဆိုရင် ဘယ်လောက်လဲ…"
"တစ်ကြိမ်ကို ၂၀၀ ကျပ်ပဲ ကျပါတယ်..။ ပေါင်တစ်ခါချိန်…မေးခွန်းတစ်ခုမေး.."
အသစ်အဆန်းတစ်ခုလို ဖြစ်နေလို့ ထင်ပါတယ်…၃ ယောက်စလုံးက မေးကြရအောင်လို့ ပြောပါသည်။ အဲ့တာနဲ့ မိန်းကလေးတစ်ယောက် ပေါင်ချိန်စက်ကလေးပေါ် တက်လိုက်ပါသည်။ ချိန်ကြည့်လိုက်တော့ ၁၀၆ ပေါင်
"ဟင်..၁၀၆ ပေါင်တောင်မှ…."
"ဟုတ်တယ်…." "နင် နည်းနည်းဝလာတယ်.."
ဟု အခြားတစ်ယောက်မှလည်း ပြောလာပါသည်။ ကျွန်တော့်အမြင်အရ ၀လာသောလက္ခဏာ မရှိပါ။ ထိုအချိန်တွင်ပဲ သူမက ကိုယ်အလေးချိန်ထက် ဗေဒင်မေးရေးကိုသာ စိတ်ဝင်စားနေပါတော့သည်။ ကျွန်တော်ကလည်း..
"အရမ်းဝတယ်ရယ်လို့ မဟုတ်ပါဘူး…သာမန်ပါပဲ" ဟုပြောလိုက်ပါသည်။
"ဗေဒင်မေးလို့ ရပြီလား…"
"ဟုတ်ကဲ့..ရပါပြီ….မေးချင်တာကို သေချာ အာရုံပြုထားပါ။"
"ဟုတ်…"
ကဒ်တစ်ကဒ်ကို အဆိုပါ မိန်းကလေးက ဆွဲလိုက်ပါသည်။ ကျွန်တော်က ကြည့်လိုက်ပြီး….ဘာသိချင်တာလဲ ဟု မေးလိုက်ရာ…
"အခု သွားလျှောက်မယ့် အလုပ်ရမလား.."
"ဟုတ်ကဲ့….ရပါမယ်…" မျက်နှာလေးက ပျော်သွားပုံရပါသည်။
ကျွန်တော်ကတော့ ကဒ်ထဲမှာ ပေါ်လာသည့်အတိုင်း ပြောလိုက်ခြင်းသာ ဖြစ်ပါသည်။ ထို့သို့ သိရတော့ ကျန်သည့်နှစ်ယောက်ကလည်း မေးမည်ဟု…ပြောလာပါသည်။ ကျွန်တော်ကလည်း
"ပေါင်မချိန်တော့ဘူးလား…"
"ဟုတ်..ရတယ်..အချိန်တော့ဘူး…တားရော့ပဲ မေးချင်တယ်.."
"ဟုတ်..ရပါတယ်….ပေါင်မချိန်ဘဲ တစ်ခွန်းမေးလည်း ၂၀၀ ကျပ်ပဲနော်.."
"ပေးပါမယ်…ကိုပေါင်ချိန်ရယ်…"
"ဟုတ်ကဲ့..ဒါဆိုရင်လည်း ခဏထိုင်…ကဒ်ဆွဲပါ.."
လက်ထဲက ကဒ်ကို ချပေးလိုက်ပါသည်။ အ၀ါရောင် ၀တ်ထားသော မိန်းကလေးက ကဒ်ဆွဲလိုက်ပါသည်။ ကျွန်တော်က.. "ဘာသိချင်တာလဲ…ပြောပါ.."
"အခုရောင်းချင်တဲ့ အိမ် ရောင်းထွက်မလား…"
"ဟုတ်ကဲ့…အနှောက်အယှက်လေးတွေ ရှိနေပါတယ်..အဲ့တာလေး ရှင်းသွားရင် ရောင်းထွက်ပါပြီ။"
"ဒါဆိုရင် ဘာလုပ်ရင် ရမလဲ"
"ဟုတ်ကဲ့ ..အဲ့တာ နောက်တစ်ခွန်းဖြစ်နေလို့ နောက်တစ်ကဒ်ဆွဲမှ ရပါမယ်"
"အင်…အဲ့တာဆို..နောက် ၂၀၀ ပေါ့..ဟုတ်လား.."
"ဟုတ်ပါတယ်ဗျာ…စိတ်ဝင်စားရင် ဆက်မေးပါ..။ တားရော့ရဲ့အကြောင်းကိုတော့ ညီမတို့ ကြားဖူးရင် ကြားဖူးမှာပါ.."
"ဟုတ်…ဆက်မေးမယ်လေ…" ဆိုပြီး နောက်တစ်ကဒ်ဆွဲလိုက်ပါတော့သည်။ ကျလာတာက….
နောက်တစ်ရက်မှ ဆက်ဖတ်ပါနော်….။ တင်ထားပေးပါမယ်….။
နန်းညွန့်ဦး
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ