မထင်မှတ်တဲ့-ဟာသလေးတစ်ခု

(၁)
အချိန်ကား ည 12 နာရီ တိတိ ..။
သုံးရက်လ မို့ တိမ်ကြားမှ တစွန်းတစ်စ ထွက်လာတတ်သော လရောင်က
လူကုန်တန် ရပ်ကွက်ကလေး၏ နောက်ဖေးလမ်းကြားကို သင်္ကာမကင်းသလို
ပျောက်တိပျောက်ကျား သာပေးနေသည် ..။
လူတစ်ယောက် ...
တိတိကျကျ ဆိုရသော် အိမ်တစ်အိမ်၏ နောက်ဘက် လမ်းကြားလေးမှတဆင့်
သစ်ပင် တစ်ပင်အား အကာအကွယ် ယူကာ
ထိုအိမ်၏နောက်ဖေး တံခါးပေါက်အား မမှိတ်မသုန် စိုက်ကြည့်နေသော လူတစ်ယောက် ..။
ဘေးမှ တဝီဝီ အော်မြည်ကိုက်ခဲနေသော ခြင်တို့အား လက်တစ်ဘက်ဖြင့် အသာ သပ်ချရင်း
မျက်လုံးတို့က မျက်တောင် မခတ်လောက်အောင်ပင် ...။
သူ ဒီနားမှာ ရောက်နေတာ တစ်နာရီ ခန့်ပင် ရှိပေပြီ ..။
တစ်ကိုယ်လုံးအား မျက်လုံးနှစ်လုံးပဲ ချန်ကာ အနက်ရောင်ဖြင့် ဖုံးလွှမ်းထား၏ ။
ဒီည ကား သူ့အတွက် အသက်တမျှ အရေးကြီးသော ညပင် ဖြစ်ပေတော့သည် ..။
။.....................။......................။
(၂)
"အဲဒီကိစ္စတော့ သမီးလုံးဝ သဘောမတူနိုင်ဘူး မေမေ ...
နိုင်ငံခြားမှာ ကျောင်းသွားတက်မှာက ဟုတ်တယ်
ဒီလူက ဘယ်က ပေါ်လာရတာလဲ ..
သမီးကို ဘာလို့ ကြိုမပြောရတာလဲ ..
သမီး အိမ်ထောင်ရေးကိုတော့ သမီးစိတ်ကြိုက်ပဲ ဆုံးဖြတ်ပါရစေ မေမေ ...
မေမေစိတ်ထင်တိုင်း လုပ်နေတာတွေ ရပ်တန်းက ရပ်ပါတော့... "
ပြောပြောဆိုဆို ဆက်တီပေါ် ဝုန်းကနဲ ထိုင်ချလိုက်သော သမီးဖြစ်သူကို ကြည့်ရင်း
ဒေါ်နန်းသူဇာ မျက်နှာတစ်ချက် မဲ့လိုက်မိသည် ..။
" ဒီမှာ သမီး ...
နင့်အဖေ မရှိတော့ တည်းက နင့်ကို ဖတဆိုးလေး ဆိုပြီး အဖေလိုရော အမေလိုရော အစ်မလိုပါ စောင့်ရှောက်လာခဲ့တာ
ဒီကိစ္စတွေ စီစဉ်ခဲ့တာလဲ နင့်အဖေ မသေခင်ကတည်းက
ပြီးတော့ မျက်ကန်းလို စီစဉ်ခဲ့တာ မဟုတ်ဘူး ..
ဒီကောင်လေးကိုလဲ အမျိုးမျိုး လေ့လာပြီးပြီ
အဖက်ဖက်က အပြစ်ပြောစရာမရှိလို့ မေမေတို့ စီစဉ်ခဲ့ကြတာ
အရင်လေ့လာကြည့်ပါအုံး သမီးရယ် ...
ပြီးတော့ အခု စီစဉ်မှာ မဟုတ်သေးဘူး
သမီးကျောင်းပြီးမှ ...။
မိဘစကားနားထောင်တဲ့ သားသမီး ဘယ်တော့မှ စိတ်မဆင်းရဲရပါဘူး ...
ငါ့သမီးက လိမ္မာပါတယ် ...
အေး ... ငါ့စကားနားမထောင်လို့ကတော့ နန်းသူဇာအကြောင်း နင်သိတယ်နော် "
" မေမေရယ် သမီး တောင်းပန်ပါတယ် ...အဲဒီကိစ္စကို ဖျက်လိုက်ပါနော် ...
သမီး ကျန်တာ အားလုံး မေမေ့စကားကို နားထောင်ပါ့မယ် .. "
လက်အုပ်ကလေးချီကာ မေမေ့ကို အသနားခံနေမိသည် ..။
"တိတ်စမ်း ယွန်းဝတီ ...
မိဘက ဆင်စီးပြီး မြင်းရံစေချင်လို့ စီစဉ်တာ...
ငါလက်နဲ့ရေးတာကို နင်ခြေထောက်နဲ့ နင်းဖျက်ဖို့ မကြိုးစားနဲ့ ..။
နောက်တစ်ပတ် သွားဖို့ အကုန်စီစဉ်ပြီးပြီ ..
ဟိုအိမ်မှာပဲ နေပြီးကျောင်းတက်ရမယ် ... ဒါပဲ ထပ်စကားမရှည်နဲ့တော့ "
ပြောပြောဆိုဆို ထိုင်ရာမှ ထထွက်သွားသော မိခင်ဖြစ်သူကိုကြည့်ရင်း
ယွန်းဝတီတစ်ယောက် မိမိ အိပ်ခန်းတွင်းသို့ စိတ်ပျက်လက်ပျက် ဝင်လာမိသည် ..။
ကုတင်ပေါ်မှာ လှဲရင်း ဦးနှောက်တို့ထူပူလာအောင် ခေါင်းကို တဗျင်းဗျင်း ကုတ်ဖွနေမိသည် ..။
မောင် .....
ကုတင်ပေါ်မှ ရုတ်တရက် ထထိုင်လိုက်မိသည် ။
ဟုတ်သည် ..
ဒီကိစ္စ မောင်နှင့် အမြန်ဆုံး တိုင်ပင်ရမည် ...။
...................။......................
(၃)
နာမည်ကြီး ကော်ဖီဆိုင် တစ်ခု၏ သီးသန့် ခန်းလေးတစ်ခုအတွင်း
တိတ်ဆိတ်မှုက လွှမ်းမိုးနေသည် ..။
စားပွဲအား ကျောခိုင်းကာ နံရံကို လက်တစ်ဖက်ဖြင့် ထောက်ပြီး
ခေါင်းငုံ့ကာ ငြိမ်သက်နေသော အသက် 21 နှစ်အရွယ် ခန့်အသားညိုညို ၊
လေးထောင့်စပ်စပ် မေးရိုးနှင့် ယောက်ျားပီသသော ကိုယ်လုံးကိုယ်ပေါက် ရှိသူ လူငယ်တစ်ယောက် ...။
ငြိမ်သက်နေသည်မှာကား ကျောက်ရုပ်တစ်ရုပ်အလား .. ။
အငွေ့ တမျှင်းမျှင်းထွက်နေသော စားပွဲပေါ်မှ ကော်ဖီ နှစ်ခွက်က အပေါ်ယံကြောတင်းနေပြီ..။
ပြာလဲ့လဲ့ မီးရောင်က အခန်းတွင်းရှိ အေးစက်မှုအား မနွေးထွေးစေနိုင် ...။
ရုတ်တရက် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သော ရှိုက်သံ တစ်ချက်က
လူငယ်၏ ကျောပြင်အား တစ်ချက် လှုပ်ခတ်သွားစေသည် ..။
စားပွဲပေါ် လက်ထောက်ထားရင်း လက်မက နဖူးပေါ် အသာဖိကာ
အစရသွားသည့်အလား တသိမ့်သိမ့် ရှိုက်ငိုချလိုက်သည့် အသက် 20 ဝန်းကျင်ခန့်
ချောမောလှပသော မိန်းမပျို တစ်ယောက် ..။
ကျောလယ်ခန့်ထိအောင် ရှည်လျားသည့် အညိုရောင်ဆံနွယ်ခွေခွေ တို့က
မျက်နှာပေါ်မှတဆင့် ရင်ဘတ်ဆီသို့ ကပိုကယို ဝဲကျနေသည် ..။
နှုတ်ခမ်းနှင့် မေးဖျားတို့က တဆတ်ဆတ်တုန်ကာ နှာသီးဖျားလေး ရဲတွတ်နေလောက်အောင်ပင်
ဝမ်းပမ်းတနည်း ငိုရှိုက်နေသည် ...။
။.......................။......................။
(၄)
အာကာတစ်ယောက် အသက်ပင် ကောင်းကောင်း မရှူရဲ ...။
အရင်တစ်ပတ်က ကော်ဖီဆိုင်တွင် ချိန်းတွေ့သည်ကို အဘွားကြီးသိသွားပြီး
ထိုနေ့မှ စ၍သမီးဖြစ်သူအား အိမ်ထဲမှ အိမ်ပြင် မထွက်ခိုင်းတော့ ..။
အိမ်ဖော် မလုံး အကူအညီဖြင့် ဒီည လာခိုးရန် စာဖြင့်အချိန်းအချက်ရသဖြင့်
နောက်ဖေးလမ်းကြားတွင် လာစောင့်နေခြင်းပင် ..။
ဒီညမှ မခိုးဖြစ်လျှင် မနက်ဖြန်မနက် အစောကြီး လေယာဉ်ဖြင့်
ယွန်းဝတီမှာ နိုင်ငံခြားကို သွားရတော့မည် ဖြစ်သည် ..။
လွဲ၍ မဖြစ် ...
ရာသီဥတုက အေး ၊ ခြင်ကကိုက်သော်လဲ တုတ်တုတ် မလှုပ်ရဲ ...။
ကျောက်ရုပ်ကဲ့သို့ နောက်ဖေးတံခါးမှ ထွက်လာမည့် ချစ်သူ အရိပ်အား
မျက်တောင်မခတ်တမ်း စောင့်ကြည့်နေမိသည် ...။
.................။...................
(၅)
" မောင် .... ဒီမှာ လာ ကြည့်စမ်း
ညီမလေး ဟိုမှာ ရိုက်ထားတဲ့ပုံတွေ ... facebook မှာတင်ထားတာ ...
လှတယ်နော်မောင် ... "
ပြောလဲပြော ... လင်တော်မောင်အား လှမ်းအကြည့်
မျက်နှာ ကွက်ကနဲ ပျက်သွားသော အာကာအားကြည့်ကာ စန္ဒီ တစ်ယောက်
ပါးစပ်ကို အမြန် ဘရိတ်အုပ်လိုက်ရသည် ...။
အသက်တစ်နှစ်ခန့် ငယ်သော်လဲ လူကြီးဆန်သည့် မောင့်ကို စန္ဒီ ချစ်ခင် လေးစားမိပါ၏ ။
အိမ်ထောင်သက် နှစ်နှစ် အတွင်း မောင်က အလုပ်ကြိုးစားသလို
အပျော်အပါး ကင်းစွာ အိမ်ထောင်တာဝန်ကို ကျေခဲ့ပါ၏ ..။
ပုခက်ထဲတွင် အိပ်ပျော်နေသော သမီးဖြစ်သူအား ကြည့်နေသော
လင်ယောက်ျား ၏ ကျောပြင်အား ကြည့်ကာ စန္ဒီတစ်ယောက် ကျေနပ် နှစ်သိမ့်နေမိသည် ...။
................။................
(၆)
၁၂ နာရီ ၄၅ မိနစ် ..... ။
ကျွီကနဲ ပွင့်လာသော တံခါး နောက်မှ တစ်ကိုယ်လုံးကို စောင်ခြုံထားသောအရိပ်တစ်ခုကို အမြင်
အာကာ တစ်ယောက် ရင်ထဲ ထိတ်ကနဲ ဖြစ်သွားသည် ....။
ဓါတ်မီးကို ထိုးပြီး လှမ်းထွက်အလာ ...
အသင့်ဖွင့်ထားသော မလွယ်ပေါက် တံခါးမှ တဆင့် ဝင်လိုက်ပြီး
လက်ကို အသာ လှမ်းဆွဲလိုက်သည် ...။
ယွန်း အတော်ပင်ကြောက်နေသည် ထင်၏ ..
အသားတို့က အေးစက်နေသည် ...။
"ဟင် ... အာကာ ... "
" ယွန်း ... အထုပ်ရော ဘယ်မှာလဲ ..... "
"ဟို ....... ဟို ...... "
"သမီးးးးးးး "
ရုတ်တရက် တံခါးပေါက်မှာ ပေါ်လာသော ဒေါ်နန်းသူဇာ အရိပ်ကြောင့်
အာကာ တစ်ယောက် ယွန်းဝတီ၏ လက်ကလေး အားဆွဲကာ နောက်ဖေးလမ်းကြားမှ တဆင့်
ကားရပ်ထားသော လမ်းထိပ်သို့ တရှိန်ထိုး ပြေးလေတော့သည် ...။
နောက်မှ ပလုံးပထွေးအော်ကာ လိုက်လာသော ဒေါ်နန်းသူဇာအား မျက်ဖြေဖြတ်ကာ
ကားပေါ်တက် မောင်းထွက်ခဲ့လိုက်သည် ..။
တော်တော် ဝေးဝေးသို့ ရောက်မှ ဘေးနားတွင် တဆတ်ဆတ်တုန်ကာ ကြောက်ရွံ့နေသည့်
ချစ်သူအား လှည့်ကြည့်ကာ တစ်ချက်ပြုံးလိုက်ပြီး
ကိုယ်ပေါ်မှ ခြုံစောင်အား ဆွဲခွါလိုက်သည် ...။
" ဟင် ..... မစန္ဒီ .. "
" အာကာ ... ငါ .. ငါ .. တရေးနိုးလို့ အပေါ့အပါးထသွားတာ ... ဘာတွေ ဖြစ်ကုန်တာလဲဟင် .. ခု "
" ဟာ ................ "
အာကာတစ်ယောက် ကားကို ဘရိတ်အုပ် ရပ်ကာ .. စန္ဒီအား ထိတ်လန့်တကြား စိုက်ကြည့်နေမိသည် ....။
.................။.................
(၇)
မှတ်ချက် ။ ။ ထိုခေတ်အခါက အိမ်များမှာ အိမ်မကြီးနှင့် အိမ်သာ ကို အနည်းဆုံး (၁၀) ပေခန့်ခွါပြီး ဆောက်လေ့ရှိကြသည် ။
................။..................
Credit by ငပိချက်

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ