မြန်မာပြည်မှာ တက္ကသိုလ်ပညာရေးစနစ်တွေ မြှင့်တင်တော့မယ်၊
နိုင်ငံတကာအဆင့်အတန်းနဲ့ အညီ ဆောင်ရွက်တော့မယ်လို့ ကြားမိတယ် ထင်တာပဲ။
ရန်ကုန်တက္ကသိုလ်တို့၊ စက်မှုတက္ကသိုလ်တို့လည်း အရင်တုန်းကလို
သင်ရိုးကုန်၊ သက်တမ်းပြည့် ပြန်ဖွင့်မယ်လို့ ဆိုတယ် ပြောတယ်။
သူတို့ပြောတာက စာသင်နှစ် ၁ နှစ် အပြည့်သင်မယ်၊ ဘာသာရပ်တွေကို ၄ နှစ်
တာ၊ ၆ နှစ်တာ အပြည့်၊ တတန်းကို သတ်မှတ်ထားတဲ့ ဘာသာတွေ ၇ ဘာသာ ၈ ဘာသာ
အပြည့် သင်မယ် ပြောတာလား မသိဘူး။ ဒါက တက္ကသိုလ်ကောလိပ်အဆင့်
ပညာရေးသင်ကြားပုံ နည်းစနစ်ကို မေးခွန်းထုတ်မိတာပါ။
ဒါဆိုရင် မူလလက်ဟောင်း ပညာသင်ကြားပုံ နည်းစနစ်ကိုလည်း အရင်ဆုံး
ပြင်ဆင်တော်လှန်ကြဖို့ စဉ်းစားရလိမ့်မယ် ထင်မိတယ်။ အမေရိကန်နဲ့ အခြား
အနောက်တိုင်း ကောလိပ်၊ တက္ကသိုလ်တွေမှာက စာသင်တန်း တခုကို ၄ လ လောက်ပဲ
ရှိတယ်။ တနှစ်မှာ ၂ တန်းကနေ ၃ တန်း စာသင်တန်း (နှစ်မဟုတ်တော့)
တွေရှိတယ်။ မိုးရာသီစာသင်တန်း၊ ဆောင်းရာသီ စာသင်တန်း၊ နွေရာသီ
စာသင်တန်း၊ အဲသလိုမျိုး၊ တနှစ်မှာ ၃ တန်းပြီးအောင် တက်လို့ ရတယ်ပေါ့။
အဲသည် စာသင်တန်းကာလမှာ ၄၊ ၅၊ ၆ ဘာသာ ယူလို့ရတယ်။ ဘာသာတွေ
ယူပုံယူနည်းကလည်း အားလုံးတပြေးညီစနစ်ထက်
ကျောင်းသားတဦးချင်းစီအပေါ်အခြေခံပြီး ကျောင်းက Counselors
အတိုင်ပင်ခံဝန်ထမ်းတွေက အတန်းတွေ တွဲပုံ ယူပုံတွေ စီစဉ်ပေးတယ်။
requirement အခြေခံလိုအပ်ချက် ဘာသာရပ်၊ core အဓိကဘာသာရပ်ဆိုပြီး
ခွဲထားတော့၊ အင်္ဂလိပ်စာတို့ မြန်မာစာတို့က အခြေခံလိုအပ်ချက်ပြီးသွားရင်
လျပ်စစ်အဓိက၊ ကွန်ပျူတာအဓိကတို့ဆိုတဲ့ Coreဘာသာတွေ ဆက်ယူရတာမျိုးပေါ့။
ဆိုတော့ ၂ နှစ် ၃ နှစ် ၄ နှစ် ကျောင်းသားရဲ့ အတိုင်းအတာ
ကြိုးစားမှုအလိုက် ဘွဲ့ကို ယူနိုင်တယ်။ ၆နှစ်တို့ ၄နှစ်တို့ တပြေးညီ
စောင့်နေစရာမလိုဘူး။
ဒါက ကျောင်းစာသင်ခန်းအခြေခံ၊ ကျောင်းcampusအခြေခံပြီး စာသင်နည်းစနစ်ကို
ပြောတာပါ။ အခု အမေရိကန်မှာ ကျောင်းတွေက အစိုးရကျောင်း၊
ကိုယ်ပိုင်ကျောင်း၊ သမ၀ါယမကျောင်းတွေ မျိုးစုံ ရှိတော့ စာသင်ပုံ
ပြဌာန်းစနစ်တွေကလည်း အထွေထွေ အပြားပြားဖြစ်လာတယ်။ ဘာတတ်အောင် သင်ရသလဲ
ဆိုတဲ့ သင်ရိုးကလည်း အသေးစိတ်မှာ တကျောင်းနဲ့ တကျောင်း မတူတော့ဘူး။
တတ်သွား သိသွားတာတော့ တူကြတယ်လို့ ယေဘူရ ပြောရမယ်။
အခုတော့ အင်တာနက်ကြီးက အကုန်လုံးကို ချိတ်ဆက်ထားတော့
လူမှုရေးဘ၀တွေအပြင် ပညာရေးဘ၀တွေကိုပါ အင်တာနက်က ချိတ်ဆက်လိုက်တယ်။
အွန်လိုင်းပေါ်မှာ ကောလိပ်၊ တက္ကသိုလ်အပြင်
သက်မွေးပညာအခြေခံသင်တန်းတွေကိုယ်တိုင်က သင်ခန်းစာတွေ တင်ဆက်ထားတယ်။
လေ့လာလို့ ရတယ် ဖြစ်လာတယ်။ အလွယ်ဆုံး ဥပမာက youtube education channel
(http://youtube.com/education ) , Apple iTune University
(http://www.apple.com/education/itunes-u/ ), Khan Academy
(https://www.khanacademy.org/ ), Udacity.org (www.UdaCity.org ) စတဲ့
Free Education Lectures, Courses and Teaching တွေက အများကြီးပဲ။
သည်တော့ ကျောင်းသားတွေအတွက် ပညာရွှေအိုးကြီးက ဟောင်းလောင်းကြီး အလျံပယ်
ပွင့်နေသလို ဖြစ်နေတော့ အဲသည် ပညာအိုးကြီးတွေ လိုက်နှိုက်ဖို့က
လမ်းညွှန် ထိန်းကျောင်း ပုံစံချမယ့် ဆရာတွေနဲ့ အကယ်ဒမစ်တွေ၊
ကျွမ်းကျင်သူတွေရဲ့ အခမ်းကဏ္ဍက အရေးကြီးတဲ့ နေရာရောက်လာပြန်ပါရော။
ဥပမာ မိုဘိုင်း ပရိုဂရမ်ဆွဲဖို့ တတ်ချင်သူ၊ ဂရိသမိုင်းကို
သင်ကြားချင်သူအတွက် ဘယ်သင်ရိုးနဲ့ စာသင်ကြားတာတွေ စပြီး စုဆောင်းပြီး
သင်ကြားဖို့၊ စီစဉ်ပေးဖို့က အဲသည်ကျောင်းသားအတွက် တာဝန်ရှိတဲ့ ဆရာတွေက
အရင်ဆုံး ဒီပညာရွှေအိုးတွေကို နေရာချထား အကွက်ချဖို့က သူ့အိုး သူ့ဆန်
လုပ်ကြရလိမ့်မယ် ဖြစ်ပါတယ်။
စာသင်ကျောင်းတွေကိုယ်တိုင်ကလည်း အဲသည် အခမဲ့အွန်လိုင်း
ပညာသင်ရိုးတွေကို စိစစ်ပြီး ကျောင်းသားတွေအတွက် ပြန်လည်ပို့ချတာမျိုး၊
အောင်လက်မှတ်ဖြစ်စေ၊ ဘွဲ့လက်မှတ်ဖြစ်စေဖြစ်ဖြစ်
အသိအမှတ်ပြထုတ်ပေးတာမျိုးတွေနဲ့ လုပ်ကြရလိမ့်မယ် ထင်တာပါပဲ။
ကိုယ်ပိုင် သင်ရိုးဖြစ်စေ၊ နံမယ်ကြီး ကျောင်းကြီးများထံက
လိုင်စင်ယူပြီးတော့ သင်ရိုးများကို မှီငြိမ်းပြီးဖြစ်စေ
သင်ကြားပြသပေးနိုင်တယ်ဆိုလည်း လုပ်ကြဖို့ပါပဲ။ ပြီးတော့ သက်ဆိုင်ရာ
လုပ်ငန်းခွင်တွေကို ပညာသင်ဖြစ်ဖြစ်၊ လေ့လာရေးဖြစ်ဖြစ်၊
လုပ်အားပေးဖြစ်ဖြစ် ချိတ်ဆက်ပေးပြီး လုပ်ငန်းခွင်အတွေ့အကြုံတွေကို
ထပ်ဆောင်းပေးနိုင်ရမယ် တွေးမိပါတယ်။
အခုတလော အမေရိကန်မှာ ခေတ်စားနေတဲ့ သူနာပြုအကူလက်မှတ်ဆိုရင်
ကောလိပ်အဆင့်မှာ လိုအပ်ချက်ဘာသာတွေ သတ်မှတ်သင်ကြားပေးပြီး
လုပ်ငန်းခွင့် လေ့ကျင့်မှု ပေးလိုက်ပါတယ်။ ပြီးတော့ ဆေးရုံ၊ ဆေးခန်း၊
လူအိုရုံတွေနဲ့ ချိတ်ဆက်ပြီး အလုပ်အကိုင်ကိစ္စ ရှာဖွေတာ၊
လျောက်ထားတာတွေ လုပ်ကြပါတယ်။ ကွန်ပျူတာမှာလည်း အခု
မိုဘိုင်းပရိုဂရမ်ရေးတာအတွက် apple, android တို့အတွက် အခြေခံနဲ့
အဓိကဘာသာရပ်တွေကို ၃ လကနေ ၆ လအတွင်း လေ့လာသင်ကြားပေးပြီးတာနဲ့
လုပ်ငန်းခွင်ထဲ တွန်းပို့စရာတောင်မလိုပါ၊ ကျောင်းသားတွေကိုယ်တိုင်
သွားရှာကြတော့တာပါပဲ။
နောက်တချက်ကတော့ ပညာရေးစနစ်နဲ့ ပညာရေးဘ၀ကို
ထူထောင်ပေးလိုက်ပြီဆိုတာနဲ့ အဲသည်က မွေးဖွားလာတဲ့ လက်မှတ်ရတွေ၊
ဘွဲ့ရတွေကို နိုင်ငံတော်နဲ့ လုပ်ငန်းရှင်တွေက စည်းကမ်း နည်းလမ်း
ဥပဒေတွေနဲ့ အကာအကွယ်ပေးဖို့၊ အသိအမှတ်ပြုဖို့၊ အားပေး အားမြှောက်ဖို့
လိုပါတယ်။ မြန်မာပြည်ကျောင်းထွက်တွေက ကိုယ်နဲ့မဆိုင်တဲ့ အလုပ်တွေပဲ
ဆက်လုပ်နေရပြီးတော့ အခြားတိုင်းပြည်က ကျောင်းထွက်တွေကိုပဲ
မျက်နှာလိုက်ပြီး ငှားယမ်းနေရင်လည်း ဘယ်လိုလုပ် ပြည်တွင်း ပညာရေးက
ကောင်းစားမှာတုန်း။
ဘွဲ့ရအသင်းတွေ၊ လက်မှတ်ရအဖွဲ့တွေ၊ ကျောင်းသားဟောင်းများ၊ ဆရာများ၊
အကယ်ဒမစ်များစတဲ့ တရားဝင်အသင်းတွေ သမဂ္ဂတွေကနေ ကိုယ့်အမျိုးတွေ
မျက်နှာပွင့်ဖို့ ကောင်းစားဖို့ အမြဲစုစည်း စည်းဝေးပြီး
လှုပ်ရှားတာတွေ၊ လှုံဆော်မှုတွေ လုပ်နေကြမှပဲ ဖြစ်လိမ့်မယ် ထင်ပါတယ်။
ကျောင်းကြီးထောင်ပြီး၊ ကျုရှင်တွေကပဲ အမြတ်ထုတ်နေတာ၊
ကျောင်းပြီးသွားတော့လည်း ကိုယ်နဲ့ မဆိုင်တာနဲ့ အသက်မွေးနေရတာ၊ ဆရာတွေက
အသစ်အဆန်း စမ်းသတ်တာတွေ မလုပ်ဘဲနေတာ၊ နိုင်ငံတော်နဲ့
လုပ်ငန်းရှင်တွေကလည်း ပြည်တွင်းက ပညာရေးစနစ်ကို လေးစား အားကိုးမှု
မရှိတာ၊ ပြီးတော့ ပညာရေးလုပ်ငန်းကို စီးပွားရေးအလုပ်တခုလို ၀န်ထမ်း၊
ပိုင်ရှင်၊ ကျောင်းသား၊ ဆရာ၊ မိဘ အားလုံးက ဈေးတွက်တွက်ပြီး အမြတ်ထုတ်
ငွေရှာဖို့ချည်းပဲ စဉ်းစားနေတာချည်းပဲ ဆိုရင်တော့ သိပ်ထူးမှာ
မဟုတ်ဘူး။ အရင်အတိုင်းပဲ ဖြစ်မှာပဲ။
အင်း … လွှတ်တော်တက်နည်း၊ ရွေးကောက်ပွဲ နိုင်နည်း၊ ပါတီထောင်နည်းတွေကတော့
သင်ပေးစရာ လိုမယ် မထင်ဘူး။ အတုမြင် အတတ်သင်လို့ရတယ် မဟုတ်လား။
လောကဓာတ်ခန်းသာဂိ
Link :http://moemaka.com/?p=30988
Nann Nyunt Oo
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ