မျဉ်းကျားပေါ်မှာ စဉ်းစားဖော်ရှာ

ကျွန်တော်သည် U.K မှ အမိမြေသို့ ပြန်လာတိုင်း နံနက်ခင်းတွင်
အင်းလျားကန်ဘောင်ပေါ် လမ်းလျှောက် ပါသည်။ နေထိုင်ရာ တက္ကသိုလ်ရိပ်သာလမ်းသစ်
ဘက်မှ ကမ္ဘာအေးဘုရားလမ်းမကြီးကို လူကူးမျဉ်းကျားပေါ်မှဖြတ်ပြီး အင်းလျား
ကန်ဘောင်ပေါ်သို့ တက်ပါသည်။ အပြန်တွင် လမ်းလျှောက်သူများ သာမက နံနက်
အလုပ်ဆင်းသည့် အခြေခံ လူတန်းစား ပြည်သူများပါ မျဉ်းကျားမှ လမ်းကူးသည် ကို
သတိထားမိပါသည်။ လူကူးမျဉ်းကျား ဆိုသော်လည်း ကားများက ရပ်မပေးပါ။
လမ်းနှစ်ဖက်မှ ကားများရှင်းမှ လမ်းကူးမည်ဆိုလျှင် လမ်းကူးခွင့်
မရနိုင်လောက်အောင် ခက်ခဲသဖြင့် လမ်းတစ်ဖက် ကားရှင်းလျှင်
လမ်းတစ်ဝက်ဖြတ်ကူးပြီး လမ်းအလယ် မျဉ်းဖြူကြောင်းပေါ်ရပ်၍ တစ်ဖက်မှ
ကားများရှင်းအောင် စောင့်ရပါသည်။ မျဉ်းကျားပေါ်တွင် လမ်းကူးသူများ
ရှိသော်လည်း ကားများက မိုင်နှုန်းကို မလျှော့ပါ။

တစ်မနက်ခင်းတွင် သက်ကြီးရွယ်အို အမျိုးသမီး တစ်ဦး တောင်ဝှေးနှင့်
မျဉ်းကျားမှ လမ်းကူးနေစဉ် ကားတစ်စီးက ဟွန်းတီးပြီး အရှိန်နှင့်
ဖြတ်မောင်းသွားပါသည်။ အချို့ကားများသည် မျဉ်းကျားအနီး ရောက်ခါမှ
တစ်စင်းကို တစ်စင်းက ကျော်တက်ကာ လမ်းအလယ် မျဉ်းဖြူကြောင်းပေါ်ရှိ
လမ်းကူးသူများကို ပွတ်ကာသီကာ အရှိန်နှင့် မောင်းကြသည်မှာ အထူး
စိုးရိမ်စရာ ကောင်းပါသည်။ ယာဉ်မောင်း သတိလစ်ဟင်း၍ ဖြစ်စေ၊
ကားစက်ချို့ယွင်း၍ဖြစ်စေ၊ ယာဉ်လမ်းကြောင်း အနည်းငယ်
တိမ်းစောင်းသွားသည်နှင့် လမ်းကူးရန် ရပ်စောင့်နေသူကို အရှိန်ပြင်းစွာ
ဝင်တိုက်နိုင်ပါသည်။

ယူကေတွင် လူနေရပ်ကွက်များတွင်သာမက လမ်းလျှောက်၊ လမ်းကူးသူ (Pedestrian )
များသည့် နေရာများတွင်ပါ ကားမိုင်နှုန်းကို တစ်နာရီလျှင် မိုင် ၃၀ ကန့်သတ်
ထားပါသည်။ ဤသို့ ကန့်သတ် ထားသည်မှာ အကြောင်း ရှိပါသည်။ သုတေသန
တွေ့ရှိချက် အရ ကားက လူကို တိုက်မိသည့်အခါ ကားအရှိန် တစ်နာရီမိုင်သုံးဆယ်
ထက် ပိုလျှင် လူသေဖို့ ကျိန်းသေနီးပါး ရှိသောကြောင့်ဖြစ်ပါသည်။
ကန့်သတ်မိုင်နှုန်းထက် ပိုမောင်းသောကားများကို အချက်အချာကျ
သောနေရာများတွင် မိုင်နှုန်းထိန်း ကင်မရာ (Speed Camera) များက
ကားနံပါတ်ပြားနှင့် တကွ ဓာတ်ပုံရိုက်ဖမ်းပြီး အရေးယူ၊ ဒဏ်ငွေရိုက် ပါသည်။
ကားမောင်းသူ၏ ယာဉ်မောင်း လိုင်စင်ပေါ်သို့လည်း အမှတ် သုံးမှတ် (၃ Points)
တင်လိုက်ပါသည်။

ယူကေရှိ လမ်းပေါ်သုံးသည့်ကားတိုင်း နှစ်စဉ် ကားအာမခံကြေး ပေးသွင်းရပါသည်။
ယာဉ်မောင်းလိုင်စင် ပေါ်တွင် အမှတ်ရှိသူများ မောင်းသည့် ကားများ အတွက်
အာမခံကြေးမှာ ပိုများပါသည်။ ထို့ကြောင့် ယာဉ်မောင်းသူများ
မိုင်နှုန်းထိန်းကင်မရာ အရိုက်မခံရရန် သတ်မှတ်ထားသည့် မိုင်နှုန်းအတိုင်း
သတိထား မောင်းကြရပါသည်။ ယခုအခါ နေရာ အများအပြားတွင် သတ်မှတ်မိုင်နှုန်းထက်
ကျော်၍ မောင်းမိလျှင် "ဖြည်းဖြည်း (Slow Down)" ဟု သတိပေးစာတန်းကို
ထိုးပြသော အသိပေး စနစ် များကိုလည်း စိုက်ထူ ထားပါသည်။

ကမ္ဘာအေးဘုရား လမ်းမပေါ်က လူကူးမျဉ်းကျားတွင် ကားများ ရပ်ပေးခြင်း၊
အရှိန်လျှော့မောင်းခြင်း မရှိသဖြင့် ထိုမျဉ်းကျားကို လမ်းကူးသူများ
တစ်နေရာတည်းမှ ဖြတ်ကူးအောင် သက်သက်ဆွဲ ထားသလိုဖြစ်နေပါသည်။
ကားများအဆင်ပြေရန် သက်သက်ဖြစ်နေပြီး လမ်းကူးသူ အခြေခံပြည်သူတို့ အဆင်ပြေ
အန္တရာယ်ကင်းရန် အကျိုးမပြုဟု ထင်မြင်ခံစားမိပါသည်။ ယူကေတွင်
လူအများစုကားပိုင်နိုင်သဖြင့် လမ်းများကို အဓိကသုံးသူများမှာ
ယာဉ်မောင်းသူများဖြစ်သော်လည်း လူနည်းစု ဖြစ်သည့် လမ်းလျှောက်၊
လမ်းကူးသူများ အဆင်ပြေရေး၊ အန္တရာယ် ကင်းရေးအတွက်
အလေးထားဆောင်ရွက်ပေးထားပါသည်။ လမ်းဆုံ များတွင် လူကူးမီး (Pedestrian
Light) များထားရှိပြီး လမ်းကူးလိုလျှင် ခလုတ်ကိုနှိပ်၍ စောင့်ရပါသည်။
လူကူးမီး မစိမ်းမီ ကားများကို မီးနီဖြင့် ရပ်စေသဖြင့် ဘေးကင်းစွာ
လမ်းဖြတ်ကူးနိုင်ကြပါသည်။ လမ်းဆုံ မဟုတ်သော်လည်း လမ်းကူးသူများသည့်
နေရာများ (ဥပမာ-ကျောင်းသားများ ကျောင်းတက်ကျောင်းဆင်း လမ်းကူးသည့်နေရာ
များ) တွင် အလားတူ လူကူးမီးများ ထားပေး၍ဖြစ်စေ၊ လူကူးမျဉ်းကျားများ
ဆွဲထားပေး၍ဖြစ်စေ၊ အန္တရာယ်ကင်းအောင် ဆောင်ရွက် ပေးထားပါသည်။

ယူကေတွင် လူကူးမျဉ်းကျားမှ လမ်းကူးမည့်သူများ ကို ကားများက ရပ်ပေးရသဖြင့်
စိတ်ချမ်းသာစွာ လမ်းကူးနိုင်ကြ ပါသည်။ လူကူးမျဉ်းကျားပေါ်တွင် ကားကလူကို
တိုက်မိလျှင် အခြားနေရာများတွင် တိုက်မိသည်ထက် ပို၍ အပြစ်ဒဏ်ကြီးပါသည်။
မြန်မာနိုင်ငံတွင် ကားအရေအတွက် များလာသော်လည်း လူအများစုမှာ ကားမပိုင်သော
အခြေခံလူတန်းစား ပြည်သူများဖြစ်ပါ သည်။ ကားပိုင်ရန် မပြောနှင့်၊
ဘတ်စ်ကားစီးရန်ပင် ကားခ မတတ် နိုင်၍ နေ့စဉ် ခြေလျင်အလုပ်တက်၊ ဆင်းကာ
လမ်းများကို စိုးရိမ်မကင်း ကူးဖြတ်နေကြရသော ပြည်သူ အများအပြားရှိပါသည်။
ထို ပြည်သူများ လမ်းများကို ဘေးကင်းစွာအသုံးပြုနိုင်ရန် အရေးကြီးပါ သည်။
ထိုပြည်သူတို့ကို အကျိုးမပြုသည့် လက်ရှိ လူကူးမျဉ်းကျား စနစ်ကိုလည်း
ပြုပြင်သင့်ပါသည်။ မကြာမီ ရန်ကုန်မြို့လယ် လမ်းမကြီးများ ဆုံရာတွင်
လူကူးမီးများ တပ်ဆင်ရန် ရှိကြောင်း စာစောင်တစ်ခုတွင် ဖတ်ရ၍ ဝမ်းသာ
မိပါသည်။ အခြေခံ လူတန်းစား ပြည်သူများ လမ်းအကူးများသည့် စက်ရုံ၊
အလုပ်ရုံ၊ ရုံး၊ ဈေး၊ ကျောင်း၊ ဆေးရုံ စသည့် နေရာများတွင်လည်း အလားတူ
စီစဉ်ပေး နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။

ခေတ်မီ တိုးတက်သော ဒီမိုကရေစီ နိုင်ငံကြီးကို တည်ဆောက် ရာတွင်
ပြည်သူတို့၏ စွမ်းအားသည် သယံဇာတ၊ ရင်းနှီးမြှုပ်နှံမှုထက် ပင်
အရေးကြီးပါသည်။ ကားတိုက်ခံရ၍ ဒဏ်ရာရလျှင် နိုင်ငံတည် ဆောက်ရေးစွမ်းအားကို
ထိခိုက်ပါမည်။ အလုပ်မလုပ်နိုင်၍ ဝင်ငွေ မရသည့်အပြင် ဆေးကုသရန်
အပိုထွက်ငွေပါ ကုန်ကျသောကြောင့် မိသားစုနစ်နာပါမည်။ ရေရှည်
အလုပ်မလုပ်နိုင်လျှင် ဖြစ်စေ၊ သေဆုံးသွားလျှင်ဖြစ်စေ၊ နိုင်ငံ တိုးတက်ရေး
အတွက် တန်ဖိုးရှိလှသော လူ့စွမ်းအား ဆုံးရှုံးမှုဖြစ်ပါမည်။

မိမိဆေးကျောင်းတက်စဉ် ဆရာဖြစ်ဖူးသူ အငြိမ်းစားပါမောက္ခ နှင့်
ရက်အနည်းငယ်ခန့်က တွေ့ရာ ၄င်းက "ဆရာ အရင်က ပြည်လမ်းမကြီးကိုကူးပြီး
အင်းလျားကန်ဘောင်ပေါ်မှာ လမ်းလျှောက် တယ်။ အခုကားတွေက များလာပြီး
အမောင်းလည်း ကြမ်းကြလို့၊ လမ်းမကူးရဲလို့ လမ်းမလျှောက်ဖြစ်တော့ဘူး" ဟု
ပြောပါသည်။

နိုင်ငံခေတ်မီ ဖွံ့ဖြိုးရန် ပြည်သူလူထု ကျန်းမာဖို့ အရေးကြီးပြီး
ကျန်းမာရေး အတွက် ကိုယ်လက်လှုပ်ရှားမှုသည် အရေးပါကြောင်း
အများအသိဖြစ်ပါသည်။ ကိုယ်လက်လှုပ်ရှား အားကစားမျိုးစုံတွင် လူအများ
အလွယ်တကူ ပါဝင်နိုင်ပြီး စရိတ် အသက်သာဆုံးမှာ လမ်းလျှောက်ခြင်းဖြစ်ပါသည်။
ပြည်သူများ ပျော်ရွှင်စွာ လှုပ်ရှား လမ်းလျှောက်နိုင်ရန် လမ်းများသည်
ပြည်သူတို့အတွက် ဘေးအန္တရာယ် ကင်းရပါမည်။ လမ်းလျှောက်ရန် အင်းလျားကန်၊
ကန်တော်ကြီးသို့ လူတိုင်းကိုယ်ပိုင်ကားဖြင့် မသွားနိုင်ပါ။
ရန်ကုန်မြို့ရှိ လမ်းဘေး လူသွားပလက်ဖောင်းအတော်များများသည်
နှစ်ပေါင်းများစွာ လျစ်လျူရှုခဲ့မှုကြောင့် ကွဲ၊ ကြေ၊ ပျက်စီးနေပြီး
ခလုတ်တိုက်လဲမည့် အန္တရာယ်ရှိပါသည်။ နေရာအတော်များများတွင်
လမ်းဘေးတိုက်ခန်း များမှ ကားများက ပလက်ဖောင်းပေါ် နေရာအပြည့်
ရပ်ထားကြသဖြင့် လမ်းသွားပြည်သူများ ကားလမ်းပေါ်ဆင်းပြီး လျှောက်ကြရသည် မှာ
အန္တရာယ် များလှပါသည်။

ယူကေတွင် လမ်းလျှောက်၊ လမ်းကူးသူများအတွက် သာမက၊ ကျန်းမာရေး၊
စရိတ်ချွေတာရေး၊ လေထုညစ်ညမ်းမှု နည်းပါးရေး အတွက် စက်ဘီးစီးပြီး
အလုပ်သွားသူများ၊ ကိုယ်လက်လှုပ်ရှားသူ များပါ အန္တရာယ်ကင်းစေရန်
စက်ဘီးယာဉ်ကြော (Cycle Lane) များကို လမ်းအတော်များများတွင် သတ်မှတ်
ပေးထားပါသည်။ ကားရှုပ်သော လန်ဒန်မြို့ကြီးတွင် နေ့စဉ် စက်ဘီးဖြင့်
အလုပ်သွားသူ အများအပြား ရှိပါသည်။

ရန်ကုန်ရှိ ယာဉ်မောင်းသူများကို ရံဖန်ရံခါ ကားလမ်းများကို ကိုယ်တိုင်
ဖြတ်ကူး ကြည့်စေချင်ပါသည်။ သို့မှသာ အခြေခံပြည်သူ များ နေ့စဉ်
ရင်ဆိုင်နေရသည့် အခက်အခဲများ၊ အန္တရာယ်များကို ကိုယ်တွေ့
သိနိုင်မည်ဖြစ်ပြီး မိမိတို့၏ ကားများပေါ် ပြန်ရောက်သည့် အခါ
ထိုပြည်သူတို့ကို စာနာ ထောက်ထားနိုင်ပါမည်။

နိုင်ငံတော်အစိုးရအနေနှင့် တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် ကားလမ်းများ
တိုးတက်အောင် ဆောင်ရွက်ရာတွင် မော်တော်ယာဉ် များအတွက် သာမကဘဲ လမ်းများကို
နေ့စဉ်သုံးနေရသည့် ကားမပိုင်၊ ကားမစီးနိုင်သော အခြေခံပြည်သူလူထု
အဆင်ပြေရေး၊ အန္တရာယ် ကင်းရေးကိုပါ အလေးထားနိုင်လိမ့်မည်ဟု
မျှော်လင့်အားထား မိပါသည်။

ကမ္ဘာအေး ဘုရားလမ်းရှိ လူကူးမျဉ်းကျားပေါ်တွင် ပေါ်လာ သည့် စဉ်းစားထွေလာကို
ရေးသားဖော်ပြကာ အဖြေရှာနိုင်ရေး အတွက် စေတနာကောင်းနှင့်
တင်ပြအပ်ပါကြောင်း။

Nann Nyunt Oo

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ