လင်းတ (လဒ)

ရွှေတိဂုံစေတီတော်မှာ လင်းတ နားတယ် ဆိုတဲ့ သတင်းဖတ်ရတဲ့အတွက် လင်းတနှင့်
ပတ်သက်တဲ့ မြန်မာစွယ်စုံကျမ်းလာ အဆိုအမိန့် နှင့် ပရိတ္တသင်္ဂလာကျမ်းလာ
အဆိုအမိန့်တွေကို မျှဝေချင်ပါတယ်။ မြန်မာ့စွယ်စုံကျမ်းက ဒီလို ဆိုပါတယ်။

"လင်းတသည် လင်းယုန်၊ စွန်၊ သိမ်းတို့နှင့်အတူ
ဖော်လကိုနီဖောမီးမျိုးစဉ်တွင် အက်ကဆစ်ပီထရီဒီးမျိုးရင်း၌ ပါဝင်သည်။
လင်းတသည် ငှက်အကြီးစားထဲက ဖြစ်၍ လူတိုင်းလိုလိုပင် မြင်ဖူးကြသည်။
ကိုယ်လုံးကိုယ်ထည်မှာ ကြီးမား၍ အချိုးမကျသည့်အပြင် ဦးခေါင်းနှင့်
လည်တိုင်တို့တွင် အမွေးမပေါက်ဘဲ ပြောင်လျက်ရှိရကား အကြည့်ရ
အလွန်အရုပ်ဆိုး၏။ ထို့ကြောင့် "လင်းတလောက်တော့ ငှက်တိုင်းလှသည်" ဟု စကား
တင်စား ပြောဆိုတတ်ကြသည်။ လူများ အကြံအစည် အလုပ်အကိုင် ပျက်စီးသဖြင့်
ငေးမှိုင်တွေဝေနေသည့်အခါ "လင်းတကြီး မှိုင်းမိသလိုဘဲ" ဟူ၍လည်း
ပုံခိုင်းပြောဆိုတတ်ကြသေးသည်။ လင်းတကို နီးနီးကပ်ကပ် ကြည့်လေလေ ပို၍
စက်ဆုပ်ဖွယ်ကောင်းလေလေ ဖြစ်သည်။

လင်းတသည် ကောင်းကင်း၌ ပျံဝဲနေရင်း အစာကို ရှာဖွေသည်။ ရှာဖွေရာ၌
အနံ့ခံ၍ ရှာဖွေသည် မဟုတ်ပေ။ မြေပေါ်တွင် တိရစ္ဆာန်အသေတစ်ကောင်ကို ကျီးများ
ခွေးများက စတင်တွေ့ရှိရာ မကြာမီပင် ကျီးအုပ် ခွေးအုပ်များ
ရောက်ရှိလာတတ်ကြသည်။ ထိုကျီးအုပ် ခွေးအုပ်ကို ကောင်းကင်၌ ပျံဝဲနေသော
လင်းတများက တွေ့ရှိရာမှ အခြားလင်းတများပါ ရောက်ရှိလာကြပြီးနောက်
အသေကောင်ကို အရိုးသာကျန်အောင် အလုအယက် စားသောက်ကြသည်။ စားသောက်ပြီး၍
ဝသောအခါ နားနေလေ့ရှိသော နေရာသို့ ပြန်၍ အပန်းဖြေရင်း
ငိုက်မြည်းနေတတ်ကြသည်။ လင်းတသည် အသေကောင်ပုပ်များကို စားသောက်သဖြင့်
အပုပ်အသိုး သုတ်သင်ရှင်းလင်းရာတွင် များစွာ အကူအညီ ရသည်။ အကူအညီ
ရသော်လည်း မင်္ဂလာမရှိသောငှက် ဟု ယူဆထားကြသည်။ အိမ်များ ဘုရားများပေါ်တွင်
လင်းတနားမိပါက မုချ ပျက်စီးသွားတတ်သည်ဟု ယူဆကြသည်။ လင်းတသည်
အပုပ်အသိုးကိုမှ နှစ်နှစ်ခြိုက်ခြိုက် စားသောက်လေ့ရှိသည်အားလျော်စွာ
ယင်းကိုယ်မှ ထွက်သောအနံ့မှာ မခံမရပ်နိုင်အောင် ပုပ်ဟောင်လေသည်။
ထိုဆိုးရွားလှသော အနံ့သည် အသိုက်နှင့်ဥများ၌ပင် စွဲနေလေသည်။

လင်းတများသည် သူရဲဘောနည်းသောကြောင့် တစ်ကြောင်း၊
ပျင်းရိသောကြောင့် တစ်ကြောင်း အသက်ရှင်နေသော သတ္တ၀ါတစ်ကောင်ကို
စွန့်စွန့်စားစား ထိုးသုတ်တိုက်ခိုက်လေ့ မရှိကြပေ။ မြေပေါ်ရှိ
အသေကောင်ကိုသာ ရှာဖွေစားသောက်ကြသည်။ သို့သော် တစ်ခါတစ်ရံ
ဝံ့ဝံ့စားစားဖြင့် အင်အားချည့်နဲ့သော မွေးခါစ ၀က်ကလေး သိုးကလေးနှင့်
နာမကျန်းဖြစ်နေသော ဆိတ်များကို တိုက်ခိုက်သတ်ဖြတ်နိုင်ကြသည်။

လင်းတများသည် အသိုက်ကို လက်ပံပင်ကဲ့သို့ မြင့်မားသော
သစ်ပင်ကြီးများပေါ်တွင် ပြုလုပ်၍ အသိုက်ဟောင်းကို နှစ်စဉ် ပြန်လည်
အသုံးပြုကြသည်။ အသိုက်ကို သစ်ကိုင်းသစ်ခက်ကြီးများနှင့် သစ်ရွက်များဖြင့်
ပြုလုပ်ကြသည်။ လင်းတသည် တစ်ကြိမ်လျှင် တစ်ဥသာ အုသည်။ လင်းတဟူသောအမည်မှာ
လင်းတနှုတ်သီးရှည်၊ လင်းတကျောဖြူ၊ လင်းတထိပ်နီ စသော လင်းတအမျိုးမျိုးကို
သိမ်းကျုံးခေါ်သော အမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် လင်းတထိပ်နီမှာ
လူသိအများဆုံးဖြစ်သည်။ လင်းတထိပ်နီကို ပါဏဗေဒအလိုအားဖြင့် တောဂို့ကဲလဗက်
ဟုခေါ်သည်။ အလျား ၃၂ လက်မရှိသည်။ မြေကြီးပေါ်တွင်ရှိစဉ် မည်းနက်သော
အမွှေးအတောင်၊ နီရဲနေသော ဦးခေါင်းပြောင်နှင့် လည်ပင်းရှိ အသားတွဲများကို
အထင်အရှား မြင်နိုင်သည်။ ပျံသန်းနေစဉ်တွင် ပေါင်မှ အဖြူကွက်များကို
ကောင်းမွန်စွာ မြင်နိုင်သည်။

လင်းတထိပ်နီသည် လင်းတမျိုးထဲတွင် ရဲရင့်၍ ဘုရင်ဆစ်ဆူပမာ မင်းမူကာ
အစာကို မိမိ ၀အောင် စားပြီးမှ အခြားလင်းတများကို စားစေသည်။
လင်းတထိပ်နီသည် အအုပ်အသင်းနှင့် မနေချေ၊ အသေကောင်များအနားတွင် နှစ်ကောင်
သုံးကောင်လောက်သာ စုရုံးနေတတ်ကြသည်။ အချို့လင်းတထိပ်နီများသည်
အောက်တိုဘာလ မကုန်မီ အသိုက်များကို ပြန်လည် ပြင်ဆင်ကြသည်။ သို့သော်
များသောအားဖြင့် ဒီဇင်ဘာနှင့် ဇန်န၀ါရီလများတွင် အုကြသည်။
လင်းတထိပ်နီများသည် အရှေ့တိုင်းနိုင်ငံများတွင် အနှံ့အပြား ရှိ၍
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့တွင် အမြဲတမ်းနေသော ငှက်များ
ဖြစ်ကြသည်။ နွေရာသီတွင်ကား ယူနန်နယ်တွင် တွေ့ရတတ်သည်။

လင်းတနှုတ်သီးရှည်မျိုးကို ပါဏဗေဒအလိုအားဖြင့် ဂျစ်အင်ဒီကပ်
ဟုခေါ်သည်။ အလျား ၃၅ လက်မ ရှိသည်။ လည်ပင်းနှင့် နှုတ်သီးသည်
အခြားလင်းတမျိုးထက် ရှည်၏။ လည်ကုတ်တွင် အမွေးဖြူများ ပတ်လျက်ရှိသည်။
သို့သော် အခြားလင်းတမျိုးတို့လောက် မများချေ။ မြန်မာနိုင်ငံ
မြောက်ဘက်စွန်းနှင့် ယူနန်နယ်တို့တွင် မတွေ့ရချေ။ ရခိုင်တိုင်းတွင်ကာ
အမြောက်အများ တွေ့ရသည်။

လင်းတကျောဖြူ၏ ပါဏဗေဒအမည်မှာ ဆူဒိုဂျစ်ဗင်ဂါလင်ဆစ် ဖြစ်သည်။ အလျား
၃၅ လက်မရှိသည်။ မြေပေါ်တွင် နားနေစဉ် တင်းပါးမှ အဖြူကွက်နှင့်
ပျံသန်းနေစဉ် တောင်ပံရှေ့ပိုင်းတစ်လျှောက်မှ အဖြူတန်းများကို အထင်အရှား
မြင်နိုင်သည်။ အခြားလင်းတမျိုးထက် စောစော သားပေါက်ကြသည်။ စက်တင်ဘာလ
တတိယအပတ်လောက်တွင် အသိုက်များ ပြင်ဆင်ကြသည်ကို တွေ့ခဲ့ရဖူးသည်။
မြစ်ကြီးနားခရိုင်တွင် နိုဝင်ဘာလ၊ သို့မဟုတ် ဒီဇင်ဘာလအတွင်းတွင်
သားပေါက်ကြသည်။ အိန္ဒိယ၊ မြန်မာ၊ ယိုးဒယား၊
မလ္လာယုကျွန်းဆွယ်မြောက်ပိုင်းနှင့် အင်ဒိုချိုင်းနား နိုင်ငံများတွင်
တွေ့နိုင်သည်။ မြန်မာနိုင်ငံတွင် အများဆုံး တွေ့ရသည်။
လွင်တီးပြင်များတွင် အနှံ့အပြားတွေ့ရသော်လည်း တောင်ပေါ်များတွင်
တစ်ခါတစ်ရံမှသာ တွေ့ရသည်။ ရခိုင်တိုင်းတွင်မူ လင်းတကျောဖြူမျိုးကို
တွေ့ရခဲသည်။"

အဲဒါကတော့ မြန်မာ့စွယ်စုံကျမ်းလာ အဆိုပဲ ဖြစ်ပါတယ်။ လင်းတငှက်ကို
မင်္ဂလာ မရှိဘူး လို့ ပြောဆိုနေကြတဲ့ ဗုဒ္ဓဘာသာဝင်များအတွက်တော့
ဆရာတော်အရှင်အာဒိစ္စ၀ံသ ရဲ့ ပရိတ္တသင်္ဂဟကျမ်းလာ အဆိုအမိန့်ကို
နှလုံးသွင်းစေချင်ပါတယ်။ ဆရာတော် အဆိုအမိန့်က ဒီလိုပါ။

"ခွေးသေကောင် လင်းတ စသည်ကို မြင်ရသော်၊ ထိုသို့သော အသရေမဲ့
စကားကို ကြားရသော်၊ အပုပ်နံ့ စသည်ကို နံရသော် မင်္ဂလာ မရှိ ဟု ဆို၏။
ထိုသို့ မဟုတ် အသရေရှိသည်ကို မြင်သော်၊ ကြားသော်၊ နံသော် မင်္ဂလာ ရှိ၏ ဟု
သမုတ်၏။ ထိုသို့သော မင်္ဂလာအတွက် ကောင်းကျိုး၊ အ၀မင်္ဂလာအတွက် ဆိုးပြစ်
ကောက်၏။ ထိုသို့သော မင်္ဂလာ အ၀မင်္ဂလာ မည်သည်လည်း ဤလောကကြီး၌ အဘယ်အခါမှ
လွတ်ကင်းမည် မဟုတ်သဖြင့် စွဲယူရိုးကိုးသူ ပင်ပမ်းရုံမျှသာ ဖြစ်၏။
ထို့ကြောင့် ထိုသို့သော အရာကို မင်္ဂလာ အမင်္ဂလာ ဟု စွဲယူခြင်းသည်
အကျိုးမဲ့သာ ဖြစ်၏။ လုံ့လစိုက်ထုတ် လုပ်ကိုင်ရေးကို ပျက်ကွက်စေရန်သာ
ဖြစ်၏။" တဲ့။

နောက်ဆုံးအနေနဲ့ ကိုယ့်တွေ့လေးတစ်ခု ပြောချင်ပါတယ်။ လွန်ခဲ့တဲ့
ဆယ်နှစ်ကျော်လောက်က တစ်ခုသောနေ့ရဲ့ ညနေခင်းမှာ ကိုယ်နေတဲ့
ကျောင်းဝိုင်းထဲကို လင်းတကြီးတစ်ကောင် ကျလာပါတယ်။ မောပန်းပြီး
ကျလာပုံရပါတယ်။ သုံးကောင်ကျတာမှာ နှစ်ကောင်က တခြားနေရာတွေမှာ
သွားကျတဲ့အတွက် လူတွေ သတ်ဖြတ်လိုက်တယ် လို့ သိရပါတယ်။ ကိုယ့်ကျောင်းထဲ
ကျလာတဲ့ အကောင်ကြီးကိုတော့ ကိုရင်တွေက သင်္ကန်းနဲ့ အုပ်ပြီး ဖမ်းကြပါတယ်။
ကျောင်းမှာ တစ်ညထားပြီး နောက်တစ်နေ့မှာ လှော်ကားဥယျဉ်ကို
သွားပို့လိုက်ပါတယ်။

အဲဒီက တာဝန်ရှိတဲ့ ဒကာတစ်ယောက် ပြောပြတာကတော့ "ဒီလင်းတဟာ
မြန်မာနိုင်ငံက လင်းတမျိုး မဟုတ်ကြောင်း၊ ဟိမ၀န္တာမှ ပျံသန်းလာတဲ့
ဟိမ၀န္တာလင်းတမျိုး ဖြစ်ကြောင်း၊ အတောင်ညောင်းပြီး မောပန်းလာတဲ့အတွက်
ပြုတ်ကျတာ ဖြစ်နိုင်ကြောင်း" ပြောပါတယ်။

ပြောလိုတာက ကိုယ့်ကျောင်းထဲမှာ အဲဒီလို လင်းတကျတဲ့အတွက်
ကိုယ်နှင့်တကွ ကျောင်းမှာနေကြသူတွေအားလုံး တစုံတရာ ဆိုးကျိုး
မဖြစ်ခဲ့ပါဘူး ဆိုတာပါ။

ဆရာတော် အရှင်အာဒိစ္စ၀ံသ ရဲ့ ပရိတ္တသင်္ဂဟကို အောက်က လင့်မှာ Download
ရယူနိုင်ပါတယ်။

http://www.scribd.com/doc/117800065/%E1%80%A1%E1%82%90%E1%80%BD%E1%80%84%E1%80%B9%E1%80%A1%E1%80%AC%E1%80%92%E1%80%AD%E1%80%85%E1%81%A5%E1%81%80%E1%80%B6%E1%80%9E-%E1%80%95%E1%80%9B%E1%80%AD%E1%80%90%E1%81%B1%E1%80%9E%E1%80%82%E1%81%A4%E1%80%9F

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ