ကဗျာထဲက အလွှာလေးလွှာ (အရှင် - သုမန)

ကိုလိုနီခေတ်က ကိုယ်တို့ မြန်မာနိုင်ငံ ဘာသာရေးလောကမှာ ပကာသနီယကံ
အပြုခံရပြီး ဟိုးလေးတကျော် ဖြစ်ခဲ့ရတဲ့ ဆရာတော်တစ်ပါး ရှိခဲ့ဖူးပါတယ်။
ဒီဆရာတော်ကတော့ ဆရာတော် အရှင်အာဒိစ္စ၀ံသ-ဆိုသူပါ။ ဗိုလ်ချုပ်အောင်ဆန်း
ရေးသွားတဲ့ ဆောင်းပါးတစ်ပုဒ်ထဲမှာ ဒီဆရာတော်ကိစ္စကို စာတစ်ကြောင်း
နှစ်ကြောင်းလောက်နဲ့ တို့ထိထားသလို ဆရာဦးသိန်းဖေမြင့် ရေးတဲ့
"အရှေ့ကနေ၀န်းထွက်သည့်ပမာ" ၀တ္ထုကြီးထဲက အခန်း တစ်ခန်းထဲမှာလဲ
ထည့်ရေးထားတာ ဖတ်ရဖူးပါတယ်။ ဆရာတော် အရှင်အာဒိစ္စ၀ံသ ရဲ့
ဘ၀တစ်လျှောက်လုံးမှာ အတိုက်အခံတွေ အတော် ပေါများခဲ့တယ် လို့ ဆိုရပါ့မယ်။
ပထမဦးဆုံး စပြီး ကြုံတွေ့ရတဲ့ ပြဿနာကတော့ အဲဒီခေတ်က
မြန်မာနိုင်ငံဥပဒေပြု ကောင်စီမှာ ဆာဂျေအေ ဦးမောင်ကြီး တင်သွင်းတဲ့
ဝိနယဓရ (ဘုန်းကြီးတရားသူကြီး) ဥပဒေကြမ်း နှင့် ပတ်သက်ပါတယ်။
(စကားကျဉ်းအောင် ရေးလိုက်တာပါ၊ ဥပဒေကြမ်းရဲ့ နာမည် အပြည့်အစုံကတော့ The
Buddist Bhikkhus Religious Usages Bill., A Bill to provide for the
settlement of disputes regarding religious usages between Buddhist
Bhikkhus. ဖြစ်ပါတယ်။)

ဒီတုန်းက ရဟန်းတွေ အချင်းချင်း ကျောင်းကန် အာရာမ်နဲ့ ပတ်သက်လို့ သူပိုင်
ငါပိုင် အငြင်းပွားပြီး အမှုအခင်း ဖြစ်ကြတဲ့ အခါမျိုးမှာ လူတရားသူကြီးတွေက
အဆုံးအဖြတ်ပေးတဲ့ လူတရားရုံးတွေမှာ အမှုဆိုင်ကြရပါတယ်။
လူတရားသူကြီးတွေဆိုတော့ ရဟန်းဝိနည်းကို ဘယ်သိပါ့မလဲ။ ဒီတော့ သူတို့
ဆုံးဖြတ်ပေးလိုက်တဲ့ ဆုံးဖြတ်ချက်ဟာ အစိုးရဥပဒေတွေနဲ့ ကိုက်ညီကောင်း
ကိုက်ညီနိုင်ပေမယ့် ၀ိနည်းတရားတော်နဲ့ အညီ ဖြစ်ဖို့ဆိုတာကတော့ တော်တော်
ခဲရင်းမှာပါ။ ဒီလို ဖြစ်နေတာကို ဆာဂျေအေ ဦးမောင်ကြီးက မလိုလားပါဘူး။
ရဟန်းတွေအချင်းချင်း ဖြစ်တဲ့ အမှုကို ရဟန်းတရားသူကြီးတွေက
ဝိနည်းတရားတော်အတိုင်း ဆုံးဖြတ်တာမျိုးပဲ ဖြစ်စေချင်တယ်။ ဒီအတွက်
ရဟန်းသံဃာချင်း ဖြစ်ပွားတဲ့အမှုတွေမှာ ရဟန်းတရားသူကြီး(၀ိနည်းဓိုရ်)တွေနဲ့
စီရင်ဆုံးဖြတ်နိုင်ခွင့်ရှိမယ့် ဥပဒေကြမ်းတစ်ခုကို ဥပဒေပြုကောင်စီမှာ
တင်သွင်းနိုင်ဖို့ ကြိုးစားပါတယ်။ သူတင်သွင်းမယ့် ဥပဒေကြမ်းကို
ရဟန်းသံဃာတော်များဘက်က ပြင်ဆင်စရာ ရှိရင်လဲ ပြင်ဆင်နိုင်အောင်
ရဟန်းသံဃာတော်များကို ချပြပါတယ်။

ဒီဥပဒေကြမ်းကို ဆရာတော်ကြီး အရှင်အာဒိစ္စ၀ံသ က သာသနာရေးရှုထောင့်က
ကြည့်ပြီး ဓမ္မကံနဲ့ လျော်ညီတယ်၊ ဖြစ်သင့် ဖြစ်ထိုက်တယ် လို့ ယူဆတဲ့အတွက်
ထောက်ခံပါတယ်။ တခြားတခြားသော ဆရာတော်သံဃာတော်အများစုကတော့ ဒီကိစ္စကို
နိုင်ငံရေးရှုထောင့်က ကြည့်ပါတယ်၊ ဆာဂျေအေ မောင်ကြီးဆိုတာ
မင်းတိုင်ပင်အမတ်ပဲ ဆိုတဲ့ အမြင်မျိုးနဲ့ ချဉ်းကပ်ပါတယ်။ "ဘုရားဥပဒေပဲ
ထိပ်ပေါ်တင်နိုင်မယ်၊ ကုလားဥပဒေတော့ ထိပ်ပေါ် မတင်နိုင်ဘူး" ဆိုတာမျိုးတွေ
လုပ်လာကြပြီး တစ်နိုင်ငံလုံး မြို့တွေ နယ်တွေမှာ ဆာဂျေအေ ဦးမောင်ကြီး
တင်သွင့်မယ့် ၀ိနယဓရဥပဒေကို ကန့်ကွက်တဲ့ ကန့်ကွက်ပွဲတွေ လုပ်ကြပါတယ်။

ဒါတွေအားလုံးကို ဆရာတော်ကြီး အရှင်အာဒိစ္စ၀ံသ က "ဓမ္မ၀ိနယ ပြန်တမ်း"
ဆိုတဲ့အမည်နဲ့ စာအုပ်တစ်အုပ်ရေးပြီး ဥပဒေရဲ့ အနှစ်သာရနဲ့ ကန့်ကွက်တဲ့
ဆရာတော်တွေရဲ့ ကန့်ကွက်ချက်တွေ တခြားစီ ဖြစ်နေပုံတွေကို
ဖော်ထုတ်ခဲ့ပါတယ်။ ဒါကတော့ ဆရာတော်ကြီးရဲ့ ဘ၀မှာ အယူအဆ မတူသူတွေနဲ့
ပထမဆုံးအကြိမ် ကြုံတွေ့လိုက်ရတဲ့ အတွေ့အကြုံ ဖြစ်မယ် ထင်ပါတယ်။

ဒုတိယတွေ့ကြုံရတဲ့ တိုက်ပွဲကတော့ ဘာသန္တရ တိုက်ပွဲ ဖြစ်ပါတယ်။
ဆရာတော်ကြီးဟာ ပိဋကတ်စာပေတွေကို ထုံးလိုမွှေ ရေလိုနှောက်နိုင်အောင်
ကျွမ်းကျွမ်းကျင်ကျင် နှံ့နှံ့စပ်စပ် တတ်မြောက်တော်မူတဲ့အပြင်
အင်္ဂလိပ်၊သက္ကတ စတဲ့ ဘာသန္တရတွေနဲ့ ဘာသာအယူဝါဒတွေကိုလဲ အိန္ဒိယမှာရော
အင်္ဂလန်မှာပါ သွားရောက်နေထိုင်ပြီး သင်ယူတတ်မြောက်တော်မူခဲ့ပါတယ်။ ဒီလို
တတ်မြောက်တော်မူတဲ့အတွက် သူ့ကျောင်းတိုက်မှာ ရဟန်းသံဃာနဲ့
လူပုဂ္ဂိုလ်တွေကို ပိဋကတ်တော်တွေကို ပို့ချပေးတဲ့အပြင် အင်္ဂလိပ်စာ စတဲ့
ဘာသန္တရတွေကိုလဲ ပို့ချပေးပါတယ်။ ဒီမှာတင် အချို့ဆရာတော်များက
ရဟန်းသံဃာတွေ အင်္ဂလိပ်စာ မသင်သင့်ဘူး၊ အင်္ဂလိပ်စာ ဆိုတာ ဘုရားဟောတဲ့
တိရစ္ဆာနကထာ(မဂ်ဖိုလ်နိဗ္ဗာန်နဲ့ ဖီလာကန့်လန့် ဖြစ်တဲ့ စာ) ပဲ လို့ စွပ်စွဲ
ပြောဆိုကြပါတယ်။ အဲဒီခေတ်က တချို့သော သတင်းစာဆရာတွေကလဲ မသင်သင့်ဘူး
ဆိုတဲ့ဘက်က ရပ်တည်ပြီး ရေးကြသားကြ လုပ်လာကြပါတယ်။

ဒီလို သင်သင့်တယ်၊ မသင်သင့်ဘူး ဆိုပြီး တစ်ဘက်နဲ့ တစ်ဘက် ပြောကြဆိုကြ
ရေးကြသားကြနဲ့ အခြေအတင် ဖြစ်လာခဲ့ရာမှာ နောက်ဆုံးတော့ ဆရာတော်ကြီး
အရှင်အာဒိစ္စ၀ံသ က "ဘာသန္တရလမ်းညွှန်" ဆိုတဲ့ စာအုပ် တစ်အုပ် ရေးပြီး
မသင်သင့်ဘူး လို့ ပြောနေ ရေးနေကြတဲ့ ဆရာတွေကို အလဲထိုး
အနိုင်ယူနိုင်ခဲ့ပါတယ်။ အဲဒီပြဿနာဟာလဲ အဲဒီအချိန်တုန်းကတော့
ရဟန်းသံဃာလောကမှာ ရော ဘာသာရေးလိုက်စားတဲ့ လူပုဂ္ဂိုလ်တွေကြားမှာရော
တော်တော်ကို အုတ်အုတ်ကျက်ကျက် ဖြစ်ခဲ့တဲ့ ပြဿနာတစ်ရပ်ပါ။

ဆရာတော် အရှင်အာဒိစ္စ၀ံသ နောက်ဆုံး ကြုံရတဲ့ အကြီးကျယ်ဆုံးသော ပြဿနာကတော့
"ဘိက္ခုနီသာသနောပဒေသကျမ်း" ထဲက စာနှစ်ပိုဒ်ကြောင့် ပကာသနီယကံ
အပြုခံလိုက်ရတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ ဒီကျမ်းစာအုပ် ထုတ်ဝေမယ် လို့
ကျေညာလိုက်ကတည်းက ဘာသန္တရကိစ္စတုန်းက ရှုံးနိမ့်ခဲ့တဲ့အတွက် မကျေမနပ်
ဖြစ်နေသူတွေဟာ သတင်းစာတွေကနေတဆင့် ဆရာတော် အရှင်အာဒိစ္စ၀ံသ ကို စတင်
တိုက်ခိုက်နေကြပါပြီ။ တကယ်တန်း စာအုပ်ထွက်လာတဲ့ အခါမှာတော့
အဲဒီစာအုပ်ထဲမှာ ကျမ်းစာရဲ့ မူလရည်ရွယ်ချက်နဲ့ ဘယ်လိုမှ မသက်ဆိုင်တဲ့
စာနှစ်ပိုဒ်ကို ဝေဖန်တိုက်ခိုက်စရာ ကိုယ်ထည် အဖြစ် ထားပြီး သတင်းစာတွေကနေ
ဖွပေးပါတယ်။ ဒီဖွချက်နဲ့ပဲ ဒီစာနှစ်ပိုဒ်ကို ကိုယ်လိုချင်သလို
အဓိပ္ပာယ်ဖော်ပြီး ဆရာတော် အရှင်အာဒိစ္စ၀ံသ အပေါ်မှာ ကလော်ကြ ဆော်ကြ
လုပ်လာလိုက်ကြတာ တစ်စ တစ်စနဲ့ ကလော်တဲ့ ဆော်တဲ့ အုပ်စုတွေ
တစ်နိုင်ငံလုံးမှာ အင်အားကောင်းလာပါတယ်။

ဒီထဲမှာ လူပုဂ္ဂိုလ်တွေထဲက ဆိုရင် အဲဒီခေတ်က ထင်ရှားခဲ့ကြတဲ့
အဂ္ဂမဟာပဏ္ဍိတ-ဆရာလင်း တို့လို ဘုန်းကြီးလူထွက်တွေ၊ မြန်မာ့အလင်း-ဦးစိန်း
တို့လို အယ်ဒီတာတွေ ပါပါတယ်။ အာဇာနည်ခေါင်းဆောင်ကြီး ဒီဒုတ် ဦးဘချို
တောင် ပါဝင်နေတာ တွေ့ရပါသေးတယ်။ နောက်ဆုံးမှာတော့ ဆရာတော်
အရှင်အာဒိစ္စ၀ံသ-က ရှင်းပြပါရစေ ဆိုပြီး ဖြေရှင်းခွင့် တောင်းတာတောင်
လက်မခံနိုင်ကြတော့ဘဲ အများအားနဲ့ ၀ိုင်းဖိပြီး ဆရာတော်သံဃာတော်တွေအုပ်စုက
ဆရာတော်-အရှင်အာဒိစ္စ၀ံသအပေါ်မှာ ပကာသနီယကံ ပြုခဲ့ကြသလို ဆရာလင်း ဆရာစိန်း
ဒီဒုတ်ဦးဘချို စတဲ့ လူပုဂ္ဂိုလ်များကလဲ အပ္ပသာဒပဝေဒနီယကံ ပြုခဲ့ကြပါတယ်။
တစ်နိုင်ငံလုံးမှာလဲ ပကာသနီယကံကို ထောက်ခံတဲ့ပွဲတွေကို ဆရာတော်တွေက
ဦးဆောင်ပြီး လုပ်ခဲ့ကြပါတယ်။

(ပါဠိစကားလုံးတွေကို ရှောင်ပြီး ရေးလို့ကလဲ မရ၊ ရေးမိပြန်တော့ မရှင်းဘဲ
ထားခဲ့လို့ နားလည်မှာ မဟုတ်တော့ ရှင်းရပေဦးမယ်။ "ပကာသနီယကံ" -ဆိုတာက
ဒီရဟန်း ပြုသမျှ ပြောသမျှတွေ အားလုံးဟာ ဘုရားတရားသံဃာ ရတနာသုံးပါးနဲ့
ဘာမှ သက်ဆိုင်မှု မရှိကြောင်း အများသိအောင် ကြေညာချက်ထုတ်တာပါ။
အင်္ဂလိပ်လိုတော့ The Order carry out a (formal) act of Information လို့
ပြန်ဆိုတာ တွေ့ရပါတယ်။ ဒီကံကို ရဟန်းတွေကပဲ လုပ်နိုင်ပါတယ်။
ဘုရားလက်ထက်က ရှင်ဒေ၀ဒတ် မဟုတ်မတရားတွေ လုပ်လာတဲ့အခါမှာ ပကာသနီယကံပြုပြီး
အများသိအောင် ကြေညာခဲ့ရဖူးပါတယ်။ "အပ္ပသာဒပဝေဒနီယကံ" -ဆိုတာကတော့
ဒီရဟန်းကို မကြည်ညိုနိုင်ပါဘူး ဆိုတာကို လူအများသိအောင်
ဖော်ထုတ်ကြေညာတာပါဘဲ။ အင်္ဂလိပ်လို့တော့ expression of disapproval of a
monk လို့ ပြန်ဆိုကြပါတယ်။ ဒါကိုတော့ ဒကာ ဒကာမတွေပဲ လုပ်နိုင်ပါတယ်။)

ဒီလိုမျိုး ပကာသနီယကံ အပြုခံရလောက်အောင် ဆရာတော် အရှင်အာဒိစ္စ၀ံသ က ဘာများ
ရေးခဲ့လို့လဲ လို့ သိချင်ကြမယ် ထင်ပါတယ်။ စာအုပ်တွေက ရှာလို့
မလွယ်အောင်ကို ရှာပါးနေပြီ ဖြစ်လို့ ဒီနေရာမှာ ဗဟုသုတအနေနဲ့
ဖော်ပြပေးပါ့မယ်။

စာနှစ်ပိုဒ်မှာ ပထမစာပိုဒ်က-

"မုချ ဧကန် လောကကြီး၏ အကျိုးစီးပွားကို ဆောင်ရန် ဖြစ်ပေါ်တော်မူခဲ့သော
ကျွန်ုပ်တို့ ဘုရားရှင်သော်မျှလည်း ကပ္ပါသားအားလုံးတို့ကို ကျေကျေနပ်နပ်
အကျိုးရချည်းဖြစ်အောင် ဆောင်ရွက်တော် မမူနိုင်ခဲ့။ အချို့သူတို့အား
ကဲ့ရဲ့ ရှုတ်ချ အဓမ္မ စွဲယူစေ၍ အပါယ်သို့ လားစေခဲ့ရချေသည်။" တဲ့။

ဒုတိယစာပိုဒ်ကတော့-

"ကျွန်ုပ်တို့ကား ယခု လက်ရှိ ဗုဒ္ဓဘာသာအယူကိုပင် ဧကန် မှန်လှပြီ ဟု
အခိုင်အမြဲ မစွဲနိုင်သေးကုန်၊ ဟုတ်ချင်မှ ဟုတ်မှာပဲ-ဟု နှစ်လုံးနှစ်ခွ
သံသယနှင့် အယူမှန် ရရန် ရှာဖွေလျက်ပင် ဖြစ်ပါကုန်၏။ ထိုထို ကပ္ပါလောကရှိ
ဘာသာဝါဒများကိုလည်း ဤနည်းအတိုင်းပင် စုံးစမ်းကြည့်ရှုခဲ့လျက် ဤလက်ရှိ
ဗုဒ္ဓဘာသာကို မဖျက်နိုင်သေး၍သာ ဤအယူ၌ တည်မြဲနေကြရကုန်သေးသည်။ ထို့ကြောင့်
ဤအချက်၌ အယူမှန် တရားမှန်ကို ညွှန်ပြနိုင်သူများအား ကျွန်ုပ်တို့က
တပည့်ခံရန် နောက်လိုက် အခစားဖြစ်ရန် ပြင်ဆင်ပြီး ဖြစ်ပါကုန်သည်။" တဲ့။

တကယ်တော့ ဒီစာနှစ်ပိုဒ်ဟာ ရှေ့နောက်ဝါကျတွေနဲ့ ဆက်စပ်ကြည့်လိုက်ရင်
ပြစ်တင်ရှုပ်ချသူတွေ ဆိုလိုသလို ဆိုးဝါးတဲ့ အဓိပ္ပာယ် မထွက်ပါဘူး။ ဒါပေမဲ့
နဂိုမူလကတည်းက ဆရာတော်အရှင်အာဒိစ္စ၀ံသအပေါ်မှာ အငြှိုးအတေး ရှိထားကြလေတော့
ပြစ်တင်ရှုပ်ချကြတဲ့ ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်တွေအနေနဲ့ အာဃာတတရားတွေ
ဖုံးလွှမ်းပြီး အဓိပ္ပာယ်မှန်ကို မသိကြတော့ပါဘူး။ သိအောင်လည်း
မကြိုးစားကြတော့ပါဘူး။ နောက်ပိုင်းမှာ ဒီအရေးကိစ္စနဲ့ ပတ်သက်လို့
ဆရာတော်အရှင်အာဒိစ္စ၀ံသ က "ဘိက္ခုနီအရေးပုံ" ဆိုတဲ့ စာအုပ်ထူထူကြီး
တစ်အုပ်ရေးပြီး ပကာသနီယကံပြုကြ၊ ဒီကံကို ထောက်ခံကြတဲ့ ဆရာတော်တွေနဲ့
လူပုဂ္ဂိုလ်တွေရဲ့ မှားယွင်းချွတ်ချော်မှုတွေအပေါ်မှာ ပယ်ပယ်နယ်နယ်ကို
တွယ်ပါတော့တယ်။

ခုအချိန်မှာ ပိဋကတ်စာပေလဲ တတ်ကျွမ်း၊ မျှတတဲ့ အမြင်လဲ ရှိတဲ့ မည်သူမဆို
ဆရာတော်အရှင်အာဒိစ္စ၀ံသ ရေးသွားတဲ့ "ဓမ္မ၀ိနယပြန်တမ်း" "ဘာသန္တရလမ်းညွှန်"
"ဘိက္ခုနီအရေးပုံ" စာအုပ်တွေကို ဖတ်ကြည့်လိုက်မယ်ဆိုရင် အဲဒီတုန်းက
ပြဿနာတွေနဲ့ ပတ်သက်လို့ ဆရာတော်အရှင်အာဒိစ္စ၀ံသ ရဲ့ ရပ်တည်ချက်က
အမှန်ဖြစ်တယ် ဆိုတာ လွယ်လွယ်ကူကူနဲ့ နားလည်သဘောပေါက်နိုင်ကြမှာပါ။
ဒါပေမဲ့ ဟိုတုန်းကတော့ ဆရာတော်ဟာ အယူအဆ မတူသူတွေရဲ့ ထိုးနှက်ချက်တွေကို
အလူးအလဲ ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီလိုမျိုး ထိုးနှက်တိုက်ခိုက်မှုတွေကို အလူးအလဲ ခံစားသွားရတဲ့
ဆရာတော်အရှင်အာဒိစ္စ၀ံသ က ကဗျာကလေးတစ်ပုဒ် ရေးထားခဲ့ပါတယ်။ ဒီကဗျာဟာ
ဆရာတော် ရေးသားသွားတဲ့ စာပေများစွာအနက်က အလွန်ကို သေးငယ်လှတဲ့
အပိုင်းအစကလေးတစ်ခုပါ။ ဒါပေမဲ့ ဒီကဗျာထဲမှာ ဆရာတော်အရှင်အာဒိစ္စ၀ံသ ခေတ်က
လူတွေ ရဟန်းတွေ အကြောင်းကိုတော့ လှမ်းမြင်နေရပါတယ်။ ကိုယ်တို့ခေတ်မှာရော
ဒီလို လူတွေ ရဟန်းတွေ မရှိနိုင်ဘူးလား။ ကိုယ်ကော ဘယ်နေရာမှာ ရှိနေသလဲ။

ကဗျာကလေးက တိုတိုလေး။ လေးကြောင်းထဲ။

"မှား မှန် အဖြစ် စစ်ဘိခဲတုံ၊

မှား အမှန် ဝေဖန် သိခဲတုံ၊

မှား မှန် ဝေခွဲ ပြောခဲဘိတုံ၊

အမှားလှန် အမှန် ကျင့်ခဲတုံ။"

တဲ့။

ဒီကဗျာရဲ့ အဓိပ္ပာယ်က ပေါ်လွင်ပါတယ်။ ခပ်တိုတို ပြောရရင် "လောကမှာ
အကြောင်းအရာတစ်ရပ်နဲ့ ပတ်သက်ပြီး အမှား အမှန်ကို ဝေဖန်ဆန်းစစ်တာမျိုး
လုပ်တဲ့သူ ရှားတယ်။ ဒီလို လုပ်သည့်တိုင်အောင် ဘယ်ဟာ အမှား ဘယ်ဟာ အမှန်
ဆိုပြီး သဲသဲကွဲကွဲ သိတဲ့သူ ရှားတယ်။ သိသည့်တိုင်အောင် ဒါတော့ မှားတယ်
ဒါတော့ မှန်တယ် လို့ ပြောဝံ့တဲ့ သတ္တိရှိဖို့ မလွယ်ဘူး။ ဒီလို
ပြောရဲသည့်တိုင်အောင် အမှားကို ပယ်ပြီး အမှန်အတိုင်း ကျင့်သုံးဖို့
ခက်ခဲတယ်" လို့ ပြောလိုတာပါ။

ကိုယ်ကတော့ ဒီကဗျာထဲက အဆိုအမိန့်ကို လောကရေးမှာပဲ ဖြစ်ဖြစ်၊
လောကမှ လွန်မြောက်ဖို့အရေးမှာပဲ ဖြစ်ဖြစ် မလွဲမသွေ ကျော်ဖြတ်ကြရမယ့်
အလွှာလေးခု အဖြစ်နဲ့ ရှုမြင်ပါတယ်။ ကိုယ်တို့တတွေ ဘယ်အလွှာမှာ
သောင်တင်နေကြသလဲ။ အများစုက ဘယ်အလွှာမှာ ရှိနေကြသလဲ။ နည်းနည်းလောက်
စဉ်းစားကြည့်ချင်တယ်။

ပထမအလွှာက အမှားနဲ့ အမှန်ကို ခွဲခြားဝေဖန်တတ်တဲ့ အလေ့အကျင့်
ရှိဖို့ ခက်ခဲပါတယ် တဲ့။ ကိုယ်ဥပမာလေး တစ်ခု ပြောပြချင်တယ်။
ရှစ်လေးလုံးအရေးတော်ပုံကာလအတွင်း တစ်ခုသော နေ့ရက်မှာ ရဟန်းပျိုသမဂ္ဂ-လို့
အမည်ခံထားတဲ့ အဖွဲ့တစ်ဖွဲ့က ဆန္ဒထွက်ပြကြပါတယ်။ ဒီဆန္ဒပြပွဲမှာ "ဒီမိုကရေစီ
ရရှိရေး-ဒို့အရေး" ဆိုတဲ့ ကြွေးကျော်သံနဲ့အတူ ကပ်ပါလာတဲ့
နောက်ထပ်ကြွေးကျော်သံတစ်ခုကတော့ " မဟန ညွှန်ကြားလွှာ ၇၂/၇၅
ရုပ်သိမ်းပေးရေး-ဒို့အရေး" ဆိုတာပဲ ဖြစ်ပါတယ်။

ဒီလိုမျိုး ကြွေးကျော် တောင်းဆိုကြတဲ့ ကိုယ်တော်တွေထဲမှာ
ဒီတောင်းဆိုချက်ကို တောင်းဆိုဖို့ စတင်လိုက်တဲ့ အရှက်မရှိ အကျင့်သိက္ခာမဲ့
ပုဂ္ဂိုလ်တချိုက လွဲရင် ကျန်တဲ့ ကိုယ်တော်ငယ်ကလေးတွေအများစုဟာ ညွှန်ကြားလွှာ
၇၂/၇၅ ဆိုတာကို လေ့လာမိပုံ မရပါဘူး။ အကယ်၍ လေ့လာမိခဲ့ရင်လဲ
ဒီတောင်းဆိုချက်အတွက် "ဒို့အရေး" လုပ်မယ် လို့ ကိုယ်တော့ မထင်ဘူး။
ညွှန်ကြားလွှာ ၇၂/၇၅ ဆိုတာ သင်္ကန်းဝတ်ပြီး အရက်သောက်၊ ဖဲရိုက်နဲ့
လုပ်ချင်သလို လုပ်၊ နေချင်သလို နေနေတဲ့ အကျင့်ပျက်ရဟန်းဆိုးတွေကို
အရေးယူဖို့ ထုတ်ထားတာ ဖြစ်လေတော့ မိမိတို့ သာသနာတော်မှာ ဒါမျိုးတွေ တောထ
လာမှာကို ဒီကိုယ်တော်ငယ်ကလေးတွေလဲ အဖြစ်ခံနိုင်မယ် မဟုတ်ပါဘူး။

ဖြူစင်ရိုးသားတဲ့ ကိုယ်တော်ကလေးတွေ အကျင့်ပျက်ရဟန်းဆိုးတွေ
ပေါများလာအောင် လုပ်ဆောင်မိသလို ဖြစ်သွားခဲ့ရတာဟာ ကဗျာထဲက ပထမအလွှာကို
ဖောက်မထွက်နိုင်ခဲ့တဲ့ အားနည်းချက်ကြောင့်ပါ။

ဒုတိယအလွှာကတော့- အမှား အမှန်ကို ဝေဖန်ဆန်းစစ်သည့်တိုင်အောင်
ခွဲခြား သိဖို့ ခက်ခဲတယ် တဲ့။ ကိုယ်တို့တတွေဟာ ပုထုဇဉ်တွေ ဖြစ်ကြတဲ့အတွက်
အဂတိတရားလေးပါးရဲ့ အရင်းအမြစ် ဖြစ်တဲ့ လောဘ ဒေါသ မောဟတွေက
ကိုယ်တို့သန္တာန်မှာ အမြစ်တွယ်နေပါတယ်။ ဒီလိုဆိုတော့ ကိုယ်တို့တွေ
ဝေဖန်ဆန်းစစ်မှု လုပ်တဲ့အခါမှာ ကိုယ့်ဘက်က ကြိုက်တယ်(လောဘ)၊
မကြိုက်ဘူး(ဒေါသ) ဆိုတဲ့ စံသတ်မှတ်ချက်တွေနဲ့ သိနေတာမျိုးကော
မဖြစ်နိုင်ပေဘူးလား။ ကိုယ်ကြိုက်တာ မှန်တယ်၊ ကိုယ် မကြိုက်ရင်
မှားတယ်-ဆိုတဲ့ အစွန်းနှစ်ဖက်ကို မနင်းမိအောင် သတိထားသည့်ကြားက အသိဥာဏ်
မကျယ်ပြန်မှု(မောဟ) ကြောင့် တလွဲတချော် သိနေတာမျိုးလဲ ဖြစ်ကောင်း
ဖြစ်နိုင်ပါသေးတယ်။

ဒါနဲ့ ပတ်သက်လို့ ဥပမာလေးတစ်ခု ပြောပါ့မယ်။ ရှေးတုန်းက
ပါဠိစာပေတစ်မျိုးတည်းကိုသာ တတ်တဲ့ ဆရာတော်တစ်ပါးဟာ ပါဠိစကားလုံး
တစ်လုံးနဲ့ ပတ်သက်ပြီး န-ငယ်နဲ့ ရှိသင့်သလား၊ ဏ-ကြီးနဲ့ ရှိသင့်သလား
ဆိုတာ မေးတဲ့သူက မေးလာတဲ့အတွက် ၇-ရက်လုံးလုံး စဉ်းစားပြီးတော့မှ
အဖြေပေးပါသတဲ့။ နောက် သူပေးလိုက်တဲ့ အဖြေအပေါ်မှာ သံသယရှိတဲ့အတွက် ပါဠိရော
သက္ကတ(Sanskrit)ရော နှစ်မျိုးလုံးတတ်တဲ့ ဆရာတော်တစ်ပါးထံ သွားပြပါသတဲ့။
အဲဒီဆရာတော်က ကောက်ကြည့်လိုက်ပြီး "၇-ရက်လုံးလုံး စဉ်းစားပြီးမှ
မှားတာကတော့ဖြင့် နာတယ်ဗျာ" လို့ အမိန့်ရှိပါသတဲ့။

ပြောလိုတာက ပထမဆရာတော်ဟာ ကြိုက် မကြိုက်ဆိုတဲ့ အစွန်းတွေ
မကပ်ငြိသော်လဲ ပါဠိတစ်မျိုးတည်းကိုသာ တတ်သိတဲ့အတွက် အသိမစုံ (မောဟ) လို့
၇-ရက်လုံးလုံး စဉ်းစားပြီး ပထမအလွှာကို ကျော်ဖြတ်နိုင်ခဲ့ပေမဲ့
ဒုတိယအလွှာကို မကျော်ဖြတ်နိုင်ခဲ့ဘူး- ဆိုတာပါ။

လောကရေးရာတွေမှာ ဒုတိယအလွှာနဲ့ ပတ်သက်လို့ ဘယ်လိုအခြေအနေရှိနေတယ်
ဆိုတာကို ပြီးခဲ့တဲ့ အပါတ်က ထုတ်တဲ့ ပြည်သူ့ခေတ်ဂျာနယ်မှာ ဆရာမကြီး
ဒေါက်တာဒေါ်မြင့်မြင့်ခင် က ခုလို ရေးထားပါတယ်။

"အခု ဖြစ်နေတာက အသက် အနှစ် ၂၀ လောက်ရှိ ကျောင်းထွက်တွေဟာ
(critical thinking) မပြောနဲ့၊ ရိုးရိုးတန်းတန်း ပြဿနာ အငယ်စားကလေး
ဖြေရှင်းဖို့ အဆုံးအဖြတ်ပေးဖို့ ဆိုတာတောင် သိပ် ပိုင်ပိုင်နိုင်နိုင်
လုပ်နိုင်တာ မဟုတ်ဘူး။ ၂ နဲ့ ၂ ပေါင်းလို့ ၄ မဖြစ်တဲ့သူတွေ ပါနိုင်တယ်။
လွန်ခဲ့တဲ့ အနှစ် ၂၀-၃၀ ကစပြီး တိုင်းပြည်ရဲ့ ပညာရေးစနစ်က ကျောင်းသားရဲ့
ဦးနှောက်ကို သုံးခွင့် ပြုခဲ့တာ မဟုတ်ဘူး။ နှုတ်တိုက် အာဂုံဆောင်ပြီး
ပြန်အန်ထုတ် ခိုင်းနေတာ။ critical thinking ဆိုတာက
နိုင်ငံခြားတက္ကသိုလ်တွေမှာတော့ (course work) လို့ ခေါ်တဲ့
သင်တန်းတိုကလေးလောက်ပဲ ရှိတာ။ ဒီမှာတော့ ပိုပြီး ကြီးထွား ဖွံ့ဖြိုးအောင်
လုပ်ပြီး သင်တန်းများများ လုပ်ပေးရမယ် ထင်ပါတယ်။" တဲ့။

ဆရာမကြီးရဲ့ အဆိုအမိန့်ထဲက ၂ နဲ့ ၂ ပေါင်းတာကတော့ ပထမအလွှာကို
ကျော်ဖြတ်လိုက်တာပါ။ ဒါပေမဲ့ ၄ မဖြစ်တာကတော့ ဒုတိယအလွှာကို
မကျော်ဖြတ်နိုင်တာပဲ ဖြစ်ပါတယ်။

တတိယအလွှာကတော့ ကိုယ်မှားရင် မှားပါတယ်-လို့ ၀န်ခံရဲတဲ့ သတ္တိ၊
တပါးသူက မှန်နေရင်လဲ မှန်ပါတယ် လို့ ချီးကျူးရဲတဲ့ သတ္တိ ရှိဖို့
ခက်တယ်တဲ့။ ဒါနဲ့ ပတ်သက်လို့လဲ ပြည်သူ့ခေတ်ဂျာနယ်ထဲမှာပဲ ဆရာဘိုးလှိုင်
ရေးတဲ့ "တက္ကသိုလ်ဥပဒေ ဘယ်လို ရေးကြလဲ-၁" ဆိုတဲ့ ဆောင်းပါးထဲက
စာစုကလေးတွေကို နမူနာအဖြစ် ထုတ်ပြချင်ပါတယ်။

"သမ္မတဦးသိန်းစိန် ပြောတဲ့ မိန့်ခွန်းတစ်ခုမှာ ပါတဲ့အတိုင်း
ချန်ထားခဲ့ရမည့် ခေတ်သစ် စနစ်သစ် မလိုလားသူတွေကလည်း ရှိနေသေးတယ်။ ဥပဒေသ ၂
ခုပဲ ဖော်ပြပါ့မယ်။

က။ ကျွန်တော့်ရဲ့ဆရာသမား အငြိမ်းစားဆရာကြီးတစ်ယောက်က ပြောပြတဲ့
ကိစ္စပါ။ ပွဲလမ်းတစ်ခုမှာ တက္ကသိုလ်ဆရာကြီးဟောင်းတွေ ဆုံမိတဲ့အခိုက် သူက
Ph.D တွေ ဗုံးပေါလအော ထုတ်လိုက်တဲ့ကိစ္စကို ပြောမိတယ်တဲ့။ အဲဒီမှာ
အငြိမ်းစား ပါမောက္ခချုပ်က "ကျွန်တော့် ရှေ့မှာ အဲဒီကိစ္စ ပြောရင်တော့
ကျွန်တော်က ကာကွယ် ပြောဆိုရမှာပဲ။ ကျွန်တော့်လက်ထက်မှာ လုပ်ခဲ့တဲ့ အလုပ်
မဟုတ်လား" လို့ ပြန်ဖြေပါသတဲ့ခင်ဗျာ။

သူပြောတာ ရှင်းပါတယ်။ "ကျွန်တော် လုပ်ခဲ့တာ မှားပါတယ် လို့
ဝန်မခံနိုင်ဘူး" လို့ သူ့စကားက ဆိုလိုပါတယ်။

ခ။ နောက် ပါမောက္ခချုပ်တစ်ယောက်ကတော့ ၂၀၁၁-ခုနှစ်ထဲမှာ ကျွန်တော်
ရေးခဲ့တဲ့ အမျိုးသားတက္ကသိုလ် ဆောင်းပါးကို အကြံကောင်းအဖြစ်
ထောက်ခံပြောဆိုတယ်ခင်ဗျာ။ ကျွန်တော်နှင့် ပွဲလမ်းတစ်ခုမှာ
လူချင်းတွေ့ပြီး ပြောတာ။ သို့သော်လည်း သို့သော်လည်း ထိုပုဂ္ဂိုလ်သည်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်နေတော့ "အမျိုးသားတက္ကသိုလ်တည်ထောင်ရန်"
အဆိုကို ကန့်ကွက်ပြောဆိုတယ်လို့ သိရပါတယ်ခင်ဗျ။….

အထက်က က နှင့် ခ မှာ ညွှန်းတဲ့ ပုဂ္ဂိုလ်များ လွှတ်တော်ထဲမှာ
ရှိနေပါတယ်။ သူတို့မှာ အကြံဥာဏ်ကောင်း ရှိချင်ရှိမှာပါ။ သို့သော်
အကြံဥာဏ်ကောင်းကို ထုတ်ပေးမှာ မဟုတ်ပေဘူး လို့ ထင်ရတယ် ခင်ဗျ။" တဲ့။

အထက်က ဆရာဘိုးလှိုင်ရဲ့ စာစုတွေကို ဖတ်ကြည့်လိုက်တယ်ဆိုရင်ပဲ
တတိယအလွှာရဲ့ အနေအထား ဘယ်လို ရှိတယ်ဆိုတာကို စဉ်းစားလို့ ရနိုင်မယ်
ထင်ပါတယ်။

စတုတ္ထအလွှာကတော့ လူတစ်ဦးချင်းစီရဲ့ ၀ါသနာတွေ အကျင့်စရိုက်တွေနဲ့
ဆိုင်မယ်ထင်ပါတယ်။ ကိုယ့်ရဲ့ မကောင်းတဲ့ အမူအကျင့်တွေကို ကိုယ်ဖာသာ
ပြန်လည်သုံးသပ်ကြည့်မယ်၊ မှားနေတယ် လို့လဲ သိမယ်၊ မှားပါတယ် လို့လဲ
ပြောရဲမယ်။ ဒါပေမဲ့ ပယ်စွန့်ဖို့ကျတော့ နောက်တွန့်သွားတာမျိုးလဲ
ရှိတတ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ်ပဲ နမူနာအနေနဲ့ ပြောချင်ပါတယ်။ ကိုယ်က
ကွမ်းဝါးတတ်တယ်။ ကွမ်းဝါးရင် ကွမ်းစားရင် ခံတွင်းကင်ဆာဖြစ်နိုင်တယ် လို့
ဆရာဝန်များက ရေးကြသားကြတာကိုလဲ တလေးတစား ဖတ်ပါတယ်။ ကွမ်းဝါးတာ မကောင်းဘူး
ဆိုတာကိုလဲ သိပါတယ်။ ဒီအလေ့အကျင့် မကောင်းဘူး ဆိုတာကိုလဲ
ထုတ်ဖော်ပြောရဲပါတယ်။ ပြောလဲ ပြောပါတယ်။ ဒါဖြင့် ကွမ်းမ၀ါးဘဲ
နေပါတော့လား- ဆိုတော့ အင်း ခုချိန်အထိတော့ ၀ါးဖြစ်နေသေးတယ်။ ဒါကတော့
ဖြန့်ကျက်စဉ်းစားနိုင်အောင် နမူနာအနေနဲ့ ပြောတာပါ။

ကိုယ်တို့နိုင်ငံ တကယ်တန်း ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုရင်တော့
ကိုယ်တို့နိုင်ငံက လူများစုကြီးဟာ ကဗျာထဲက အလွှာလေးလွှာကို မလွဲမသွေ
ကျော်ဖြတ်ရပါလိမ့်မယ်။ ဒီလို ကျော်ဖြတ်နိုင်ဖို့အတွက် အဓိကအင်အားကတော့
စာကောင်းပေမွန်တွေကို ဖတ်ရှုတာပဲ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။

--
Nann Nyunt Oo

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ