ကုမ္ပဏီရုံးရှေ့တွင် ဆန္ဒထုတ်ဖော်သည့် ၂၃ ရက်ကြာသည်အထိ သက်ဆိုင်ရာနှင့်
ကုမ္ပဏီဘက်မှ ဖြေရှင်းပေးခြင်း မရှိသည့်အပြင် အသိမ်းခံထားရသည့်
လယ်မြေများကိုပါ ကုမ္ပဏီဘက်မှ ခြံခတ်နေသည့်အတွက် တောင်သူများက နိုဝင်ဘာလ
၂၂ ရက်နေ့ နံနက် ၁၀နာရီ ၀န်းကျင်အချိန်က လမ်းလျှောက် ဆန္ဒထုတ်ဖော်မှု
ပြုလုပ်ခဲ့ကြသည်။
အဆိုပါ လမ်းလျှောက် ဆန္ဒထုတ်ဖော်မှုကို ရန်ကုန်မြို့၊ လသာမြို့နယ်၊
အနော်ရထာလမ်းရှိ ၀ါဝါ၀င်း ကုမ္ပဏီရုံးရှေ့မှ ဗိုလ်တထောင်မြို့နယ်၊
ဗိုလ်ချုပ်လမ်းရှိ မြို့ရွှာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနရုံးအထိ
လမ်းလျှောက် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြပြီး အဆိုပါရုံးရှေ့တွင်
တစ်နာရီခန့် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြပြီး မူလဆန္ဒထုတ်ဖော်မှု
ပြုလုပ်နေသည့် ၀ါဝါ၀င်းကုမ္ပဏီရုံးရှေ့သို့ ဗိုလ်အောင်ကျော်လမ်းမှတဆင့်
အနော်ရထာလမ်းမကြီးအတိုင်း လမ်းလျှောက်၍ ပြန်လည်သွားရောက် ဆန္ဒထုတ်ဖော်မှု
ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ဆန္ဒပြတာ ရက်တွေကြာလာပေမယ့် ကုမ္ပဏီဘက်ကလည်း
လာရောက်ဖြေရှင်းပေးခြင်း မရှိတဲ့အပြင် ကျွန်တော်တို့ဆီက သိမ်းထားတဲ့
လယ်မြေတွေကို ခြံစည်းရိုးခတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့အတွက်
သက်ဆိုင်ရာအနေနဲ့ ဒါကိုတားဆီးပေးဖို့ ကျွန်တော်တို့ ဒီအိုးအိမ်ရုံးအထိ
လမ်းလျှောက် ဆန္ဒပြရတာပါ။ ကျွန်တော်တို့နဲ့ ကုမ္ပဏီနဲ့
ပထမညှိနှိုင်းခဲ့တုန်းကလည်း သိမ်းထားတဲ့လယ်တွေကို
ခြံစည်းရိုးမခတ်ပါဘူးလို့ ကတိပေးထားပေမယ့် အခုကုမ္ပဏီဘက်က ကတိမတည်ပါဘူး။
ကျွန်တော်တို့ လျော်ကြေးလည်း မလိုချင်တော့ပါဘူး။
ကျွန်တော်တို့လယ်မြေတွေကို ပြန်ပေးပါလို့ သက်ဆိုင်ရာနဲ့ ကုမ္ပဏီကို
တောင်းဆိုပါတယ်" ဟု လယ်မြေအသိမ်းခံရသည့် လယ်သမား ဦးကြည်ရွှင်က ပြောပါသည်။
လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် ဦးခိုင်မောင်ရည်က
"ကျွန်တော်တို့ ကော်မရှင်အနေနဲ့ ၈၈ နောက်ပိုင်းမှာ အသိမ်းခံရတဲ့
လယ်ယာမြေကိစ္စတွေကို အဓိက ဆောင်ရွက်ပါတယ်။ လယ်သမားတွေ ရသင့်ရထိုက်တာတွေ
ရသင့်ပါတယ်။ အခုဥပဒေနဲမညီတာတွေ တွေ့နေရတယ်။ အခုမှ ခြံစည်းရိုးတွေ
ပြာပြာသလဲလုပ်တာတွေ အဆောက်အဦးဆောက်တာတွေ လုပ်နေကြတယ်။ ကျွန်တော်တို့
စုံစမ်းစစ်ဆေးမှ လုပ်တယ်ဆိုရင် ဒါဟာ ဥပဒေနဲ့ မညီပါဘူး။
ဥပဒေဘောင်ကျော်နေတာကို တွေ့နေရတယ်။ ဥပဒေဘောင်ကျော်နေတာကို
မသိကျိုးကျွံလုပ်ပြီး အကာအကွယ် ပေးနေရင် အဲဒီလူတွေကိုလည်း ကျွန်တော်တို့က
ဥပဒေနဲ့အညီ အရေးယူနိုင်အောင် လုပ်ဆောင်ရမှာပါ" ဟု လယ်သမားများ
လယ်မြေအသိမ်းခံရသည်များနှင့် ပတ်သက်ပြီး ပြောကြားခဲ့သည်။
လှိုင်သာယာမြို့နယ်၊ အတွင်းပဒန်ကျေးရွာမှ လယ်မြေအသိမ်းခံရသူ လယ်သမား ၅၀
ဦးခန့်က ၎င်းတို့၏ နစ်နာမှုများအား မြို့ရွာနှင့်အိုးအိမ်ဦးစီးဌာန
(သို့မဟုတ်) ၀ါဝါ၀င်းကုမ္ပဏီဘက်မှ ဖြေရှင်းပေးရန်အတွက် အောက်တိုဘာလ ၃၁
ရက်နေ့နံနက် ၁၀နာရီ ၃၀မိနစ်မှ ၁၂နာရီ ၃၀မိနစ် အချိန်အထိ တရားဝင်
ခွင့်ပြုမိန့်ဖြင့် စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် သက်ဆိုင်ရာနှင့် ကုမ္ပဏီဘက်မှ လာရောက်ဖြေရှင်းခြင်း မရှိသဖြင့်
ခွင့်ပြုချိန်ကျော်လွန်သော်လည်း နိုဝင်ဘာလ ၂၃ ရက်နေ့အထိ
ဆန္ဒထုတ်ဖော်မှုများ ဆက်လက်ပြုလုပ်လျက် ရှိသည်။
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ