ဦးဝင်းတင်နဲ့ မေးခွန်းများ လွှတ်တော်တွင်း လွှတ်တော်ပြင် ပြီးတော့ ပြည်သူတွေ နဲ့ အိုဘားမား

မေး။ ။ ဆရာနဲ့ ကျနော်တို့ အခုလက်ရှိမှာ မိုးထိမိုးမိက
အလုပ်သမားတွေ၊ စက်ရုံတွေက အလုပ်သမားတွေ၊ လက်ပံတောင်းတောင်က
တောင်သူလယ်သမားတွေ၊ မန္တလေးက တိုင်းရင်းသား ကျောင်းသားလူငယ်တွေက
မိမိတို့ အရေးကိစ္စ၊ ရပ်ရွာအရေးကိစ္စတွေအတွက် တောင်းဆိုလှုပ်ရှားမှုတွေ၊
သပိတ်မှောက် ဆန္ဒပြတာတွေ လုပ်ဆောင်နေကြတယ်။ အာဏာပိုင်တွေက ဖမ်းဆီး
ကန့်သတ်တာတွေ လုပ်နေတယ်။ အဲသည်အခြင်းအရာတွေကို သာမန်ပြည်သူတွေအနေနဲ့
ဘယ်လိုရင်ဆိုင်ကြရမှာလဲ။

ဖြေ။ ။ လက်ရှိမှာ မိမိတို့ အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေ၊
ဆုံးရှုံးမှုတွေအတွက် အလုပ်သမားတွေ၊ လယ်သမားတွေ၊ ကျောင်းသားလူငယ်တွေ
လူတန်းစားစုံကနေ တောင်းဆိုမှုတွေ ပြုလုပ်လာကြတယ်။ အဲသည်အတွက်
လက်ပံတောင်းတောင်အရေးကိစ္စကိုလည်း ကျနော်တို့ NLDကနေ လွတ်တော်မှာ
အဆိုတင်သွင်းတာ အောင်မြင်တယ်။ သည်တော့ ကျနော်တို့ဆီက
ခေါင်းဆောင်တွေကိုယ်တိုင်လည်း အဲသည်ကို သွားဖို့ ရှိတယ်။ အဲသည်လောက်
ပြောချင်တယ်။ ပြီးတော့ မြန်မာပြည်မှာ စကားရှိတာက သပိတ်စုံ
သူပုန်ထတယ်ဆိုတဲ့ စကားရှိတယ်။ အခုခေတ်မှာက သူပုန်ထတဲ့ ခေတ်တော့
မဟုတ်ပေမယ့် ပြည်သူလူထုတွေကိုယ်တိုင်က ထထကြွကြွနဲ့ ၀ိုင်းဝန်းကူညီ
အားပေးမှုတွေ လုပ်ပေးကြဖို့ လိုတယ်လို့ ပြောချင်တယ်။ ရပ်တည်ပေးကြဖို့
လိုတယ်။

မေး။ ။ ဒါဆိုရင် ပြည်သူတွေကနေ ၀ိုင်းပြီးရပ်တည်ပေးကြပါဆိုတာကတော့
ဟုတ်ပါပြီ။ လက်ရှိနိုင်ငံရေးပါတီတွေကို ရွေးကောက်ပွဲကော်မရှင်က
တလောကထုတ်ထားတဲ့ အကြောင်းကြားချက်တွေမှာ လက်ရှိဆန္ဒပြပွဲတွေမှာ
မပါဝင်ရဘူးလို့ ဆိုထားတယ် ကြားတယ်။
ဆူပုလှုံဆော်မှုတွေလိုမျိုးဖြစ်ပွားအောင်
ဝင်ရောက်မလုပ်ကိုင်ရဘူးဆိုတာမျိုးတွေ ပြောတယ်ဆို။

ဖြေ။ ။ ဒါကို ကျနော့်အနေနဲ့က တိုင်းသူပြည်သားတွေရဲ့ အရေးကိစ္စတွေမှာ
နိုင်ငံရေးပါတီတွေက ပါဝင်ပတ်သက်ရမှာပဲ။ ဆူပူလှုံဆော်တာတွေ
မြှောက်ပင့်ပေးတာတွေ လုပ်တာမှ မဟုတ်တာပဲ။ လူုထုနဲ့ ကျနော်တို့တွေက
တိုင်ပင်ရမယ်၊ နှီးနှောရမယ်။ ဆွေးနွေးပြီး အဖြေရှာကြရမယ်။ လူထုရဲ့
လိုအင်ဆန္ဒကို နားထောင်ရမယ်။ ထုတ်ဖော်ပြောဆိုရမယ်။ သည်တော့
နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးပါတီဝင်တွေကိုယ်တိုင်သာမက
ကော်မရှင်ကိုယ်တိုင်ကလည်း ဒီလိုမျိုး ကန့်သတ်တာကို ပြန်ပြီး
စဉ်းစားကြစေချင်တယ်။ ပြန်ပြီး ကိုယ့်ဖာသာ ဆုံးဖြတ်ကြစေချင်တယ်။ ဥပမာ
လက်ပံတောင်းတောင်အရေးဆိုရင် လွှတ်တော်မှာ အဆိုတင်တယ်။
စုံစမ်းရေးကော်မရှင်လိုမျိုး ဖွဲ့မယ့်အဆင့်ကို ရောက်လာတယ်။
ဒီလိုမျိုး အားလုံးပါဝင်ပတ်သက်ပြီး အဖြေရှာနိုင်တာမျိုးကို
လမ်းဖွင့်ထားရမယ်လို့ ပြောချင်တယ်။

မေး။ ။ ဒီလိုမျိုး ပြည်သူလူထုရဲ့ လူတန်းစားအလွှာအသီးသီးမှာ
ဆုံးရှုံးမှုတွေ၊ နစ်နာမှုတွေ၊ မတရားလုပ်ခံထားရတာတွေဟာ အခုမှ
ဖြစ်ပွားလို့ ပေါ်ပေါက်လာတာလား။ သည်လက်ရှိအစိုးရ လက်ထက်မှာမှ
ဖြစ်လာရတာလား။ အရင်တုန်းက ဒါမျိုးတွေ မရှိဘူးလား။

ဖြေ။ ။ ကျနော်ပြောချင်တာက နှစ်ပေါင်းများစွာကတည်းက ဒီပြသနာတွေ၊
မတရားမှုတွေ၊ ဆုံးရှုံးမှုတွေဟာ ရှိနေတယ်။ ဒါတွေကို ဟိုတုန်းကတည်းကလည်း
စနစ်တကျ မျှမျှတတ ဖြေရှင်းခွင့်တွေ မရရှိခဲ့ဘူး။ အခုချိန်ကျတော့မှာ
ပြည်သူလူထုတွေမှာ နိုင်ငံရေး ပွင့်လင်းမှုတွေ ရှိလာတယ်။ တဦးနဲ့ တဦး
စာနာထောက်ထားမှုတွေ၊ ညီညွတ်မှုတွေ ရှိလာတယ်။ အကြောက်တရားတွေ လျော့ပါးလာတယ်။
ဒါကြောင့်မို့လို့ အခုလို အခြေအနေအချိန်အခါမှာ လူထုရဲ့
ဆန္ဒထုတ်ဖော်မှုတွေ၊ ဆန္ဒပြသမှုတွေကို ထင်ထင်ရှားရှားတွေ့လာကြရတာ ဖြစ်တယ်။
ထို့အတူပဲ ကာယကံရှင်မဟုတ်တဲ့ ပရိသတ်ပြည်သူတွေကလည်း အဲသည်ဖြစ်ရပ်တွေမှာ
ဝိုင်းဝန်းကူညီပေးတာ၊ အားပေးတာ၊ ရပ်တည်ပေးတာတွေ လုပ်လာတယ်။ ဥပမာ ပြရရင်
လက်ပံတောင်းတောင်အရေးမှာ လူထုက တောင်ငေးပွဲဆိုတာကို လုပ်တယ်။ လူထုက
သည်အတိုင်းသာသွားရင် တောင်ကြီးတွေ ကွယ်ပျောက်သွားမှာကို
စိုးရိမ်တယ်ဆိုတာကို ပြသကြတယ်။ ဒါမျိုးတွေ လိုအပ်တယ်။
ကာယကံရှင်တွေကိုယ်တိုင် ဆန္ဒပြနေရုံ၊ သပိတ်မှောက်နေရုံ၊
တောင်းဆိုနေရုံနဲ့ ပြီးသွားမယ်၊ ဖြစ်သွားမယ်လို့ချည်း မယူဆပါနဲ့
အားလုံးကလည်း သူတို့တွေနဲ့အတူ ရပ်တည်ပေးဖို့၊ အားပေးနေဖို့
လိုပါတယ်လို့ ပြောချင်တယ်။

မေး။ ။ အိုဘားမားရဲ့ ရန်ကုန်တက္ကသိုလ်မိန့်ခွန်းနဲ့ ပတ်သက်ပြီးတော့
ဆရာက ဘယ်လိုမျိုး မြင်ပါသလဲ။

ဖြေ။ ။ သူမလာခင်ကတည်းက ကျနော့်ကို မေးကြတဲ့အင်တာဗျုးတွေထဲမှာ
ပြောခဲ့ပါတယ်။ ဂျာနယ်တွေမှာလည်း ပြောတယ်။ ဒီအမေရိကန်ရဲ့ သမ္မတခရီးစဉ်ဟာ
လက်ရှိ ဦးသိန်းစိန်အစိုးရကို ထောက်ခံတာမျိုးထက်၊ သူတို့တွေရဲ့
အလုပ်တွေကို အသိအမှတ်ပြုတာမျိုးထက် မြန်မာပြည်ရဲ့ ဒီမိုကရေစီရေး
ဖော်ဆောင်နေတဲ့ အပြောင်းအလဲကို အားပေးတာမျိုး၊ နောက်ကို
ပြန်မလှည့်ဖို့ အလေးထားတာမျိုး ဖြစ်စေချင်တယ်လို့ ပြောခဲ့တယ်။
အဲသည်အတွက် လက်ရှိမြန်မာပြည်နိုင်ငံရေး အပြောင်းအလဲတွေဆိုတာကလည်း
ရှေ့လျောက် အများကြီး လုပ်စရာတွေ ရှိသေးတယ်။ ဒါကြောင့်
လက်ရှိဦးသိန်းစိန်အစိုးရရဲ့ လုပ်ရပ်တွေကြောင့်၊ ဟိုးအရင်တုန်းက
သူတို့တွေလုပ်ခဲ့တဲ့ အမျိုးသားညီလာခံတွေ၊
အခြေခံဥပဒေပြဌာန်းနိုင်တာတွေ၊ ရွေးကောက်ပွဲကျင်းပနိုင်တာတွေ၊
လွှတ်တော်ခေါ်ယူနိုင်တာတွေကြောင့် ဆိုတာမျိုးထက် ဒေါ်အောင်ဆန်းစုကြည်ရဲ့
ဦးဆောင်မှု အခမ်းကဏ္ဍ၊ ပြည်သူလူထုတွေရဲ့ နိုင်ငံရေးနိုးကြားမှု၊
လိုက်ပါဆောင်ရွက်မှု၊ အနှစ် ၂၀ ကျော် ကျောင်းသားတွေ ပြည်သူတွေရဲ့
အနစ်နာခံ၊ စွန့်လွှတ်စွန့်စားမှုတွေ၊ တစိုက်မတ်မတ်ဆောင်ရွက်မှုတွေကြောင့်၊
အကြောက်တရားကနေ ရုန်းကန် တိုက်ပွဲဝင်မှုတွေကြောင့်သာ မြန်မာပြည်သူရဲ့
ဒီမိုကရေစီအတွက် အပြောင်းအလဲတွေ ဖြစ်တယ်၊ နောက်ပြန်မလှည့်နိုင်တဲ့
ဖိအားတွေဖြစ်တယ် ဆိုတာမျိုးကို အသိအမှတ်ပြု ထုတ်ဖော်
ပြောဆိုသွားတယ်လို့ ကျနော်ပြောချင်ပါတယ်။ ပြီးတော့လည်း အစိုးရုံးတွေ၊
အိမ်တော်တွေ၊ သံတမန်ခန်းမတွေ၊ လွှတ်တော်တွေမှာ တွေ့ဆုံတဲ့
မိန့်ခွန်းအခမ်းအနား မဟုတ်ဘဲ တိုင်းရင်းသားတွေစုစည်းခဲ့ရာ၊
လွတ်လပ်ရေးနဲ့ ဒီမိုကရေစီ လှုပ်ရှားမှုတွေရဲ့ အစပြုရာ
ရန်ကုန်တက္ကသိုလ်ကို ရွေးချယ်ပြီး ပြောကြားခဲ့တာမို့လို့လည်း
မြန်မာပြည်သူလူထုအားလုံးကို ထောက်ခံ အားပေးမှုကို ဖော်ပြတယ်လို့
မြင်ပါတယ်။

မေး။ ။ ကျေးဇူးတင်ပါတယ် ဆရာ။

(ဓာတ်ပုံ – ခွန်ဒီးယမ်၊ ဖေ့စ်ဘွတ်)

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ