"တစ်နေ့တခြား ကြီးမားလာသည့် ကြွပ်ကြွပ်အိတ်အန္တရာယ်" ဆိုတဲ့
ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ် ရေးထားသည်ကို ဖတ်ရှုရပါသည်။
ထိုဆောင်းပါးတွင် တစ်နိုင်ငံလုံးမှ ကြွပ်ကြွပ်အိပ်များအားလုံး
ရှင်းလင်းသွားစေမည့် recycle အသုံးပြုနည်းကို အကြံပြုထားပါသည်။
ထိုအကြံပြုချက်သည် အမှန်တကယ် ဖြစ်နိုင်ပြီး လက်တွေ့အားဖြင့်လည်း
အကောင်အထည်ဖော်နိုင်ပါက ကြွပ်ကြွပ်အိပ်များ၏ နောက်ဆက်တွဲ
ဆိုးကျိုးများကို ရှောင်လွှဲနိုင်မည် ဖြစ်ပါသည်။ စာရေးသူ ဦးကျော်ဇော
(လှသိပ္ပံ၊ ရွှေဘို)၏ အကြံပြု ရေးသားထားချက်များမှာ အောက်ပါအတိုင်း
ဖြစ်ပါသည်။
" လွန်ခဲ့တဲ့ နှစ်တော်တော် များများဆီက ပြည်တွင်းမှာ ပြည်တွင်းဖြစ်
ဘက်ထရီအိုးတွေ ထုတ်လုပ်ခဲ့ကြပါတယ်။ ခဲ၊ အက်ဆစ် ဘက်ထရီအိုးတွေပါ။
အိုးထဲမှာ လိုအပ်တဲ့ plate ပြားတွေ ထည့်ပြီး အဖိုခေါင်း အမခေါင်း
အပြီးတပ်ဆင်ပြီးတဲ့အခါမှာ အိုးကို အဖုံးနဲ့ ဖုံးပြီး လုံခြုံအောင်
ဆိုပြီးတော့ အဖုံးနဲ့ အိုးကြားကို ကတ္တရာအရည် ဖျော်ပြီး လောင်းရပါတယ်။
အားပြန်သွင်းတဲ့အခါမှာ ထွက်လာတဲ့အပူချိန်ကြောင့် ကတ္တရာ ပျော့တတ်တာမို့
ကတ္တရာ ပျော့မသွားစေဖို့ အရောင်ပြောင်လက်စေဖို့ ဆိုပြီး အိုးပေါ်ကို
ကတ္တရာအရည်လောင်း အပူပေးပြီး ဖျော်ထားတဲ့အခါမှာ ပလပ်စတစ်စတွေကို
ကတ္တရာရည်တွေထဲ ထည့်သုံးလို့ရပါတယ်။
အဲဒီ ပလပ်စတစ်ဟာ ကတ္တရာရည်ရဲ့ အပူချိန်ကြောင့်ရော
သဘာဝတူတဲ့အတွက်ကြောင့်ရော ကတ္တရာရည်ထဲမှာ ပျော်ဝင်သွားပါတယ်။ ဒါကို
အကျယ်ချဲ့ စဉ်းစားရင် နိုင်ငံနှင့်အ၀န်း တည်ဆောက်နေတဲ့ ကတ္တရာလမ်းတွေမှာ
အခုလို ကြွပ်ကြွပ်အိတ်တွေကို ထည့်ဖျော် သုံးလိုက်မယ်ဆိုရင်
နိုင်လွန်ကတ္တရာ မဟုတ်ပေမယ့် ပလပ်စတစ်ကတ္တရာတော့ ဖြစ်လာမှာ ဖြစ်ပါတယ်။
ကတ္တရာကိုလည်း Binding Power ဖြည့်ပေးမှာ ဖြစ်တဲ့အတွက် ရိုးရိုးကတ္တရာ
သုံးတာထက် ပိုပြီး ကတ္တရာလမ်း ကြာရှည်ခံပါမယ်။ ကတ္တရာပေါ်မှာ Plastic
Coating လုပ်ထားတဲ့အတွက် မိုးများတဲ့ဒေသတွေအတွက် ပိုပြီး ရေရှည်
ခိုင်မာမှာ ဖြစ်ပါတယ်။ ဈေးနှုန်း တစ်ခုခု ပေးပြီး ၀ယ်မယ်ဆိုရင်
ပလပ်စတစ်ကောက်တဲ့သူတွေကလည်း တွေ့သမျှ ပလပ်စတစ်တွေကို အလုအယက်
ကောက်ကြပါလိမ့်မယ်။ အလိုလို ရှင်းပြီးသား ဖြစ်သွားပ့ါမယ်။
ဒုတိယနည်းကတော့ အဲ့ဒါက လူတိုင်း လုပ်နိုင်ပါတယ်။ အိမ်တွေမှာ
တာရှည်ခံအောင် ခြမတက်အောင် ပသာဒဖြစ်အောင် ဆိုပြီး ရေနံချေး
သုတ်ကြလေ့ရှိပါတယ်။ အဲ့ဒီမှာလည်း ရေနံချေးကျိုတဲ့အခါမှာ ကြွပ်ကြွပ်အိတ်
ပလတ်စတစ်တွေကို ထည့်ကျိုပြီး လုပ်မယ်ဆိုရင် ကြာကြာလည်းခံပါတယ်။
ပလတ်စတစ်သတ္တိပါလာတဲ့အတွက် Binding Power မြင့်တက်လာပြီး နှစ်ခါလောက်
သုတ်ပြီးပြီ ဆိုရင် နောက်ထပ် လှည့်ကြည့်စရာ မလိုတော့ပါဘူး။ လူကို
ထိမိတဲ့အခါမှာလည်း ပေကျံမှု နည်းပါတယ်။ ကျိုတဲ့အခါမှာတော့ ရေနံချေးကို
အရင်ကျိုပြီး လုံးဝအရည်ပျော်မှ ရေနံချေး လက်ခံနိုင်သလောက်
ကြွပ်ကြွပ်အိတ်တွေ ထည့်ပေးဖို့ပဲ ဖြစ်ပါတယ်။
အထက်က နည်းနှစ်ခုနဲ့ ကြွပ်ကြွပ်အိတ် ပြဿနာကို ဖြေရှင်းတဲ့အခါမှာ
သူ့ကို တိုက်ရိုက် မီးရှို့တာ မဟုတ်ဘဲ ပျော်ဝင်သွားဖို့လောက်သာ
အပူပေးခံရတဲ့အတွက် သူကနေပြီး CO2 မထွက်တော့ပါဘူး။ အောက်က အပူပေးတဲ့
ထင်းအစရှိတဲ့ လောင်စာကပဲ CO2 ထွက်မှာပါ။"
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ