၂၀၁၅ ခုနှစ်တွင် ဖွင့်လှစ်နိုင်ရန် ပူးပေါင်းလုပ်ဆောင်မည့် သီလ၀ါ အထူးစီးပွားရေးဇုန်ရှိ မြေကွက်များအား ဂျပန်၊ တရုတ်၊ မလေးရှား၊ စင်ကာပူနှင့် မြန်မာနိုင်ငံတို့မှ စုစုပေါင်း ကုမ္ပဏီ ၅၀၀ တို့က အပိုင်းလိုက်ရယူထား

သီလ၀ါ အထူးစီးပွားရေးဇုန် တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ - ၀င်းမြင့်ကျော်)

သီလ၀ါ အထူးစီးပွားရေးဇုန်ရှိ စီမံကိန်းမြေကွက် ၃၇ ကွက်အား စင်ကာပူ၊
တရုတ်၊ မလေးရှား၊ ဂျပန်နိုင်ငံ နှင့်မြန်မာနိုင်ငံရှိကုမ္ပဏီ ၅၀၀မှ
အပိုင်းလိုက် ခွဲဝေရယူထားကြောင်း စက်မှုဝန်ကြီးဌာနမှ လက်ထောက်
ညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်းက ပြောပါသည်။

အဆိုပါပြောကြားချက်အား စက်တင်ဘာလ ၂၂ ရက်နေ့က ပါရမီအင်နာဂျီ ဂရု(ပ်)မှ
ကြီးမှူးကျင်းပသည့် တတိယ အကြိမ်မြောက် အာဆီယံစီးပွားရေး
အသိုက်အ၀န်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

အထူးစီးပွားရေးဇုန်အဖြစ် ဖော်ဆောင်မည့် သီလ၀ါအထူးစီးပွားရေး ဇုန်
အောင်မြင်စွာဖော်ဆောင်နိုင်ရန် နိုင်ငံတကာမှရင်းနှီးမြှုပ်နှံမည့်
ကုမ္ပဏီများမှ လုပ်ငန်းများ လွယ်ကူမြန်ဆန်စွာ ပြီးမြောက်ရေးအတွက်
စီမံကိန်းတွင် ပါဝင်သည့်ကုမ္ပဏီ ၅၀၀ မှ ကုမ္ပဏီများအကြား နားလည်မှု
စာချွှန်လွှာ ရေးထိုးရန် စီစဉ်နေကြောင်း စက်မှုဝန်ကြီးဌာနမှ သတင်းရရှိပါသည်။

ဂျပန်နိုင်ငံ၏အကူအညီဖြင့် တည်ဆောက်နေသည့် သီလ၀ါ အထူးစီးပွားရေးဇုန်
စီမံကိန်းအား ၂၀၁၅ ခုနှစ်တွင် အပြီးသတ် ဖော်ဆောင်သွားနိုင်ရန်
ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်းလည်း သိရှိရပါသည်။

သီလ၀ါအထူးစီးပွားရေးဇုန်တွင် မြေကွက် ၃၇ နေရာ ဖော်ဆောင်ထားပြီး
စီမံကိန်းမြေနေရာခွဲဝေမှုများအဖြစ် စင်ကာပူ၊ တရုတ်၊ မလေးရှား၊ ဂျပန်၊
စသည့် နိုင်ငံများမှ အပိုင်းလိုက်ရယူ ထားကြောင်းလည်း ဒေါ်အေးအေးဝင်းက
ပြောပြခဲ့ပါသည်။

''ဒီစီမံကိန်းမှာဆို အပိုင်းလိုက် ရယူထားတဲ့နိုင်ငံတွေလည်း ရှိတယ်။
နောက်ပြီး မြန်မာကုမ္ပဏီတွေလည်း ပါတယ်။ အခုဆို ဒီစီမံကိန်းမှာ
ရင်းနှီးမြှုပ်နှံမယ့်ကုမ္ပဏီ ၅၀၀ ကလည်း ရင်းနှီးမြှုပ်နှံမယ့်
ကုမ္ပဏီအချင်းချင်း စီမံကိန်းအကောင်အထည် ဖော်ဆောင်ရေးဆိုင်ရာ နားလည်မှု
စာချွှန်လွှာရေးထိုးဖို့အတွက် ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို
တင်ပြထားတယ်လို့ ရပါတယ်။ ကျွန်မတို့ စက်မှုဝန်ကြီးဌာနနဲ့ထိုးမှာ
မဟုတ်ပါဘူး''ဟု ဒေါ်အေးအေးဝင်းက ပြောကြားခဲ့ပါသည်။

သီလ၀ါ အထူးစီးပွားရေးဇုန်တွင် လက်ရှိ အကောင်အထည်ဖော်ဆောင် ရွက်နေသည့်
ကုမ္ပဏီများမှာ MITT ၊ MIPL ၊ အေးရှားဝေါလ်၊ မက်စ်မြန်မာ၊ ရွှေသံလွင်၊
ရွှေတောင်၊ မြန်မာ့စီးပွား ရေးဦးပိုင်စသည့် ကုမ္ပဏီများပါဝင်သည့်
အဖွဲ့အစည်း ၁၈ ခုမှ တာဝန်ယူ ဆောင်ရွက်နေကြောင်း သိရှိရသည်။

သီလ၀ါ အထူးစီးပွားရေးဇုန်တွင် အပြည်ပြည်ဆိုင်ရာ သင်္ဘောကြီးများ
ဝင်ထွက်သွားလာနိုင်သည့် ဆိပ်ခံတံတား ခြောက်စင်းရှိပြီး
အခြေခံအဆောက်အအုံများဖြစ်သည့် လမ်းကွန်ရက်၊ ရေအရင်းအမြစ်နှင့်
ဖြန့်ဖြူးရေးကွန်ရက်၊ လျှပ်စစ်ဓာတ်အားကွန်ရက်၊ ရေဆိုးစွန့်ပစ်စနစ်
စသည့်စနစ်များ ဖော်ဆောင်နေပြီး ဧက ၅၀၀၀ အကျယ်အ၀န်းရှိသည့်
အထူးစီးပွားရေးဇုန် စီမံကိန်းဖြစ်ကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံတွင် လတ်တလော အကောင်အထည်ဖော်ဆောင်နေသည့်
အထူးစီးပွားရေးဇုန်သုံးခုရှိနေပြီး အ ဆိုပါဇုန်များမှာ ထားဝယ်၊ သီလ၀ါ၊
ကျောက်ဖြူစသည့် အထူးစီးပွားရေး ဇုန်များဖြစ်ကာ ကုလားဂုတ်၊ ဘုတ်ပြင်း
စသည့် အထူးစီးပွားရေးဇုန် ပါဝင်သည့် ရေနက်ဆိပ်ကမ်းများကိုလည်း
အကောင်အထည်ဖော် ဆောင်နိုင်ရန် စီစဉ်နေကြောင်း သိရှိရသည်။

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ