ထာဝရပျော်ချင်လျှင် ဥယျာဉ်စိုက်လို့ ကြားဖူးတယ်။ အ ရက်ကိုမုန်း၊
မိန်းမတွေကို အမြင်မကြည်တဲ့သူတစ်ဦးဦးကပြောထားတဲ့ စကားတစ်ခွန်း
ဖြစ်ကောင်းဖြစ်နိုင်မလားတော့မသိ။
ကိုယ်နေထိုင်ရာနေရာမှာ ဥယျာဉ်ငယ်လေးတစ်ခု လုပ်ထားတယ်။
ထာဝရပျော်ဖို့ရည်ရွယ်ချက်နဲ့တော့ မဟုတ်ပါဘူး။ နေထိုင်ရာကိုယ့်ပတ်
ဝန်းကျင်လေး သန့်ရှင်းသာသာယာယာဖြစ်စေဖို့၊ ဒီနေရာလေးကို ရောက်လာသူတွေ
စိတ်ချမ်းမြေ့နိုင်စေဖို့ ရည်ရွယ်ချက်နဲ့ ပန်းခြံလေးကို
ဖန်တီးဖြစ်ခဲ့တာပါ။ ခြံထဲမှာ အများဆုံးက ကိုယ့်အကြိုက်
နှင်းဆီပန်းများပေါ့။
နှင်းဆီပန်းခင်းကို ရေမှန်မှန်လောင်းဖြစ်တယ်။ ဒီနှင်းဆီခြံကို
စပြီးစိုက်ပျိုးခဲ့တာ တစ်နှစ်ပင်မပြည့်သေး။ သို့ပေမယ့် တခြံလုံးရှိ
နှင်းဆီအပင် တိုင်းက အပွင့်တွေနဲ့ဝေနေလေပြီ။ အချို့အပင်များဆိုလျင်
ကိုင်းကူးပြီးစ သာသာလေးမျှသာ။ အရွယ်အားဖြင့်လည်း တစ်ထွာတစ်မိုက် လောက်။
ဒီတစ်ထွာတစ်မိုက်မျှ နှင်းဆီပင်လေးတွေကလည်း တစ်ပွင့်စ နှစ်ပွင့်စစီ
ပွင့်လို့။ ဖြူ နီ ဝါ လိမ္မော် ခရမ်း ကြက်သွေးနဲ့ ပန်းရောင် ပါမက
နှစ်ရောင်သုံးရောင်စပ် နှင်းဆီများလည်းပါသမို့ အရောင်အသွေး
စုံစုံလင်လင်။ ခုတော့ ပန်းခြံငယ်လေးဟာဖြင့် လိပ်ပြာငယ် တစ်
ကောင်နှစ်ကောင်စနဲ့ ပျားအချို့ရဲ့ ပျော်မြူးနားခို ဝတ်ရည်ချိုးသောက်
စွဲမက်လောက်ရာ နေရာတစ်နေရာ ဖြစ်နေလေပြီ။
အပွင့်ကားကား၊ အလွှာအထပ်ထပ်၊ အနံ့သင်းသင်း၊ ရောင်စုံခြင်းတဲ့
နှင်းဆီပန်းခင်းများရဲ့ ပုံလွှာက မျက်စိပသာဒပါမက နှလုံးအဟာရကိုပါ
ဖြည့်စွမ်းပေးတတ်တယ်လို့ ငယ်စဉ်ကတည်းက ထင်မြင်ထားခဲ့တာ။
တစ်ပွင့်တည်းလည်း ချစ်ဖွယ်၊ တစ်ခိုင်လုံးလည်း တင့်တယ်၊ တစ်ပင်
လုံးလည်း လှပ၊ တစ်ခင်းလုံးလည်း ရှုမဝအောင်ဖြစ်တဲ့ နှင်းဆီဆိုတာက
ခေါင်းမှာပဲ ပန်ပန်၊ ရင်မှာပဲ ထိုးထိုး အမျိုးမျိုးသုံးစွဲနိုင်တဲ့
ပန်းမျိုးမို့ လည်း တိုးလို့နှစ်သက်မိလေသလားတော့ မဆိုနိုင်ပါဘူး။
အထူးသဖြင့်တော့ အလွန်ကြည်ညိုစရာကောင်းတဲ့ 'မုဒိတာရွှေဘုရား'
ဗုဒ္ဓရုပ်ပွား ရှေ့ အနည်းဆုံး နှင်းဆီပန်းတစ်ပွင့်
အစဉ်လန်းတင့်နေနိုင်ဖို့အတွက်
အကောင်းဆုံးသောအထောက်အပံ့ကိုဖြစ်စေတာကြောင့် နှင်းဆီပန်း ခင်းလေးဟာ
ကိုယ့်ဆန္ဒပြည့်စေရေးမှာ သက်မဲ့အကူ ပါရမီဖြည့်သူအလားပါပဲ။
နှင်းဆီတွေထဲမှာ ပွင့်ရက်သက်တမ်း တိုတဲ့နှင်းဆီများလည်းပါသလို အချို့
အချို့ နှင်းဆီများကတော့ ပွင့်ရက်သက်တမ်း ရှည်တတ်တယ်။
အချိန်ကြာကြာပွင့်တတ်တဲ့နှင်းဆီများက နှစ်ပတ်ကနေ တစ်လနီးပါးမျှ
ပင်ယံမှာဝေနေတတ်တယ်။ အချို့နှင်းဆီများက တစ်ရက် နှစ်ရက် တာမျှသာ
ပွင့်ချိန်ကကြာတတ်ပါတယ်။ နှင်းဆီခြင်းတူပေမယ့် သက်တမ်းက ကွာလွန်းတယ်။
နံနက်တက်သစ်စနေရောင်အောက်မှာ ငွါးငွါး စွင့်စွင့် လန်းလွင့်နေတဲ့
ပန်းပွင့်လေးများက ညနေစောင်းတာနဲ့ ကျနေနဲ့အတူ ညှိုးလျနွမ်းလျ။ ဒါက
ဘဝတစ်ခုရဲ့ သင်္ခါရပုံရိပ်ကို ထင်ဟပ်စေ တာမျိုး။ အစနဲ့အဆုံး၊
အတက်နဲ့အကျ၊ အလှနဲ့အနွမ်း၊ အလွမ်းနဲ့အချစ်၊ အဖြစ်နဲ့အပျက်။ သက်တမ်းတို
နှင်းဆီများရော၊ သက်တမ်းရှည်နှင်း ဆီများရော လှပပုံခြင်းတော့ တူကြပါတယ်။
အပွင့်သက်တမ်းမှာသာ ကွာခြားတာမဟုတ်။ နှင်းဆီပွင့်ဖတ် ပွင့်ချပ်များကလည်း
တစ်ပင်နဲ့တစ်ပင် မတူ။ အထပ်ထပ်အလွှာလွှာ၊ အချို့က တော့ အလွှာနည်းနည်း။
ပွင့်ဖတ်တစ်လွှာထဲသာရှိတဲ့နှင်းဆီများလည်း ရှိပါတယ်။ ပွင့်ဖတ်လွှာအထပ်ထပ်က
သင့်သလိုပွင့်တတ်တဲ့နှင်းဆီရှိသလို ပွင့်ဖတ်လွှာတွေက ခရုခွေ ခွေသလို
ရစ်ပတ်ခွေနေတဲ့ နှင်းဆီများလည်းရှိတယ်။ ပွင့်ဖတ်လွှာအားလုံးပွင့်တဲ့
နှင်းဆီကပွင့်။ ပွင့်ဖတ် လွှာ အချို့ ငုံလျက်ရှိခိုက်မှာပဲ
ညှိုးလျှသွားတဲ့ နှင်းဆီမျိုးလည်း ပါဝင်တယ်။ အနံ့သင်းသင်းမွှေးတဲ့
နှင်းဆီ၊ အနံ့လုံးဝကင်းတဲ့နှင်းဆီ။ ပျားကြိုက်တဲ့နှင်းဆီ၊
ပျားမကြိုက်တဲ့နှင်းဆီစသဖြင့် နှင်းဆီကအမျိုး အစားစုံပါတယ်။
ထူးထူးဆန်းဆန်း နှင်းဆီပန်းထဲမှာ ပွင့်ချိန်သက်တမ်းနုချိန်က
လိမ္မော်ရောင်တောက်တောက်ပန်းက သက်တမ်းရင့်လာချိန်မှာ သိသိသာ သာကိုပဲ
အနီရောင်ဆီပြောင်းသွားတယ်။ သက်နုပန်းတစ်ပွင့်နဲ့
သက်ရင့်ပန်းတစ်ပွင့်ယှဉ်ကြည့်လျှင် တစ်ပင်ထဲက ပွင့်တဲ့ပန်းလို့ပင် မထင်
နိုင်လောက်အောင်ကိုပဲ အရောင်ကခြားနားသွားတယ်။
တစ်နှစ်သားမျှပင်မရှိသေးတဲ့ နှင်းဆီခင်းလေးပေမင့် အရောက်အသွေးစုံစွာ
ပွင့်နိုင်တယ်ဆိုတာရယ်။ အပင်ထွားထွားတွေက အပွင့်များ
များပွင့်နိုင်သလို အပင်ငယ်လေးတွေကလည်း သူ့အစွမ်းနဲ့သူ တစ်ပွင့်စ
နှစ်ပွင့်စ ပွင့်နိုင်တယ်ဆိုတာကိုလည်း တွေ့ရတယ်။ ဘယ်အရောင် ရယ်လို့
သတ်သတ်မှတ်မှတ် ပြောမရနိုင်တဲ့နှင်းဆီပွင့်တွေရဲ့ သက်တမ်းကတိုတတ်တာရယ်၊
အရောင်မရောယှက်ပဲ တစ်ရောင်ထဲပဲ တောက်တောက်ပပပွင့်တဲ့နှင်းဆီများက
အချိန်ကြာကြာ ပင်ယံမှာဝေနိုင်တယ်ဆိုတာကိုလည်း သိရတယ်။
ပွင့်လာတဲ့ပန်းများကိုမြင်ရတာ ကြည်နူးဝမ်းသာဖြစ်ရတယ်။ ပန်းဆိုတာက
မြတ်နိုးဖွယ်အရာ။ ပန်းတစ်ပွင့်ကို လူတွေမြတ်နိုးသလို လူသား
တစ်ဦးလည်း ပန်းတစ်ပွင့်လိုပဲ အများတကာရဲ့ ချစ်မြတ်နိုးမှုကိုခံရအောင်
နေထိုင်ဖို့လိုပါတယ်။ တစ်ဦးယောက်ရဲ့ အလုပ်အပြောကြောင့် အများတကာ
စိတ်ချမ်းသာမှုကိုဖြစ်စေတယ်ဆိုလျှင်
အဲဒီတစ်ဦးတစ်ယောက်ကိုမြင်ရတဲ့သူတွေ၊ သူ့အကြောင်းကိုကြားရတဲ့သူတွေက သူ့
ကို ချစ်ခင်ကြမှာပါ။ချစ်ခင်သူတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့
လူ့အဆောက်အဦဟာ သာယာငြိမ်းချမ်းပြီး ပိုမိုနေပျော်ဖွယ်လည်း ဖြစ်
စေမှာပါ။
ဆူးရှိတဲ့နှင်းဆီအကြောင်းကို ပြောပေါင်းများလို့ ကြားခဲ့လှပြီ။
နှင်းဆီရှိတဲ့ ဆူးတစ်ချောင်းအကြောင်းကိုလည်း ပြောနိုင်တာပဲမဟုတ်လား။
ဒါဆိုလျင်ဖြင့် နှင်းဆီပန်းတစ်ပွင့်ကို ပိုင်ဆိုင်ခွင့်ရှိလေတဲ့
ဆူးတစ်ချောင်းအကြောင်းဟာ ဂုဏ်ယူစရာ ဖြစ်ကောင်းဖြစ်ပေလိမ့်မယ်။
စိတ်ကြမ်းတစ်ခု ကိုယ်မှာကျရောက်လျင် ဒေါသဆူးစူးတယ်လို့
ပြောတတ်ကြတယ်။နှင်းဆီတစ်ပင်နဲ့ လူ့ဘဝကို နှိုင်းယှဉ်ကြည့်မယ်ဆိုလျှင်
လည်း ဒေါသဆိုတာ ဆူးတစ်ချောင်းဆိုလျင် မေတ္တာဆိုတာ နှင်းဆီတစ်ပွင့်ပါပဲ။
ဒီလိုဆိုတော့ အပင်ဖက်ကနေပြောရလျှင် စိတ်ကြမ်းတွေနဲ့ ပြည့်နေတဲ့ လူဆိုး
လူကြမ်းတစ်ဦးဆီကလည်း ပန်းတစ်ပွင့်နဲ့အလားတူတဲ့ စိတ်ကောင်းတွေလည်း
ထွက်ပေါ်လာနိုင်တယ် မဟုတ်လား။ နှင်းဆီမှာ ဆူးရှိရန်ကောလို့
အပြစ်မြင်တာထက် ဆူးပင်မှာလည်း ပန်းပွင့်နိုင်တာပဲလို့ မြင်တတ်လျှင်
ဘယ်လောက်စိတ်ကြည်နူးဖွယ်ဖြစ်ရပါ သလဲ။ ဒီစာလေး ရေးနေရင်းကပဲ ....
လယ်တောက အပြန်
ပန်ချင်တယ် ခရေဖူးဆိုလို့
မောင်ခူးကာပေး
မနက်တုံးဆီက
ကြော့ဆုံးကို မောင်မြင်တော့
သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့
ဂုဏ်တင့်တယ်လေး ... ဆိုတဲ့ ဆရာကြီးမင်းသုဝဏ်ရဲ့ကဗျာလေးကိုလည်း
ပြန်လည်သတိရမိတယ်။ နှင်းဆီကြောင့် ဂုဏ်တင့်သွားရတယ် ဆိုလျှင် နှင်းဆီက
ဂုဏ်မြင့်စေတဲ့ ပန်းတစ်မျိုးလေလား။
ဆူးကြားမှာ ကြီးထွားလာတဲ့ နှင်းဆီပန်းပွင့်လေးများအကြောင်း၊ အများတကာတွေ
ထိရ ကိုင်ရမှာ လန့်တဲ့ ချွန်မြမြဆူးပင် တစ်ပင်ဆီကနေ အများတကာ
မြတ်နိုးနှစ်သက်တဲ့ ရနံ့သင်းသင်း၊ အဆင်းလှလှ၊ မွှေးမြလှပတဲ့
ပန်းတွေပွင့်လာတဲ့ နှင်းဆီပန်းလေးများအကြောင်းကို နှင်းဆီ
ပန်းခင်းလေးကို ရေလောင်းနေရင်းမှာပဲ တွေးနေမိပါတယ်။ အခြားတဖက်မှာလည်း
ဆူးတွေဘယ်လောက်ပဲ ဝိုင်းဝိုင်း၊ အချိန်တန်လျင်ဖြင့်
ကိုယ့်စွမ်းကိုယ့်မာန်ကို အသုံးပြုလို့ ပန်းတစ်ပွင့်အဖြစ်
ပွင့်လာနိုင်တယ်ဆိုတာ နှင်းဆီပန်းကနေ ထင်ထင်ရှားရှားပြတဲ့ သက်သေသာဓက
တစ်ခုပဲလို့လည်း တွေးမိသေးတယ်။
နှင်းဆီပန်းလေးတွေကိုမြင်တော့ တစ်ချိန်က အတက်စိတ်နဲ့
အဆိပ်တက်ခဲ့တဲ့အရာများဟာ အလွန်မှ ပင်ပန်းဖွယ်များပါလားလို့ ဆင်ခြင်မိ
တယ်။ တိတ်ဆိတ်ငြိမ်သက်စွာ။ အပူအဆူတွေနဲ့ ဝေးဝေးမှာနေလို စိတ်ထားက
ပိုမိုပြီးကြီးထွားလာခဲ့သလို ဖြစ်မိတယ်။ ငြိမ်သက်ငြိမ်းချမ်းစွာ
အေးအေးဆေးဆေးလေးသာ နေလိုစိတ်ထားတွေလည်း ဖြစ်မိတယ်။ ဒေါသဆူးတွေ၊
အတ္တမာန်မာဆူးတွေအစား မေတ္တာပန်းတွေ၊ အ ကြင်နာပန်းတွေ
ပိုမိုဖူးပွင့်လာစေအောင် နှလုံးသားဥယျာဉ်မှာ
ပြုစုပျိုးထောင်ဖို့လည်း စိတ်ဆန္ဒတွေ ဖြစ်မိတယ်။
တခဏတာအပျော်၊ တစ်လတာအပျော်တွေနဲ့ စပ်ဆိုင်တဲ့အရာများအကြောင်းကို
ကိုယ်တိုင်သိနိုင်ဖို့ ဘယ်လိုမှမဖြစ်နိုင်ပေမယ့် တဘဝ တာအပျော်နဲ့
စပ်ဆိုင်တဲ့ရသတစ်ုခုကိုတော့ ရေးရေးလေး သိမြင်စပြုလာတယ်။ ဒါဟာ
ပန်းခင်းတစ်ခင်း (ဥယျာဉ်ငယ်လေးတစ်ခု) ကို ရေ
လောင်းပေါင်းသင်လုပ်ရခြင်းရဲ့ ကောင်းကျိုးရလဒ်လို့
ဆိုနိုင်ပါလိမ့်မယ်။
 
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ