ကျုံပျော်မြို့နယ် ရှားခဲရွာနေ ဒေသခံတစ်ဦးအား ၀ိုင်းဝန်းရိုက်နှက်မှုကြောင့် လမ်းပေါ်ထွက် ဆန္ဒပြမှုဖြစ်ပွားခဲ့ကာ ရဲတပ်ဖွဲ့ဝင်များမှ ပစ်ခတ်တားမြစ်ခဲ့သဖြင့် နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

စက်တင်ဘာလ ၂၇ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်ခန့်က ရှားခဲရွာ
ဆားကင်ချောင်လမ်းနေ ကိုတလုပ်သည် ရှာခဲကြီး၊ ရှားခဲလေးအင်းအနီး
မိသားစုဝင်များဆီအသွား ၀ိုင်းဝိုင်းလည်ငါးကုန်ထုတ်သမအသင်းဘက်မှ လူ ၂၀
ခန့်သည် ၀ိုင်းဝန်းရိုက်နှက်ကာ ဓားဖြင့်ထိုးရာ ဒဏ်ရာရရှိခဲ့ပြီး
မိသားစုဝင်များမှ ဟင်္သာတဆေးရုံသို့ တင်ပို့ရန်အသွားတွင်
နိဗ္ဗာန်ကျေးရွာအနီးတွင် သေဆုံးသွားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အပေါ် ဒေသခံများကမကျေနပ်၍ လမ်းပေါ်ထွက်ကာ စက်တင်ဘာလ ၂၇ ရက်နေ့
ည ၉ နာရီဝန်းကျင်ခန့်တွင် ကျုံပျော်မြို့နယ် ရှားခဲအထွက်တိုးရုံးရှေ့သို့
ရဲတပ်ဖွဲ့ဝင် အင်အား ၂၀၀ ခန့်သည် ကားသုံးစီးဖြင့် ရောက်ရှိလာပြီး
ဆက်မသွားရန် တားမြစ်ခဲ့သော်လည်း ဆက်လက်ထွက်ခွာခဲ့သဖြင့်
ပထမဦးစွာမိုးပေါ်သို့ သေနတ်တစ်ချက်ပစ်ခတ်ခဲ့ပြီး စုစုပေါင်းရှစ်ချက်ခန့်
ပစ်ခတ်ခဲ့ကြောင်း၊ ဒေသခံနှစ်ဦး သေဆုံးကာ နှစ်ဦးမှာ သေနတ်ဒဏ်ရာများ
ရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ယင်းဖြစ်စဉ်ကြောင့် ကိုကတုံးခေါ် ကြည်သိန်းကွင်းကောက်ရွာ
ကျုံပျော်မြို့နယ်နေထိုင်သူမှာ သေနတ်ထိမှန်ပြီး နေရာတွင်ပင်
သေဆုံးသွားကြောင်း၊ ကျော်ဆန်းဝေ ကွင်းမရွာ၊ ကျုံပျော်မြို့နယ်
နေထိုင်သူမှာ နဖူးတွင် သေနတ်ဒဏ်ရာရရှိပြီး ကျုံပျော်ဆေးရုံသို့
ပို့ဆောင်ကာ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ပုသိမ်ဆေးရုံသို့
ဆက်လက်ပို့ဆောင်ခဲ့ကြောင်း၊ ကိုကျော်ဆန်းဝေသည် ၂၈ ရက်နေ့ နံနက် ၁၁
နာရီတွင် ပုသိမ် ဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်း၊
ကျော်ဇင်သန်းမြို့ကုန်းရွာ၊ ကျုံပျော်မြို့နယ် နေထိုင်သူမှာ
လက်မောင်းတွင် ဒဏ်ရာရရှိခဲ့ပြီး ပုသိမ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊
ကိုဝင်းသန်းရှားခဲကျေးရွာ၊ ဘုရားကြီးလမ်းနေထိုင်သူမှာ ရင်အုံနှင့်
လည်ပင်းတွင် သေနတ်ဒဏ်ရာ ရရှိပြီး ကျုံပျော်ဆေးရုံမှတစ်ဆင့် စက်တင်ဘာလ ၂၈
ရက်နေ့တွင် ပုသိမ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဟင်္သာတခရိုင်မှူးနှင့်
ကျုံပျော်မြို့နယ်မှူးတို့အား ရှားခဲဈေးရှေ့တွင်
လုံခြုံရေးဆောင်ရွက်နေစဉ် မေးမြန်းခဲ့ရာ ဟင်္သာတခရိုင်မှူးက လောလောဆယ်တွင်
ဖြေကြားပိုင်ခွင့် မရှိသေးကြောင်း ပြောကြားခဲ့သည်။

စက်တင်ဘာလ ၂၈ နံနက်ပိုင်းတွင် ကျုံပျော်မြို့နယ် ရှားခဲကျေးရွာတွင်
ပြည်သူများရပ်ရွာတွင် အေးချမ်းစွာနေထိုင်ရန်နှင့် သက်ဆိုင်ရာနှင့်
ပူးပေါင်းဆောင်ရွက်ကြရန် မေတ္တာရပ်ခံကြောင်း တာဝန်ရှိသူများက
အသံချဲ့စက်များဖြင့် လိုက်လံကြေညာကြောင်း သိရှိရသည်။

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ