ပြည်ထောင်စု အစိုးရအဖွဲ့အတွင်း ၀န်ထမ်းအဖွဲ့အစည်း အကြီးအကဲများ အပြောင်းအလဲ ပြုလုပ်

ပြည်ထောင်စု အစိုးရအဖွဲ့အတွင်း ၀န်ထမ်းအဖွဲ့အစည်း အကြီးအကဲများ
အပြောင်းအလဲ ပြုလုပ်လိုက်ကြောင်း မြန်မာနိုင်ငံ ပြန်တမ်းမှတစ်ဆင့်
စက်တင်ဘာလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

ထိုသို့ အပြောင်းအလဲ ပြုလုပ်ခဲ့မှုအရ နိုင်ငံတော် သမ္မတရုံး
ညွှန်ကြားရေးမှူးချုပ်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး
ညွှန်ကြားရေးမှူးချုပ်တို့ကို ပညာရေးဝန်ကြီးဌာနသို့ ပြောင်းရွေ့တာဝန်
ထမ်းဆောင်စေခဲ့ပြီး အဆိုပါ ညွှန်ကြားရေးမှူးချုပ် နေရာများသို့
ကာကွယ်ရေးဝန်ကြီးဌာနများမှ ဗိုလ်မှူးကြီးများကို ခန့်အပ်လိုက်ပါသည်။

ထို့အပြင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒုတိယ ဥက္ကဋ္ဌ နှစ်ဦးကိုလည်း
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်
သစ်တောရေးရာ ၀န်ကြီးဌာနများသို့ ပြောင်းရွေ့တာဝန်ပေးလိုက်ပါသည်။
ထိုနည်းတူ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူးကို
ပညာရေး ၀န်ကြီးဌာနသို့ လည်းကောင်း၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ
ဦးဆောင်ညွှန်ကြားရေးမှူးကို ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ ဗဟိုပို့ဆောင်
ဆက်သွယ်ရေး ကျောင်းအုပ်ကြီး အဖြစ်လည်း ကောင်း
ပြောင်းရွေ့တာဝန်ပေးလိုက်သည်။

မြန်မာနိုင်ငံ ပြန်တမ်းမှတစ်ဆင့် ထုတ်ပြန်ကြေညာမှုအရ နိုင်ငံတော် သမ္မတရုံး
ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ကို ပညာရေးဝန်ကြီးဌာန အမှတ်(၃) အခြေခံ
ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ရာထူးသို့ လည်းကောင်း၊ ပြည်ထောင်စု
အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ် ဦးတင်မျိုးကြည်ကို
ပညာရေးဝန်ကြီးဌာန အမှတ်(၂) အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ရာထူးသို့ လည်းကောင်း၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးဣဒ္ဓိလှကို
ပညာရေးဝန်ကြီးဌာန အမှတ်(၁) အခြေခံ ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ရာထူးသို့ လည်းကောင်း၊ ပြန်ကြားရေး ၀န်ကြီးဌာန သတင်းနှင့် စာနယ်ဇင်း
လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်မင်းဦးကို ရထားပို့ဆောင်ရေး
ဝန်ကြီးဌာန ဗဟို ပို့ဆောင် ဆက်သွယ်ရေးကျောင်း ကျောင်းအုပ်ကြီး ရာထူးသို့
လည်းကောင်း၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်ကို အားကစားဝန်ကြီးဌာန အားကစားနှင့်
ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ် လည်းကောင်း
ပြောင်းရွေ့တာဝန် ထမ်းဆောင်စေခဲ့ပါသည်။

ထို့အတူ ကာကွယ်ရေး ၀န်ကြီးဌာနမှ ဗိုလ်မှူးကြီး လှထွန်းကို နိုင်ငံတော်
သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် အဖြစ် လည်းကောင်း၊ ကာကွယ်ရေး ၀န်ကြီးဌာနမှ
ဗိုလ်မှူးကြီး ဇော်သန်းသင်းကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံး
ညွှန်ကြားရေးမှူးချုပ် အဖြစ်လည်းကောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး
ညွှန်ကြားရေးမှူး ဦးအောင်မော်ကို ဆက်သွယ်ရေး စာတိုက်နှင့်
ကြေးနန်းဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး
အဖြစ် လည်းကောင်း၊ ပညာရေး ၀န်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်
ဦးကျော်စိုးကို ပြန်ကြားရေး ၀န်ကြီးဌာန သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း
ဦးဆောင် ညွှန်ကြားရေးမှူး အဖြစ် လည်းကောင်း၊
ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်
ဦးစံရွှေအောင်ကို နယ်စပ်ရေးရာ ၀န်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေး
ဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်အဖြစ် လည်းကောင်း၊ မြန်မာနိုင်ငံတော်
ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန
ရသုံးမှန်းခြေ ငွေစာရင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ်
လည်းကောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးနေအေးကို
ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ပတ်ဝန်းကျင်
ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ်လည်းကောင်း၊
ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေကို
ပြန်ကြားရေး ၀န်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် အဖြစ်လည်းကောင်း ပြောင်းလဲ တာဝန်ပေးအပ်လိုက်ပါသည်။

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ