အောက်ခြေကို ဘယ်လိုစတိုင်နဲ့ ဆင်းကြမှာလဲ

အပါတ်စဉ် ထုတ်ဝေနေကြတဲ့ ဂျာနယ်တွေထဲက ဘုန်းဘုန်း စွဲစွဲမြဲမြဲ ဖတ်ဖြစ်တဲ့
ဂျာနယ်တစ်စောင်ကတော့ ပြည်သူ့ခေတ်ဂျာနယ်ပါ။ အဲဒီ ပြည်သူ့ခေတ်ဂျာနယ်ရဲ့
(အတွဲ ၃၊ အမှတ် ၁၀၆) ထဲမှာ စာဖတ်သူတစ်ယောက်က အယ်ဒီတာထံကို ပေးတဲ့
ပေးစာတစ်စောင်ကိုလဲ ဖတ်ရပါတယ်။ ပေးစာထဲမှာပါတဲ့ စာလေးတစ်ပိုဒ်က-

"အောက်ခြေကိုလာတဲ့အခါ ဘ၀ရှင်မင်းတရားကြီးစတိုင်နဲ့ မလာဖို့၊ လူကြီးလာရင်
အောက်က၀န်ထမ်းတွေ ပြင်ဆင်ရတာ ငွေကုန်တဲ့အကြောင်းတွေကို ရေးပေးပါလို့
တောင်းဆိုပါရစေ" တဲ့။

သူပြောချင်တာက အထက်လူကြီးတွေ အောက်ခြေလာတဲ့အခါ အောက်ခြေက လူတွေ လူကြီးကို
ကြိုဖို့ ဆိုဖို့အတွက် ပြင်ရ ဆင်ရတာတွေနဲ့ အလုပ်ရှုပ်ပြီး ပြာယာခတ်ရတာကို
မကျေနပ်လို့ ရင်ဖွင့်တာပါ။

အဲဒီစာပိုဒ်လေး ဖတ်ပြီး ပြေးသတိရလိုက်တာက အတိတ်ကာလတစ်ခုက
ဖြစ်ရပ်ကလေးတစ်ခုပါ။ ဒီဖြစ်ရပ်ထဲမှာ ကိုယ်ကိုယ်တိုင် မပါဝင်ပေမဲ့
ကိုယ့်နားနဲ့ ဆတ်ဆတ် ကြားလိုက်ရတာဆိုတော့ အခုအချိန်ထိအောင်ကို
မှတ်မိနေပါတယ်။ ဖြစ်ရပ်ကလေးက ဒီလိုပါ။

ဘုန်းဘုန်းနေတဲ့ ဘုန်းကြီးကျောင်းနဲ့ ခြံစည်းရိုးသာ ခြားတဲ့
စာသင်ကျောင်းတစ်ကျောင်းမှာ ကွန်ပြူတာခန်း ဖွင့်ပွဲ လုပ်ပါတယ်။
ကျောင်းအုပ်ဆရာမကြီးရဲ့ သဘောဆန္ဒအတိုင်းပဲ လုပ်တာလား၊ မဖြစ်မနေ လုပ်ရမယ်
ဆိုတဲ့ အထက်က ဖိအားတွေကြောင့် လုပ်ရတာလားဆိုတာတော့ ဘုန်းဘုန်း မသိပါဘူး။
ဘုန်းဘုန်း သေသေချာချာ သိတာကတော့ ဖွင့်ပွဲရဲ့ ပြခန်းမှာ ပြမယ့်
ကွန်ပြူတာတွေ အားလုံးနီးပါးဟာ ဘုန်းဘုန်းရဲ့ မိတ်ဆွေ၊
ကွန်ပြူတာသင်တန်းပေးနေတဲ့ ဆရာတော်တစ်ပါးရဲ့ကျောင်းက ခဏတဖြုတ်
သွားငှားထားကြတဲ့ အငှားပစ္စည်းတွေ ဆိုတာပါ။

ဖွင့်ပွဲမတိုင်မီ နှစ်ပါတ်လောက် အလိုကတည်းက ဆရာဆရာမတွေရော
ကျောင်းသူကျောင်းသားတွေရော လူကြီးတွေလာရင် ကြိုဆိုဖို့အတွက်
တစ်ကျောင်းလုံးကို ပြင်ဆင်နေကြရပုံရပါတယ်။ ဘင်ခရာဝိုင်းနဲ့ ကြိုဆိုမှာ
ဖြစ်လို့ တဒုံးဒုံး တဒိုင်းဒိုင်း တီးခတ်နေတဲ့ အသံတွေကိုတော့
နေ့စဉ်ရက်ဆက် ကြားနေရပါတယ်။ ဒီလိုနဲ့ ဖွင့်ပွဲနေ့မှာတော့
ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဆိုတဲ့ ပုဂ္ဂိုလ်ကြီးနဲ့
ပညာရေးဝန်ကြီးဌာနက ဒု ၀န်ကြီးဆိုတဲ့ ပုဂ္ဂိုလ်ကြီးတို့ ရောက်လာပါတယ်။
အဲဒီမတိုင်မီ ညကတည်းက လုံခြုံရေးတွေလဲ ဟိုနေရာ ဒီနေရာမှာ တွေ့နေရသလို
ဘုန်းဘုန်းကျောင်းဝိုင်းထဲမှာတောင် လက်နက်ကိုင် သုံး လေးယောက်လောက်
လာချထားတာကို တွေ့ရပါတယ်။

ဖွင့်ပွဲမှာ ပြောနေဆိုနေကြတာတွေက အသံချဲ့စက်တပ်ထားတာ ဖြစ်လေတော့
ဘုန်းဘုန်းကျောင်းကနေ အတိုင်းသား ကြားနေရပါတယ်။ ဘာတွေများ ပြောကြ
ဆိုကြမလဲ လို့ ဘုန်းဘုန်းလဲ နားစွင့်နေမိတာ။ ပညာရေး ဒုဝန်ကြီး
ပြောလိုက်တဲ့ စကားတစ်ခွန်းကတော့ ဘုန်းဘုန်းကို တော်တော်လေး မှတ်လောက်
သားလောက် ဖြစ်သွားစေပါတယ်။ သူပြောတာက- " အခု ပြသထားတဲ့ ကွန်ပြူတာတွေဟာ
ကျောင်းသူ ကျောင်းသားတွေ သုံးဖို့ ဖြစ်ပါတယ်"တဲ့။ " ဒါကြောင့်မို့
ကျောင်းသူ ကျောင်းသားတွေ သုံးပါစေ" တဲ့။ " သုံးလို့ ပျက်သွားရင်လဲ
ကျောင်းအကျိုးဆောင်အဖွဲ့များက ပြင်ပေးကြပါ"တဲ့။

ဒုဝန်ကြီးခမျာ တခြားနေရာက ခဏတဖြုတ် သွားငှားပြီး ပြထားတဲ့
ကွန်ပြူတာတွေကို ကျောင်းပိုင်ကွန်ပြူတာတွေလို့ ထင်ပြီး ပြောနေပါပေါ့လား။
သူပြောတာကို နားထောင်ပြီး ပထမတော့ ပြုံးမိတယ်။ နောက်တော့ တို့နိုင်ငံမှာ
ဒီလို အနေအထားတွေ ဘယ်လောက်တောင် များနေကြပြီလဲ လို့ တွေးမိပြီး
စိတ်မသက်မသာ ဖြစ်ခဲ့ရပါတယ်။

အဲဒီကွန်ပြူတာခန်းဖွင့်ပွဲအတွက် ပြင်ဆင်ကြရတဲ့ ကုန်ကျစရိတ်စုစုပေါင်းက
သိန်းသုံးဆယ်ကျော်လောက် ကုန်တယ်လို့လဲ ကြားရပါတယ်။ ဟုတ် မဟုတ်တော့ အတိအကျ
မပြောနိုင်ပါဘူး။ ဘာမှ ပြည့်ပြည့်စုံစုံ မရှိတော့ လူကြီးတွေလာရင်
ထိုင်ဖို့ ခုံ၊ ခင်းဖို့ အခင်းက စလို့ အားလုံးကို ငှားရတာဖြစ်တော့
ကုန်မယ် ဆိုလဲ ကုန်လောက်တယ်လို့ တွက်ဆမိပါတယ်။

တကယ်တော့ အထက်က လူကြီးတွေအနေနဲ့ အောက်ခြေကို ဆင်းတယ်ဆိုတာ အောက်ခြေရဲ့
အသံကို နာထောင်ဖို့၊ အောက်ခြေရဲ့ ပကတိအခြေအနေမှန်ကို လက်ခံဖို့၊
အောက်ခြေရဲ့အခက်အခဲအတွက် လတ်တလော ကူညီဖြေရှင်းလို့ ရနိုင်တာကို
ကူညီဖြေရှင်းပေးဖို့ နဲ့ လတ်တလော မဖြေရှင်းနိုင်သေးရင်လဲ အထက်နှင့်အောက်
ဝိုင်းဝန်းအဖြေရှာကြဖို့ ဆိုတာမျိုးပဲ ဖြစ်သင့်ပါတယ်။ ရှင်းအောင်ပြောရရင်
အောက်ခြေကို အကူအညီပေးဖို့ပါ။ အောက်ခြေကို ဒုက္ခပေးဖို့ အောက်ခြေကို
ကိုယ်လာတဲ့အတွက် ၀န်တက်စေဖို့ မဟုတ်ပါဘူး။

ရာထူး အနိမ့် အမြင့်အရ အောက်ခြေတို့ အထက်တို့ ပြောနေကြရပေမယ့် တကယ်တော့
အားလုံးဟာ နိုင်ငံတာဝန်ကို ထမ်းနေကြတဲ့ ၀န်ထမ်းတွေ၊
လုပ်ဖော်ကိုင်ဖက်တွေသာ ဖြစ်လို့ လုပ်ဖော်ကိုင်ဖက်စိတ်မျိုးပဲ ထားရမှာပါ။
ဒီလိုမှ အောက်ခြေရဲ့ ပကတိအခြေအနေမှန်ကို သိနိုင်မယ် မဟုတ်ပါလား။

ခုတော့ ပဒေသရာဇ်ခေတ်က ဘ၀ရှင်မင်းတရားကြီး တိုင်းခန်းလှည့်လည်တဲ့
ပုံစံမျိုးနဲ့ အောက်ခြေကို ဆင်းလာတော့ အောက်ခြေကလဲ ဘ၀ရှင်မင်းတရားကြီးရဲ့
သည်းခြေကြိုက်တွေကိုပဲ ဖန်တီးပေးနေကြရတယ်လေ။ ဒီအလေ့အထတွေဟာ
သမ္မတကြီးဦးသိန်းစိန်ရဲ့ အစိုးရတက်လာပြီးတဲ့နောက် ဘယ်အတိုင်းအတာထိ
လျော့နည်းသွားပြီးလဲ၊ အရင်လိုပဲလား ဆိုတာတော့ ဘုန်းဘုန်း
မခန့်မှန်းတတ်ပါဘူး။ အရင်လိုပဲ ဆိုရင်တော့…..

ဘိက္ခုသုမန

mahathumana@gmail.com
Ref :https://www.facebook.com/notes/maha-thumana
အဆိုပါ Facebook အကောင့်တွင်ရောက်ကြည့်ရှုပြီး Like ပေးနိုင်ပါသည်။

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ