ဥာဏ်သုံးမျိုးအကြောင်းကို နာကြားသိရှိခွင့်ရခဲ့ပါတယ်။ အခြေအနေတစ်ရပ်ရဲ့
သဘောသဘာဝကို အမှန်အတိုင်း သိတာ သစ္စဥာဏ်၊ အဲဒီလို သိပြီးတော့ ဘာ
ဆက်လုပ်မလဲ ဆိုတဲ့ ကိုယ့်ဘက်က လုပ်ဆောင်ရမယ့် နည်းလမ်းကို
ပိုင်ပိုင်နိုင်နိုင် သိတာက ကိစ္စဥာဏ်၊ ဒီလို သိပြီးတဲ့နောက် တကယ်တန်း
အောင်မြင်အောင် လုပ်ဆောင်လိုက်နိုင်တာက ကတဥာဏ်လို့ နားလည်မိပါတယ်။
ဥပမာတစ်ခုအနေနဲ့ ပြောရရင် ဒုက္ခရဲ့ ဇာစ်မြစ်ဟာ တဏှာ သမုဒယ လို့
အမှန်အတိုင်း သိမြင်လိုက်တာ သစ္စဥာဏ်၊ ဒုက္ခရဲ့ ဇာစ်မြစ်ကိုတော့
သိပါပြီတဲ့။ ဘယ်လို ဖယ်ရှားရမလဲ ဆိုတဲ့ ဖယ်ရှားရမယ့် နည်းလမ်းကို
မသိလို့ကလဲ မဖြစ်သေးဘူးကိုး။ ဒီတော့ ဖယ်ရှားနည်းကိုလဲ အမှန်အတိုင်း
သိဖို့ က လိုသေးတယ်။ ဒီလို သိတာကိုတော့ ကိုယ့်ဘက်က လုပ်ဆောင်ရမယ့်ကိစ္စကို
သိတာ ဖြစ်လို့ ကိစ္စဥာဏ် လို့ ခေါ်ပါသတဲ့။
ကောင်းပါပြီ။ ကိုယ့်ကိစ္စ ကိုယ်သိသည့်တိုင်အောင် ကိုယ်ဘာလုပ်ရမယ်ဆိုတာကို
သိသည့်တိုင်အောင် ဘာမှ မလုပ်ဖြစ်ဘဲ ဒုံးရင်း ဒုံးရင်းနဲ့
ပြီးသွားတာတွေကလဲ ရှိသေးတယ်မို့လား။ ဒီအတွက် အမှန်တကယ် ပြီးမြောက်အောင်
အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့ကလဲ လိုသေးရဲ့။ အဲ အဲဒီလိုများ
လုပ်ဆောင်နိုင်လိုက်ပြီး ဆိုလို့ကတော့ ကတဥာဏ် ဆိုက်ပြီးပေါ့။
အောင်မြင်ပေါက်မြောက်သွားပြီပဲ ဆိုပါတော့။
ဒါကတော့ စကားလုံးကို အခြေခံပြီး တွေးမိတဲ့ အတွေးတွေပါ။ တကယ်တန်း မြတ်ဗုဒ္ဓ
သစ္စာလေးပါးတရားကို သိမြင်တော်မူတယ် ဆိုတာကတော့ အခုလိုမျိုး အဆင့်ဆင့်
သိနေရတာ မဟုတ်ပါဘူး။ တစ်ခဏအတွင်းမှာပဲ တစ်ပြိုင်တည်း သိမြင်တော်မူတာပါ။
ဒါနဲ့ပတ်သက်လို့ ဥပမာလေးတောင် ရှိသေး။ ဘာတဲ့။ ဆီမီးဟာ ၁။ အလင်းရောင်ကိုလဲ
ထွန်းလင်စေတယ်၊ ၂။ အမိုက်မှောင်ကိုလဲ ပယ်ဖျောက်တယ်၊ ၃။ ဆီကိုလဲ
ခန်းစေတယ်၊ ၄။ မီးစာကိုလဲ ကုန်စေတယ်၊ ဒီအချက်လေးချက် တစ်ပြိုင်နက်
ဖြစ်သလိုပါဘဲတဲ့။
တရားဦးဓမ္မစကြာထဲက စကားလုံးတွေနဲ့ ဘုန်းဘုန်းတို့ နိုင်ငံရဲ့
အခြေအနေကိုလဲ ဖြန့်ကျက်လို့ စဉ်းစားမိသေးတယ်။ ဒီလိုပါ။
သမ္မတကြီးဦးသိန်းစိန်အစိုးရတက်ကာစက "ကျွန်တော်တို့ နောက်မှ လွတ်လပ်ရေး
ရခဲ့ကြတဲ့ နိုင်ငံတွေဟာ ကျွန်တော်တို့ရှေ့ကို အများကြီး
ကျော်တက်သွားကြပြီ။ ကျွန်တော်တို့မှာတော့ အဲဒီနိုင်ငံတွေရဲ့ နောက်မှာ
အများကြီး ပြတ်ကျန်နေခဲ့ပြီ။" (စကားလုံး အတိအကျ မဟုတ်ပါ)တဲ့။ ဒါကို
ဘုန်းဘုန်း သဘောပေါက်လိုက်တာက သမ္မတကြီးဦးသိန်းစိန်တော့ ကိုယ့်နိုင်ငံနဲ့
ပတ်သက်တဲ့ သစ္စဥာဏ် ရသွားပြီ လို့ပဲ သဘောပေါက်လိုက်ပါတယ်။ သူ့အရင်
အစိုးရကတော့ နိုင်ငံတော်ကြီး ဘယ်ခေတ် ဘယ်အခါကနဲ့မှ မတူအောင်
ဖွံ့ဖြိုးတိုးတက်နေပါပြီ ဆိုပြီ တကြော်ကြော် အော်လာခဲ့တာလေ။ အခုတော့
အဲဒီလို တိုးတက်တယ်ဆိုတာ မဟုတ်ပါဘူး လို့ အတိအလင်း ၀န်ခံလိုက်တာ၊
အမှန်အတိုင်း ပကတိအခြေအနေအတိုင်းကို လက်ခံ လိုက်တာ ဖြစ်လို့ ကျေနပ်ပါတယ်
လို့ ပြောချင်ပါတယ်။
အနာသိရင် ဆေးရှိတယ်-တဲ့။ အနာကို သိအောင်ဆိုတာက အနာကို အနာလို့
လက်ခံနိုင်ဖို့ကလဲ လိုသေးတယ်။ အနာကို ဖုံးကွယ်ထားတဲ့ အခြေအနေတစ်ရပ်က
လွတ်သွားတာကိုကပဲ ကိုယ့်နိုင်ငံအတွက် ကံကောင်းတယ် လို့ ပြောရမယ်။
ခုအထိတော့ ဆေးရှာနေတုန်း၊ ဘာဆေးနဲ့ ဘယ်လို ကုရမယ် ဆိုတာ လေ့လာနေကြတုန်း
အဆင့်မှာပဲ ရှိနေသေးတယ် ထင်ပါရဲ့။ ရောဂါပျောက်ဖို့ ဆိုတာကတော့
အချိန်ယူကြရဦးမှာပေါ့လေ။
သစ္စဥာဏ်တော့ ရှိနေကြပြီ။ တဆင့်တက်ပြီး ကိစ္စဥာဏ်၊
ကတဥာဏ်အထိပေါက်မြောက်ဖို့ အတွက်တော့ အားလုံး ၀ိုင်းပြီး
ကြိုးစားကြရပေမပေါ့။ ကိစ္စဥာဏ်အတွက် လှမ်းနေကြတဲ့ ခြေလှမ်းတွေဟာ
ယခင်အခြေအနေထက်စာရင် အများကြီး သွက်နေတယ်လို့တော့ ပြောနိုင်ပါတယ်။
ကတဥာဏ်ဆိုက်အောင် အမြန်ဆုံး လှမ်းတက်နိုင်ကြပါစေလို့ပဲ
ဆုမွန်ချွေလိုက်ပါတယ်။
ဘိက္ခုသုမန
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ