ဂျာနယ်လစ်ဇင် အကြောင်းသိကောင်းစရာများ နှင့် နိုင်ငံသား ဂျာနယ်လစ်ဇင်မိတ်ဆက် ( Part -12 )

ခေါင်းကြီးပိုင်း(သို့)သတင်းစာဝိဉာာဉ်


စာနယ်ဇင်းတစ်စောင်မှာအရေးကြီးဆုံးကစာနယ်ဇင်းရဲ့အာတော်ကိုဖော်ပြတဲ့ခေါင်းကြီးဖြစ်တာကြောင့်သတင်းစာခေါင်းကြီးကိုသတင်းစာရဲ့ဝိဉာာဉ်လို့ခေါ်ဆိုလေ့ရှိပါတယ်။


ခေါင်းကြီးမပါတဲ့စာနယ်ဇင်းဟာဝိဉာာဉ်မပါတဲ့၊အသက်မရှိတဲ့စာစောင်တွေအဖြစ်သာလူတွေကသဘောထားလိမ့်မယ်လို့ဝါရင့်သတင်းစာဆရာကြီးတွေကဆိုကြသည်။


            ခေါင်းကြီးပိုင်း(Leader)ဟူသည်စာနယ်ဇင်းတို့၏ဦးနှောက်ဖြစ်သည်။ စာနယ်ဇင်းတို့၏၀ါဒ၊ခံယူချက်၊သဘော ထားတို့ကိုခေါင်းကြီးဖြင့် ထုတ်ဖော်သောကြောင့်ခေါင်းကြီးပိုင်းသည်စာနယ်ဇင်းတို့၏ထိပ်ပိုင်းအင်္ဂါတရပ်ဖြစ်သည်။ ခေါင်းကြီးပိုင်းကိုပင်အယ်ဒီတာအာဘော်(Editorial)ဟူ၍လည်းခေါ်ကြသေးသည်။သို့သော်တစ်ချို့သတင်းစာဆရာ ကြီးများကခေါင်းကြီးပိုင်းနဲ့အယ်ဒီတာအာဘော်ကိုမတူကွဲပြားသည်ဟုဆိုကြသည်များလည်းရှိသည်။

            "ခေါင်းကြီးနဲ့အယ်ဒီတာစကားဟာသဘောသဘာဝမတူပါဘူး။ခေါင်းကြီးဆိုတာသတင်းစာတစ်စောင်လုံးကို ကိုယ်စားပြုရပါတယ်။ပိုင်ရှင်ကိုသော်လည်းကောင်း၊အယ်ဒီတာကိုသော်လည်းကောင်းကိုယ်စားမပြုပါဘူး။အဲဒါကြောင့် ခေါင်းကြီးရေးတဲ့နေရာမှာကျွန်တော်၊ကျွန်ုပ်လို့မရေးပါဘူးသတင်းစာတစ်စောင်လုံးရဲ့ကိုယ်စားဖြစ်တယ်ဆိုတဲ့သဘောနဲ့ကျွန်တော်တို့၊ကျွန်န်ုပ်တို့စသဖြင့်ရေးရပါတယ်။"

လူထုစိန်ဝင်း

 

            အဲဒီတော့စကားဆိုတာကသူတို့ကိုယ်တိုင်ဆိုထားတဲ့အတိုင်းပါဘဲ။ အယ်ဒီတာစကားပေါ့။တစ်ဦးတစ်ယောက်သောလူပုဂ္ဂိုလ်အယ်ဒီတာရဲ့အာဘော်အယ်ဒီတာရဲ့စကားလို့ဆိုလိုပါတယ်။ ဒီအယ်ဒီတာစကားကိုစာနယ်ဇင်းတစ် စောင်လုံးရဲ့ကိုယ်စားလှယ်၊သတင်းစာတစ်စောင်လုံးရဲ့အာဘော်အဖြစ်မယူဆနိုင်ပါဘူးလို့သူ့အမြင်ကိုရေးခဲ့ပါတယ်။

            ခေါင်းကြီးပိုင်းနဲ့ပတ်သတ်ပြီးအခြားစိတ်ဝင်စားဖွယ်ကိစ္စအကြောင်းအချက်တွေများစွာရှိကြပါတယ်။ သတင်းစာ ၏ကိုယ်ခန္ခာကိုပိုင်ခြားကြည့်မယ်လိုက်သောအခါအရေးကြီးဆုံးအပိုင်းမှာခေါင်းကြီးပိုင်းပင်ဖြစ်သည်။ခေါင်းကြီးပိုင်းကို သတင်းစာဖတ်သူတို့ကျော်သွားကြသည်သာများသည်။ထို့ကြောင့်လည်းခေါင်းကြီးပိုင်းကိုရေးသူနှင့်စာစီလောက်သာ ဖတ်ကြသည်ဟုပြက်ရယ်ပြောကြလေသည်။ ယခုအခါကော်လံဆောင်းပါးများခေတ်စားနေသဖြင့်သတင်းစာခေါင်းကြီး ပိုင်းမှာတိမ်ကောရတော့မလိုဖြစ်နေလေသည်။

            ခေါင်းကြီးပိုင်းဟူသောဝေါဟာရနှင့်ပတ်သတ်၍အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုကြသည်။

            ခေါင်းကြီးဟူသည်အချက်အလက်များကိုစုဆောင်း၍အမှန်တရားကိုရှုဒေါင့်အသစ်ဖြင့်ထင်မြင်ချက်မေးခြင်းဖြစ် သည်။ဟုအချို့ကဖွင့်ဆိုသည်။

            ခေါင်းကြီးဟူသည်စာဖတ်သူများကိုအသိပေးရန်၊လွှမ်းမိုးရန်ဖြေဖျော်ရန်ရန်စူး၍ရေးသားသည့်မျက်မှောက်ရေး ရာထူးခြားသောအဖြစ်အပျက်များကိုဝေဖန်ဆန်းစစ်တင်ပြချက်ပင်ဖြစ်သည်ဟုအချို့ကယူဆကြသည်။

            ဆရာကြီးရွှေဥဒေါင်းက "သတင်းစာခေါင်းကြီးများသည်ဗဟုသုတပေးခြင်း၊စဉ်းစားစရာမေးခြင်းဟူ၍အကြမ်းအားဖြင့်အလုပ်နှစ်မျိုးဆောင်ရွက်ကြသည်ဖြစ်ရာဤနှစ်ခုကိုအလျဉ်းသင့်သလိုတစ်လှည့်စီဆောင်ရွက်ကြလေသည်" လို့ဖွင့်ဆိုသည်။

 

သတင်းစာ၏၀ါဒဖော်ထုတ်ရာနေရာ


          စာနယ်ဇင်းတိုင်း၌၀ါဒလက်ကိုင်ရှိကြသည်။ ခေါင်းကြီးရေးရာတွင်မိမိတို့လက်ကိုင်ထားရှိသောဝါဒဖြင့်အမှန် အကန်ဆုံးဖြစ်အောင်ဝေဖန်သုံးသပ်ရေးသားကြသည်။ သတင်းစာ၏ခေါင်းကြီးပိုင်းသာလျှင်သတင်းစာ၏လက်ကိုင်ဝါဒ ကိုထုတ်ဖော်ရေးသားရာဖြစ်ပေသည်။

            သတင်းစာတိုင်းမှာပင်လက်ကိုင်ဝါဒရှိကြရသည်။ထိုလက်ကိုင်ဝါဒကိုအတိအလင်းကျေညာထားချင်လျှင်ထား နိုင်သည်။သို့မဟုတ်သတင်းစာထုတ်ဝေသူသာလျှင်သိသောကိစ္စတစ်ခုအဖြစ်နှင့်လျှို့ဝှက်ထားလျှင်လည်းဖော်နိုင်သည်အများအားဖြင့်ခေါင်းကြီးရေးသားရာတွင်မည်သည်ဘက်ကိုမှမျက်နှာမလိုက်ဘဲ တတ်နိုင်သရွေ့ကြားနေကာရေးကြ သည်ကများသည်။အငြင်းအခုံကိစ္စများနှင့်စပ်လျဉ်း၍ရေးရာတွင်ခေါင်းကြီးရေးသူသည်အထူးသတိထားရသည်။ ခေါင်းကြီးဟူသည်ရေးသူ၏အာဘော်လည်းမဟုတ်၊အယ်ဒီတာအဖွဲ့၏စိတ်ဆန္ဒလည်းမဖြစ်စေရ။သတင်းစာပိုင်ရှင်၏ ၀ါဒနှင့်လည်းမသက်ဆိုင်ဘဲသတင်း၏၀ါဒ၊ အာဘော်သက်သက်သာဖြစ်စေရမည်။

            သတင်းစာထဲမှာအချက်အလက်တွေအဖြစ်အပျက်အရေးအကြောင်းတွေကိုဖြစ်တဲ့အတိုင်းလိုတိုရှင်းရေးလိုက် ရပါတယ်။ အဲဒီသတင်းအဲဒီအဖြစ်အပျက်အရေးကိစ္စဟာဘယ်လိုကြောင့်ဖြစ်လာရတယ်၊ဘယ်လိုအဖြစ်အပျက်အရေး ကိစ္စဟာဘယ်လိုကြောင့်ဖြစ်ရလာရတယ်၊ ဘယ်လိုဖြစ်လာနိုင်စရာရှိတယ်ဆိုတာတွေကို သုံးသပ်ဝေဖန်ဆန်းစစ်ပြီး ကိုယ့်သတင်းစာကဘယ်ကရပ်တည်တယ်ဆိုတာကိုခေါင်းကြီးကနေရှင်းပြရပါတယ်။

 

 

            သတင်းစာဖတ်သူများအနေနဲ့နောက်ကြောင်းရာဇ၀င်တွေကိုပြန်ရှာဖတ်ဖို့အချိန်ရှိချင်မှရှိပါလိမ့်မယ်။ အဲဒီတော့ သတင်းစာကပြန်ရှာပြီးတင်ပြပေးရပါတယ်။တစ်ဆက်တည်းသုံးသပ်ဝေဖန်ဆန်းစစ်ပြလိုက်ခြင်းအားဖြင့်စာဖတ်သူကို ဖြည့်ဆည်းပေးရာလည်းရောက်ပါတယ်။

လူတို့၏စိတ်ကိုလှုံ့ဆော်၍လမ်းညွန်ပေးသောခေါင်းကြီးပိုင်းလည်းရှိသည်။လူတိုင်းတွင်မိမိအလိုကျထင်မြင်ယူဆနိုင်ခွင့်ရှိ၍မိမိ၏ယူဆချက်ကိုအခြားလူများယုံကြည်လာအောင်ပြောဆိုခွင့်လည်းရှိပေသည်။သို့သော်လူတို့၏စိတ်ကို လှုံ့ဆော်ရာတွင်မိမိသဘောမကျသည့်ကိစ္စကိုချိုးနှိမ်ရေးသားခြင်းထက်မိမိသဘောကျကိစ္စကိုလေအေးအေးဖြင့်ရေး၍ မိမိဘက်သို့သိမ်းသွင်းခြင်းကပို၍ခရီးရောက်လေ့ရှိသည်။ထို့ကြောင့်ပြစ်တင်ရှုပ်ချသည့်ခေါင်းကြီးပိုင်းမျိုးထက်လမ်းပြ၍ အားပေးထောက်ခံချီးကျူးကာသိမ်းသွင်းသည့်ခေါင်းကြီးပိုင်းမျိုးကများသောအားဖြင့်ပိုပိုထိရောက်လေသည်။ဟုဆရာမကြီးဒေါ်ခင်မျိုးချစ်ကမှတ်ချက်ပေးထားသည်။

 

ခေါင်းကြီးပိုင်းအရေးကောင်းသူဖြစ်စေသောနည်းများ


          ဆရာမကြီးဒေါ်ခင်မျိုးချစ်ကခေါင်းကြီးရေးသူတို့သည်

(၁) ဉာဏ်အမြော်အမြင်ရှိလျှင်နည်းနည်းရေးနိုင်လေလေကောင်းလေဟူသောအချက်ကိုသတိထားရမည်။

(၂) အတိုဆုံးနှင့်အထိရောက်ဆုံးရေးတတ်အောင်လေ့ကျင့်ထားကြရမည်။

(၃) စကားလုံးတိုင်းစကားလုံးတိုင်းသေနတ်ကျည်ဆံကဲ့သို့ထိမှန်ဖို့အရေးကြီးသည်။

(၄) အရိုးဆုံးစကားလုံးသုံး၍အဓိပ္ပါယ်ပေါ်လွင်ပြီးလိုရင်းရောက်စေရမည်။

(၅) ခေါင်းကြီးပိုင်းသည် တိုက်ရိုက်ဆွယ်တရားဟောခြင်းသရော်ခြင်း၊ ဆုံးမခြင်းတို့ကိုရှောင်ရှားသင့်သည်။

(၆) ရေးသူကတရားမဟောဘဲနှင့်စာဖတ်သူကအလိုလိုတရားကျလာအောင်ရေးတတ်ရမည်။

ဟုလမ်းညွန်အကြံပြုခဲ့သည်။


ဆက်ပါဦးမည်…….

အချက်အလက်နှင့်ဆောင်းပါးများအားလုံးကို အလင်းဆက် (IR)မှ ပံပိုးကူညီပါသည်။

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ