တံငါနားနီး တံငါ

'လူဟာ ငယ်စဉ်ဘ၀မှာ ကိုယ့် ကိုယ်ကိုယ်ခိုင်းရမယ်၊ အဲဒီလိုမှမခိုင်း ခဲ့ရင်
ကြီးလာတဲ့အခါ သူများခိုင်း တာတွေကို လုပ်ပေးရတဲ့ဘ၀ကို
ရောက်သွားလိမ့်မယ်'လို့ ဆရာ တစ်ယောက်က ပြောခဲ့ဖူးတယ်။ ဆရာ့ဆုံးမ
စကားလေးကို ပြန်သတိ ရ ပြီး လူဟာငယ်စဉ်ဘ၀မှာ ကိုယ့် စိတ်ကို
ထိန်းချုပ်နိုင်အောင် ကြိုးစားရမယ်၊ အဲဒီလိုမှ မထိန်းချုပ်ခဲ့ရင်
ကြီးလာတဲ့အခါ အများတကာရဲ့ ထိန်းချုပ်ခြင်းကို ခံရတဲ့ဘ၀ကို
ရောက်သွားလိမ့်မယ်လို့ လည်း ဖြည့် စွက်ပြီး စဉ်းစားနေမိပါတယ်။
ငယ်ရွယ်စဉ်ဘ၀မှာ လူဟာ ကိုယ့်ကိုဘယ်သူခိုင်းခိုင်းလုပ်ပေး နိုင်ပါတယ်။
စိတ်ညစ်စရာတွေ ဘယ်လောက်ပဲ တွေ့တွေ့ခံနိုင်ရည် ရှိပါတယ်။ ကြီးလာရင်တော့
ကိုယ့် ကိုသူများပဲ ခိုင်းခိုင်းကိုယ့်ဟာကိုယ်ပဲ
ပြန်ခိုင်းခိုင်းလုပ်နိုင်မယ်မထင်တော့ ပါဘူး။ အဲဒီလိုကြီးလာမှ ကိုယ်ဖြစ်
ချင်တာတွေအားလုံးဘာတစ်ခုမှ ဖြစ် မလာတော့ဘဲကိုယ်မဖြစ်ချင်တာတွေ ချည်းပဲ
ဖြစ်ရတော့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် လူဖြစ်ရကျိုးနပ် တယ်လို့လည်း
ထင်မှာမဟုတ်တော့ ပါဘူး။

ဒီလိုအတွေးတွေ ၀င်လာရတာကလည်း မျက်စိအောက်မှာ ခုခေတ်တချို့လူငယ်တွေ ဘာတွေ
လုပ်နေကြသလဲဆိုတာကို မြင်တွေ့နေရလို့ ဖြစ်တယ်။ ဒီတော့ အဲဒီလူငယ်တွေကြီး
လာတဲ့အခါ အောင်မြင်တဲ့လူသား တစ်ယောက်ကိုယ့်ဘ၀ကိုကိုယ် ကျေနပ်တဲ့
လူသားတစ်ယောက် ဖြစ်လာစေဖို့ သူတို့ကို ဘယ်လို အတွေးအခေါ်မျိုးတွေ
ပေးနိုင်မလဲ တစ်နိုင်ငံလုံးမှာရှိတဲ့ မိဘပြည်သူ တွေအနေနဲ့ကရော
ဘာတွေလုပ်ပေး ပြီး ဘာတွေရှောင်ကြဉ်သင့်ကြသလဲ ဆိုတာကို
စဉ်းစားလာရပါတော့တယ်။

ဒီအတွေးကြောင့် လွန်ခဲ့တဲ့ ၁၇ နှစ်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ကို
ရောက်သွားစဉ်တုန်းက ကြုံတွေ့ခဲ့ရတဲ့ အဖြစ်လေးကို ပြန်သတိရမိပါတယ်။
ဂျကာတာကို ရောက်တဲ့ ညက ခရီးပန်းပြီးမောမောနဲ့ ဟိုတယ်မှာ အစောကြီး
အိပ်ပျော်သွားခဲ့ပါ တယ်။ မနက်၂ နာရီလောက် တစ်ရေးနိုးတော့ ဘာရယ်မဟုတ်ဘူး
ဟိုတယ်ပြတင်းပေါက်ကို ဖွင့်လိုက်မိတယ်။ အဲဒီမှာ 'ဒိန့်.ဒိန့်..
ဒိန့်.ဒိန့်..'နဲ့ ခပ် အုပ်အုပ်အသံတွေကို မြို့ထဲဘက်ဆီက ကြားနေရတယ်။
ကိုယ့်ဟိုတယ်အခန်းက အထပ်အမြင့်ကြီးမို့ တစ်မြို့လုံးကို အပေါ်စီးက
မြင်နေရပေမယ့် အသံလာနေတဲ့နေရာကိုတော့ မတွေ့ရဘူး။ အသံတွေကလည်း တစ်နေရာထဲက
လာနေတဲ့အသံတွေ မဟုတ်ဘူး။ လေးငါးနေရာလောက်က လာနေတဲ့အသံတွေ ဖြစ်တယ်။
ဘာသံတွေဖြစ်မလဲဆိုတာ သေသေချာချာ စဉ်းစားမရဘဲ အိပ်ရာထဲပြန်ဝင်ခဲ့ပါတယ်။

မနက်လင်းတော့ အောက်စောစောဆင်း နံနက်စာစားပြီး အခန်းထဲကို
ပြန်တက်လာခဲ့တယ်။ မနက် ၈နာရီတောင် ကျော်နေလောက်ပါပြီ။ အဲဒါညတုန်းက
ကြားခဲ့ရတဲ့အသံတွေကို သတိရလို့ အခန်းပြတင်းပေါက်ကို ဖွင့်လိုက်မိပါတယ်။
အဲဒီအခါမှာ မြို့ကြီးတစ်မြို့လုံး ဆိတ်ငြိမ်နေပြီး ဘာသံမှမကြားရတာကို
ထူးဆန်းစွာတွေ့လိုက်ရတယ်။ လမ်းတွေပေါ်မှာလည်း ကားတွေရှင်းနေပြီး တစ်စီးစ
နှစ်စီးစလောက်ပဲတွေ့ရလို့ အတော် အံ့သြသွားမိပါတယ်။

ဒါနဲ့ နေ့ လယ်ကျတော့ ကိုယ့် အင်ဒိုမိတ်ဆွေကို အဲဒါတွေက
ဘယ်လိုဖြစ်ရတာလဲလို့ မေးကြည့်မိတယ်။ အဲဒီအခါကျမှ သူကအကျိုးအကြောင်း
ပြန်ပြောပြတော့တာကိုး။ အမှန်ကတော့ တစ်ညလုံးဖွင့်တဲ့ nightclub တွေမှာ
မိုးလင်းကာ နီးထိအောင်ကနေကြပြီး၊ မနက် ရောက်တော့ တစ်မြို့လုံးဘယ်သူမှ
မထဘဲ အိပ်နေကြတာဖြစ်တယ်။ အဲ့ဒီနေ့ညဟာ သောကြာနေ့ ညလား စနေနေ့ ညလား
အသေအချာတော့ မမှတ်မိတော့ပါဘူး။ အဲဒီတုန်းက ဒီအဖြစ်ကို အံ့သြနားမလည်မိတဲ့
မြန်မာလူမျိုးတစ်ယောက်ကို အပြစ်တင်ဖို့တော့လည်း မသင့်ဘူးလို့ ထင်မိပါတယ်။
ဘာ့ကြောင့်လဲဆိုတော့ ၁၉၉၄ခုနစ်လောက်တုန်းက မနက်၂နာရီထိုးတဲ့အထိ
တဒိန့်ဒိန့်နဲ့ ကကြတဲ့ night club မျိုးတွေကိုယ့် နိုင်ငံမှာ ရှိမှ
မရှိသေးဘဲဟာကိုး။
'လူဟာ ငယ်စဉ်ဘ၀မှာ ကိုယ့်ကိုယ်ကိုယ် ခိုင်းရမယ်၊ အဲဒီလိုမှ မခိုင်းခဲ့ရင်
ကြီးလာတဲ့အခါ သူများခိုင်းတာတွေကို လုပ်ပေးရတဲ့ ဘ၀ကို
ရောက်သွားလိမ့်မယ်'လို့ ဆရာတစ်ယောက်က ပြောခဲ့ဖူးတယ်။ ဆရာ့ဆုံးမစကားလေးကို
ပြန်သတိရပြီး လူဟာငယ်စဉ်ဘ၀မှာ ကိုယ့်စိတ်ကို ထိန်းချုပ်နိုင်အောင်
ကြိုးစားရမယ်၊ အဲဒီလိုမှ မထိန်းချုပ်ခဲ့ရင် ကြီးလာတဲ့အခါ အများတကာရဲ့
ထိန်းချုပ်ခြင်းကို ခံရတဲ့ဘ၀ကို . . .


နေ့လယ်ပိုင်းမြို့ထဲကို လျှောက်လည်တော့တွေ့လိုက်ရတဲ့ အင်ဒို
မိန်းမငယ်လေးတွေထဲက ၁၀ယောက်မှာ ၈ယောက်လောက်က ဘောင်းဘီတိုလေးတွေ
ဝတ်ထားတာကို တွေ့ရပါတယ်။ ခုခေတ်မိန်းကလေးတွေ ဘောင်းဘီတိုဝတ်တာများ ဘာဆန်း
တာလိုက်လို့ ပြောစရာရှိပါလိမ့်မယ်။ ဒါပေမယ့် ဒီနေရာမှာတော့
တကယ်ဆန်းတာပါလို့ ပြောရမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့ဝတ်ထားတဲ့
ဘောင်းဘီတိုလေးတွေက ကိုယ်တို့ဆီက ယောက်ျားလေးတွေဝတ်တဲ့
အတွင်းခံဘောင်းဘီထက် လက်နှစ် လုံးလောက်ပဲ ပိုရှည်လို့ဖြစ်ပါတယ်။

အဲဒီခရီးစဉ်က ပြန်လာပြီး နောက်နှစ်နှစ်လောက်အကြာမှာ ဂျပန်ကိုတစ်ခါ
ရောက်သွားပြန်ပါတယ်။ ဂျပန်မလေးတွေကို ဘောင်းဘီတိုလေးတွေနဲ့များ
တွေ့ရမလားဆိုတဲ့ စူးစမ်းစိတ်နဲ့ ကြည့်မိပါတယ်။ အဲဒီမှာတွေ့ရတဲ့
ဂျပန်မလေးတွေကတော့ အင်ဒိုက မိန်းကလေးတွေဝတ်တဲ့ တိုနန့်နန့်
ဘောင်းဘီတိုမျိုးကို ၀တ်တဲ့မိန်းကလေးဆိုလို့ တစ်ရာမှာ တစ်ယောက်တောင်
မတွေ့ခဲ့ရပါဘူး။ ဒါပေမယ့် အံ့သြရတာကတော့ အံ့သြရတာပါပဲ။
ဘာကြောင့်လဲဆိုတော့ coffee shop တွေမှာထိုင်နေကြတဲ့ အသက် ၁၇ နှစ် ၁၈
နှစ်အရွယ် ဂျပန်မလေးတွေဟာ စီးကရက်တွေကို ကြောက်ခမန်းလိလိ
သောက်နေကြလို့ပါပဲ။ မိန်းကလေး သုံးလေးယောက်လောက် စုထိုင်နေတဲ့
စားပွဲအလယ်က ဆေးလိပ်ခွက်ထဲမှာ စီးကရက်တိုမရှိဘူးဆိုရင် အနည်းဆုံး
သုံးဆယ်လေးဆယ်လောက်တော့ အသာလေးရှိနေတာကို တွေ့ရပါတယ်။ ဆေးလိပ်တိုတွေ
ဆေးလိပ်ခွက်ပေါ်ကနေ လျံကျနေပုံကလည်း အကျည်းတန်လွန်းလှပါတယ်။

ဒါနဲ့ ဘာကြောင့် ဒီလိုဖြစ်နေရတာလဲဆိုပြီး ကိုယ့်ဂျပန်မိတ်ဆွေကို
မေးကြည့်တော့ ဒါဟာဝိတ်ကျမယ်ထင်လို့ သောက်ကြတာလည်း ပါတယ်၊ ဒါပေမယ့်
အဓိကကတော့ ဒါဟာဖက်ရှင်တစ်ခုဖြစ်နေလို့ သောက်ကြ တာပါပဲလို့ ဆိုပါတယ်။
ဖက်ရှင်ဆိုတော့ လိုက်မသောက်ရင် ကိုယ်လည်းပဲ ခေတ်မမီဘဲ
တောကျတဲ့ပုံစံမျိုးကြီး ဖြစ်နေမှာစိုးလို့ လိုက်သောက်တဲ့ သဘောပါပဲ။
ဖြူဖြူဖွေးဖွေး ဂျပန်မလေးတွေရဲ့ နှုတ်ခမ်းလေးတွေဟာ ဆေးလိပ်ချိုးစွဲပြီး
အညိုရောင်တောင် သန်းနေကြပါပြီ။

နောက် ၁၂ နှစ်အကြာမှာတော့ ဆော်ဒီအာရေးဗီးယားနိုင်ငံက ရိယာဒ်မြို့ကို
တစ်ခါရောက်သွားပါတယ်။ အဲဒီနိုင်ငံမှာရှိတဲ့ ဟိုတယ်တွေမှာ အလုပ်လုပ်ကြတဲ့
ယောက်ျားလေးတွေထဲက ၁၀ ယောက်မှာ ၉ ယောက်လောက်က ဖိလစ်ပိုင်လူမျိုး တွေ
ဖြစ်နေကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်အခန်းထဲ
တာဝန်နဲ့ရောက်လာတဲ့ အဲဒီဟိုတယ်ဝန်ထမ်းလေးတွေဟာ
ကိုယ်နဲ့စကားလက်ဆုံကျသွားလေ့ရှိပါတယ်။ သူတို့က ကိုယ်နဲ့ စကားပြောတဲ့အခါ
သူတို့နိုင်ငံမှာ ကျန်ရစ်ခဲ့တဲ့ မိဘဆွေ မျိုးတွေအကြောင်း
သိပ်ပြောပြချင်လေ့ရှိပြီး ကိုယ်ကလည်း အမြဲစိတ်ဝင်တစား နားထောင်ပေးတာကိုး။
ဒါ့ကြောင့် သူတို့လေးတွေဟာ ကိုယ်နဲ့ စကားပြောရတာကို အရမ်းသဘောကျကြပါတယ်။
တစ်ခါလာရင် အနည်းဆုံး ၅ မိနစ်လောက်တော့ စကားပြောဖြစ်လေ့ရှိတာပါပဲ။

တစ်ညမှာတော့ အဲဒီလိုစကားပြောနေတုန်း ဆူဆူညံညံအသံတွေကို အခန်းအပြင်ဘက်က
ကြားလိုက်ရပါတယ်။ အခန်းတံခါးဖွင့်ပြီး အပြင်ထွက်ကြည့်လိုက်တော့
စကားပြောရင်း အော်ဟစ်ရယ်မောနေကြတဲ့ အသက် ၂၀ ကျော် အစိတ်အရွယ်
မိန်းကလေးအယောက် ၂၀လောက်ကို တွေ့လိုက်ရပါတယ်။ အားလုံး
ဂါဝန်တွေတကားကားနဲ့ပါ။ သူတို့ တည်းရမယ့်အခန်းထဲကို ၀င်ကာနီးမှာ
တစ်ခန်းနဲ့ တစ်ခန်းလှမ်းအော် နောက်ပြောင်နေကြတာ ဖြစ်ပါတယ်။ ဒါနဲ့ခုနက
ကိုယ့်မိတ်ဆွေဖိလစ်ပိုင် လူငယ်လေးကို 'ဟ.. ဘယ်သူတွေလဲဟ.
ဘာတွေဖြစ်နေကြတာလဲ'လို့ မေးမိပါတယ်။ အဲဒီအခါကျမှ သူက
'ကျွန်တော်တို့နိုင်ငံက နာ့စ်မတွေလေ၊ ဆော်ဒီမှာ တာဝန် ထမ်းဆောင်တာ
၂နှစ်ပြည့်လို့ မနက်ဖြန် ဖိလစ်ပိုင်ပြန်ကြရတော့မှာမို့ ပျော်နေကြ တာ၊
အဲဒါမနက် လေယာဉ်ပေါ်တက်တာနဲ ၀တ်ရုံနက်တွေ မခြုံရတော့ဘူး၊
လွတ်ပြီကျွတ်ပြီဆိုပြီး တစ်ယောက်နဲ့တစ်ယောက် ၀မ်းသာအားရ
အော်ပြောနေကြတာ'လို့ ပြန်ပြောပါတယ်။

သူပြောတာမှန်ပါတယ်။ ဆော်ဒီမှာတော့ အင်္ဂလိပ်မရော အမေရိကန်မရော
ဖိလစ်ပိုင်သူပါမကျန် ဘယ်နိုင်ငံသူဖြစ်ဖြစ် လမ်းပေါ်မှာ ၀တ်ရုံနက်ကို
ခြေဆုံးခေါင်းဆုံးမရုံလို့ကတော့ တစ်ခါတည်း ဖမ်းချုပ်တာခံရမှာပါပဲ။
ဒီလောက်ပူအိုက်တဲ့ နိုင်ငံထဲမှာ ဒီဝတ်ရုံနက်ကြီး ရုံထားရတာ
ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီး ဆင်ခြေပေးနေလို့ မရပါဘူး။
နိုင်ငံခြားသူဆိုရင်တော့ မရုံနိုင်ရင်အစကတည်းက မလာနဲ့ပါပဲ။

ပြောချင်တာကတော့ မိန်းကလေးတွေ အရွယ်တူပြီး ဘာကြောင့် ဒီလိုဓလေ့စရိုက်တွေ
ကျင့်ကြံမှုတွေ ကွဲပြားခြားနားနေရတာလဲဆိုတာကို ပါပဲ။
ဒီအကြောင်းတွေပြောရင်း ကိုယ့်မိတ်ဆွတစ်ယောက် သူ့ငယ်စဉ်ဘ၀က
သူကျင်လည်ခဲ့ဖူးတဲ့ ဘ၀ နဲ့ အခုလက်ရှိဘ၀မှာ သူကြုံတွေ့နေရတဲ့
စိတ်မချမ်းမြေ့စရာတွေအကြောင်း ကိုယ့်ကိုပြောပြခဲ့တာတွေကို
သတိရသွားမိပါတယ်။

အသက် ၁၆ နှစ် ၁၇ နှစ် အရွယ်ငယ်ရွယ်စဉ်ဘ၀က ကိုယ့်မိတ်ဆွေဟာ
သူ့ရဲ့မွေးရပ်မြို့လေးမှာ အဲဒီတုန်းကအခေါ်နဲ့ ပြောရရင် လမ်းသူရဲဖြစ်ပါတယ်။
ကိုယ့်မိတ်ဆွေနဲ့ သူ့သူငယ်ချင်း လမ်းသူရဲတစ်စုလူ ၂၀ လောက်ဟာ
အားလုံးစက်ဘီး ကိုယ်စီ ရှိကြပါတယ်။ သူတို့ဟာ ဘာရယ်မဟုတ်ဘူး ညဘက်
တစ်မြို့လုံး စက်ဘီးတွေနဲ့ လျှောက်ပတ်နေလေ့ရှိကြပါတယ်။
စားသောက်ဆိုင်တွေမှာ ရန်ကုန်တို့ မန္တလေးတို့ကလာတဲ့ လူစိမ်းတွေ
ကိုတွေ့လို့ သူတို့မျက်စိထဲမှာ ထောင့်မကျိုးဘူးထင်ရင် အသားလွတ်သွားပြီး
ရန်စကြရန်ဖြစ်ကြလို့ အချုပ်ခန်းထဲလည်း မကြာခဏ ရောက်ကြပါတယ်။ ညည
ဘိလိယက်ခုံနဲ့ တွေ့ကရာကင်းတဲတွေမှာ အိပ်ကြပါတယ်။

ကိုယ့်မိတ်ဆွေ ကိုယ့်ကိုပြောချင်တာက လူငယ်တွေဟာ သူတို့ ဘ၀ကို သူတို့
ဂရုစိုက်ချင်ကြတာထက် ပတ်ဝန်းကျင်က သူတို့ကို ဘယ်လိုသဘောထားတယ်
ဘယ်လိုဂရုပြုတယ်ဆိုတဲ့အပေါ်မှာ ပိုအရသာခံချင်ကြတယ် ဆိုတာကို
ပြောချင်တာပါပဲ။ ကိုယ့်မိတ်ဆွေဟာ သူငယ်စဉ်တုန်းက'ဒီကောင်က လမ်းသူရဲ'လို့
သူများပြောတာကိုပဲ စိတ်ထဲမှာကျိတ်ပြီး အဟုတ်ထင်ကျေနပ်နေခဲ့မိတာကို အခုမှ
သေသေချာချာ ပြန်စဉ်းစားကြည့်မိတယ်လို့ ကိုယ့်ကိုပြောပြပါတယ်။ ပြဿနာက
အမှားအမှန်ကို ခွဲခြားပြီး သူနားလည်အောင်ပြောပြပေးမယ့်သူ သူ့အနားမှာ
ရှိမနေခဲ့ခြင်းပါပဲ။ သူများ night club တက်လို့ အဟုတ်ကြီးထင်ပြီး
ဂုဏ်ယူချင်စိတ်ကြောင့် ကိုယ်လိုက် တက်တာ၊ သူများဘောင်းဘီတိုဝတ်လို့
ကိုယ့်ပေါင်အသားအရောင်နဲ့ လိုက်မှန်းမသိ မလိုက်မှန်းမသိ ကိုယ်လိုက်ဝတ်တာ၊
သူများစီးကရက်သောက်လို့ ကိုယ့်တစ်ကိုယ်လုံး အနံအစော်ခံ နှုတ်ခမ်းတွေ
အပြာခံပြီး တစ်ရက်ကို စီးကရက် အလိပ် ၅၀ လောက် မကုန်ကုန်အောင်
လိုက်သောက်တာတွေဟာ ပတ်ဝန်းကျင်က ကိုယ့်အပေါ် မြင်တဲ့အမြင်တွေအပေါ်မှာ
လိုက်အရသာခံချင်လို့ လုပ်ကြတာဖြစ်တယ်လို့ ကိုယ့်မိတ်ဆွေက ဆိုပါတယ်။

ဆော်ဒီလိုနိုင်ငံမျိုးမှာ လူငယ်တွေ ဒီလိုမလုပ်အောင်ဥပဒေနဲ့
တားချင်ရင်တားလို့ ရနိုင်လောက်ပေမယ့် ကျန်တဲ့နိုင်ငံတွေမှာတော့
ဖြစ်နိုင်မယ် မထင်ပါဘူး။ ချမ်းသာတဲ့ နိုင်ငံပဲဖြစ်ဖြစ်
ဆင်းရဲတဲ့နိုင်ငံပဲ ဖြစ်ဖြစ် တာဝန်ရှိတဲ့ လူတွေရော ပြည်သူတွေကပါ
ဒီလိုမျိုးကိစ္စတွေကို လျစ်လျူရှုပြီး မေ့နေကြမယ်ဆိုရင် ကလေးတွေဟာ
အထိန်းမရှိတဲ့ ချည်ခင်လို လမ်းလွဲကို ရောက်သွားကြမှာပါပဲ။

ကိုယ့်မိတ်ဆွေဆက်ပြောတာက အခုကိုယ်တို့နိုင်ငံက
တချို့စာသင်ကျောင်းတွေနားမှာသာမက ကိုယ့်ကျောင်းရှေ့က ၀န်ထမ်းသက်သာ
အခန်းတွေမှာတောင် ဘီယာဆိုင်တွေ ဖွင့်ထားတာကိုတွေ့နေရတဲ့ အကြောင်းပါပဲ။
ကျောင်းဆင်းတဲ့ အခါတိုင်း ဆယ်ကျော်သက်အရွယ် ကျောင်းသားလေးတွေဟာဆိုင်ထဲမှာ
ဘီယာသောက်နေတဲ့လူတွေကို မမြင်ချင်မှအဆုံး နေ့စဉ်နဲ့အမျှ တွေ့နေရတယ်တဲ့။
ကိုယ့်မိတ်ဆွေပြောတာတွေ အများကြီးထဲက ဒီတစ်ခုတည်းပဲ ပြောပြချင်ပါတယ်။
တစ်ည လုံး တဒိန့်ဒိန့်ကိစ္စအကြောင်းတွေကိုတော့ ပြောမနေချင်တော့ပါဘူး။

လောကမှာ လူဟာ 'ဂေါဏေန ဂေါဏော သမဏေန သမဏော' ပါပဲ။ အထူးသဖြင့်
လူ့ဝန်းကျင်ထဲ စ၀င်ကာစကလေးတွေရဲ့ ဘ၀မှာ တံငါနားနီးတံငါ
မုဆိုးနားနီးမုဆိုး ဆိုသလို ပတ်ဝန်းကျင်ပေါ်မူတည်ပြီး ကလေးတွေရဲ့
စိတ်စရိုက်တွေလိုက် ပြောင်းလဲသွားလေ့ ရှိကြတာပါပဲ။ ဒါကြောင့်မို့
လူကြီးတွေဟာ သူတို့လေးတွေရဲ့ ပတ်ဝန်းကျင်ကို ဂရုမပြုဘဲ လျစ်လျူရှုထားလို့
မဖြစ်တော့ပါဘူး။

ဒါ့ကြောင့် 'နိုင်ငံတစ်နိုင်ငံရဲ့ ပြုမူကျင့်ကြံပုံတွေဟာ ကလေးတွေရဲ့
အကျင့်စာရိတ္တကို ပျက်စီးယိုယွင်းစေတယ်ဆိုရင် အဓိကနစ်နာသူဟာ
အဲဒီနိုင်ငံပဲဖြစ်လိမ့်မယ်'လို့ အမေရိကန် စာရေးဆရာမကြီး
'ပါးလ်အက်စ်ဘတ်'(Pearl S Buck)ပြောခဲ့တာလေး ကိုပဲ သတိရနေမိပါတော့တယ်။

Ref :http://www.weeklyeleven.com/index.php?option=com_content&view=article&id=14823:2012-08-01-10-17-29&catid=78:2009-11-13-06-25-17&Itemid=135

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ