အင်တာဗျူးသတင်း
သတင်းထောက်တို့ရဲ့သတင်းလိုက်နည်းအမျိုးမျိုးမှာအင်တာဗျူး(interview)လို့ခေါ်တဲ့တွေ့ဆုံမေး မြန်းပြီးသတင်းအချက်အလက်ရယူတဲ့နည်းဟာအဓိကအကျဆုံးဖြစ်ပါတယ်။အတိကျဆုံး၊အမှန်ကန်ဆုံး၊ယုံကြည်စိတ် ချဆုံးလည်းဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့သတင်းနဲ့ပတ်သတ်နေတဲ့ကာယကံရှင်များကိုယ်တိုင်ကထုတ်ဖော် ပြောကြားတာဖြစ်လို့ပါပဲ။
ကောလဟာလ(rumour)နဲ့အတင်းအဖျင်း(gossips)တွေရဲ့ဇာစ်မြစ်ကပွင့်လင်းမှုအားနည်းခြင်းဖြစ်ပါတယ်။ ပဋိပက္ခတွေရဲ့အခြေခံကမသိနားမလည်ခြင်းဖြစ်ပါတယ်။ မသိနားမလည်ခြင်းတွေမပျောက်အောင်အတွေ့အဆုံအမေးအမြန်းများများကြီးလုပ်ပေးဖို့လိုပါတယ်။
အင်တာဗျူးဆိုတာဓါတ်မှန်စက်နဲ့တူပါတယ်။သာမာန်မျက်စိနဲ့မမြင်နိုင်တဲ့လူတစ်ယောက်ရဲ့ခန္ခာကိုယ်တွင်း အခြေအနေမှန်ကိုဓါတ်မှန်ကသိအောင်လုပ်ပေးပါတယ်။အင်တာဗျူးဆိုတာကလည်းဖုံးကွယ်နေတဲ့အကြောင်းကိစ္စ တစ်ခုခုကိုတွေ့ဆုံမေးမြန်းခြင်းနည်းနဲ့ဖော်ထုတ်ယူတာဖြစ်ပါတယ်။
သတင်းထောက်တွေဟာ
(၁) သတင်းအချက်အလက်ရယူစုဆောင်းဖို့
(၂) ရရှိထားတဲ့သတင်းအချက်အလက်တွေကိုမှန်မမှန်စစ်ဖို့
(၃) လူအများရဲ့ထင်မြင်ယူဆချက်ကိုသိရှိဖို့။
ဆိုတဲ့ရည်ရွယ်ချက်သုံးရပ်နဲ့လူပဂ္ဂိုလ်အမျိုးမျိုးကိုဆွေ့ဆုံမေးမြန်ခြင်းပြုကြရပါတယ်။ အဲဒီနောက်တွေ့ဆုံမေး မြန်းတာကရလာတဲ့အချက်အလက်တွေကိုတိတိကျကျပြန်လည်ရေးသားပြီးသတင်းအဖြစ်တင်ပြရပါတယ်။ မေးမြန်းရ ရှိခဲ့တဲ့အချက်အလက်တွေကိုသာမှန်မှန်ကန်ကန်တိတိကျကျရေးသားရပြီးကိုယ့်ထင်မြင်ယူဆချက်တွေမပါဝင်စေရဘူး ဆိုတဲ့အချက်ကိုလည်းသတင်းထောက်တိုင်းသတိထားရပါမယ်။
သတင်းထောက်ဆိုတာဟာသတင်းရေးသူသာဖြစ်တယ်။အကောင်းအဆိုးအမှားအမှန်ကိုဝေဖန်ပိုင်းခြားသူ မဟုတ်ပါဘူး။ သတင်းထောက်ရဲ့တာဝန်ဟာသတင်းအချက်အလက်ကိုရှာဖွေတင်ပြပေးဖို့သာဖြစ်ပါတယ်။
သတင်းအချက်အလက်ရရှိဖို့တွေ့ဆုံမေးမြန်းခြင်းပြုလုပ်ရမှာနည်း(၃)နည်းရှိပါတယ်။
ပထမနည်းကစာဖြင့်လုပ်နည်းဖြစ်ပါတယ်။ဒီနည်းကိုတစ်ခေတ်တစ်ခါတုန်းကကွန်မြူနစ်နိုင်ငံကြီးတွေကခေါင်းဆောင်တွေလုပ်လေ့လုပ်ထရှိပါတယ်။အရေးကြီးတဲ့မုဝါဒဆိုင်ရာကိစ္စတွေမှာအမှားအယွင်းမရှိတိတိကျကျဖြစ်အောင်မေးခွန်းတွေကိုစာနဲ့ရေးပြီးမေးခိုင်းပါတယ်။ သူတို့ကလည်းစာနဲ့ရေးပြီးဖြေပါတယ်။
ဒုတိယနည်းကတယ်လီဖုန်းနဲ့လှမ်းပြီးမေးတဲ့ဖြေတဲ့နည်းပါ။ ဒီနည်းကိုရေဒီယိုနဲ့ရုပ်မြင်သံကြားတွေကပိုပြီးလုပ် လေ့ရှိပါတယ်။သက်ဆိုင်ရာကာယကံရှင်ကိုယ်တိုင်ရဲ့အသံနဲ့ဖြေတာကိုကြားရတဲ့အတွက် ပိုပြီးခိုင်မာစေပါတယ်။
နောက်ဆုံးနည်းကတော့လူချင်းတွေ့ဆုံမေးမြန်းတဲ့နည်းပါ။ တရင်းတနှီးနဲ့ဒူးတိုက်ထိုင်ပြီးမေးကြဖြေကြရတာ ဆိုတော့ပိုပြီးပြည့်ပြည့်စုံစုံသိနိုင်ပါတယ်။ အမေးကောင်းရင်ကောင်းသလောက်၊အဖြေကောင်းရင်ကောင်းသလောက် သတင်းဟာသက်ဝင်လှုပ်ရှားလာတာပါ ဖတ်သူကပိုပြီးစိတ်ဝင်စားပိုပြီးသဘောကျပါတယ်။
တွေ့ဆုံမေးမြန်းပြီးအချက်အလက်ကိုရယူတဲ့နေရာမှာ
Ø ကွက်ကျော်မေးနည်း
Ø အစ်အောက်ယူတဲ့မေးနည်း
Ø သူ့အကြိုက်ချူဆီထည့်ပေးပြီးစကားချူယူတဲ့မေးနည်း
Ø မခံချင်စိတ်ဖြစ်လာအောင်စိတ်ကိုဆွပေးတဲ့နည်း
Ø တစ်ခုခုကိုကြောက်သွားအောင်ခြောက်လှန့်ပြီးမေးတဲ့မေးခွန်း
Ø ကိုယ့်ကိုအားကိုးတိုင်ပင်ထိုက်သူတစ်ဦးအဖြစ်မြင်လာစေပြီးဖွင့်ဟတိုင်ပင်လာအောင်လုပ်ယူတဲ့မေးနည်း စသဖြင့်နည်းလမ်းတွေအမျိုးမျိုးရှိပါတယ်။
အဲဒီလိုနည်းလမ်းတွေအမျိုးမျိုးအနက်မှာ ကိုယ်တွေ့ဆုံမေးမြန်းမယ့်ပုဂ္ဂိုလ်နဲ့သင့်တော်မယ့်နည်းလမ်းကိုရွေးချယ် အသုံးပြုတတ်ပါမှကိုယ်လိုချင်တဲ့သတင်းအချက်အလက်ကိုရနိုင်ပါလိမ့်မယ်။ အဲဒါကြောင့်တွေ့ဆုံမေးမြန်မှုမလုပ်မီ မှာသတင်းစာလောကအခေါ်(Home Work)ကိုအသေအချာလုပ်ဖို့လိုပါတယ်။ Home Workလုပ်တယ်ဆိုတာက ကိုယ်တွေ့ဆုံမယ့်လူပုဂ္ဂိုလ်ရဲ့အကြောင်း၊ကိုယ်ရယူချင်တဲ့သတင်းအကြောင်းအရာရဲ့အကြောင်းစတာတွေကိုပြည့် ပြည့်စုံစုံလေ့လာသိရှိလာအောင်လုပ်တာကိုပြောတာပါ။
"မေးတဲ့သူကကိုယ်ဦးတည်တဲ့ပရိသတ်ကိုရှင်းရှင်းလင်းလင်းသိထားပါမှအဲဒီပရိသတ်ရဲ့ကိုယ်စားပရိသတ်ကိုယ်တိုင်ကမေးချင်တဲ့မေးခွန်းတွေကိုမေးပေးနိုင်မှာဖြစ်ပါတယ်။ ပရိသတ်သိချင်နေတဲ့ကိစ္စတွေကိုကွက်တိဖြစ်အောင် ဒက်ခနဲ ဒက်ခနဲမေးပြနိုင်တဲ့ အင်တာဗျူးဟာအင်တာဗျူးကောင်းဖြစ်ပါတယ်။"
(လူထုစိန်ဝင်း)
အင်တာဗျူးအတွက်အရေးကြီးသောအချက်များ
(၁) ကိုယ့်ပရိသတ်ကဘယ်သူလဲဆိုတာကိုရှင်းရှင်းလင်းလင်းသိထားရမည်။
(၂) မေးမယ့်မေးခွန်းတွေကိုကြိုတင်စီစဉ်ထားရမည်။ မေးခွန်းတိုင်းဟာတစ်ခုနှင့်တစ်ခုဆက်စပ်မှုရှိနေဖို့လိုသည်။ မွေးခွန်းတိုင်းဟာတိုတိုရှင်းရှင်းဖြစ်ရမည်။
(၃) အချိန်မီရောက်အောင်သွားရမည်။
(၄) ဘာကြောင့်(Why)နဲ့ဘယ်လို(How)ဆိုတာတွေကိုမေးပါ။
(၅) ကိုယ်ဟာသတင်းထောက်တစ်ယောက်ဖြစ်ကြောင်းဖုံးကွယ်မထားပါနဲ့။
(၆) ကိုယ်လာပြီးမေးရတဲ့ရယ်ရွယ်ချက်ကိုရှင်းရှင်းလင်းလင်းပြောပြထားပါ။
(၇) သူပြောတဲ့စကားကိုလူသိရှင်ကြားဖြစ်အောင်ထုတ်ဖော်ရေးသားမယ်ဆိုတာအသိပေးထားပါ။
(၈) သူပြောတဲ့စကားကိုပြောတဲ့အတိုင်းကိုးကားရေးသားမယ်ဆိုရင်သူပြောတဲ့အတိုင်းအတိအကျအမှန်အကန်ဖြစ် ပါစေ။ ကိုယ်ဖြစ်စေချင်သလိုပြုပြင်ဖြုတ်ဖြတ်မလုပ်ပါနဲ့။
(၉) သူကမှတ်တမ်းပြင်ပကပြောတာပါ၊ထည့်မရေးပါနဲ့လို့ပြောထားခဲ့ရင်ဘယ်လိုအကြောင်းနဲ့မှထည့်မရေးပါနဲ့။
(၁၀) မေးခွန်းကိုရေးပြီးမေးပါ။ရေးပြီးဖြေပါမယ်ဆိုတာမျိုးကိုအတတ်နိုင်ဆုံးဘယ်တော့မှလက်မခံပါနဲ့။
(၁၁) ကိုယ်မေးမယ့်အကြောင်းအရာကိုကိုယ်တိုင်လေ့လာမှုပြုမထားဘဲဘယ်တော့မှမသွားပါနဲ့။
(၁၂) အပေါ်စီးကသမားဂုဏ်ပြမေးခွန်းမျိုးတွေမေးပြီး ထောင်လွှာမှုမပြုရသလိုအောက်ကြို့ပြီးမေးတာမျိုးလည်း ဘယ်တော့မှမလုပ်ပါနဲ့။
(၁၃) သာမန်လူ့ကျင့်ဝတ်အရလိုအပ်သမျှယဉ်ကျေးသိမ်မွေ့မှုကိုပြသပါ။
(၁၄) မဂ္ဂဇင်းအတွက်အင်တာဗျူးလုပ်တာဖြစ်ခဲ့ရင်မဂ္ဂဇင်းထဲပါလာတဲ့အခါစာအုပ်ဆိုင်ပေါ်မရောက်ခင်မှာကာယကံ ရှင်ထံကို ကိုယ်တိုင်ကိုယ်ကျသွားပို့ပါ၊သူများကပြောမှကိုယ်အကြောင်း၊ကိုယ့်အင်တာဗျူးစာအုပ်ထဲမှာပါလာကြောင်းသိရခြင်းဟာကာယကံရှင်ကိုမလေးမစားပြုရာရောက်ပါတယ်။ ကိုယ်ကိုယ်တိုင်ကျသွားပို့ဖို့မတတ်နိုင်ခဲ့ရင် ကျေးဇူး တင်ကြောင်း၊စာတိုလေးတစ်စောင် လောက်တော့ရေးသင့်ပါတယ်။
အင်တာဗျူးအဆုံးသတ်
အင်တာဗျူးပြီးတိုင်းမေးသူကိုကျေးဇူးတင်စကားဆိုရမယ်။ သူ့ရဲ့အချိန်တွေကိုသုံးခွင့်ပြုတဲ့အတွက်ကျေးဇူးပါပဲ ဆိုတဲ့ပုံစံမျိုးဆိုသင့်တယ်။ အဲဒီနောက်ဆုံးပိတ်မတိုင်ခင်မေးစရာသုံးခုရှိတယ်။ဒါတွေကတော့
· ကျွန်တော်မေးတဲ့ထဲမှာအရေးကြီးတဲ့အချက်ပြောစရာတွေများကျန်သွားသလား။
· ဒီအကြောင်းတွေကိုကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ပညာရှင်တစ်စုံတစ်ယောက်ကိုညွန်ပြနိုင်ပါသလား။
· တကယ်လို့ ကျွန်တော်မရှင်းတာရှိလို့မေးချင်ရင်ဖုန်းဆက်လို့ရမလား။(သူ့ရဲ့ဖုန်းဆက်နိုင်တဲ့အချိန် စတာတွေကိုမေးထားပါ)
ဆက်ပါဦးမည်…….
အချက်အလက်နှင့်ဆောင်းပါးများအားလုံးကို အလင်းဆက် (IR)မှ ပံပိုးကူညီပါသည်။
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ