ရခိုင်ပြည်နယ်အတွင်းဖြစ်စဉ်များနှင့် ဆန္ဒပြပွဲများ၊ ဆန္ဒပြမှုဖြစ်စဉ်များတွင် လူထုနှင့်ထိတွေ့ ဟောပြောခြင်း၊ မီဒီယာများနှင့် တွေ့ဆုံပြောကြားခြင်း၊ သဘောထားထုတ်ပြန်ခြင်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီများသို့ အကြောင်းကြ

ရခိုင်ပြည်နယ်ရှိ အချို့သောဒေသများတွင် ဆူပူအကြမ်းဖက်မှုများကြောင့်
ဒေသခံပြည်သူများ အိုးအိမ်စွန့်ခွာထွက်ပြေးရခြင်း ဖြစ်စဉ်များနှင့်
နိုင်ငံတော်၌ လျပ်စစ်မီး ပြတ်တောက်မှုအတွက် ဆန္ဒပြပွဲများ၊ အလုပ်ရှင်
အလုပ်သမား အငြင်းပွားမှုများကြောင့် သပိတ်မှောက်ဆန္ဒပြမှု ဖြစ်စဉ်များတွင်
နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့် နိုင်ငံရေးပါတီဝင်အချို့တို့က
လူထုနှင့် ထိတွေ့ဟောပြောခြင်း မီဒီယာများနှင့် တွေ့ဆုံပြောကြားခြင်း၊
ပါတီသဘောထား ထုတ်ပြန်ကြေညာခြင်း စသည့် လုပ်ဆောင်မှုများနှင့် စပ်လျဉ်း၍
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ နိုင်ငံရေးပါတီများသို့ ၂၀၁၂
ခုနှစ် ဇွန်လ ၁၈ ရက် နေ့စွဲဖြင့် အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း
သိရသည်။

အဆိုပါ အကြောင်းကြားစာတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း
ဥပဒေပုဒ်မ ၆ အရ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု
မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို
ထိန်းသိမ်းစောင့်ရှောက်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေးကို
ထိန်းသိမ်းစောင့်ရှောက်ရေး၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရေး၊ လူမျိုးရေး သို့မဟုတ်
ဘာသာရေး သို့မဟုတ် လူတစ်ဦးချင်း သို့မဟုတ် လူအများနှင့် ပတ်သက်၍ ပဋိပက္ခ
ဖြစ်ပေါ်စေနိုင်သည့်၊ သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့်
ရေးသားမှု၊ ဟောပြောမှု သို့မဟုတ် စည်းရုံးလှုံ့ဆော်မှုမပြုလုပ်ရေး၊
ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားမပြုလုပ်ရေး၊
နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏ အစိုးရ သို့မဟုတ် ဘာသာရေး အဖွဲ့အစည်း
သို့မဟုတ် အခြားအဖွဲ့ အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ် တစ်ဦးဦးထံမှ
ငွေကြေး၊ ပစ္စည်း၊ အခြားအထောက်အပံ့ကို တိုက်ရိုက် ဖြစ်စေ၊
သွယ်ဝိုက်၍ဖြစ်စေ ရယူ သုံးစွဲခြင်း သို့မဟုတ် ယင်းတို့၏ သြဇာခံယူခြင်း
မပြုရေး ဟူသော အချက်များကို နိုင်ငံရေးပါတီတစ်ရပ်သည် နိုင်ငံရေးပါတီအဖြစ်
မှတ်ပုံတင်ပေးရန် လျောက်ထားစဉ်ကပင် စောင့်ထိန်းလိုက်နာမည် ဖြစ်ကြောင်း
ဝန်ခံချက်ပြုထားပြီးဖြစ် သည်ဟု ဖော်ပြထားသည်။

နိုင်ငံရေးပါတီများ အနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း
ဥပဒေပုဒ်မ ၆ ကို ချိုးဖောက်ခွင့် မရှိသလို နိုင်ငံရေး
ပါတီဝင်တစ်ဦးချင်းစီကလည်း ချိုးဖောက်မှုမရှိစေရေး ထိန်းသိမ်း
ကြပ်မတ်ရမည်ဖြစ်ကြောင်း၊ ပုဒ်မ ၆ ပါ ၀န်ခံချက် ချိုးဖောက်သူ ပါတီဝင်ကို
ပါတီမှ ထုတ်ပယ်ခြင်းမပြုဘဲ တမင်ထိမ်ချန်ထားလျင် ယင်းပါတီသည်
ယင်းဥပဒေပုဒ်မ ၁၂(က)(၆)နှင့် ငြိစွန်းနေသဖြင့် ယင်းဥပဒေပုဒ်မ ၁၂(ခ)အရ
ယင်းပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီကို
ဖျက်သိမ်းရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က
ဆုံးဖြတ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် နိုင်ငံရေးပါတီများအနေဖြင့် ပြည်သူများနှင့် ထိစပ်နေပြီး
ပြည်သူအကျိုးကို ဆောင်ရွက်ရန် ဦးတည်ချက်ဖြင့် ဖွဲ့စည်းတည်ထောင်ထားကြခြင်း
ဖြစ်၍ ပြည်သူတို့နှင့် သက်ဆိုင်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးရာ
ကိစ္စများတွင် ပညာပေးခြင်း၊ ဆွေးနွေးခြင်း၊ ညှိုနှိုင်းဖြေရှင်းပေးခြင်း၊
သဘောထားရပ်တည်ချက် ထုတ်ဖော်ပြောကြားခြင်းတို့ကို ပြုကြရမည်ဖြစ်ပါသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် မိမိတို့၏ ပါတီစွဲ၊ ၀ါဒစွဲကြောင့်
ကျဉ်းမြောင်းသည့်အမြင်ဖြင့် မဆင်မခြင်ဟောပြော၊ ရေးသား ထုတ်ပြန်မိပါက
ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို ချိုးဖောက်ရာ ရောက်သည့်
ဟောပြော ရေးသားမှုမျိုး ပါလာနိုင်ပါသည်။ နိုင်ငံတော်၏ အခြေခံမူဖြစ်သည့်
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု
မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးတို့ကို ထိခိုက်စေသော
ဟောပြောရေးသားမှုများ ရှိလာပါက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည်
ဥပဒေအရ တာဝန်ရှိသည်နှင့် အညီ လိုအပ်သလို ထိန်းသိမ်း ကြပ်မတ်
အရေးယူသွားရမည်ဖြစ်ပါသည်ဟု ဖော်ပြပါရှိထားပါသည်။

'' ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ ပုဒ်မ ၈ မှာ
နိုင်ငံရေးပါတီများကို ဥပဒေနှင့် အညီ ဆောင်ရွက်စေရန် ကြီးကြပ်ခြင်း၊
ကြီးကြပ် ဆောင်ရွက်စေခြင်းနှင့် လမ်းညွှန်ခြင်းများကို ကော်မရှင်က
ထိန်းသိမ်းကြပ်မတ်ခွင့်ရှိပါတယ်။ ဒီအကြောင်းကြားစာက ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ကိုယ်တိုင် လက်မှတ်ထိုးပြီးပေးပို့လာ
တဲ့စာပါ။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ပါတီကြီး၊ ပါတီငယ်မခွဲခြားပဲ
တရားဥပဒေစိုးမိုးရေးကို အဓိကထားပြီး ကော်မရှင်က တွေ့ရှိချက် အတိုင်း
အရေးယူဆောင်ရွက်ဖို့ လိုပါတယ် '' ဟု အမျိုးသားဒီမိုကရေစီပါ တီသစ်ပါတီ
ဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောပြခဲ့သည်။

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ