အဖြေတွေကို အတိအကျ မရေးတော့ဘူး။ ဆရာ့မိတ်ဆွေ ပါတီကလူငယ်တွေ၊ စာနယ်ဇင်းက
သတင်းသမားတွေနဲ့လည်း စကားပြောဖြစ်တာတွေ ရှိတယ်။ တချို့ကို မေးဖြစ်တယ်။
တချို့ကို မမေးဖြစ်ဘူး။ ကိုယ်မေးတာတွေ သူဖြေခဲ့တာ ရှိသလို၊ မိတ်ဆွေတွေ
မေးခဲ့တာကိုလည်း သူဖြေခဲ့သမျှ မှတ်စုထုတ်ပြီး ပြန်ရေးလိုက်ပါတယ်။
(၁) ဆရာက အမြဲတမ်း တဦးတည်း သွားလာ နေထိုင်တယ်။ အခြွေအရံလည်း မရှိဘူး။
သူ့အတွက် အဖော်သဟဲလိုတယ်။ ဒါကို လူတွေက အမြဲပြောတယ်။ မေးတယ်။ ဆရာကတော့
သူ့မှာ မလိုဘူးပဲ ပြောတယ်။ သူ့မိတ်ဆွေဟောင်းတွေဆီ သွားရင်လည်း
တဦးတည်းပဲ။ ဘတ်စ်မစီးနိုင်တော့လို့သာ ကားငှားစီးတာ။
ကားကြုံလိုက်ပို့ပေးသူတွေနဲ့ လိုက်တာ၊ သွားတာ တွေ့ရတယ်။ အမြဲတန်း
ဝိုင်းဝန်းနေတဲ့ ရဲဘော်တွေ မိတ်ဆွေတွေမပြတ်လို့သာ ဆရာကတော့ တဦးတည်းပဲ
သွားလာ နေထိုင်ချင်တယ်လို့ ပြောပါတယ်။
သူက ဒုတ်ကောက်တောင် သယ်ချင်တာမဟုတ်ဘူးတဲ့။ ဒုတ်ကောက်ကို
ပြန်သယ်နေရလို့တဲ့။ အခြွေအရံတွေနဲ့လည်း မနေချင်ဘူးတဲ့။ ယစ်မူးမိ၊
သာယာမိမှာ စိုးတယ်လို့ ပြောတယ်။ တဦးတည်း သူ့ကိုယ်ကိုသူ သယ်ဆောင်ပြီး
စွမ်းဆောင်နေချင်တာလို့ ပြောတယ်။
(၂) နောက်တချက်က သူက ဧည့်ပရိသတ်၊ မိတ်ဆွေတွေ၊ လူထု လူတန်းစား
အားလုံးနဲ့ တံခါးမရှိ ဒါးမရှိပဲ။ မနက်ကနေ ဧည့်သည်တွေ၊ ဖုံးတွေ၊
ပြောဆို တိုင်ပင်နေတာတွေ တိုင်တန်းနေတာတွေဟာ အဆက်မပြတ်ပဲ။
ဘယ်သူ့ကိုမှ ကျောခိုင်းသွားတယ် မရှိဘူး။ အကုန်လုံး
တံခါးဖွင့်ထားတာပဲ။ သူ့မှာ ပြောစရာတွေ အများကြီးပဲ။ ပြောနေလိုက်တာမှ၊
သူ့မှာ မေးခွန်းတွေအတွက် အဖြေတွေ အဆင်သင့် ရှိနေသလိုပဲ။
တနေ့ကတော့ သူပြောတယ်။ ငါမောတယ်ကွာ။ ပင်ပန်းတယ်။ ပါတီကော
ဒီလှိုင်းစာစောင်ကော။ အလုပ်က နေ့တိုင်းပဲ။ ဧည့်ကလည်း မပြတ်ဘူး။
ဒီနောက်ပိုင်းတော့ ငါ ဆုတ်တော့မယ်တဲ့။ အမြဲတန်းမှာ ဒေါ်စု၊ ဦးတင်ဦး
မဟုတ်ရင် ဦးဝင်းတင် တဦးမဟုတ် တဦးက ၀င်ပါနေရတယ်။ လုပ်နေရတယ်။
တခါတလေများ အရူးတွေတောင် လာတယ်တဲ့။ သူက ရယ်ရယ်မောမောပြောတယ်။
(၃) အဲသည်အကြောင်းကို အတည်ပြုချင်လို့ ထပ်မေးတယ်။ ဒါကို အတိအကျ
မဖြေပါဘူး။ တဦးကတော့ ဆရာ့ကို နိုင်ငံရေးသမားလို့ မမြင်ချင်ဘူး။
သတင်းစာသမားလို့ပဲ မြင်ချင်တယ်လို့ ပြောမိတယ် တဲ့။ တခါတလေတော့လည်း သူက
သတင်းစာဆရာလို ပြောတယ်။ အာလုပ်စကားကလည်း သတင်းသမားလိုပဲ။ ဒါပေမယ့် သူက
အတိုက်အခံနိုင်ငံရေးသမားခေါင်းဆောင် တဦးအဖြစ် ကြံ့ကြံ့ခံပြီး
ရပ်တည်ပေးနေရတယ်။
အဲသည်တော့ လက်ရှိမှာ ပါတီညီလာခံလုပ်မယ်၊
ညီင်္လာခံဖြစ်မြောက်ရေးကော်မီတီတွေ ဖွဲ့စည်းရေးကိုပဲ အာရုံထားပြီး
ပြောနေတယ်။ စည်းရုံးရေးအဖွဲ့တွေ မရှိတော့ ဗဟိုကနေ ရပ်ကျေးအထိ
ညီလာခံဖြစ်မြောက်ရေး အခက်အခဲတွေ ရှိတယ်။ ဒါတွေကို အာရုံစိုက်ပြီး
ပြောနေတာ များပါတယ်။
(၄) ပါတီမှာ လူဟောင်းတွေ၊ လူသစ်တွေ ပြသနာတွေ ရှိတယ် ဆိုတာ
သူကိုယ်တိုင် ၀န်ခံ ပြောဆိုပါတယ်။ အနီးကကော အဝေးက လူတွေကပါ ပါတီနဲ့
ပတ်သက်ရင် အားမလို အားမရတာတွေ၊ လူဟောင်းတွေ လူသစ်တွေ အယူအဆ အသစ်
အဟောင်းတွေကို ပြောဆို ဝေဖန်နေကြတာတွေလည်း ရှိတယ်။
သူကတော့ ဒီမိုကရေစီနည်းကျမှုနဲ့ အခုလို အခြေအနေတွေကို ဖြတ်ကျော်
ဖြေရှင်းနိုင်မယ်လို့ အပြည့်အ၀ ယုံကြည်နေတယ်။ အရင်တုံးကတည်း
နိုင်ငံရေးအကြပ်အတည်း အခက်အခဲတွေကြောင့် ဗဟိုပြု နည်းစနစ်တွေ၊
လူနည်းစုအခြေပြုပုံစံတွေနဲ့ ရင်ဆိုင် လှုပ်ရှားခဲ့ကြရတယ်။
အခုချိန်ကစပြီး ဒီမိုကရေစီနည်းကျ လုပ်ကိုင် အကောင်အထည်ဖော်ကြဖို့ဟာ
စိန်ခေါ်မှုပဲ။ ဒါကို ဖြစ်အောင် လုပ်ကြရမယ်လို့ သူကတော့
မောင်းတင်ထားတာပဲ။ လူဟောင်းနဲ့ လူသစ်တွေ လက်တွဲပြီး ဒီမိုကရေစီနည်းကျ
လုပ်နိုင်ရမယ်လို့ သူက မျှော်လင့်တယ်။ အဲလိုမလုပ်နိုင်ရင်တော့
ပါတီက ပြန်ပြီး လျော့ကျသွားမှာပဲလို့ပြောတယ်။
(၅) အဲသလို ဆရာတို့ ဦးဝင်းတင်တို့ဖက်က အခက်အခဲတွေ အကြပ်အတည်းတွေ
ပြောနေတော့ ဦးသိန်းစိန်တယောက် သမ္မတမိန့်ခွန်းအဖြစ် လူထုကို မီဒီယာကနေ
တိုက်ရိုက်ပြောတဲ့ နေ့နဲ့ တိုက်ဆိုင်တယ်။ လွန်ခဲ့တဲ့
တနလာင်္နေ့လောက်ပေါ့။ အဲဒါနဲ့ တွေးမိတာ တခုပြောမိတယ်။ ဆရာတို့ဖက်မှာတောင်
လူဟောင်းတွေ၊ လူသစ်တွေ၊ အတွေးဟောင်းတွေ၊ အတွေးသစ်တွေနဲ့ ပဋိပက္ခတွေ၊
မတူညီတာတွေ ငြင်းခုံနေရတာတွေ ရှိနေသေးတာ … ဟိုဖက်က အာဏာလက်ရှိ၊
သြဇာလက်ရှိ၊ ငွေကြေး ဓန ဥစ္စာ လက်ရှိ၊ လက်နက်အင်အား လက်ကိုင်ရှိတဲ့
အစိုးရတွေ၊ တပ်မတော်တွေမှာလဲ အယူအဆတွေ၊ နည်းလမ်းတွေ၊ ရပ်တည်ချက်တွေမှာ
ပြသနာတွေ ရှိနေမယ်။ ပြောဆိုစရာတွေ အငြင်းအခုံတွေ အတွင်းထဲမှာ
ရှိနေမယ်ဆိုတာ တွေးကြည့်လို့ ရတာပေါ့လို့ ပြောမိတယ်။
ဆရာတို့ဖက်က အနည်းဆုံးတော့ ပွင့်ပွင့်လင်လင်းမေးလို့ရတယ်။ ဖြေချင်တဲ့
သူကလည်း ဖြေချင်ဖြေမယ်။ မဖြေဘဲ နေချင် နေမယ်။ အာဏာလက်ရှိ လက်နက်အင်အား
လက်ရှိ သူတို့တွေကတော့ မေးခွန်းလည်း မေးချင်တိုင်း မေးလို့မရ၊
ဖြေချင်တိုင်းလည်း ဖြေလို့မရတော့ ဒါတွေက သူတို့ဆီက အတည်တကျ
ထွက်လာဖို့တော့ မလွယ်ဘူး ဆိုတာ သေချာပါတယ်။ တွေးကြည့်ရုံပဲ တွေးလို့
ရတာပေါ့လေ။
ဆရာကတော့ ငါလည်း သည်မှာ အလုပ်က များတော့ ချက်ခြင်း နားမထောင်ရသေးဘူး။
ပြန်ပြီး မသုံးသပ်ရသေးဘူးတဲ့။ ဒါပေမယ့် ဦးသိန်းစိန်တို့ဖက်က
စီးပွားရေးတွေ စားဝတ်နေရေးတွေကို ပြည်သူတွေ
ပြေလည်အောင်လုပ်ပေးမယ်ဆိုပြီး လျောက်ပြောနေတာမျိုးထက် တကယ် ပြည်သူတွေ
အခုတောင်းဆိုနေတဲ့ အလုပ်သမား လယ်သမား ခံစားခွင့်၊ ရပိုင်ခွင့်၊
ကျန်းမာရေး၊ ပညာရေး အာမခံချက်တွေအကြောင်း ပြောသင့်တာ။ ဒါတွေကို
စေတနာထားကြောင်း ပြောဆိုရမယ့်အချိန်လို့ အလျင်အမြန် ထောက်ပြသွားပါတယ်။
(၆) ဆရာလူထုစိန်ဝင်း ဆုံးသွားတာနဲ့ ပတ်သက်ပြီး အမှတ်တရ စကားတွေ
ပြောကြတယ်။ ဆရာကြီးတွေဟာ ဘ၀တသက်တာလုံး မဆုတ်မနစ် ရဲရဲဝံ့ဝံ့နဲ့
ယုံကြည်ရာ အမှန်တရားနဲ့ တရားမျှတမှုကိုသာ
မြုပ်နှံလုပ်ကိုင်သွားကြသူတွေချည်းပဲ။ ပြီးတော့ သူတို့တွေဟာ
အချင်းချင်းမှာ လူဟောင်း လူသစ်ဆိုပြီး မတည့်တာတွေ၊ ပဋိပက္ခတွေလည်း
မရှိပါဘူး။ အဲသည်အတွက်လည်း သူတို့ဘ၀တွေကို အချိန်အကုန်ခံပြီး
ပြောဆိုဆွေးနွေးနေခြင်းလည်း မရှိဘူး။ သူတို့တွေက ရှေ့ဆက်ပြီး
ချီတက်နေတဲ့သူတွေချည်းပဲလို့ တွေးနေမိပါတယ်။
သည်တခါတော့ အင်တာဗျူး အမေး အဖြေတွေ မရေးတော့ဘူး။ မေးတာတွေ ဖြေတာတွေ၊
မှတ်ချက်ပေးမိတာတွေကိုပါ ကောက်နုတ်ပြီး ချရေးလိုက်ပါတယ်။ နောက်တပတ်မှာ
မေး ဖြေ အင်တာဗျုး ပြန်လုပ်ပါဦးမယ်။
ဦးဝင်းတင်နဲ့ စကားပြောဖြစ်သမျှ။ မိုးမခ။ ဇွန် ၂၂၊ ၂၀၁၂
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ