ကချင်ပြည်နယ်သည် စစ်မြေပြင်ဖြစ်နေပြီ (မိုးမခသို့ပေးစာ)

ကချင်ပြည်နယ်သည် စစ်မြေပြင်ဖြစ်နေပီ။ ကချင်လူမျိုးစု KIA အမာခံနယ်
ရွှေဓါတ်ငွေ့နှင့် ရေနံပိုက်လိုင်းဖြက်သန်းသည့်နေရာကို စစ်တပ် က တရားမျှတ၊
လေးစားစွာ ညှိနှိုင်း ငြိမ်းချမ်းရေးယူပြီး ဖြေရှင်းရမည့်အစား၊
အခြေနေအကျပ်အတည်းကို လက်နက်အင်အားဖြင့် ဖန်တီး နေပါသည်။ ကရင်ပြည်နယ်၊
ရတနာဓါတ်ငွေ့ပိုက်လိုင်းအတွက်လည်း ကရင်လူမျိုးစု KNU လက်နက်ကိုင်များကို
အင်အားသုံးပြီး ထိုင်းနိုင် ငံလစ်လျူရှုမှုဖြင့် မာနယ်ပလောတိုက်ပွဲ
တဖက်သတ်အနိုင်ယူ၊ ရှင်းလင်းနိုင်ခဲ့သည်ကို KIA များက
ကောင်းစွာသင်ခန်းစာယူလျှက်ရှိပါ သည်။ ကချင် KIA ဌာနချုပ်မှာ
မြန်မာစစ်တပ်မှ နာရီဝက်အတွင်းတိုက်ခိုက်သိမ်းယူနိုင်သောအခြေအနေရှိနေသောကြောင့်
စစ်ဌာနချုပ် အရေးပါသူများ တောတွင်းဝင်သွားသည်မှာကြာလေပြီ။
အင်အားကြီးမားလှသော မြန်မာစစ်တပ်ကြီးနှင့် တိုက်ပွဲကြီးလုံးဝရှောင်ရှား
ရပါ သည်။ လူထုထောက်ခံသော ပျောက်ကြားစစ်ကို ဆင်နွှဲလျှက်ရှိပါသည်။

ရှင်းရှင်းပြောရလျှင် မြန်မာနယ်စပ် total: 5,876 km
border countries: Bangladesh 193 km, China 2,185 km, India 1,463 km,
Laos 235 km, Thailand 1,800 km ရှိတာကို ကြည့် ရင်၊ ကမ္ဘာ့စူပါပါဝါ
တရုတ်နဲ့အိန္ဒိယ နှစ်နိုင်ငံဟာ ကချင်ပြည်နယ်ရဲ့ မဟာဗျူဟာအရေးပါလှပုံကို
သိပါသည်။ ဒုကမ္ဘာစစ်က မဟာမိတ်တပ်တွေ အိန္ဒိယဆုတ်ခွာသွားချိန် တရုတ်ပြည်က
ရိက္ခာများပို့ပေးရာမှာ ကချင်ပြည်နယ်ကိုဖြတ်ပြီး၊ လီဒိုလမ်းမကြီး
အမြန်ဖောက်လုပ်ခဲ့ရပါသည်။ ရှေးမြန်မာများ မဏိပူရ၊ ကသဲ၊ နာဂနယ်များကို
စစ်ချီတိုက်ခိုက်ရာမှာ ကချင်ပြည်မိုးကောင်းက ခြေလျင်တပ်တွေ
ချီတက်ခဲ့ရပါသည်။ မဟာ မိတ်တပ်များ ဒုတိယကမ္ဘာစစ်က ဆုတ်ခွာတဲ့အချိန်မှာလည်း
အင်္ဂလိပ်စစ်သင်္ဘောကြီးတွေ ကသာမြို့ထိ တက်လာပြီး၊ အိန္ဒိယပြည်ကို
ကချင်ပြည်နယ်ဖြက်သန်းကာ၊ ကုန်းလမ်းဆုတ်ခွာခဲ့ပါသည်။ ဟိုး ပုဂံခေတ်
နာရပတိမင်း၊ ကုန်ဘောင်ခေတ် ဘကြီးတော်ဘုရားလက်ထက်၊ တရုတ်မန်ချူးနဲ့
မွန်ဂိုတပ်များ မြန်မာပြည်ကိုဝင်ရောက်တိုက်ခိုက်တာလည်း ဗန်းမော်၊ မင်းတပ်
ကချင်ပြည်နယ်ကတဆင့် ၀င်ရောက်လာ ခဲ့ခြင်းပင်ဖြစ်သည်။ ထိုအချက်များဖြင့်
ကချင်ပြည်နယ်၏ မဟာဗြူဟာအရေးပါပုံဖြစ်ပါတယ်။ ဘင်္ဂလားပင်လယ်အော်အတွက်
တရုတ်ခြေ ကုတ်စခန်းသည် မြန်မာပေါ်မှာမူတည်နေပါသည်။

စီးပွားရေးအရေးပါပုံကို သိပ်ရေးစရာမလိုပါ။ မြန်မာပြည်ကြီးရဲ့အသက်သွေးကြော
ဧရာဝတီမြစ်ကြီးသည် ကချင်ပြည်မှ မြစ်ဖျားခံ စတင်ခဲ့ပါ သည်။ ဧရာဝတီမြစ်ကို
တရုတ်နိုင်ငံက နည်းမျိုးစုံနဲ့ စီးပွားရေးအသုံးချဖို့ ကြိုးစားခဲ့သည်။
နောက်ဆုံး မြစ်ဆုံရေအားလျှပ်စစ်မှာ နာမည် ကျော်ဖြစ်သည်။ အခုထိ
ပူပူနွေးနွေးအရေးခင်းဖြစ်နေဆဲပင်။ ကချင်ပြည်နယ်သည် သယံဇာတ
အကြီးကျယ်မထွက်သော်ငြားလည်း ကျောက်စိမ်း၊ ကျွန်းသစ်၊ ရွှေ၊ သတ္တု၊
ရေအားလျှပ်စစ် စသဖြင့် ပေါများကြွယ်ဝပါတယ်။ လောလောဆယ် မြန်မာဓါတ်ငွေ့များ
တရုတ်ထံ ရောင်းချဖို့နဲ့ ရေနံလိုင်းအပါဝင်၊ ကချင် KIA နယ်မြေကိုဖြတ်ပြီး
ပိုက်လိုင်းဆောက်ခြင်းသည် တရုတ်နိုင်ငံရဲ့ လောင်စာဆီ စိမံကိန်းကြီးဖြစ်ပါ
သည်။

မြန်မာအစိုးရခေါင်းဆောင်များကလည်း ခေသူမဟုတ်တော့။ ဒီမဟာဗျူဟာအရေးအခင်းကို
အသစ်ဝင်လာတဲ့ အမေရိကန်၊ အီးယူတွေနဲ့ တရုတ်အစိုးရ
စစ်အေးဗျူဟာပြိုင်ပွဲတွင် ကချင်ပြည်က KIA ကို ဓါးစာခံလုပ်လိုက်တဲ့သဘော
ဖြစ်သွားပုံရသည်။ မြန်မာစစ်တပ်များကို အငြင်းပွားနယ်မြေမှာ
တိုးချထားလိုက်ခြင်းသည် KIA အတွက် အကြပ်အတည်း အကြီးအကျယ်
ဖြစ်သွားစေပါတယ်။ ကိုယ့်နယ်မြေနားမှာ မြန်မာစစ်တပ်ကြီး ခပ်တည်တည်
လာရောက်စခန်းချတော့ KIA က အလျှော့ပေးပြီး၊ ဆုတ်ရမှာလား.. အလျှော့မပေးပါ။
ပျောက်ကျား စစ် ဆင်နွှဲပြီး ဆုတ်ခွာလိုက်ရတာပေါ့ဗျာ...။

အမှန်စင်စစ်၊ ကချင်လူထုသည် ညီအစ်ကိုရင်း မြန်မာများနှင့်သာအတူ၊
ငြိမ်းချမ်းစွာနေထိုင်လိုသည်မှာ ထင်ရှားလှပါသည်။ သို့သော် အခြေ အနေက
ကချင် KIA ကို အကြမ်းဖက်သမားဘ၀ တွန်းချလိုက်သလို ဖြစ်သွားသည်။

တကယ့်အခြေအနေဟာ ရေးတာထက် ပိုပြီးရှုပ်လှပါတယ်။ မြန်မာအစိုးရက အထူးသဖြင့်
တရုတ်ပြဿနာအတွက် တခြားတိုင်းရင်းသား သူပုန်တွေကို ငြိမ်းချမ်းစေပြီး၊
ကချင်ပြည်နယ်မှာ အားပိုစိုက်ထားတာ .. သာမန်လူအဖို့တော့
နားမလည်နိုင်ဘူးဖြစ်မှာပါ။ ကချင်သူပုန်ကို သောင်းကျန်းသူ လို့ ကျွန်တော်
မခေါ်နိုင်ပါဘူး။ သူတို့ ဖျက်ဆီးရေးလုပ်တယ်ဆိုတာ ညီငယ်တဦး စိတ်ဆိုးပြီး၊
သူလုပ်နိုင်တဲ့ဘောာင်အတွင်းက ဆန္ဒပြတော့ ကြားက ကချင်ပြည်နယ်သားတွေပဲ
မြေဇာပင်ဖြစ်ရတယ်ဗျာ..။

ကျွန်တော့် ကိုယ်ပိုင်အမြင်ဖြစ်ပါသည်။

ယခုအခါ ကရင်ပြည်နယ်တွင်လည်း ကရင်လူမျိုးစုများနှင့် ငြိမ်းချမ်းရေး
တဖက်သတ်စာချုပ်ပြီး ညှိနှိုင်းလျှက်ရှိပါသည်။ '၀' လက်နက်ကိုင်များ မှာ
သူတို့ကိုထောက်ပံ့ပေးသူများဖြင့် ခိုင်မာလျှက်ရှိနေချိန်၊
ရှမ်းလက်နက်ကိုင်များလည်း ရှမ်းလူထုထောက်ခံရေးအတွက် ကြိုးစားနေရပါ သည်။
မွန်ပြည်နယ်တွင်လည်း မြန်မာစစ်တပ်မှ တိုက်ခိုက်မှုများကိုရပ်တံ့ပြီး
ငြိမ်းချမ်းရေးဆွေးနွေးမှုများလုပ်ဆောင်နေသည်ဟု ဆိုပါသည်။
တိုင်းရင်းသားလက်နက်ကိုင်အုပ်စု နယ်မြေခေါင်းဆောင်များသည်
သက်ဆိုင်ရာနယ်မြေတွင် ကြီးစိုးနေပြီး၊ ထိုဒေသများတွင်ရှိသော မြို့၊
ရွာလူထုအဖို့ တရားဥပဒေမရှိ၊ နီးရာဓါးကြောက်နေရကာ အစိုးရနှင့်
သူပုန်လက်နက်ကိုင်များကြားတွင် စိုးရိမ်စွာရပ်တည်ရသည်။ စားဝတ်
နေရေးအခြေခံလိုအပ်ချက်ပင်မရှိ။ စစ်ပြေးဒုက္ခသည်ဘ၀၊ ပညာရေး၊ ကျန်းမာရေး၊
ဘာသာရေးအတွက် ဝေးလာဝေး၊ နိမ့်ကျသောဘ၀တွင် သန်းပေါင်းများစွာသော
မြန်မာတိုင်းရင်းသားများမှာ အနိမ့်ကျဆုံး မြေဇာပင်ဖြစ်နေရရှာသည်။

ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားရင်ကြားစေ့စပ်ရေးတွင်
ကြားခံဆောင်ရွက်လိုပါသည်ဟု အစိုးရသစ်ကိုတင်ပြရာတွင် လစ်လျူပြု
ခြင်းခံရပါသည်။

အစိုးရသစ်သည် ပြုပြင်ပြောင်းလဲမှုများကို တဟုန်ထိုး၊
အံ့မခန်းလုပ်ဆောင်လျှက်ရှိရာ ယခင်အစိုးရဟောင်းများကိုဦးဆောင်ပြီး၊
စိတ်နေ စိတ်ထားပြောင်းလဲပြီးလုပ်ဆောင်နေသောကြောင့် ပြည်သူများ၏
ထောက်ခံမှုကို လှိုက်လှဲစွာရရှိနေပါသည်။ သို့သော် အတိုက်အခံနှင့်
တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများမှာ အကြံပေးမှုအဆင့်တွင်သာ
ရှိနေရပါသည်။

ထိုတိုင်းရင်းသားလက်နက်ကိုင်အုပ်စုများနှင့်
ငြိမ်းချမ်းရေးလုပ်ဆောင်နိုင်ရေးသည် အစိုးရနှင့်နှစ်ဖက်ယုံကြည်မှု
ရှိရန်လိုသည်။ ထိုအခါ နှစ် ဖက်စလုံးက လက်ခံနိုင်သည့် ယုံကြည်ရသူ
(သို့မဟုတ်) ယုံကြည်ရသည့်အဖွဲ့တခုမှ ကြားခံဆောင်ရွက်ပေးရန်လိုအပ်ပါသည်။

ထိုကြားခံအဖွဲ့သည်လက်ရှိအခြေအနေတွင် မည်ကဲ့သို့သောသူဖြစ်ပါသနည်း။
သမ္မတ၏အကြံပေးအဖွဲ့လား၊ ပြည်ပမှအဖွဲ့အစည်းတခုလား၊ သို့မဟုတ် တရုပ်၊
အာစီယံ၊ အိန္ဒိယ၊ ဂျပန်၊ကိုးရီးယားနိုင်ငံများမှလား။ သို့မဟုတ် အမေရိကန်၊
ပြင်သစ်၊ အင်္ဂလိပ်နိုင်ငံများမှလား .. လား ပေါင်းများစွာဖြင့်
ကြားခံငြိမ်းချမ်းရေးလုပ်ပေးသူကို မှန်းဆကြည့်ရပါသည်။

အားလုံးကသိပြီးဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သာလျှင်
အသင့်လျှော်ဆုံးဖြစ်ပြီး၊ သူမကိုယ်တိုင်
ငြိမ်းချမ်းရေးအတွက်လုပ်ကိုင်ပေးလိုပါသည်ဟု တရားဝငစာထုတ်ပြီး
ကမ်းလှမ်းခဲ့ပြီးဖြစ်ပါသည်။

သို့သော် အစိုးရသစ်က လစ်လျူပြုသလို၊ အစိုးရသစ်
ငြိုငင်သွားမည်စိုးရိမ်သောကြောင့်လား၊ အစိုးရသစ်ကို
စိုးရိမ်ကြောက်လန့်မှုကြောင့်လားမသိ။
တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများနှင့် အဖွဲ့အစည်းများကလည်း
ဒေါ်အောင်ဆန်းစုကြည်ကမ်းလှမ်းချက်ကို ထောက်ခံ အားပေးဖို့
တွန့်ဆုတ်နေပါသည်။

ယခုအခါ မြန်မာပြည်ကြီးအန္တရာယ်ဖြစ်စေမည့်
မြစ်ဆုံစီမံကိန်းကြီးကိုရပ်တံ့ရန် ပြည်သူလူထုက တခဲနက်တောင်းဆိုသောကြောင့်
အစိုးရ သစ်က အမိမြန်မာပြည်အကျိုးအတွက် လိုက်လျောခဲ့ပြီးဖြစ်သည်။
အလွန်ကောင်းပေစွ။

ပြည်သူလူထုနှင့်၊ နိုင်ငံတကာက တခဲနက်တောင်းဆိုသော
ယုံကြည်မှုဖြင့်အကျဉ်းချခံသူများကိုလဲ လွှတ်ပေးလိုက်ပြီဖြစ်သည်။ အလွန်
ကောင်းပေစွ။

ရလေအိုတစ္ဆေ တောင်းဆိုသည်ဟုပြောလျှင်လည်း မတတ်နိုင်ပါ။
တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများ ရင်ကြားစေ့စပ်ရန် မြန်မာတပ်မ
တော်၏ဖခင်ဟုခေါ်သော၊ မြန်မာ့လွတ်လပ်ရေးခေါင်းဆောင်
ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သာလျှင် နှစ်ဖက်
စလုံးယုံကြည်သူဖြစ်သည်မှာ ထင်ရှားလှပါသည်။

ဒုတိယ ပင်လုံညီလာခံခေါ်ရေး အသံပျောက်နေပြန်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ကမ်းလှမ်းချက်ကို တခဲနက်ထောက်ခံ၊ လိုက်လျှောက်ဖို့
ကျွန်တော်တို့ ဘာအခက်အခဲများရှိနေပါသလဲ?။

ကချင်၊ ကရင်၊ ရှမ်း၊ မွန်၊ ကယား၊ ၀၊ ရခိုင် စသည့်
တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများ၊ ပြည်တွင်း၊ ပြည်ပ၊ တောတွင်းမှ
ခေါင်းဆောင် အားလုံးက ဒေါ်အောင်ဆန်းစုကြည်၏ ကမ်းလှမ်းချက်ကို
ဝိုင်းဝန်းထောက်ခံ၊ တောင်းဆိုဖို့ အချိန်ကျရောက်နေပြီဖြစ်ပါသည်။

NLD ကြားဖျက်ရွေးကောက်ပွဲပြီးမှ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်မှ
တိုင်းရင်းသားရင်ကြားစေ့စပ်ရေးကို လုပ်ဆောင်မည်ဆို လျှင်လည်း
ရွှေဓါတ်ငွေပိုက်လိုင်းစီမံကိန်ကို ခေတ္တနှေးကွေးစေပြီး၊
ကချင်ပြည်နယ်စစ်ပွဲများကို ရပ်ဆိုင်းစေလိုပါသည်။

စစ်ပြေးဒုက္ခသည်များနှင့်၊ နယ်စပ်ဒုက္ခသည်များဘ၀မှာ ကြုံဖူးမှသိပါမည်။
ပြည်တွင်း ပြည်ပမှမြန်မာများ စစ်ပြေးဒုက္ခသည်များစခန်းသို့
သွားရောက်လေ့လာစေချင်ပါသည်။ သို့မှသာ ပြည်တွင်းစစ်ဒုက္ခကိုနားလည်ပြီး၊
ငြိမ်းချမ်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်သာလျှင် ဦး ဆောင်နိုင်မည်ကို
သဘောပေါက်လာပေမည်။
အင်ဂွန်ဂျာဝ
မေ ၃၊ ၂၀၁၂

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ