ဒံပေါက်အချို့တွင် စားသုံးရန် မသင့်သည့် ဆိုးဆေးများ တွေ့ရှိရ၍ ဒံပေါက်များကို စစ်ဆေးနေ

ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စားအုန်းဆီနှင့် ပဲဆီများတွင် ရောနှောပစ္စည်းများ ပါဝင်မှုရှိ မရှိကို မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန(FDA)မှ စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။ "ဆီမှာ ပါဝင်တဲ့ ပစ္စည်းအရည်အသွေးတွေကို ဈေးကွက်ကောက်ပြီး စစ်နေပါတယ်။ အခုထိတော့ ရောနှောပစ္စည်း ပါဝင်တဲ့ဆီကို မတွေ့သေးပါဘူး။ ဈေးကွက်ထဲမှာ ဆီကိုဖြန့်ဖြူး ရောင်းချမယ်ဆိုရင် FDA မှာ မှတ်ပုံတင်ပြီးမှ ရောင်းချခွင့်ရှိတာပါ။ FDA အနေနဲ့လည်း ရောင်းချမယ့် ဆီအရည်အသွေးကို စစ်တယ်။ အရည်အသွေး ကောင်းမွန်မှုရှိမှ ထောက်ခံချက် ထုတ်ပေးတာပါ။ ရောနှောပစ္စည်း ပါဝင်တဲ့ဆီကို တွေ့ရှိခဲ့ရင် ချက်ချင်းထုတ်ပြန် ပေးသွားမှာပါ။ လောလောဆယ် မြေပဲဆီ ၁၃ မျိုးကို စစ်ဆေးထားတာတော့ ခုထိရောနှောပစ္စည်း ပါဝင်မှု မတွေ့ရသေးပါဘူး" ဟု FDA မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လတ်တလောတွင် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည့် စားအုန်းဆီအချို့တွင် ဆပ်ပြာမှုန့်များရော၍ ပဲဆီအဖြစ် ပြန်လည်ရောင်းချနေသည် ဟူသော သတင်းများလည်း ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။ "သတင်းထွက်ပေါ်တဲ့အတိုင်း ဆိုရင်တော့ လုပ်ုငန်းရှင်တွေကတော့ ၁၀ ရင်းပြီး ၁၀၀ လောက်မြတ်အောင် နည်းလမ်းပေါင်းစုံနဲ့ လုပ်နေကြတယ်။ စားသုံးသူကို ငဲ့ကွက်မှုမရှိကြတော့ဘူး။ အခုလည်း ဆီဆိုတော့ နေ့စဉ်စားသုံးတဲ့ ပစ္စည်းတွေထဲမှာပါတယ်။ ဒီလိုမျိုး ရောနှောရောင်းချနေတယ်ဆိုရင် နေ့တိုင်းစားမိတဲ့သူတွေက တစ်နေ့တစ်နေ့ ရောဂါကိုဝယ်ယူပြီး စားနေသလို ဖြစ်နေပြီ။ ပိုက်ဆံတတ်နိုင်တဲ့သူတွေက အရည်အသွေးကောင်း ထောက်ခံချက်ရှိတဲ့ ဆီပိဿာချိန်ဘူးတွေကို ဝယ်စားလို့ရပေမယ့် လက်လုပ်လက်စားသမားတွေကျတော့ တစ်နေ့တစ်ခါ ဝယ်စားရတာ။ ဆီတစ်ခါဝယ်ဖို့ကိုတောင် တော်တော်စဉ်းစားရတော့မယ်" ဟု အိမ်ရှင်မတစ်ဦးက ဆိုသည်။ နေပြည်တော်ရှိ ဒံပေါက်အချို့တွင် စားသုံးရန်မသင့်သည့် ဆိုးဆေးများ သုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိမှုအပေါ် FDA မှ တာဝန်ရှိသူတစ်ဦးက "နေပြည်တော်က နိုင်ငံတော်အဆင့် အခမ်းအနားတစ်ခုမှာ ကျွေးမွေးဖို့ စီစဉ်နေတဲ့ ဒံပေါက်ကို စစ်ဆေးတဲ့အခါ စားသုံးဖို့မသင့်တဲ့ ဆိုးဆေးတွေ ပါဝင်တာတွေ တွေ့ရတယ်။ အဲဒီအတွက် ရန်ကုန်က ဒံပေါက်တွေကိုပါ စစ်ဆေးနေတယ်" ဟု ပြောကြားခဲ့သည်။ လက်ရှိတွင် FDA အနေဖြင့် ရန်ကုန်မြို့ရှိ တာတူး၊ တင်အေး၊ နီလာ၊ ကောင်းကြိုက်၊ ကြက်လျှာစွန်း၊ ရွှေညောင်ပင်နှင့် KSS ဒံပေါက်ဆိုင်များမှ နမူနာယူ၍ စစ်ဆေးလျက်ရှိကြောင်း ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ