Work At Singapore


 အလုပ်ဘယ်လိုရှာရမလဲ၊ ဘာတွေပြင်ဆင်ခဲ့ရမလဲ

အလုပ်ဘယ်လိုရှာရမလဲ၊ ဘာတွေပြင်ဆင်ခဲ့ရမလဲဆိုတဲ့ အပိုင်းမှာတော့ လက်လှမ်းမှီသလောက် ကြိုးစား ပြောပါမယ်၊ ဒါပေမယ့် ကျွန်တော်ရဲ့လိုင်း (ကွန်ပျူတာ) နဲ့ တခြားလိုင်းတွေလည်း အခြေအနေ ကွာခြားတာမို့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့လည်း စုံစမ်း ထားသင့်ပါတယ်။

စင်္ကာပူမှာ ကျွန်တော်တို့ မြန်မာတွေအတွက် ဘာအလုပ်တွေ အဆင်ပြေနေလဲဆိုတော့၊ အိုင်တီကွန်ပျူတာသမားတွေ၊ အင်ဂျင်နီယာတွေ၊ စာရင်းကိုင်တွေ၊ AutoCAD ကျွမ်းတဲ့ Draft Man လို့ ခေါ်တဲ့ ရာထူးတွေ အလုပ်ပေါကြ ၀င်ငွေ ကောင်းကြပါတယ်။

အဲဒီအထဲမှာ ကိုယ်ကပဲ အိုင်တီလိုင်းပေါ်ကမို့လားတော့ မပြောတတ်ဘူး၊ သတိထားမိသလောက်တော့ အိုင်တီ ကွန်ပျူတာသမားတွေက လစာပိုကောင်းကြတယ် ထင်တယ်၊ ကျွန်တော့် အသိထဲမှာတင် တစ်လကို S$ 8000 ကနေ 10000 ကျော် ရတဲ့ သူ နှစ်ဦးရှိတယ်။ အဲလိုပဲ မြန်မာပြည်ကနေ ရောက်ရောက်ချင်း တစ်လကို S$3500 နဲ့ 4500 ရတဲ့သူတွေလည်း ရှိတယ်။ S$2500 ၀န်းကျင်သမားတွေကတော့ အများကြီးပဲ၊ စင်္ကာပူမှာ မြန်မာအိုင်တီသမားတွေ နာမည်ကောင်းရကြပါတယ်။ ဒါပေမယ့် လာမယ့်သူတွေအတွက် Software လိုင်းမှာဆိုရင်လည်း Microsoft, Java စတဲ့ နိုင်ငံတကာ စာမေးပွဲတွေ ဖြေခဲ့ဖို့နဲ့ တကယ် လက်တွေ့ လုပ်ငန်းခွင်အတွေ့အကြုံ ၁ နှစ် ၂ နှစ်လောက်ရှိပြီး တကယ်တတ်ကျွမ်းထားဖို့တော့ လိုပါတယ်။ အဲလို ကိုယ်ဘက်က ပြင်ဆင်ထားရင် ဒီမှာ ၂ ပတ် ၃ ပတ် အတွင်း အလုပ်ရကြပါတယ်။

မြန်မာ အင်ဂျင်နီယာနဲ့ စာရင်းကိုင်တွေအတွက်လည်း စင်္ကာပူမှာ အလုပ် အရမ်းပေါကြတယ်၊ ဒါပေမယ့် ကျွန်တော် သိရသလောက်တော့ သူတို့က ၀င်ဝင်ချင်း ပျမ်းမျှ S$ 1800 နဲ့ 2000 ၀န်းကျင်ပဲ စရကြတယ်၊ အလုပ်ရဖို့ လွယ်ပေမယ့် လစာသိပ်မမြင့်ဘူးလို့ သိရတယ်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ Supervisor အဆင့်လောက်က စလုပ်ကြရတယ် ပြောတယ်။ AGTI တွေလည်း အလုပ်ဖြစ်သလို ME ဆိုရင်တော့ ပိုပြီး ကောင်းတာပေါ့၊ အလုပ်ပိုလွယ်တာပေါ့။ Accountant အတွက်တော့ B Com ပြီးထားပြီး လက်တွေ့လုပ်ငန်းခွင်မှာ တကယ်အတွေ့အကြုံရှိတယ် ဆိုရင် အလုပ်ရဖို့လွယ်ပြီး လစာလည်း မနည်းပါဘူး၊ S$ 2000 ~ 2500 တော့ အသာလေး ရကြတာပါပဲ။ နိုင်ငံခြားဘွဲ့ ACCA part I, part II တွေလည်း အလုပ်ဖြစ်ပါတယ်၊ ဒါပေမယ့် တကယ် တတ်ရမှာပါ၊ ဘာဘွဲ့ကြီး ကိုင်လာကိုင်လာ သူတို့က ခိုင်းလို့ရမှ၊ သူတို့အတွက် အကျိုးရှိမှ ပိုက်ဆံပေးမှာပါ၊ ဒါက ရှင်းပါတယ်။

Auto CAD ကျွမ်းတဲ့သူတွေအနေနဲ့ ပုံဆွဲတဲ့ Draft Man အလုပ်တွေလည်း ပေါတာပဲ။ ကွန်ပျူတာကိုင်ရတာဆိုတော့ ပင်ပင်ပန်းပန်း လုပ်စရာမလိုဘူးပေါ့။ သူတို့လည်း တစ်လကို S$ 1800 လောက်တော့ အောက်ထစ် ရကြပါတယ်။ ဒါပေမယ့် ကံ ကိုတော့ ကျွန်တော်တို့ မေ့ထားလို့ မရဘူး။ တချို့လည်း လွယ်သလို၊ တချို့လည်း အခက်အခဲ ရှိပြီး တိတ်တိတ်ကလေး ပြည်တော်ပြန်ကြရ၊ မလေးရှားကို Stay ရှောင်ကြရပေါ့။

ဥပမာ တစ်ခု ပြောရရင် ကျွန်တော်လုပ်တဲ့ အိုင်တီ ကုမ္ပဏီမှာ အင်တာဗျူးကို ရေးဖြေ အရင်စစ်တယ်၊ လက်တွေ့တကယ် တတ်တဲ့သူအတွက် အလွန်လွယ်တဲ့ မေးခွန်းတွေပေါ့၊ အဲဒါအောင်မှ လူတွေ့ ဆက်စစ်တယ်၊ ၀င် ၀င်ချင်း S$ 2300 စပေးမယ့် Web Developer S$ 2500 ရမယ့် အောက်ခြေ ရာထူးလေးပေါ့၊ စင်္ကာပူတက္ကသိုလ်ကနေ ကျောင်းပြီးထားတဲ့ သူတစ်ယောက် လာဖြေတယ်၊ ကျတယ်။ မအောင်ဘူး။ အားလုံးက အံ့အားသင့်သွားတယ်။ ဘယ်သူမှလည်း မကယ်နိုင်ဘူး။ သူလည်း စိတ်ဓတ်ကျပြီး ပြန်သွားတယ်၊ သိပ်မကြာခင် နောက်တစ်ပတ် အတွင်းမှာပဲ S$2800 နဲ့ တခြားမှာ အဲဒီကလေး အလုပ်ရသွားတယ်။ ကဲ .. ကောင်းရော။

အိုင်တီ၊ စာရင်းကိုင်၊ အင်ဂျင်နီယာ သမားတွေအတွက် အသေအခြာ ပြင်ဆင်လာရင် အလုပ်အတွက် သိပ်စိတ်ပူဖို့ မလိုပါဘူး၊ အဲ တခြားအလုပ်တွေဖြစ်တဲ့ Marketing တို့၊ Sale တို့ Business Management တို့၊ Admin တို့အတွက်တော့ ကျွန်တော်တို့ ၀င်တိုးဖို့ သိပ်မလွယ်ဘူး။ အဲဒီ အလုပ်တွေအတွက် ဘာသာစကား၊ ဒေသ ကျွမ်းကျင်မှုနဲ့ အပေါင်းအသင်း မိတ်ဆွေ ကျယ်ပြန့်မှု တွေမှာပါ သူတို့ နိုင်ငံသားတွေက အားသာကြတဲ့အတွက် သူတို့ နိုင်ငံသားတွေကိုပဲ ခန့်ကြပါတယ်။ အဲဒါတွေထက်စာရင် မြန်မာပြည်က Chemistry သမားတွေနဲ့ Geology သမားတွေကမှ ကိုယ့်အဆက်အသွယ်နဲ့ကို အလုပ်လေးတွေ ရဖို့ လွယ်သေးတယ်။ ဒါပေမယ့် အခုနပြောတဲ့ အိုင်တီ၊ စာရင်းကိုင်၊ အင်ဂျင်နီယာသမားတွေကတော့ ကိုယ်ရဲ့ အရည်အချင်းနဲ့ အတွေ့အကြုံပေါ်မှာ မူတည်ပြီး စင်္ကာပူမှာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တွေပေါ့။ သတိပြုရမှာက အသက်မွေး ၀မ်းကျောင်း ပညာရပ်တစ်ခုခု ကျွမ်းကျင် မတတ်ပဲ မြန်မာပြည်မှာ အင်္ဂလိပ်စကား ဘွတ်ဘွတ်ရွှတ်ရွှတ် မွှတ်နေအောင် ပြောတတ်ရုံနဲ့တင်တော့ စင်္ကာပူမှာ အလုပ်ရဖို့ မသေချာပါဘူးဆိုတာပါပဲ။ အဲလိုပဲ ဘယ်လောက်ပဲ ပညာရပ်ဆိုင်ရာ လုပ်ငန်း ကျွမ်းကျင် ကျွမ်းကျင် အင်တာဗျူးလေးတောင် အင်္ဂလိပ်လို မဗျူးနိုင်ရင်လည်း အလုပ်ရဖို့ အခက်အခဲတွေ့ နိုင်ပါတယ်။

ကဲ ဘယ်ကစ အလုပ်ရှာကြမလဲ…
စင်္ကာပူမှာ အလုပ်လုပ်ဖို့ ကိုယ့်အားကိုယ်ကိုး အလုပ်ရှာတဲ့ နည်းနဲ့ ပွဲစားအပ်ပြီး အလုပ်ရှာတဲ့နည်း ဆိုပြီး ၂ နည်း ရှိပါတယ်။ ပွဲစားအပ်တာတော့ ပိုက်ဆံကုန်ပြီး သူများကို အားကိုးရတဲ့ နည်းမို့ ဒုတိယ ဦးစားပေးအဆင့်မှာ ထားပြီး ကိုယ့်ပညာ ကိုယ်ယုံပြီး ကိုယ့်အား ကိုယ်ကိုးမယ့် သူတွေအတွက် ပထမဦးစားပေး ပြောပြပါမယ်။ တချို့ကပြောကြတယ်၊ ပွဲစားနဲ့က သေခြာတယ်တဲ့၊ ကျွန်တော့် အမြင်ကတော့ အလုပ်ရဖို့ မရဖို့ထက် ကုန်ဖို့သေချာတာ ဖြစ်ပါလိမ့်မယ်။

စင်္ကာပူမှာ အလုပ်ရှာမယ်ဆိုရင် ဒေသထုတ် နေ့စဉ် သတင်းစာကြီး တစ်ခုဖြစ်တဲ့ The Strait Times မှာပါတဲ့ အလုပ်ကြော်ငြာတွေကနေတဆင့် အလုပ်လျှောက်ကြသလို အင်တာနက် အလုပ်ရှာဖွေရေး ၀ဘ်ဆိုက်တွေမှာ ကြည့်ပြီးတော့လည်း အလုပ်လျှောက်နိုင်ပါတယ်။ စင်္ကာပူမှာရှိတဲ့ အဓိက အလုပ်ရှာဖွေရေး ၀ဘ်ဆိုက်တွေကတော့

- http://www.jobsdb.com.sg
- http://www.jobstreet.com.sg
- http://www.jobscentral.com.sg
- http://www.st701.com
- http://www.monster.com.sg

ဝဘ်ဆိုက်က အလုပ်တွေပဲ ရှာရှာ၊ သတင်းစာက အလုပ်တွေပဲ ရှာရှာ သေခြာတာက အလုပ် လျှောက်လွှာကို အွန်လိုင်း(eMail)နဲ့ ပေးပို့ လျှောက်ထားတာဟာ ကျွန်တော့်တို့ အတွက် အဆင်ပြေဆုံးပါပဲ။ သွားစရိတ် လာစရိတ်မကုန်ဘူး၊ စာရွက်စာတမ်းကြေး မကုန်တော့ဘူးပေါ့။ ဒါကြောင့်မို့ စင်္ကာပူမထွက်ခင် ကွန်ပျူတာ အင်တာနက် ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်ဖို့လည်း လေ့လာခဲ့သင့်ပါတယ်။ အီးမေးလ်လေးတောင် မဖွင့်တတ်၊ မပို့တတ်နဲ့၊ Online Registration လေးတောင် မလုပ်တတ်တာဟာလည်း အလုပ်ရဖို့ အခက်အခဲ တစ်ခုပါပဲ။

အွန်လိုင်းက အလုပ်လျှောက်ဖို့ အပေါ်မှာ ပြောခဲ့တဲ့ ၀ဘ်ဆိုက် ငါးခုလုံးမှာ Register လုပ်ထားသင့်ပါတယ်၊ အဲဒီ နေရာမှာ သူ့ဝဘ်ဆိုက်နဲ့သူ Register လုပ်ပုံခြင်းတော့ သိပ်မတူပါဘူး၊ ဒါပေမယ့် သိပ်လည်း မခက်ခဲပါဘူး။ အသေအခြာ ဖတ်ပါ။ နည်းပညာပိုင်းအနေနဲ့ ဂရုပြုရမှာက Upload လုပ်မယ့် ဓါတ်ပုံရဲ့ အရွယ်အစားနဲ့ Attach လုပ်ရမယ့် Resume လို့ ခေါ်တဲ့ ဖိုင်အရွယ်အစားပါပဲ။ များသောအားဖြင့် Resume လို့ခေါ်တဲ့ ဖိုင်အရွယ် အစားဟာ Microsoft Word ဖိုင်အမျိုးအစားနဲ့ 200 kb ထက် မကြီးဖို့ တောင်းဆိုထားကြပါတယ်။ ဒီနေရာမှာလည်း Microsof Word ဖိုင်ရဲ့ Version ပါ။ အကောင်းဆုံးက Office 2000 Format ဖြစ်သင့်ပါတယ်။ ဒီလိုမဟုတ်ပဲ Office 2008 Version ဖြစ်လို့ File Extension က *.docx ဆိုရင် ကိုယ်အလုပ်လျှောက်တဲ့ ကုမ္ပဏီမှာ အဲဒီ 2008 Version ကို Update လုပ်မထားရသေးရင် ဖွင့်မရတဲ့ ပြဿနာ ဖြစ်နိုင်ပါတယ်။

အဲဒီတော့ အလုပ်လျှောက်ဖို့ Online Registration မလုပ်ခင်
၁။ Resume ကို စနစ်တကျ ပြင်ဆင်ပါ။ - File Size 200 Kb ထက် မကြီးရ
- Microsoft Office 2003 Format *.doc Version ထက် မြင့်သော Version (*.docx) မသုံးရ (ယခုနှစ်ပိုင်း 2008/2009 အတွက်သာ ဖြစ်ပါသည်။)
- လိုအပ်သော အထောက်အထား Certificate များကို ဖိုင်ထဲတွင်ပင် Picture Format ဖြင့် တစ်ခါတည်း ထည့်ပေးပါ။ (သီးခြား ဖိုင်များဖြင့် Attach မလုပ်ရန်ကို ဆိုလိုသည်။)

၂။ အီးမေးလ် လိပ်စာတစ်ခုကို စနစ်တကျဖွင့်ပါ။ အကောင်းဆုံးကတော့ လူသုံးများတဲ့ Gmail လို အီးမေးလ်လိပ်စာကို ယူပါ။ သူက စာတွေအများကြီး သိမ်းထားလို့ရပါတယ်။ တခြားမေးလ်လေးတွေက 5mb, 20mb လောက်ပဲ ပေးတာမို့ ကိုယ်က အလုပ်တွေအများကြီးကို လျှောက်တဲ့အခါ Mail Server ပြည့်နေပြီး အခက်တွေ့တတ်ပါတယ်။ အီးမေးလ်လိပ်စာကို ကဗျာဆန်ဆန်တွေ ရှည်ရှည်ဝေးဝေး တွေးမပေးပါနဲ့ အတိုဆုံး အလွယ်ဆုံးကို ကိန်းဂဏန်းတွေနဲ့ တွဲပေးပါ။ ဖတ်ရလွယ်ဖို့က အဓိကပါ။ ဥပမာ Kyaw Mg Mg Zaw ဆိုတဲ့ နာမည်အတွက် kyaw123@gmail.com တို့ kyaw501@gmail.com တို့ ဖတ်ရ မှတ်ရလွယ်မယ့် အမည်တွေကို ရွေးပါ။ Password ကိုတော့ အရမ်းလွယ်တာကြီး မဟုတ်သလို၊ သိပ်ခက်ခဲပဲ မှတ်ရခက်နေတာမျိုးတွေလည်း မဖြစ်သင့်ပါဘူး။ ဘာလို့ ဒါတွေကို အသေးစိတ် ပြောနေရလည်း ဆိုရင် ဘာမဟုတ်တဲ့ အသေးအမွှားလေးတွေဖြစ်တဲ့ password မေ့သွားတာတို့၊ ကိုယ့် မြန်မာနာမည်က မြန်မာအချင်းချင်း ခေါ်ဖို့ အဆင်ပြေပေမယ့် သူတို့အတွက်ကျ မှတ်ရ၊ ဖတ်ရခက်နေတာတို့ မဖြစ်အောင်လို့ပါ။

၃။ Cover Letter တစ်ခုကို အတိုဆုံး၊ အရှင်းဆုံးနဲ့ ကိုယ့်အရည်အချင်းတွေဟာ ကိုယ်လျှောက်မယ့် အလုပ်နဲ့ အံဝင်ခွင့်ကျ ဖြစ်တယ်ဆိုတာကို အလုပ်ခေါ်တဲ့ အလုပ်ရှင် သိသာ၊ မြင်သာသွားအောင် ရေးပါ။ Oline ပေါ်မှာ ကိုးကားဖို့ Website တွေရှိပါတယ်။

Cover Letter တွေ ကြည့်ဖို့ Web Site အချို့ကိုလည်း အောက်မှာ ထည့်ပေးလိုက်ပါတယ်၊ နည်းနည်း လေ့လာကိုးကားလို့ ရတာပေါ့။ ပြီးတော့ ကျွန်တော့်ရဲ့ CV နဲ့ Recommendation တွေကိုလည်း Sample အဖြစ်နဲ့ Download Link ထည့်ပေးလိုက်ပါတယ်။

http://www.csuchico.edu/plc/coverltr-ex.html
http://www.quintcareers.com/cover_letter_samples.html
http://www.careercc.com/resumpr.shtml#Specific%20Cover%20Letter

အားလုံး အဆင်သင့် ဖြစ်ပြီဆိုရင်တော့ Online Register လုပ်ပြီး အလုပ်တွေ စလျှောက်ရုံပေါ့။ အပေါ်မှာ ပြောခဲ့တဲ့ အလုပ်ရှာဖွေရေး ၀ဘ်ဆိုက်တွေမှာ Register လုပ်ရင် သူတို့က Resume တစ်ခု တောင်းပါလိမ့်မယ်၊ အဲဒီအခါ ကိုယ့်ရဲ့ အသင့်လုပ်ပြီးသား Resume ကို Upload လုပ်ပေး လိုက်ရုံပါပဲ။ ဒါမှ သူတို့ ၀ဘ်ဆိုက်မှာ ကြော်ငြာထားတဲ့ အလုပ်ခေါ်စာတွေကို လျှောက်ရင် သူတို့ဆီကနေတဆင့် အလွယ်တကူ တင်ပေးပါလိမ့်မယ်။ ဒါအပြင် နေ့စဉ် ကိုယ်နဲ့ လိုက်ဖက်မယ့် အလုပ်တွေကိုလည်း အီးမေးလ်နဲ့ ကိုယ်ဆီ ပို့ပေးပါတယ်။ အဲဒီ လိပ်စာတွေကနေ တဆင့် အလုပ် လျှောက်လွှာ တင်ရုံပါပဲ။ ဂရုပြုရမှာက အချို့ လုပ်ငန်းတွေက Online ပေါ်က အလုပ်ရှာဖွေရေး ၀ဘ်ဆိုက်တွေကနေ တဆင့် မဟုတ်ပဲ တိုက်ရိုက် အီးမေးလ်ပို့ဖို့ တောင်းဆိုတတ်ကြပါတယ်။ အဲဒါမျိုးတွေကိုတော့ အီးမေးလ်နဲ့ သီးသန့် ပို့ပါ။

Online Job Site တွေကနေတဆင့် အလုပ်လျှောက်ရသလို နေ့စဉ်ထုတ် The Strait Time သတင်းစာထဲက ကြော်ငြာတွေကနေလည်း အလုပ်လျှောက်ရပါမယ်။ The Strait Time သတင်းစာက တစ်စောင်ကို စင်္ကာပူဒေါ်လာ ပြား ၈၀ ပေးရပါတယ်။ မနက် ၈ နာရီလောက်ဆို ကိုယ်နဲ့နီးတဲ့ ဆဲဗင်းအီလဲဗင်း စတိုးဆိုင်လေးတွေမှာ ၀ယ်လို့ရပါတယ်။ သူ့ဏ္ဍအလိုက် အစောင်တွေ အပိုင်းပိုင်းဖြစ်နေတာမို့ အားလုံးအကုန်အစုံပါဖို့ ဂရုပြုပါ။ အဓိကကတော့ ကိုယ့်က အလုပ်ရှာမှာဆိုတော့ Recruitment အပိုင်းကိုပေါ့။ သတိပြုရမှာက ဗုဒ္ဓဟူးနဲ့ စနေနေ့တွေပါ။ အဲဒီနေ့တွေမှာ အလုပ်ကြော်ငြာတွေ ပိုပြီး ပါတာမို့ သတင်းစာကြီးက အထူကြီးဖြစ်နေတတ်ပါတယ်။ ကိုယ်ကလည်း တခြားနေ့တွေ မ၀ယ်ဖြစ်ရင်တောင် အဲဒီနေ့ကို စောစောထ ၀ယ်ပြီး အလုပ်လျှောက်သင့်ပါတယ်။ စောစောထ ဆိုတာကလည်း ဂရုပြုရမယ့် အချက်ပါ။ ရုံးတွေရဲ့ ထုံးစံအတိုင်း ဘယ်သူမှ ရောက်ရောက်ချင်း အလုပ်မလုပ်ကြဘူး၊ ကွန်ပျူတာလေးဖွင့် အီးမေးလ်စစ်၊ ကော်ဖီလေးဖျော် ဆိုတော့ အဲဒီ မနက် ၉ နာရီလောက် သူတို့ အီးမေးလ်စစ်ချိန်မှာ ကိုယ့် အလုပ် လျှောက်လွှာ အီးမေးလ်က ရောက်နေသင့်ပါတယ်။ အဲဒါဆိုရင် ကိုယ့်ရဲ့ အလုပ်လျှောက်လွှာ အီးမေးလ်က သူတို့ အတွက် ပထမဆုံး ဂရုပြုမိတဲ့ စာရင်းထဲ ရောက်သွားတာပေါ့။ ဒါက ဖြစ်နိုင်ရင်ပါ။

ကုမ္ပဏီအလိုက်တော့ မူတွေ ပုံစံတွေ မတူပါဘူး။ တစ်ချို့ အင်တာနက်မှာ၊ သတင်းစာမှာ ကြော်ငြာလိုက်တယ်။ နောက်နေ့ လျှောက်လွှာတွေ လက်ခံတယ်၊ အဆင်ပြေမယ် ထင်တဲ့သူတွေ ဆီကို ဖုန်းဆက်ပြီး အင်တာဗျူးဖို့ ချိန်းမယ်။ နောက် အင်တာဗျူးမယ်၊ ကြိုက်ရင် လစာညှိ၊ သဘောတူရင် တစ်ခါတည်း တန်းခန့်ပေါ့။ ကုမ္ပဏီ ကြီးတွေ ကြလည်း နောက်ဆုံး လျှောက်ထားရမယ့် လျှောက်လွှာ ပိတ်ရက်ကို ထည့်ပေးထားတယ်၊ အဲဒီနေ့ မရောက်မခြင်း လျှောက်လွှာ လက်ခံတယ်၊ အဲဒီ အထဲကမှ စကာတင် စိတ်ကြိုက် ရွေးပြီး လူတွေ့ခေါ်ဖို့ အကြောင်းကြားနဲ့ အဆင့်ဆင့်ပေါ့။ ဘာပဲဖြစ်ဖြစ် ကိုယ်က လိုချင်တဲ့သူ ဆိုတော့ ၀ီရိယတော့ ပိုရမှာပေါ့။

အလုပ်တွေ လျှောက်ပြီးရင် လုပ်ရမယ့်အလုပ်က တယ်လီဖုန်းကို အချိန်ပြည့် ခေါ်လို့ ဆက်လို့ရအောင် လုပ်ထားဖို့ပဲ။ ဟိုက အင်တာဗျူးဖို့ ခေါ်မှ ဖုန်းက အားမရှိတော့တာနဲ့၊ ဖုန်းထဲမှာ ပိုက်ဆံကုန်နေလို့ ပြောမရတာနဲ့ အခက်တွေမှာ စိုးလို့ပါ။ နောက်ပြီး အလုပ်လျှောက်ထားတဲ့ ကုမ္ပဏီတွေဆီကို Follow Up လုပ်ပြီး ဖုန်းဆက်မေးဖို့ပဲ။ စကာတင် စာရင်းကို လှမ်းပြောပါ့မယ်၊ ဖုန်းမဆက်ပါနဲ့ လို့ မတားတဲ့ ကုမ္ပဏီမှန်သမျှ ဖုန်းဆက်ပြီး မေးပါ။ ငါလျှောက်ထားတယ်၊ ဘယ်လိုလဲ၊ ဘာလဲပေါ့။ သူတို့အခေါ်ကို တမေ့တမော စောင့်မနေနဲ့။ ကိုယ်က ဗီဇာပြည့်ရင် ပြန်ရမှာဆိုတာ မမေ့နဲ့။

အင်တာဗျူးခေါ်ဖို့ သွားပြီဆိုရင်လည်း တည်တည်ငြိမ်ငြိမ် ဖြစ်သင့်ပါတယ်။ သိပ်ပြီး ဂရုစိုက်နေဖို့ မလိုပါဘူး။ ရခြင်ဇောတွေ အရမ်း အားမကြီးပါနဲ့။ အ၀တ်အစားကိုလည်း ၀တ်နေကြအတိုင်း ပေါ့ပေါ့ပါးပါးပဲ ၀တ်ပါ။ သပ်သပ်ရပ်ရပ်ဖြစ်ဖို့ပဲ အရေးကြီးတာပါ။ အင်တာဗျူးသွားဖို့ အိမ်က မထွက်ခင် ဘော်ပင်၊ ခဲတံနဲ့ လိုအပ်တဲ့ ကိုယ့် စာရွက်စာတမ်း မူရင်းတွေ စုံရဲ့လား ဆိုတာပါပဲ။

အင်တာဗျူးသွားတဲ့အခါ လိုအပ်ရင် Taxi သုံးပါ။ ဘာနဲ့သွားသွား ချိန်းတဲ့ အချိန်ထက် နာရီဝက်လောက်တော့ စောရောက်နေအောင် သွားပါ။ အင်တာဗျူး ဖြေတဲ့ အခါမှာလဲ မပြာပါနဲ့။ ကိုယ့်အတွေ့ အကြုံတွေနဲ့ ကိုယ်လုပ်နိုင်တာတွေကို သူတို့သိအောင် ပြောနိုင်ဖို့ ကြိုးစားပါ။ သူတို့ကြိုက်ရင် ခန့်လိမ့်မယ်။ သိပ်အောက်ကျခံပြီး မျက်နှာငယ်လေးနဲ့ လုပ်မနေပါနဲ့။ ကိုယ့်ကိုယ်ကိုမှ ယုံကြည့်မှု မရှိဖြစ်နေရင် သူတပါးကလည်း ကိုယ်ကို ယုံရဲမှာ မဟုတ်ပါဘူး။

ကဲ … ဒီလောက်ဆိုရင်
အလုပ်ဘယ်လိုလျှောက်ရမလဲ ဆိုတာ နည်းနည်းတော့ မြင်လောက်မယ် ထင်ပါတယ်။ နောက်တစ်ခု ပြောချင်တာက ရချင်ဇော များပြီး စိုးရိမ်စိတ်တွေ ပိုမှာကို ကြိုပြင်ထားဖို့ပါ။ စင်္ကာပူကို ရောက်လို့ နှစ်ပတ်ကျော်လိုမှ အင်တာဗျူး တစ်ခုတောင် မရသေးဘူးဆိုရင် အားလုံးက ကြောင်တောင်တောင်နဲ့ ပြာလာတတ်တယ်။ လူတိုင်း ဒီလိုပဲဆိုတာ သတိပြုပါ။ ဒီက လုပ်ငန်းရှင်တွေက မြန်မာဝန်ထမ်းတွေကို ခန့်ချင်ကြတယ်။ အဲလိုပဲ မြန်မာတွေ Short Visit နဲ့လာတဲ့ Stay အခက်အခဲကိုလည်း သူတို့က သိထားကြတယ်။ အဲဒီတော့ ဈေးနှိမ်ပြီး ပေးချင်ကြတယ်။ ကိုယ်က အရမ်းကြီး မပြာပဲ စိတ်ကြိုက်ဈေး ရအောင် တောင်းနိုင်ဖို့ကတော့ ကိုယ်ရဲ့ ဥာဏ်ရယ်၊ ကြိုးစားမှု ၀ီရိယရယ်၊ အရေးကြီးဆုံးဖြစ်တဲ့ ကံရယ်ကိုပဲ အားကိုးကြရမှာပေါ့။ ပုတီးစိတ်နည်း ပေါင်းစုံနဲ့ ဘုရားရှိခိုး မျိုးစုံကို ကျက်ခဲ့ဖို့လည်း မမေ့နဲ့ပေါ့။

လစာ စိတ်ကြိုက်တောင်းနိုင်ဖို့ လိုသလို အလုပ်ချိန်တွေကိုလည်း သေချာအောင် Confirm လုပ်သင့်ပါတယ်။ စင်္ကာပူမှာ များသောအားဖြင့် တစ်ပတ်ကို ၅ ရက်ခွဲ ၆ ရက် အလုပ်လုပ်ကြရတယ်၊ တနင်္လာကနေ စနေနေ့တစ်ဝက် ဒါမှမဟုတ် စနေတစ်နေ့လုံးပေါ့။ တချို့ကတော့ ၇ ရက်အထိ လုပ်ခိုင်းတဲ့ ကုမ္ပဏီတွေလည်း ရှိတယ်။ တော်တော် ဆိုးတဲ့အလုပ်တွေပါ၊ မလျှောက်သင့်၊ မလုပ်သင့်ပါဘူး။ ဖြစ်နိုင်ရင် 5 Days Work လို့ခေါ်တဲ့ တစ်ပတ်ကို ၅ ရက်ပဲ အလုပ်လုပ်ရတဲ့ အလုပ်တွေကိုရှာပါ။

နောက်တစ်ခု ဂရုပြုရမှာက SPass, EP လျှောက်ပေး/မပေးပါ။ SPass ဆိုတာက စင်္ကာပူမှာ အလုပ်လာလုပ်တဲ့ နိုင်ငံခြားသားတွေအတွက် တရားဝင် အလုပ်လုပ်ခွင့် ပါမစ်ပေါ့။ လစာ ၁၈၀၀ ကနေ ၂၄၉၉ အတွင်းရတဲ့သူတွေကို ထုတ်ပေးတယ်။ EP ကတော့ ၂၅၀၀ အထက်ပေါ့။ အဲဒီတွေက ကုမ္ပဏီက လျှောက်ပေးရတာပါ။ သူတို့ဆီမှာ Quota ကျန်မှ လျှောက်လို့ရတာပါ။ တချို့ကုမ္ပဏီတွေက လစာကို ၁၄၀၀ လောက်ပဲပေးမယ်၊ ဒါပေမယ့် SPass လျှောက်ပေးမယ်တို့ ဘာတို့ တရားမ၀င် ညှိတတ်ပါတယ်။ မလုပ်သင့်ပါဘူး။ နောက်တစ်ခါ လစာကို နှိမ်ပြီး Over Time နဲ့ မဲဆွယ်တတ် ပြန်တယ်။ အစကတည်းက ကိုယ့်ကို မဟုတ်တာလုပ်ဖို့ စီစဉ်နေမှတော့ နောက်ပိုင်းလည်း သိပ်ကောင်းဖို့ လမ်းမရှိတာမို့ မရွေးခြယ်သင့်တဲ့ အလုပ်တွေပါ။ ကိုယ့်ပညာကို ကိုယ်ယုံတယ်ဆိုရင်တော့ 5 Days Work အလုပ်ကို ရအောင်ရှာ ၁၈၀၀ တန်တဲ့သူက ၁၈၀၀ အပြည့်ရအောင်တောင်းပြီး SPass တင်ခိုင်း။ ၂၅၀၀ ရမယ့်သူကလည်း EP တင်ခိုင်းပြီး မှန်မှန်ကန်ကန် အလုပ်ဝင်နိုင်ရင် အကောင်းဆုံးပါပဲ။

Crediat => Myanmar In Singapore

2 comments:

  1. [Shurangama Sutra]
    [The Diamond Sutra]
    [The Heart Sutra]

    ~oṃ maṇi padme hūṃ~


    /Six samsara /
    /Cause and effect/
    /Engages in introspection sees the nature/
    /Do not beg abhiññā/

    Ksitigarbha
    Amitābha

    "Bhaiṣajyaguru
    The Twelve Vows of the Medicine Buddha upon attaining Enlightenment, according to the Medicine Buddha Sutra are:
    To illuminate countless realms with his radiance, enabling anyone to become a Buddha just like him.
    To awaken the minds of sentient beings through his light of lapis lazuli.
    To provide the sentient beings with whatever material needs they require.
    To correct heretical views and inspire beings toward the path of the Bodhisattva.
    To help beings follow the Moral Precepts, even if they failed before.
    To heal beings born with deformities, illness or other physical sufferings.
    To help relieve the destitute and the sick.
    To help women who wish to be reborn as men achieve their desired rebirth.
    To help heal mental afflictions and delusions.
    To help the oppressed be free from suffering.
    To relieve those who suffer from terrible hunger and thirst.
    To help clothe those who are destitute and suffering from cold and mosquitoes."

    ReplyDelete
  2. AWSLix as aws php hosting partner provides right solution for all the new generation web developers who look for scalable cloud hosting yet sophisticated.

    ReplyDelete

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ