တရားခံအစစ်... ဘယ်သူဖြစ်လိမ့်

 ဒီဖြစ်ရပ်ကို ကြုံဆုံခဲ့ရချိန်တုန်းက ကျွန်တော်က အတော်ငယ်သေးတာ (အသက်ကို ပြောတာနော်)။ အဲ့ဒီအချိန်တုန်းက ကျွန်တော့ အသက် ဘယ်နှစ်နှစ်လောက်ရှိပြီလဲဆိုတာကို ခုချိန်မှာ ပြန်စဉ်းစားလို့တောင်မရတော့ဘူး။ ကျွန်တော့် ညီလေးတောင် အမေ့နို့ပြတ်သေးတာ မဟုတ်ဘူးဗျ။အဲ့ဒီအချိန်တုန်းက ဒီကောင်ကိုရင်ဝတ်နဲ့နို့စို့တုန်းဆိုတာကိုတော့ဖြင့် ကောင်းကောင်းကြီး မှတ်မိနေသေးတယ် :D။ ရှင်ပြုအလှူလုပ်တာကလည်း အဘိုး နဲ့ အဘွားက သားသမီးတွေရော၊ သားမက်တွေ၊ ရော၊ မြေးတွေရော အကုန်လုံးကိုစုပြီးတော့ကို ရဟန်းခံရှင်ပြု အလှူလုပ်ပစ်တာ။ သူတို့လည်း အသက်အရွယ် အတော်ထောက်လာကြပြီဆိုတော့ ဆွေမျိုးတွေကလည်း အတော်စုံတယ်။ အဲ့ဒါတွေ ထားလိုက်ပါတော့။ အလှူလုပ်တယ်ပေါ့ဗျာ။ အဘိုးအဘွားတွေကရှေးလူကြီးတွေဆိုတော့ တောအလှူဆိုတာ ဗျောဆူမှ ကောင်းမှာဆိုတဲ့ မြန်မာကန်းထရီးစတိုင်အတိုင်း ဆိုင်းတွေဝိုင်းတွေပါ ငှားပြီး ဖျော်ဖြေလိုက်သေးတာ။ သူတို့အရပ်၊ သူတို့ရွာမှာတော့ အဲ့ဒီအချိန်ကာလတုန်းက အတော့်ကို ကြီးကျယ်တဲ့ အလှူလို့ ခုချိန်ထိ ပြောစမှတ်တွင်ကျန်ရစ်ခဲ့တဲ့အထိပဲ။ ကျွန်တော်တို့ကလည်း ညီအကိုတွေ စုံမှစုံဆိုတော့ ပျော်လိုက်ကြပုံက စာထဲထည့်ရေးရင်တောင် အဲ့ဒီ အပျော်ကို ပေါ်အောင် ဘယ်လိုရေးရမယ် မသိလောက်အောင်ကို ပျော်ခဲ့ကြတာ။ ပြီးတော့ မောင်ရင်လောင်းတွေ ဦးဇင်းလောင်းတွေ မြို့ထဲကို ရှင်လောင်းလှည့်ကြတယ်ပေါ့ဗျာ။ အဲ... ပြောစရာကျန်နေသေးတယ်။ ရှင်လောင်း၊ ပဉ္စင်းလောင်းတွေကြားထဲမှာ ကန့်လန့်ကန့်လန့်နဲ့ ကျွန်တော့အစ်မ တစ်ယောက်ပါသေးတယ်ဗျ။ သူကမိန်းကလေးဆိုတော့ သီလရှင်လောင်းပေါ့ဗျာ ။ ညနေပိုင်း သင်္ကန်းတွေဘာတွေတောင်း သိမ်ဆင်းဘာညာပြီးတော့ ကိုရင်ဘ၀၊ ဦးဇင်းဘ၀တွေရောက်ကုန်ကြပြီးချိန်မှာ ဇာတ်လမ်းက စလာတော့တာပဲ။ ကိုရင်တွေ၊ ဦးဇင်းတွေဆိုတော့ ဘုန်းကြီးကျောင်းမှာပဲကျိန်းကြရတာမလား။ လူဝတ်ကြောင်တွေ အသုံးအနှုံးနဲ့ အိပ်တာကို ရဟန်းသံဃာတော်တွေကျတော့ ကျိန်းတယ်လို့ ဒက်ဖနေးရှင်း(definition) ဖွင့်ရတယ်တဲ့။ နေ့ခင်းတုန်းက အလှူမှာ တနင့်တပိုး ဘုန်းပေးခဲ့မိသမျှ ညရောက်တော့မှ ဒုက္ခလှလှတွေ့တော့တာ။ အရပ်ထဲက လူတွေ စားတယ်ဆိုတဲ့စကားကို ရဟန်းသုံးဝေါဟာရနဲ့ ဘုန်းပေးတယ်လို့ ပြောရတယ်လို့ သင်္ကန်းစည်းပေးတဲ့ ဘုန်းဘုန်းက သင်ပေးထားလို့ သိနေတာ။ အဝင်ကိစ္စတွေများထားတော့ ညဘက်လည်း ရောက်ရော အထွက်ပြဿနာတွေက စလာတော့တာပါပဲ။ အီအီးပါ၊ ရှုရှူပေါက်ဖို့အတွက် ကုဋီလို့ ခေါ်တဲ့ toilet ကို ပြေးရတဲ့ ကိစ္စက အတော့်ကို မလွယ်တာဗျို့။ ဘုန်းကြီးကျောင်းတွေဆိုတာက သိတဲ့အတိုင်း။ မမြင်အပ်၊ မမြင်နိုင်တဲ့ အစောင့်ရှောက်တွေ၊ ဘာညာတွေနဲ့ဆိုတော့ ကိုရင်တွေခမျာလည်း ကြောက်ကြတာပဲပေါ့။ ညရေးညတာ ကုဋီသွားချင်လာပဟေ့ဆိုရင် ဦးဇင်းတွေကိုနှိုးရတယ်။ ကျွန်တော်တို့ကိုရင်တစ်သိုက် စုစုပေါင်း ကိုရင်လေးငါးပါးပေါ့ဗျာ။ အပေါ့သွားရအောင် ကုဋီကိုသွားကြတာ အချိန်က ညနေစောင်းပဲရှိသေးတယ်နော်။ မိုးတောင်မှ မချုပ်သေးဘူး။ ခန့်မှန်းခြေ ညနေ (၆) နာရီသာသာလောက်ပဲ ရှိလိမ့်ဦးမယ်ထင်ပါတယ်။ ကိုရင်တပါးက ကုဋီတံခါးကို ဆွဲဖွင့်တယ်။ ဖွင့်မရဘူး။ ကျွန်တော်တို့ ကိုရင်တွေ စိတ်ထဲမှာတော့ အထဲမှာသံဃာတစ်ပါးပါးရှိနေလို့ဖြစ်ပါလိမ့်မယ်။ အထဲက ကိုယ်တော် စိတ်ဖြောင့်လက်ဖြောင့် ကိစ္စဖြတ်ပါစေလေဆိုပြီး ခဏစောင့်တယ်။ မထွက်လာဘူး။ ကြာလာတော့ ဒီကကိုရင်တွေလည်း ကိစ္စက ထိပ်ဝကိုရောက်လာပြီဆိုတော့ မအောင့်နိုင်ကြတော့ဘူး။ အဲ့ဒါကြောင့် တံခါးကို ထပ်ခေါက်လိုက်တယ်။အဲ့လို ခေါက်လိုက်တော့ အထဲကနေ တံခါးကို ပြန်ခေါက်သဗျ။ သြော်...မပြီးသေးဘူးထင်ပါရဲ့လေဆိုပြီး ကိုယ့်ဝေဒနာကို ကျိတ်မှိတ်ပြီး ထပ်စောင့်နေကြတာပေါ့။ ကုဋီထဲမှာရှိနေတာက ကျွန်တော်တို့လို ကိုရင်အချင်းချင်းဆိုရင် အကြောင်းမဟုတ်ပေမယ့် ကိုယ့်ထက် အသက်အရရော၊ ရဟန်းဝါအရရော ပိုကြီးတဲ့ ဆရာတော် တပါးပါးဖြစ်နေရင် ခဏခဏတံခါးခေါက်နေရလားဟ ဆိုပြီး ရိုက်မှာ၊ ဆူမှာကိုလည်း ကြောက်ရသေးတယ်လေ။ ဒီလိုနဲ့ ခန္တီပါရမီဖြည့်ဆည်းရင်း စောင့်နေလိုက်ကြတာ နောက်ထပ် (၁၀)မိနစ်လောက်ကြာတယ်။ ချုပ်တည်းနိုင်စွမ်းမရှိတော့တဲ့ ကိုရင်တွေကတော့ သင်္ကန်းဖို့ယို့ဖားယားနဲ့ ကိုယ့်အိမ်ကို ဒုန်းစိုင်းပြန်ပြေးကုန်ကြပြီ။ (ဘုန်းကြီးကျောင်းနဲ့ကျွန်တော်တို့အိမ်ကသိပ်မဝေးဘူးဗျ နီးနီးလေးရယ်) ကျွန်တော်နဲ့ အတူ နောက်ထပ် ကို၇င်နှစ်ပါးကတော့ သိပ်မပေါက်ချင်သေးတော့ ဆက်စောင့်နေလိုက်ကြရော။ စိတ်ထင် နောက်ထပ် မိနစ် (၂၀) လောက်ကြာသွားမလားပဲ။ အဲ့ဒီမှာ ကိုရင်တပါးက.............. ဟေ့ကောင် ငါတို့လည်း အိမ်ပဲပြန်လိုက်ပြီး ကိစ္စရှင်းလိုက်ရင် ကောင်းမယ်ထင်တယ်။ မထွက်လာသေးဘူးကွ...... လို့ ပြောလာတယ်။ အေးကွာ။ နောက်ဆုံးတစ်ခါတော့ ခေါက်ကြည့်လိုက်ပါဦးမယ်....ဆိုပြီး တံခါးသွားခေါက်ပါရော။ အထဲကလည်း ပြန်ခေါက်သဗျ။ ကျွန်တော့အကို ကိုရင်ကလှမ်းမေးတယ် ကုဋီထဲက ဘယ်သူပါလဲ ဆိုတော့ မဖြေပဲနဲ့တံခါးကိုငါးခါ ပြန်ခေါက်သဗျ။ အချိန်ကလည်း (၆)နာရီခွဲတော့မှာဆိုတော့ မှောင်စပျိုးလာပြီဆိုတော့ ကျွန်တော်တို့ ကိုရင်ပေါက်စလေးတွေလည်း ကြောက်တော့ ကြောက်လာကြပြီလေ။ (ဘုန်းကြီးကျောင်းမှာကလဲ ပေါင်တိုကြီးဆိုလားဘာလား ကြားထားတာဗျ)။ ကျွန်တော်တို့ ကိုရင်ညီကိုတွေ တစ်ပါးမျက်နှာကို တစ်ပါး အပြန်အလှန်ကြည့်ပြီး ပြေးကြပါရောဗျာ။ ကိစ္စကိုတော့ အိမ်မှာပဲသွားရှင်းလိုက်ကြရတယ်။ (ဘုန်းကြီးကျောင်းက ကုဋီတွေက အဲ့တုန်းကနည်းနည်းလေးဗျ တစ်ခုနဲ့တစ်ခုဝေးလည်း မနည်းကြီးလှမ်းနေသေးတယ်) ။ နောက်တစ်ခုက ကျွန်တော်တို့ကိုရင်တွေကြုံရတာမဟုတ်ပဲ ကျွန်တော်တို့ ဦးလေး ဒုလ္လဘဦးဇင်းတွေ ကြုံကြရတာ။ သူတို့နဲ့အတူ ရဟန်းပြုနေတဲ့ ကျွန်တော့ မွေးသဖခင်ပါပါးကတော့ မကြုံလိုက်ရဘူး။ သူတို့ဦးဇင်းနှစ်ပါး ကျောင်းအောက်မှာ အေးအေးလူလူ စကားထိုင်ပြောနေကြတယ်။ အချိန်ကတော့ ည (၈) နာရီလောက်ပေါ့။ ကျွန်တော်တို့ကိုရင်တအုပ်ကတော့ တနေကုန် ဆော့လိုက်၊ ဆွမ်းတွေ တဖြဲနှစ်ဖြဲ ဘုန်းပေးလိုက်နဲ့မို့ စောစောစီးစီး ကျိန်းနေကြပြီ။ အိမ်သာမှာ ကြုံထားတဲ့ အတွေ့အကြုံကလည်း ရှိထားပြီးသားဆိုတော့ ဘယ်ကိုရင်မှ မအိပ်ပဲ မနေရဲဘူးလေ။ အဲ့မှာ ဦးလေးတစ်ယောက်(ဦးဇင်းတစ်ပါး) ကို ပုခုံးလာပုတ်ပါလေရော။ နောက်ပြန်လှည့်ကြည့်တော့လည်း ဘာမှမရှိဘူးတဲ့။ ဘေးမှာ အတူရှိနေတဲ့ ဦးဇင်းကို မင်းပုတ်တာလား လို့မေးတော့ ဘာလဲ တဲ့။ မဟုတ်ပါဘူး ဘာဖြစ်လို့လဲ လို့ပြန်မေးတော့ ... ငါ့ပုခုံးကိုတစ်ယောက်ယောက်လာပုတ်လို့ ..... လို့ တဲ့ ။ ဟမ်.....ငါတို့နှစ်ယောက်တည်းထိုင်နေတာလေကွာ။ ဒီ့ပြင်ဦးဇင်းတွေကိုရင်တွေလဲလာတာမတွေ့ပဲနဲ့ဘယ်သူကပုတ်တုန်း တစ်ယောက်ယောက်လာစတာလားဟ..... ဆိုပြီးရှာကြတယ်တဲ့။ အနီးအနားမှာလည်း ဘယ်သူမှမရှိဘူးတဲ့ဗျ။ကျောင်းအောက်မှာ ဆက်မနေရဲကြတော့တာနဲ့ သူတို့နှစ်ပါး ကျောင်းပေါ်ပြန်တက်လာကြတယ်။ နောက်တစ်ခါကျတော့ ကျောင်းကကိုရင်ကြီးတွေကိုယ်တိုင်ဖြစ်တာဗျ ။ ကျွန်တော်တို့တွေ လူမထွက်ခင်ရက်ကလေးတင်ပဲ ဖြစ်သွားတာ။ ကျွန်တော်တို့ကတော့ မိုးလင်းမှကိုရင်ကြီးတွေပြန်ပြောပြလို့သိရတာ။ ဖြစ်တုန်းကမသိလိုက်ဘူး။ အဲ့ဒီကိုရင်ကြီးပြန်ပြောပြတာကတော့ ညဘက်သူအိပ်တာက သူ့အိပ်ယာပေါ်မှာပါပဲတဲ့။ညဥ့်နက်ချိန်ရောက်လို့ သူတစ်ရေးနိုးတော့ ကျောင်းရဲ့လှေကားအ၀မှာရောက်နေတာတဲ့ဗျို့။ လှေကားပေါ်ကဆွဲမချတာကံကောင်းပေါ့ ။ အဲ့ဟာနဲ့သူလည်း အိပ်ချင်မူးတူးနဲ့ ဘာလဲဟဆိုပြီး သူ့အိပ်ယာသူပြန်လာခဲ့တယ်တဲ့။ နောက်တစ်ခါ အိပ်ပျော်ခါနီးတော့ လာဆွဲပြန်ရောတဲ့ဗျာ ။ ဒီတော့မှ ကိုရင်ကြီးလည်း သူ့ကိုလာခြောက်နေတာမှန်း သဘောပေါက်သွားတယ်။ ကိုရင်ကြီးလည်း တတ်သမျှ မှတ်သမျှ၊ ရသမျှ ဘုရားစာတွေရွတ်ဘာတွေရွတ်ပေါ့ဗျာ။ ကိုရင်တွေဆိုတော့ရတာပေါ့။ သူ့ခမျာ အဲ့ဒီညက ကောင်းကောင်းမအိပ်ခဲ့ရဘူးတဲ့။ မနက်ဆွမ်းစားဆောင်မှာ အာရုဏ်ဆွမ်းဘုန်းပေးပြီး ကျောင်းအပြန်မှာပြောပြတယ်ဗျ။ သယ်ရင်းတို့ရော........အဲ့လိုကိုရင်တွေဦးဇင်းတွေဝတ်တုန်းက ဘုန်းကြီးကျောင်းတွေမှာသရဲအခြောက်ခံဖူးကြလားဗျ။ ကျွန်တော်ကတော့ တကယ်ပဲ သရဲနဲ့တွေ့တာလား၊ တယောက်ယောက်က လုပ်ကြံဇာတ်လမ်းတွေ ဖန်တီးပြီး ကျွန်တော်တို့ကို ခြောက်လှန့်လိုက်တာလားဆိုတာ ခုချိန်ထိ ဝေခွဲလို့ မရသေးပါ။ ကိုKyawHtet ရေးသားပေးလာတဲ့ အကြောင်းအရာလေးကို ပြန်တင်ပေးလိုက်ပါတယ်။ ဇာတ်ကြောင်းပြန်ပြောသူရော၊ ဖတ်ရှုသူများကိုပါ ကျေးဇူးတင်လျက်..
Credit to myanmarghoststory.blogspot.com

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ