ကျွန်တော်အနေနဲ့ ၀ိဥာဉ်၊ သရဲ၊ နာနာဘာဝများကို အယုံအကြည်မရှိခဲ့ပါ။ အရင်က ကိုယ်တိုင်လည်း မတွေ့ခဲ့ဘူး..၊ မမြင်ဘူးတာကြောင့်လည်း ပါမယ်ထင်သည်..။ သိုပေမယ့် ဒီကမ္ဘာ လောကကြီးမှာ ၀ိဥာဉ်၊ သရဲ တွေ တစ်ကယ် ရှိတယ်ဆိုတာကို ကျွန်တော် ယုံကြည်ရမယ့် အကြောင်းတရားတွေ အများကြီးနဲ့ တွေ့ကြုံခဲ့ရပါတယ်..၊
သူတို့ဟာ လူကို ဆက်သွယ်ရခြင်း အကြောင်းအရင်းကတော့ အဓိက ၂ ချက်ပဲရှိပါတယ်…၊ ပထမ ၁ ချက်က သူတို့ ကျွတ်လွတ်ဖို့အတွက် လူသားတွေကို အမျှဝေစေချင်လို့ ဆက်သွယ်ကြတာဖြစ်ပါတယ်…၊ ဒုတိယ တစ်ချက်က ရည်ရွယ်ချက်နဲ့ ခြောက်လှန့်ကြတာပါ..၊ ဒါကတော့ နည်းပါးလွန်းတယ်လို့ ပြောရပါမယ်..။
ကျွန်တော်ကြားဖူးတာကတော့ လူတစ်ယောက်ဟာ ကံနိမ့်နေရင် ဒီဝိဥာဉ် သရဲ တွေရဲ့ ကိုယ်ထင်ပြမှု၊ ခြောက်လှန့်မှုကို ခံရရတတ်ပါတယ်..၊ ဒါပေမယ့် နာနာဘာဝကိုကျရောက်နေသူက ကိုယ့်ရဲ့ ဆွေမျိုးသားချင်း ဖြစ်နေမယ်ဆိုရင်တော့ ကံမနိမ့်လည်းပဲ တွေ့ရတတ်ပါတယ်…၊
ပထမဆုံး နဖူးတွေ့ ဒူးတွေ့
ကျွန်တော် အသက် (၁၂) သားအရွယ်လောက်မှာပါ..၊ ၁၂ သားဆိုပေမယ့် ကျွန်တော် သူများလို သရဲ မကြောက်တတ်ပါဘူး..၊ ကလေးတွေထဲမှာတောင် သတ္တိရှိတယ်ဆိုပြီး ချီးကျူးခံရပါတယ်..၊ တစ်ညမှာ ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက် လသာသာနဲ့ ကစားနေကြပါတယ်…၊ ဘာကစားနေလဲ ဆိုတာကိုတော့ ကျွန်တော်မမှတ်မိတော့ပါ…၊ အဲဒီမှာ သူငယ်ချင်းတစ်ယောက်က ဆော့နေရင်းကနေ…”မီးလုံးကြီး..၊ မီးလုံးကြီး” လို့ အော်လိုက်တယ်…၊
ကျွန်တော်တို့အားလုံး ကြောင်သွားကြတယ်..၊ ပြီးတော့ သူခွက်ထိုးခွက်လန် ရီပါတော့တယ်…၊ ၁ မိနစ်လောက်လည်း ရီပြီးရော… အားရပါးရ ငိုချပါတော့တယ်..၊ ငိုတယ်ဆိုတာတောင် အသံကိုကြားရရုံလောက် ငိုတာ မဟုတ်ပါဘူး..၊ အာခေါင်နီအောင်…အသားကုန် ငိုဖြဲတယ်လို့ ဆိုရမလောက် အောင် အော်ငိုတာပါ… အော်ငိုသံက အရမ်းကျယ်တော့ လူကြီးတွေ မိဘတွေ ထွက်လာကြည့်ကြတာပေါ့ ဘာမှ လည်း မေးလို့မရဘူး…၊ အော်ပဲငိုနေတော့တာ…၊ အဲဒါနဲ့ လူကြီးတွေက သရဲဝင်ပူးပြီ ဆိုပြီး ဘုန်းကြီးပင့် တဲ့သူကပင့်.. ရေမန်းတိုက်ဖို့ လုပ်တဲ့လူကလုပ်နဲ့ အလုပ်ရှုပ်နေကြတယ်..၊ ခဏကြာတော့ ဘုန်းကြီးတစ်ပါး ပင့်လာတယ်..၊ ဘုန်းကြီးကိုလည်း မြင်ရော… ငိုနေတာ ချက်ချင်းရပ်သွားတယ်..၊ မျက်ထောင့်ကြီးတွေနီ…၊ အံတွေကြိတ်ပြီး… ပါးစပ်ကလည်း တတွတ်တွတ် ရွတ်နေတယ်…၊ ဘာတွေ ရွတ်နေလည်းတော့ မသိဘူး..၊ အံတွေကြိတ်ထားတာများ သွားတောင်ပဲ့တယ်ဗျာ…၊ ဘုန်းကြီးက မေးတယ်…၊ ဘယ်သူလဲ…၊ ဘယ်ကလဲ..၊ ဘာဖြစ်ချင်လို့ဒီလိုလုပ်ရတာလဲ…၊ အခုလိုလုပ်နေတာ ခံရတဲ့ ကလေးက ဘယ်လောက်သနားဖို့ကောင်းလဲ ..ဘာညာနဲ့ ချော့ပြောတာပေါ့… ဘုန်းကြီးက ဒီလိုမေးတော့ ချက်ချင်းကြီး မဖြေသေးဘူး..၊ ခဏကြာမှ… စကားသံ စထွက်လာတယ်… ထွက်လာအသံက မိန်းကလေးအသံ… ကလေးပဲရှိအုံးမယ်ထင်တယ်…၊ ကျွန်တော့်မှာ ယောက်ျားလေး ကနေ မိန်းကလေး အသံလေးနဲ့ စကားပြောတာမြင်တော့ ကြက်သီးဖြန်းခနဲ ထသွားတာပဲ…၊ သူ့နာမည်က သင်းသင်းအေး ဖြစ်ကြောင်း၊ ဒီရပ်ကွက်မှာပဲ နေကြောင်း၊ လွန်ခဲ့တဲ့ နှစ်နှစ် လောက်က ဆုံးသွားတာဖြစ်ကြောင်း..၊ သူလည်း ကျွန်တော်တို့အတူ ဆော့ချင်နေတာကို ကျွန်တော်တို့က သူ့ကို ဂရုမစိုက်..၊ မခေါ်ကြောင်း..ဒါကြောင့် စိတ်တိုပြီး အခုလိုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းပြပါတော့တယ်..။
ကျွန်တော်သူပြောနေတာကို ကြည့်နေရင်း သိရတာက သူ့ပြောပုံဆိုပုံ သူ့လေသံဟာ ကျွန်တော်တို့ သူငယ်ချင်း သင်းသင်းအေးနဲ့ တစ်ထပ်ထဲ တူနေတယ်ဆိုတာပါပဲ..၊ သူက သဘောကောင်းတဲ့ သူငယ်ချင်းမလေးပါ..၊ လွန်ခဲ့တဲ့နှစ်နှစ်က ၀မ်းပျက်ဝမ်းလျောရောဂါနဲ့ ဆုံးသွားခဲ့တာပါ…။ သူက မကျွတ်မလွတ်ပဲ ကျွန်တော်တို့ ဆော့နေတာကိုမြင်တော့ သူလည်း ဆော့ချင်နေတာနေပါလိမ့်မယ်..၊ ကျွန်တော်တို့ကလည်း သူ့ကိုမမြင်ရတော့ နောက်ဆုံး စိတ်တိုပြီး ၀င်ပူးလိုက်တာဖြစ်ပါလိမ့်မယ်..၊
နောက်ဆုံး ဘုန်းကြီးလည်း ချော့မော့ပြီး ထွက်ခိုင်းတော့ သူထွက်သွားပါတယ်..၊ အပူးခံရတဲ့ကောင်လေးက မျက်လုံးကြီးပြူးပြီး ကြောင်နေပါသေးတယ်..၊ ခဏကြာမှ ရေဆာတယ်..ရေဆာတယ်.. ဆိုပြီးပြောလို့ ရေသောက်လိုက်မှ နဂိုအတိုင်း ပြန်ဖြစ်သွားပါတယ်..။
လူကြီးတွေလည်း သင်းသင်းအေးရဲ့ မိဘတွေကို အကြောင်းကြား..၊ နောက်နေ့ကို အလှူလုပ်၊ အမျှဝေပေးလိုက်တာ အမျှရသွားတယ်ထင်ပါရဲ့… ခုထိတော့ သူနဲ့ ပတ်သက်တာ ဘာမှ မတွေ့ရတော့ပါဘူး..။
ဖိုးသူတော် (www.phothutaw.com)
Credit: အောင်ထွန်းဦး

No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ