ပထမနေ့ အတွေ့အကြုံကတော့ မဆိုးဘူးဗျ….ဒါပေမယ့် ဘ၀တွေ တော်တော်သိလိုက်ရတယ်…။ ဒီနေ့ကတော့ နေရာပြောင်းမယ်လို့ တွေးမိပြီး…ရန်ကင်းစင်တာဘက်ကို ရွေ့လိုက်တယ်..။ အဲ့နေရာမှာလည်း ပလက်ဖောင်းဈေးတန်း ရှိတယ်လေ….။
တစ်နေရာစာလောက်တော့ ရကောင်းပါရဲ့ဗျာ…။ မနေ့က ရတာလေးကို စုထားလိုက်တယ်လေ…..ရွှေတိဂုံဘုရားမှာ ညလုံးပေါက် မီးလှုရင်ကောင်းမလား..အခြားသော ကိုယ့်ထက် နိမ့်ပါးနေတဲ့ဘ၀တစ်ခုခုကို အချိန်ပိုင်းသဘောလေးပဲ ဖြစ်ဖြစ် ကူညီရင် ကောင်းမလားတော့ စဉ်းစားဆဲပါဗျာ..။
မနေ့ကတော့ ဖုန်းသံတိုးထားမိတာ…သူငယ်ချင်းတွေ ဖုန်းဆက်မရလို့ ကျွန်တော့်ကို ပြောကြတာလည်း အမှတ်တရ ပေါ့ဗျာ..ဟီး..။ကျွန်တော်လည်း မကြားမိဘူးလေ…ရောင်းကောင်းနေတာကိုး…အဲလေ…. တားရော့အဟောကောင်း နေတာကိုး…
ရန်ကင်းစင်တာဘက်ရောက်တော့ နေရိပ်တဲ့နေရာတော်တော်ရှာရပါတယ်…။
လူအရမ်းမလျှောက်တဲ့နေရာရယ်လို့ ကြည့်မိတော့ ပန်းခြံနားကို တွေ့မိတယ်…အပင်ရိပ်လည်း ရှိတယ်ပေါ့လေ..။ အဲ့တာနဲ့ ကျွန်တော်လည်း လမ်းဆုံနဲ့မလှမ်းမကမ်းနားကို နေရာယူလိုက်ပါတယ်။ မနေ့ကလို ပေါင်ချိန်စက်လေးချ…ဗီနိုင်းစလေးခင်းပြီး…..
ပေါင်ချိန် ဗေဒင်ဟောသည်။
ရောက်နေတဲ့အချိန်ကိုလေ့လာမိတော့ ၈ နာရီခွဲပဲ ရှိသေးတယ်ဗျ…။လူစုစု စုစုလေးတွေ နှစ်ယောက်စ..သုံးယောက်စ သွားနေကြတယ်..။ ယူနီဖောင်းကိုယ်စီနဲ့ လုပ်ငန်းခွင်ဝင်ရမယ့်သူတွေကိုလည်း ခက်ခဲတဲ့လိုင်းကားကြပ်ကြပ်ကြားထဲမှာ မြင်နေရပါတယ်။
အဲ့ဒီလို လျှောက်ငေးနေတုန်း….
ယောက်ျားလေး (၁)ယောက်..မိန်းကလေး(၄)ယောက် အစုတစ်စုက ကျွန်တော့်ရှေ့ကို လာရပ်တယ်..။ ပုံစံတွေကို သေချာကြည့်နေရသေးတယ်..ဟိုတနေ့ကလို ဈေးကောက်ဖြစ်နေမှာ စိုးလို့..။
"ခင်ဗျားက ဗေဒင်ဟောပေးတာလား.."
"ဟုတ်ကဲ့ခင်ဗျ.…ပေါင်လည်းချိန်ပေးတယ်…ဗေဒင်လည်းဟောပေးပါတယ်.."
သူတို့အချင်းချင်း တီးတိုးစကားအချို့ဆိုပြီး….တစ်ယောက်က
"ကျွန်တော်အရင် ပေါင်ချိန်မယ်…"
"ဟုတ်ကဲ့…၁၄၂ ပေါင်ဗျ "
"ဟုတ်ကဲ့…ဗေဒင်မေးလို့ပြီလား…"
ဟုတ်ကဲ့..လို့ ပြောပြီး အဆိုပါ လူငယ်လေးကို ထိုင်ခိုင်းလိုက်ပါသည်။ သူထိုင်လိုက်တော့ နောက်တော်ပါသူငယ်ချင်း မိန်းကလေးများကလည်း လိုက်ထိုင်ကြပါသည်။ ကျွန်တော်လည်း တားရော့ကဒ်ကို ခုံလေးပေါ်သေချာတင်ပြီး..ကဒ်ဆွဲရန် ပြောလိုက်ပါသည်။
"……"
ကျလာသောကဒ်က ကဒ်နံပါတ် ၂၁ ( The World) ကဒ်ပါ..။
သူက ဘာဆိုတာကို မမေးသေးပေမယ့် ကျွန်တော်ကတော့ နည်းနည်းသိနေပါသည်။ဒါပေမယ့်…မေးလိုက်ပါသည်။
"ဘာသိချင်လဲ..မေးပါ.."
"ကျွန်တော်တို့ တစ်ဖွဲ့လုံးက နိုင်ခြားငံကို သွားဖို့..အဲ..နိုင်ငံခြားကို သွားမလို့ပါ..အဲ့တာ အဆင်ပြေပြေရောက်မလားသိချင်ပါတယ်"
"ဟုတ်ကဲ့..သေချာပေါက် အဆင်ပြေပြေသွားရောက်ပါမယ်.."
"ဒါဆိုရင် ကျွန်တော်တို့ အားလုံးသွားရမယ်ပေါ့နော်..ဆရာ.."
"အဲ့တာ သိချင်ရင်တော့ နောက်တစ်ခွန်း ထပ်မေးရပါလိမ့်မယ်"
ကျွန်တော်လည်း ဟန်ကိုယ့်ဖို့ပေါ့ဗျာ…ပြောရတာပေါ့လေ…ဒါပေမယ့် ထင်သလို မဖြစ်ဘူးဗျ…သူက တစ်မျိုးမေးလာတယ်..။ အဲ့တော့လည်း ထားရှိထားတဲ့ စည်းမျဉ်းများအတိုင်း..
"ကျွန်တော်တို့ မေးချင်သလောက်မေးမယ်…ဆရာလေးက ၅ယောက်စာ ၅၀၀၀ အပြတ်ယူထားလို့ ရလား"
"မရဘူးဗျ….ကျွန်တော်က ဈေးရောင်းနေတာ မဟုတ်လို့ပါ..။"
"အင်းလေ…ဒါဆိုလည်း မေးသလောက်သာ မှတ်ထားတော့ဗျာ…ပေးမယ်.."
အဲ့လို ပြောပြီး ကောင်မလေး ၄ ယောက်က စီနီယာစဉ်နေပါသည်။ ပြီးလည်းပြီးရော..တစ်ယောက်က စပြီး..
"Shopping ထွက်တယ် ဆိုပေမယ့် အဆင်ပြေရင် အလုပ်လုပ်ချင်တယ်….ရမလား..ဆွဲမယ်..ဆရာ"
"ခဏ..ခဏနေပါဦး….အလုပ်လုပ်ချင်တယ်…ရမလားလို့ မေးပါ..အဲ့လို တိကျတာ ပိုကောင်းပါတယ်"
"ဟုတ်..ဆွဲပြီ..ကဒ်"
ကျွန်တော့်ကို လျှာရှည်ရန်ကောဟု..ထင်နေပုံရပါတယ်..။ ကျလာတဲ့ကဒ်ကို ကြည့်မိတော့..The Fool
စိတ်ထဲမတော့..အရူးမလေး…..အရူးထချင်နေတာ မသိတာ မှတ်လို့….ဖြေလိုက်တာကတော့..
"မရဘူးဗျ…ခင်ဗျားလေး အဲ့လိုလုပ်တာ မိဘတွေ သိသွားရင် လက်ခံမယ် မထင်ဘူး…ပေးသွားမှာလည်း မဟုတ်ဘူး.."
"ဟဲ့..မှန်တယ်ဟ…ဥမ္မာ…နင့်အမေတွေ သိသွားရင် မရဘူးနော်…"
နောက်တစ်ယောက်က ၀င်ပြောပါသည်။ ဥမ္မာ ဟူသော အမျိုးကောင်းသမီးက ကျေနပ်ဟန်..မတူသေးပါ.. နောက်တစ်ခွန်းထပ်မေးရန် ပြောပါသည်။ကျွန်တော်လည်း ကန်စတမ်မာများ ဈေးနှုန်းချိုသာစွာ တားရော့မေးနိုင်ရေးအတွက် ဈေးလျော့ထားတာ ဆိုတော့ မေးနိုင်ကြတာပေါ့လေ….မေးစေ…ပေါ့လေ..။
သူ ချိုးချလိုက်သော နောက်တစ်ကဒ်က The Sun ကဒ်….သူမေးလိုက်တာက…
"အလုပ်မလုပ်ဘဲ..Shopping ပဲထွက်မယ်…မုန့်ဖိုး ငါးသောင်းလောက်တောင်းသွားရင် ရမလား.."
"ရမယ်..သေချာတယ်..ဒါနဲ့ ငါးသောင်းနဲ့လောက်ပမလားဗျ.."
"လောက်ပါတယ်..ဆရာရယ်..တစ်ကယ်ရရင် သာယာပြီ..သမီးက အစိမ်းတောင်းတာလေ…ဆင်မဟုတ်ဘူး…."
"ဗျာ…ကောင်းရောဗျာ…"
ကျွန်တော်ပါ မျက်ပြူးလုံးသွားတယ်….ဆင် စိတ်မ၀င်စားမှန်းတော့ သိပါတယ်..ဒါပေမယ့် အစိမ်းငါးသောင်း နည်းလားဗျာ…သူများတွေများ ကံကောင်းလိုက်တာနော်..ကျွန်တော်ကတော့ လမ်းဘေးရောက်နေပြီ…..ဟိ..
"နင်ပြီးရင်..ဖယ်ဟာ…ငါတို့လည်းမေးမယ်…"
"အေးလေ…နင်ကြီးပဲ.."
"ငါလည်းမေးမယ်လေ…."
တစ်ယောက်တစ်ပေါက်နဲ့ ၀ိုင်းပြောကြပါတော့သည်။ တစ်ယောက်ကို တစ်ပေါက်ပဲ ပါတာလည်း မှန်ပါတယ်…ပါးစပ်…။ ၀ိုင်းပြောတာလည်း မှန်ပါတယ်….ပလက်ဖောင်းပေါ်မှာ…..အဲ့တော့….ကျွန်တော်ကလည်း…
"တစ်ယောက်ရှေ့တိုးလာပါ….ပြီးတော့မှ နောက်တစ်ယောက်ပေါ့ဗျာ.."
"ဟုတ်…မေးချင်တာ..တက်ချင်တဲ့ကျောင်းမှာ စကောလားရှစ် ရမှာလား…."
"အမေးရှိတော့လည်း အဖြေရှိရတာပေါ့ဗျာ.."
ပြောရင်းနဲ့ ကဒ်ကို ကြည့်လိုက်ပါသည်..။ ကဒ်နံပါတ် ၁၁ .. Justice …အဲ့တာကျရင် ဖြေရတာ နည်းနည်းခက်တယ်..
"ကြိုးစားမှုပေါ်လည်း အများကြီးမူတည်နေတယ်….ကြိုတင်ပြင်ဆင်ထားနိုင်မှ အဆင်ပြေမယ်..အဲ့ဒါမှ စကောလားရှစ်ရမယ်."
"မတင်မကျကြီးလိုပဲ…ရှင်ဖြေပေးတာက…"
"ဒီကဒ်က သင့်ကိုယ်ပိုင်အရည်အချင်းပေါ်အများကြီး မူတည်ပါတယ်..။ သင်မှန်မှန်ကန်ကန်လုပ်နိုင်တာကို ပိုအောင်မြင်လာအောင် ထောက်ပံ့ပေးနိုင်တာမျိုးပါ.."
"ဒါဆိုရင်….ပညာရေးကံအထောက်အပံ့ရအောင်…သူရဿတီ ဂါထာရွတ်ရင် ရမလား.."
"ဟုတ်….ရကောင်းရနိုင်ပါတယ်…စိတ်သာ အဓိကပါ..။ "
"တဲရော့ နဲ့ အဆောင်ပေးလို့ရော ရမလား….?"
"ရပါတယ်..ချက်ခြင်းတော့ မရဘူး…၃ ည စောင့်ရမယ်…..နောက်တစ်ရက်မှ ရမယ်…အဲ့အတွက် ပညာကြေးရတော့ တစ်သောင်းကျမယ်..ဖြစ်လား.."
"တစ်သောင်းက အရေးမကြီးပါဘူး…ရှင့်ကို ဘယ်လိုယုံရမလဲ…လမ်းဘေးမှာ ထိုင်ဟောနေတာ ဆိုတော့လေ.."
အင်း….သူပြောတာလဲ..ဟုတ်လား…။ ကျွန်တော့်မှာ Visiting Card တွေပါတာပဲလေ…။ အဲ့တာနဲ့ လှမ်းပေးလိုက်ပြီး..
"ဒီမှာ အလုပ်ကဒ်ပါ….ဆက်သွယ်လိုက်ပါ..တစ်ကယ်လုပ်မယ်ဆိုရင်ပေါ့လေ.."
"နည်းနည်းထပ်မေးလို့ ရမလား..ဗေဒင်တော့ မဟုတ်ဘူးလေ.."
သူ တစ်ခုခုကို သိချင်နေတယ် ထင်ပြီး…မေးခွင့်ပြုလိုက်ပါသည်။
"ဆရာ့ အရည်အချင်းနဲ့ ဘာလို့ လမ်းဘေးမှာ ပေါင်ချိန်ဗေဒင် ဟောသည် လုပ်နေရတာလဲ.."
"လူတွေကို ကူညီရင်း လူတွေအကြောင်းကို လေ့လာချင်လို့.."
ကျွန်တော်လည်း ရိုးရိုးသားသား ပြောပြလိုက်ပါသည်။ သူမက ကျွန်တော့်ပုံစံကို ကြည့်ပြီး တစ်ခုခု ပြောချင်နေပုံရပါသည်။ ထိုအချိန်မှာပဲ…နောက်တစ်ယောက်က သူ့ကို ဖယ်ပြီး တားရော့မေးဖို့ ၀င်ထိုင်လာပါသည်။
"ဆရာ…သမီးလည်း မေးမယ်..."
"ဟုတ်ကဲ့…."
တားရော့ကဒ်များကို ခဏ လှည့်ပတ်မွှေနှောက်လိုက်ပြီး သူ့ရှေ့ ချပေးလိုက်ပါသည်။ ခုနကတစ်ယောက်က အဆောင် လုပ်ထားပေးပါ…ဆိုပြီး…သူ့ Visiting Card ကို လှမ်းပေးပါသည်။ အဲ့အချိန် ရှေ့ကတစ်ယောက်ကလည်း ကဒ်ကို ချိုးချလိုက်ပါသည်။ ကျွန်တော်လည်း ကဒ်ကို မကြည့်သေးဘဲ…
"ဘာမေးချင်တာလဲ…အရင်ပြောပါဗျာ.."
"၂ ယောက် ရှိတယ်…တစ်ယောက် ရွေးမယ်…ဘယ်သူလဲ.."
အင်း..လူတစ်ကိုယ် စိတ်တစ်မျိုး ဆိုတဲ့ စကားရယ်……စိတ်တစ်ခု ယုတ်ကိုးဆယ် ဆိုတဲ့စကားပုံရယ် ပေါင်းလိုက်ရင်..၈၉ ယောက်ထဲက နှစ်ယောက်….နှစ်ယောက်ထဲက တစ်ယောက်ကို သိချင်တာနဲ့တူတယ်….။ ကဒ်ကိုပဲ သေချာကြည့်ရ တော့မှာပေါ့လေ…။
"ခန္ဓာကိုယ်တောင့်တောင့်..ဆံပင်နည်းနည်းကောက်ချင်နေပြီး…ခင်ဗျားနဲ့ ခပ်ဝေးဝေးမှာ ရှိနေတဲ့တစ်ယောက်… သူနဲ့တွေ့ရအောင် အသိတစ်ယောက်က မိတ်ဆက်ပေးခဲ့တာ…သူကပဲ အောင်သွယ်လုပ်နေတာ။ပြီးတော့ အခုသွားတဲ့ ခရီးစဉ်ထဲမှာ သူနဲ့တွေ့ဖို့လည်းပါတယ်..ခရီးသွားရင်တော့ အဆိပ်ရှိတဲ့သတ္တ၀ါ သတိထားပေးပါ။"
"ဟား….မှန်တယ်ဟ….ဘာကဒ်ကျလဲ….သိလို့ရမလားဟင်.."
"ရပါတယ်….ကျတဲ့ကဒ်က နံပါတ် ၆ ကဒ်…The Lover Card ဖြစ်ပါတယ်.."
"ထပ်မေးချင်တယ်…..သူနဲ့ အိမ်ထောင်ကျနိုင်လားဟင်.."
အင်း…စာဖတ်သူတို့ရေ….ဒီကောင်မလေးကတော့ အဖြေမပေးဘဲ….ကြိတ်ခိုက်နေတာဗျ…။ သိလား..။ နှစ်သီးစား မရလို့ အခုလိုဖြစ်နေတာကို တားရော့ဟောပေးရင်းနဲ့ သိလာတယ်ဗျ..။ ကျွန်တော်ကတော့ တက်သည့်ပညာ မနေသာ ဆိုတော့..နောက်တစ်ကဒ်ချိုးစေဖို့ လှမ်းပြလိုက်ပါတော့သည်..။
သူမလည်း နားလည်မှု ရှိစွာဖြင့် ကဒ်ချိုးလိုက်ပါသည်..။ ကျလာသော ကဒ်က..နံပါတ် ၇ စစ်ရထားကဒ်ပါ…။ နောက်ပြီး တားရော့ကဒ်က သာမန်အားဖြင့် ၆ လအတွင်းသာဟောပေးသော ဟောချက်ဖြစ်သောကြောင့်..
"ဒီနေ့ကနေ….၆ လ အတွင်း လုံးဝ မဖြစ်နိုင်ပါဘူး…ပြီးတော့ အိပ်ထောင်ပြုရမယ့် အရေးမှာ တစ်ဖက်မိဘများနဲ့ တော်တော်ညှိနှိုင်းရလိမ့်မယ်..။ အဲ့ကျရင် တက်သိနားလည်တဲ့ ပညာရှင်များနဲ့ မေးမြန်းပြီး ယတြာချေထားလိုက်ပါ"
"ဆရာ ချေပေးလို့ရော ရမလား…."
"ရပါတယ်..တစ်ကယ်ဖြစ်တော့မှ လုပ်ကြတာပေါ့လေ…"
စောင့်ပေးရတာ စိတ်မရှည်ဟန်ပေါက်နေသော အမျိုးကောင်းသားလေးက တစ်ခုဝင်ပြောလာပါသည်။
"ဆရာ..ကဒ်မချိုးဘဲ…အလွတ်သဘော မေးလို့ ပြောလို့ ရမလား…ဆရာလည်း ဗေဒင်မဟောဘဲ ပြောပြလေ.."
"ဟုတ်ပြီလေ….နောက်ထပ် ဗေဒင်လာမေးသူ..ပေါင်လာချိန်သူ မလာသေးသမျှ ပြောလို့ရပါတယ်.."
"အေးဟ….အဲ့တာ ကောင်းတယ်..စည်သူ နင်ခေါင်းကောင်းတယ်.."
"ဗိုင်းတာမ….ငါက အရူးလား.."
ပြောရင်းနဲ့ ရယ်မိပါသေးသည်။ တစ်ယောက်တစ်လှည့်စီလည်း ပေါင်ချိန်ကြပါသေးသည်။
အဲ့တာနဲ့ ထွေရာလေးပါး အစုံ ပြောရင်းနဲ့ သူတို့နဲ့ ရင်းနှီးသွားပါသည်။ သူတို့ကလည်း လိပ်စာများ..ဖုန်းနံပါတ်များ.. ပေးကြပါသည်..။ ပြန်ကာနီးကျတော့ ကျွန်တော့်ကို ပညာကြေးဆိုပြီး ပေးတာက…ဆင် ခြောက်ကောင်ရယ်ပါ…။
ကျွန်တော်ကတော့ ဟောခနှင့် ယတြာကြေး အဖြစ်…ဆင် သုံးကောင်ပဲ ယူထားလိုက်ပြီး ကျန်တာ ပြန်ပေးလိုက်ပါသည်။
သူတို့ အုပ်စု ထွက်သွားတော့ ကျွန်တော် ပျင်းသွားပြန်ပါသည်။ ဖုန်းလာပါသည်..။ ပြောသင့်တာ ပြောပြီး….ထပ် ပျင်းသွားပြန်ပါသည်။
ထမင်းစားချိန်ရောက်ကာနီးတော့..မှတ်တိုင်နားက ထမင်းဆိုင်ဘက်ကို သွားမယ် ပြင်ဆင်နေတုန်း…..အဖွဲ့တစ်ဖွဲ့ ရောက်လာပါသည်။ ထုံးစံအတိုင်း ယူနီဖောင်းတွေနဲ့….( ယူနီဖောင်းနဲ့ဆိုရင်….အလိုလို လန့်နေတာဗျ..)
လက်ထဲက စာရွက်တစ်ရွက် ထုတ်ပေးရင်း….ရုံးစရိတ်နဲ့စာရွတ်စာတမ်းကြေး ဆိုပြီး တစ်ထောင် တောင်းပါသည်။ လှမ်းပေးတဲ့ စာရွက်ကို ဖတ်ကြည့်တော့…
လမ်းဘေးဈေးသည်တွေ…သန့်သန့်ရှင်းရှင်းရောင်းဖို့…အရောင်ဆိုးဆေးတွေ မသုံးဖို့..
အမှိုက်မပစ်ဖို့…မီးမလောင်စေဖို့…
မကြာခင်မှာရောက်လာတော့မယ့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းမှာ…နိုင်ငံခြားသားတွေကို ကူညီစောင့်ရှောက်ဖို့။
စတာတွေ ပါတဲ့ အကြောင်း ရေးထားတာပါ…။
ကျွန်တော်နဲ့ဘာဆိုင်လဲ…စာဖတ်သူတို့ရယ်….ကျွန်တော်က ပြန်ရှင်းပြရတာပေါ့လေ…
လမ်းဘေးဈေးသည်မဟုတ်တဲ့အကြောင်း..ဈေးမရောင်းလို့ အရောင်ဆိုးဆေးလည်း မသုံးကြောင်း.. အမှိုက်လည်းမပစ်… မီးလည်းမသုံးပါကြောင်း….ဆီးဂိမ်းမှာလည်း ဗေဒင်လိုက်မဟောပေးနိုင်ကြောင်း.. ပေါင်ချိန်မလိုက်ကြောင်း… စုံနေတာပေါ့ဗျာ..။ပြီးတော့ သူတို့ ပြောရမှာ ဈေးရောင်းသူတွေလေ….
ကျွန်တော်က ပေါင်ချိန် ဗေဒင်ဟောသည် လေဗျာ…။ ဘာဆိုင်လို့လည်းဗျာ….နော့..။
စာလည်း နည်းနည်းရှည်သွားလို့ လက်ညောင်းနေပြီ..။ နောက်တစ်ခေါက်မှ ဆက်ဖတ်ပါဦးနော်…
စာရေးရတာ ၀ါသနာကြီးတဲ့
ကိုကိုနန်းညွန့်ဦး
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ