ကိန်းဂဏန်း မခန့်မှန်းနိုင်သည့် ဂူးဂဲ၏ဂျီမေးသုံးစွဲသူများ သတိပေးစာတန်းများ လက်ခံရရှိ

အထက်ဖော်ပြပါပုံအတိုင်း ဂျီးမေးသုံးစွဲသူအချို့၏ စာမျက်နှာတွင်
ဂူးဂဲ၏သတိပေးစာတန်း ဖော်ပြထားသည်ကို တွေ့ရသည်။ စာတန်း၏ အဓိပ္ဗါယ်မှာ
"အစိုးရတဖွဲ့ဖွဲ့၏ ကျောထောက်နောက်ခံဖြင့် သင့်၏အကောင့်ကို
တိုက်ခိုက်မှုရှိနေသဖြင့် ကြိုတင်ပြင်ဆင်ကာကွယ်ပါ" ဟု ဖော်ပြထားခြင်း
ဖြစ်သည်။

၂၀၁၂ အောက်တိုဘာကလည်း ဂူးဂဲ၏ အီးမေးအကောင့် ထောင်ဂဏန်းကို
အထက်ပါအတိုင်း သတိပေးခဲ့ဖူးသည်။ ထိုသို့သတိပေးခံရပါက
အဆိုပါအီးမေးပိုင်ရှင်သည် ပတ်စ်ဝဒ်ကို အသစ်ပြောင်းခြင်း၊ အီးမေးကို
ဝင်ကြည့်ရာတွင် ၂ ဆင့်ခံစနစ် (မူလအီးမေးပတ်စ်ဝဒ်နှင့်
မိမိတယ်လီဖုံးသို့ ဂူးဂဲကပေးပို့သည့် လျပ်တပြက်နံပါတ် ၆ လုံး
ပတ်စ်ဝဒ်) ဖြင့် ၀င်ရောက်ခြင်းတို့ ပြုလုပ်ပြီး ကာကွယ်နိုင်သည်ဟု
ဆိုသည်။ ယခု ၂၀၁၃ တွင် ယခုလို သတိပေးစာတန်းအများအပြားကို
မြန်မာပြည်တွင်းက မီဒီယာလောကသားအများအပြား လက်ခံရရှိသည်ဟု
အီလဲဗင်းမီဒီယာသတင်းတွင် ဖော်ပြထားသည်။

၂၀၁၃ နှစ်ဆန်းတွင် အစွန်းရောက်ဘာသာရေးအဖွဲ့များ၊ တရုတ်နှင့်
ရုရှားတို့ကဲ့သို့ အာဏာရှင်နိုင်ငံများ၏ ဆိုက်ဘာအကြမ်းဖက်သမားများက
အမေရိကန်ပြည်ရှိ NYTimes, Washington Post နှင့် Wall Street Journals
စသည့် အွန်လိုင်းသတင်းစာ စာမျက်နှာတို့ကို တိုက်ခိုက်ခဲ့ကြသည်၊
(သို့မဟုတ်) တိုက်ခိုက်ရန် ကြိုးစားခဲ့ကြသည်ဟု အမေရိကန်၏
သတင်းများတွင် ဖော်ပြထားသည်။ ထို့အတူ တွစ်တာအမည်ရ
လူမှုကွန်ယက်စာမျက်နှာမှ အကောင့်များလည်း ဖောက်ထွန်းခံခဲ့ရသည်။
ယမန်နေ့ကလည်း သမ္မတဟောင်း ဘွတ်ခ်ျအကြီး၏ အီးမေးအကောင့်
ဖောက်ထွင်းခံခဲ့ရသည်ဟု သိရသည်။

ဆိုက်ဘာအကြမ်းဖက်သမားများနည်းတူ ဆိုက်ဘာတော်လှန်ရေးသမား
ဆိုသူများကလည်း အမေရိကန်နှင့် အရင်းရှင်နိုင်ငံများက ခေါင်းဆောင်များ၊
အစိုးရများ၊ လုပ်ငန်းကြီးများကို ဖောက်ထွင်းခြင်း၊
တိုက်ခိုက်ခြင်းများ တိုးမြှင့်မည်ဖြစ်ကြောင်း ၂၀၁၂ အတွင်း
ဝီကီလိခ်အမှုဖြင့် နံမယ်ကြီးလာသည့် ဆိုက်ဘာတော်လှန်ရေးအဖွဲ့တခုဖြစ်သည့်
Anonymous ကလည်း ကြိမ်းဝါးထားသည်။

မြန်မာပြည်နှင့် ပတ်သက်ပြီး သမ္မတရုံးဝက်ဆိုက်၊ သည်ဗွိုက်စ် ဂျာနယ်၊
အီလဲဗင်းမီဒီယာ ၀က်ဆိုက်နှင့် အီးမေးအကောင့်များ
တိုက်ခိုက်ခံရကြောင်း၊ ဖောက်ထွင်းရန် ကြိုးစားခံရကြောင်း
ပြည်တွင်းသတင်းစာများတွင် ရေးသားထားသည်ကို တွေ့ရသည်။ သူများတွေ
အခြိမ်းခြောက်ခံနေရချိန်တွင် မိုးမခမီဒီယာ၏ နည်းပညာတာဝန်ခံ၏
အီးမေးသို့လည်း ဂူးဂဲက သတိပေးစာပေးပို့ထားကြောင်း သိရှိရသည်။

မိုးမခအထောက်တော်

Nann Nyunt Oo

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ