ပစိဖိတ်အကျပ် ၂၁ ရာစုအရွေ့နှင့် တရုတ်၊ အမေရိကန်၊ အိန္ဒိယ သုံးပွင့်ဆိုင် သံခင်းတမန်ခင်း (၂)

၂။ တရုတ် - မြန်မာ ဆက်ဆံရေး

တရုတ်-မြန်မာ ဆက်ဆံရေးမှာ ယေဘုယျ အားဖြင့် ကောင်းမွန် သည်ဟု
ဆိုနိုင်သည့်တိုင် အိမ်နီးချင်း နိုင်ငံများဖြစ်လေ့ ဖြစ်ထရှိသည့်
အတိုင်းပင် တိုးမိတိုက်မိ သည်များလည်း ရှိသလောက် ရှိပေသည်။ ၁၉၄၉ ခုနှစ်
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ထူထောင်ပြီး နောက်ပိုင်း ဆက်ဆံရေးကို
ကာလအပိုင်း အခြား သုံးခု ပိုင်းခြား ကြည့်လိုက်လျှင်
"မှုံတစ်ချည်ကြည်တစ်လှည့်" ဟု ဆိုရမည်သာ ဖြစ်ပါသည်။ အဆိုပါ ကာလအလိုက်
ဆန်းစစ်ချက်များကို ဆက်လက်ဖော်ပြသွားပါမည်။
ပထမကာလ (၁၉၄၉-၁၉၆၇)

၁၉၄၉ အောက်တိုဘာလ ၁ ရက်နေ့တွင် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ
ထူထောင်ခဲ့ပါသည်။ ထိုစဉ်က "တရုတ်ကွန်မြူနစ်ပါတီ" CPC ၏ အိုင်ဒီအိုလိုဂျီ
မိတ်ဆွေဟု ဆိုနိုင်သော "ဗမာပြည်ကွန်မြူနစ်ပါတီ" CPB မှာ မြန်မာအစိုးရကို
ပုန်ကန်ခြားနား နေသော တောတွင်းလက် နက်ကိုင် အဖွဲ့အစည်း ဖြစ်နေပါပြီ။
သို့နှင့်တိုင် တရုတ်အစိုးရနှင့် မြန်မာအစိုးရတို့၏ ဆက်ဆံရေးမှာ
အထူးကောင်းမွန်သည့် အနေ အထားတွင် ရှိခဲ့သည်ဟု ဆိုရ ပါလိမ့်မည်။
မြန်မာနိုင်ငံမှာ တရုတ် ကွန်မြူနစ် အစိုးရကို ပထမဆုံး အသိအမှတ်ပြုခဲ့သည့်
ဆိုရှယ်လစ် မဟုတ်သော နိုင်ငံဖြစ်သည်။ (၁၉၄၉၊ ဒီဇင်ဘာလ ၁၈) တရုတ်ပြည်
သစ်နှင့် သံအမတ်ကြီး အဆင့် သံတမန် ဆက်ဆံရေး ထူထောင်ခဲ့သော ၁၆ ကြိမ်မြောက်
နိုင်ငံလည်းဖြစ်သည်။ (၁၉၅၀ ဇွန်လ ၈ ရက်) ထိုမျှမက ၁၉၅၄ ဇွန်လ ၂၈/၂၉
ရက်တွင်လည်း တရုတ်ဝန်ကြီးချုပ် "ချိုအင်လိုင်း" မြန်မာနိုင်ငံသို့
ပထမဆုံး အကြိမ်ရောက်လာပြီး "ငြိမ်း ချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး
မူငါးချက်" ကို ပူးတွဲ ကြေညာနိုင်ခဲ့ သည်။

အပြန်အလှန် အနေနှင့် ထိုနှစ်ဒီဇင်ဘာလ အတွင်းတွင် မြန်မာ ဝန်ကြီးချုပ်
ဦးနု၊ တရုတ်ပြည်သို့ ချစ်ကြည်ရေး အလည်အပတ် ခရီး သွားရောက်ခဲ့သည်။
ဤခရီးစဉ် အတွင်း CPC ဥက္ကဋ္ဌ မော်စီတုန်း ကိုယ်တိုင်က မြန်မာ
ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်မည် မဟုတ်ကြောင်း ကတိပေးခဲ့သည်။
ထိုစဉ်ကာလ တရုတ်-မြန်မာ ဆက်ဆံရေးမှာ အစိုးရချင်းသာမက ပြည်သူလူထု
အချင်းချင်း ကြားတွင်ပါ အကောင်းဆုံး အနေအထား တွင်ရှိသည်ဟု
ဆိုနိုင်ပါလိမ့်မည်။ ၁၉၅၀ ပြည့်နှစ်တွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း
ဦးဆောင်သော မြန်မာ ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ တရုတ်ပြည်သို့
သွားရောက်ခဲ့ပြီး ပေကျင်းမြို့တော်တွင် ကျင်းပ သော အာရှပစိဖိတ်
ငြိမ်းချမ်းရေး ကွန်ဖရင့် တက်ရောက်ခဲ့သည်။ အလားတူ ၁၉၅၈ ခုနှစ်တွင်လည်း
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ ဦးဇော်ဝင်း ဦးဆောင်သည့်
မြန်မာကျောင်းသား ကိုယ်စားလှယ် အဖွဲ့ ပေကျင်းမြို့တော်တွင် ကျင်းပသော
ကမ္ဘာ့ကျောင်းသား သမဂ္ဂညီလာခံ သို့ တက်ရောက် ခဲ့ကြသည်။

စစ်ကြီးပြီးခါစ ထိုကာလမှာ ကမ္ဘာပေါ်တွင် လက်ဝဲသြဇာ အမြင့်ဆုံးလည်း ဖြစ်နေရာ
လက်ဝဲလိုလား သော မြန်မာစာပေနှင့် နိုင်ငံရေး အသိုင်းအဝိုင်းက
တရုတ်ပြည်သစ်ကို မျှော်လင့်ချက် များစွာဖြင့် ကြည့်မြင်ခဲ့ကြဟန်
ရှိပါသည်။ အချုပ်ဆိုရလျှင် ဤကာလမှာ (အစိုးရ ချင်းရော၊ နှစ်နိုင်ငံ
လူထုကြားတွင်ပါ) တရုတ်-မြန်မာ ဆက်ဆံရေး ရွှေခေတ်ဟု ဆိုရမည်သာ ဖြစ်ပါသည်။

သို့တိုင် ရွှေခေတ် အတွင်းမှာပင် အဖုအထစ် အချို့ကား ရှိသလောက်
ရှိခဲ့သည်သာဖြစ်သည်။ ၁၉၅၅ ဒီဇင်ဘာလ ၂၀ တွင် ၁၉၄၁ ကိုလိုနီခေတ်က
သတ်မှတ်ခဲ့သော နယ်နိမိတ်မျဉ်း အနီးနှစ်ဖက်စစ် တပ်များ ထိတွေ့မှု
အချို့ဖြစ်ခဲ့ရာ နှစ်ဖက် အကျအဆုံး အတော်များများ ရှိခဲ့သည်။ ထိုသည်၏
နောက် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ် မတော်(PLA) က အဆိုပါ
နယ်နိမိတ်မျဉ်း၏ အနောက်ဘက် နယ်မြေ အချို့တွင် တပ်စွဲထားခဲ့ရာ ၁၉၅၆
အောက်တိုဘာလ ၂၂ ရက်မှ နိုဝင် ဘာ ၈ ရက် ဝန်ကြီးချုပ် ဦးနု၏ တရုတ်ပြည်
ခရီးစဉ် အတွင်း နှစ်ဖက် ညှိနှိုင်းဆွေးနွေးပြီးမှ ပြန်ဆုတ်ပေးခဲ့သည်။

နှစ်နိုင်ငံနယ်စပ် ပြဿနာ ကိုမူ ၁၉၆၀ ဗိုလ်ချုပ်ကြီး နေဝင်း၏ အိမ်စောင့်
အစိုးရလက်ထက် ရောက်မှ အပြီးသတ် ဖြေရှင်းနိုင်ခဲ့သည်။ အဆိုပါ နယ်စပ်ပြဿနာ
တင်းမာနေစဉ် အတွင်း ၁၉၅၆ စက်တင်ဘာလ ၂၁ ရက်ထုတ် CPC ၏ကြွေးကြော်သံ
ပြည်သူ့နေ့စဉ် သတင်းစာတွင် CPB (ဗကပ)မှ ပေးပို့သော သဝဏ်လွှာကို တရားဝင်
ဖော်ပြ ပေးခဲ့ဖူးသည်။ CPC ၏ (၈)ကြိမ်မြောက် ကွန်ဂရက်ကို
ဂုဏ်ပြုပေးပို့သည့် သဝဏ်လွှာဖြစ်ပါသည်။

၁၉၆၂ မတ်လ ၂ ရက်တွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်ပြီး တပ်မတော်မှ အာဏာ
သိမ်းလိုက်ရာ ငါးရက်အကြာ မတ်လ ၇ ရက်နေ့မှာပင် တရုတ်ပြည်က တော်လှန်ရေး
ကောင်စီ အစိုးရကို အသိ အမှတ်ပြုကြောင်း ကြေညာခဲ့သည်။ သို့တစေ ၁၉၆၄ မတ်လ
၁၉ ရက်တွင် တော်လှန်ရေး ကောင်စီက ပုဂ္ဂလိက စတိုးဆိုင် ၁ဝ,ဝဝဝ ကျော်ကို
ပြည်သူပိုင် သိမ်းလိုက်ရာ တရုတ် အမျိုးသားပိုင် စတိုးဆိုင် ပေါင်း ၆,၇ဝဝ
ပါသွားသည်။ ၁၉၆၅ ဧပြီ ၁ ရက်တွင်လည်း ပုဂ္ဂလိက စာသင်ကျောင်း များကို
ပြည်သူပိုင် သိမ်းလိုက်ရာ တရုတ်ကျောင်း ၁၆ ကျောင်း ပါသွားသည်။

ဤကာလ အတွင်း ၁၉၆၄ အောက်တိုဘာလ ၃ ရက်နေ့တွင် (၁၅) ကြိမ်မြောက်
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ထူထောင်သည့် နေ့အတွက် CPB မှပေးပို့သော
ဂုဏ်ပြုသဝဏ်လွှာကို ပေကျင်း ရေဒီယိုမှ ကြေညာ ပေးခဲ့သည်။ ပြည်သူ့နေ့စဉ်
သတင်းစာ တွင်လည်း ဖော်ပြပေးခဲ့သည်။ အဆိုပါ သဝဏ်လွှာတွင် မြန်မာအစိုးရ ကို
ပြင်းပြင်းထန်ထန် တိုက်ခိုက်သည်များ ပါသည်ဟု ဆိုပါသည်။
ဒုတိယကာလ (၁၉၆၇-၁၉၈၈)

၁၉၆၀ ပြည့်လွန် နှစ်များ၏ နှောင်းပိုင်း ကာလများမှာ တရုတ်- မြန်မာ
ဆက်ဆံရေး မုန်တိုင်းထန်သော နှစ်များဟု ဆိုရပါလိမ့်မည်။ အထူးသဖြင့် ၁၉၆၇
ခုနှစ်ပင်ဖြစ်သည်။ ဤနှစ်မှာ တရုတ်ယဉ်ကျေး မှု တော်လှန်ရေး အရှိန်မြင့်ဆုံး
ကာလဖြစ်ပြီး တရုတ်နယ်နိမိတ်ကို ပင် ကျော်လွန် ပျံ့နှံ့သွားသော
အချိန်ဖြစ်သည်။ မြန်မာအပါအဝင် အာရှနိုင်ငံများရှိ ပင်လယ်ရပ်ခြား
တရုတ်အမျိုးသား များမှာ မော်စီ တုန်း အတွေးအခေါ် ဆိုသည်ကို
တရုတ်ပြည်ပြင်ပထိ ပျံ့နှံ့လာစေရန် လှုပ်ရှား လာကြသည်။ မော်စီတုန်း သြဝါဒ
စာအုပ်နီလေးများ ဖြန့်ချိ ကြခြင်း၊ မော်စီတုန်းရင်ထိုး တံဆိပ်များ
တပ်ဆင်ခြင်း စသည်များကို ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်လာကြသည်။ အဆိုပါ
လှုပ်ရှားမှုများကို ပြည်သူနေ့စဉ် သတင်းစာမှလည်း တရားဝင်
ဖော်ပြပေးခဲ့သည်များ ရှိသည်။

၁၉၆၇ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံ ပညာရေး ဝန်ကြီးဌာနမှ
"တရားဝင် ခွင့်ပြုမထားသော မည်သည့် ရင်ထိုးတံဆိပ် ကိုမှ တပ်ဆင်ခြင်း
မပြုရ"ဆိုသော ကြေညာချက် ထုတ်ပြန်လိုက် သည်။ ဤကြေညာချက်မှာ "မော်" ရင်ထိုး
တပ်ဆင်ကျောင်းတက်ကြ သော တရုတ် ကျောင်းသားများကို ရည်ရွယ်သည် ဖြစ်ရာ
ရင်ထိုး တံဆိပ် တပ်ဆင်သူများ ပို၍ပင် များလာသည်ဟု ဆိုသည်။ ဤအချိန် တွင်
မြန်မာနိုင်ငံ တွင်လည်း ဆန်ပြဿနာနှင့် ရင်ဆိုင် နေရသည်ဖြစ် ရာ အစိုးရ
ကိုယ်တိုင်က ရည်ရွယ်ချက် ရှိရှိဖြင့် လူမျိုးရေး အဓိကရုဏ်း
ဖန်တီးသည်ဆိုသော စွပ်စွဲချက် များလည်းရှိသည်။

မည်သို့ပင် ဆိုစေ ၁၉၆၇ ဇွန်လ ၂၆ ရက်မှ ၂၈ ရက် အတွင်းတွင်ကား
ရန်ကုန်မြို့ပေါ် တွင် တရုတ် ဆန့်ကျင်ရေး ဆန္ဒပြပွဲများ အနှံ့အပြား
ဖြစ်ပေါ်လာတော့ သည်။ အထူးသဖြင့် တရုတ်တန်း၊ တရုတ်ကျောင်းများနှင့် တရုတ်
သံရုံးရှေ့တွင် လူအုပ်ဖြင့် အကြမ်းဖက်မှု များပင် ရှိသည်ဟုဆိုသည်။
ချက်ချင်း ဆိုသလိုပင် တရုတ် ဆန့်ကျင်ရေး ဆန္ဒပြပွဲများမှာ မြန်မာ နိုင်ငံ
မြို့ကြီး တော်တော်များများသို့ ပျံ့နှံ့သွားခဲ့သည်။

ဇွန်လ ၂၈ ရက်တွင် ဗမာပြည် ကွန်မြူနစ် ပါတီ၏ကြေညာချက် ထွက်ပေါ်လာသည်။
တရုတ်ပြည်နှင့် ပင်လယ်ရပ်ခြား တရုတ်အမျိုး သားများကို ထောက်ခံကြောင်း
ကြေညာ ခဲ့ခြင်းဖြစ်သည်။ ဤကြေငြာ ချက်ကို ပေကျင်းအသံမှ မြန်မာဘာသာဖြင့်
ကြေညာ ပေးခဲ့သည်။ နောက်တစ်နေ့တွင် ဇွန် ၂၉ တွင် တရုတ်ပြည်သို့
ပြန်ရောက်နေသော တရုတ် သံအမတ်ကြီးကို မြန်မာပြည် ပြန်မလွှတ်တော့ဟု
ပေကျင်းမှ ကြေညာ လိုက်သည်။ ပေကျင်း မြို့ပေါ်ရှိ လူပေါင်း ၂ဝဝ,ဝဝဝ
စုရုံးပြီး မြန်မာ သံရုံးရှေ့ ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြပွဲများမှာ ဆက်လက် ဖြစ်ပေါ်ခဲ့ပြီး ဇူလိုင်လ ၃ ရက်နေ့တွင် မြန်မာ
သံရုံးဝင်းထဲအထိ ဝင်ကာ မြန်မာ အလံကို ဆုတ်ဖြဲသည်အထိ တင်းမာ လာခဲ့သည်။
နောင်နှစ်လ အကြာ တွင် မြန်မာအစိုးရ ကလည်း ပေကျင်းရှိ မြန်မာသံအမတ်ကြီးကို
ပြန် ခေါ်ခဲ့သည်။ မြန်မာပြည်ရှိ တရုတ် ကျွမ်းကျင်သူ ၄၁၂ ဦးကိုလည်း
နိုဝင်ဘာလ နောက်ဆုံးထားပြီး ပြန်ခေါ် စေခဲ့သည်။

ပြဿနာမှာ ဤမျှနှင့်မပြီး၊ ၁၉၆၈ နှစ်ဦးတွင် တရုတ်ပြည် ရောက် မြန်မာ
ကွန်မြူနစ် တပ်ဖွဲ့များကို စုစည်းပြီး စစ်ကြောင်းသုံး ကြောင်းဖြင့်
နယ်စပ်ကို ဖြတ်ကျော်လာသည်။ စစ်ကြောင်း အသီးသီး ကို တရုတ်တပ်ခွဲ တစ်ခုစီက
ဦးဆောင်လာသည်ဟု ဆိုသည်။ အကျိုး ဆက်ကား ဗကပ၏ အရှေ့မြောက် စစ်ဒေသ ပေါ်ထွက်
လာခြင်းပင် ဖြစ်တော့သည်။ ထိုစဉ်မှစ၍ တရုတ်ကွန်မြူနစ် ပါတီရော တရုတ်
အစိုးရ ကပါ ဗမာပြည် ကွန်မြူနစ်ပါတီကို အတိအလင်း အားပေး ထောက်ခံလာခဲ့သည်။
နိုင်ငံရေး အရသာမက စစ်ရေးအရရော ရုပ် ဝတ္ထုပိုင်း အရပါ အပြည့်အဝ ထောက်ပံ့
လာခြင်းဖြစ်ပါသည်။

၁၉၇၁ မတ်လ ၂၈ ရက်တွင် ဗကပ ကြွေးကြော်သံ "ပြည်သူ့အသံ" ကို တရုတ်
ပြည်တွင်းမှ ထုတ်လွှင့် ပေးခဲ့သည်။ ၁၉၇၅ မတ်လ ၂၁ ရက်ထုတ် ပြည်သူ့နေ့စဉ်
သတင်းစာတွင် ဗကပဥက္ကဋ္ဌ သခင်ဇင်နှင့် အတွင်းရေးမှူး သခင်ချစ်တို့
ကျဆုံးကြောင်း တရားဝင် ဖော်ပြခဲ့သလို CPC ၏ ဝမ်းနည်းကြောင်း သဝဏ်လွှာ
ကိုလည်း အပြည့်အစုံ ဖော်ပြခဲ့သည်။ မော်စီတုန်း ကွယ်လွန်ပြီးသည့်နောက်
မော်ကို ဆက်ခံသူ "ဟွကိုဖုန်း" ကလည်း ၄င်းအာဏာရပြီး ချက်ချင်း ဆိုသလိုပင်
ဗကပဥက္ကဋ္ဌ သခင်ဗသိန်းတင်နှင့် ဒုတိယ ဥက္ကဋ္ဌ သခင်ဖေတင့် တို့ကို
ညစာစားပွဲဖြင့် တည့်ခင်း ဧည့်ခံခဲ့သည်။ (၁၉၇၆ နိုဝင်ဘာ ၁၈ ရက်)

မြန်မာအစိုးရ ဘက်ကမူ တရုတ်ပြည်နှင့် ဆက်ဆံရေး ပြန်လည် ကောင်းမွန် လာစေရန်
၁၉၆၉ ခုနှစ်ကပင် စတင်ကြိုးပမ်းမှုများ ရှိခဲ့ ပါသည်။ ၁၉၆၉ နိုဝင်ဘာလ ၆
ရက်နေ့က စတင်ကျင်းပခဲ့သော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ လေးကြိမ်မြောက်
ပါတီညီလာခံ တွင် တရုတ်ပြည်နှင့် ပြန်လည် သင့်မြတ်လိုကြောင်း
ဥက္ကဋ္ဌဦးနေဝင်း ကိုယ်တိုင်က ထုတ်ဖော် ပြောကြားခဲ့သည်။ သို့နှင့်တိုင်
တရုတ် မြန်မာ ဆက်ဆံရေးမှာ တော်တော်နှင့် ပုံမှန်အနေအထားသို့ ပြန် ရောက်
မလာခဲ့ပါ။ ၁၉၇၇-၇၈ တိန့်ရှောက်ပင် ခေတ်ရောက်တော့မှ ပုံမှန် ဆက်ဆံရေးသို့
တဖြည်းဖြည်း ဦးတည် လာနိုင်ခဲ့သည်။

၁၉၈၅ မေလအတွင်း ဦးနေဝင်း၏ တရုတ်ပြည် ခရီးစဉ်နောက်ပိုင်းမှ နှစ်နိုင်ငံ
ဆက်ဆံရေး ပုံမှန် အခြေအနေသို့ ပြန်ရောက်လာခဲ့ပါသည်။ သို့တစေ ဆိုခဲ့ပါ
မုန်တိုင်းထန် ကာလအတွင်း နှစ်နိုင်ငံ ပြည်သူလူထုကြား ဆက်ဆံမှုမှာ
ဆိုးဆိုးဝါးဝါး ထိခိုက်လှသည်တော့ မဟုတ်ပါချေ။ ပြည်တွင်းရှိ လက်ဝဲ
အတိုက်အခံ အင်အားစုများက ဆိုလျှင် တရုတ်ပြည်ကြီး ကို အားကိုးတကြီး
မျှော်ကြည့်နေဆဲ ဟူ၍ပင် ဆိုနိုင်လောက် ပါသည်။
တတိယကာလ (၁၉၈၈-၂၀၁၀)

၁၉၈၈ ခုနှစ် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ တောင်းဆိုအုံကြွမှု များ
ပေါ်ထွက်လာရာ တရုတ် မီဒီယာများက သဘောထားမှတ်ချက် မပါစေဘဲ သတင်းသက်သက်
ကိုသာ သတိကြီးကြီးဖြင့် ဖော်ပြခဲ့ သည်။ စက်တင်ဘာလ ၂၂ ရက်နေ့တွင် တရုတ်
နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက
"တရုတ်အနေနှင့် မြန်မာနိုင်ငံ ၏ ပြည်တွင်းရေးတွင် ဝင်ရောက် စွက်ဖက်မည်
မဟုတ်ကြောင်း၊ လက်ရှိ အနေအထားကိုလည်း ပုံမှန် အခြေအနေသို့
အမြန်ဆုံးပြန်လည် ရောက်ရှိလိမ့်မည် မျှော်လင့်ကြောင်း" ထုတ်ဖော်
ပြောကြားခဲ့သည်။

၁၉၈၈ အရေးအခင်း အပြီးတွင် အမေရိက ဦးဆောင်သော အနောက်နိုင်ငံ များက
အတိုက်အခံ အင်အားစုများကို အတိအလင်း အားပေးလာခဲ့ရာ မြန်မာအစိုးရနှင့်
တဖြည်းဖြည်း ဆက်ဆံရေး အေး စက် လာခဲ့သည်။ သို့နှင့်အမျှ တရုတ်ပြည်နှင့်
ဆက်ဆံရေးမှာ ပို၍ နွေးထွေး လာခဲ့သည်။ အထူးသဖြင့် ၁၉၈၉ ခုနှစ်တွင်
တရုတ်ပြည်မှာ လည်း တီယံမင် အရေးအခင်းနှင့် ကြုံလိုက်ရရာ
တရုတ်-မြန်မာအစိုးရ ချင်း ဆက်ဆံရေး ပိုနီးဖို့ အကြောင်းတစ်ခုလို
ဖြစ်လာခဲ့သည်။ ၁၉၈၉ ဇွန်လ ၁၃ ရက်နေ့တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု
တည်ဆောက်ရေး အဖွဲ့ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး ခင်ညွန့်က တရုတ်
သံအမတ်ကြီးကို ခေါ်တွေ့ကာ တီယံမင်ကိစ္စနှင့် ပတ်သက်ပြီး တရုတ် အစိုးရ၏
အင်အားသုံး ဖြေရှင်းမှုကို စာနာ နားလည်ပါကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

၁၉၉၀ ပြည့်နှစ် အတွင်း အမေရိကန် အစိုးရက မြန်မာနိုင်ငံသို့ ပေးနေသော
စီးပွားရေး စစ်ရေး အကူအညီများကို ရပ်ဆိုင်းပြီး နှစ်နိုင်ငံ
ဆက်ဆံရေးကိုလည်း သံအမတ်ကြီး အဆင့်မှ သံရုံးယာယီ တာဝန်ခံ အဆင့်သို့
လျှော့ချလိုက်သည်။ သို့နှင့်အမျှ မြန်မာတပ်မတော် အစိုးရနှင့် တရုတ်၏
ဆက်ဆံရေးမှာ ပို၍ နီးကပ် ဆက်စပ်လာ သည်။ အထူးသဖြင့် စီးပွားရေး
ဆက်ဆံမှုတွင် ဖြစ်သည်။

ထို့ထက် ၂၀၀၀ ပြည့်လွန် နှစ်များအတွင်း အမေရိကနှင့် ဥရောပ၏ အထွေ ထွေ
အရေးယူ ပိတ်ဆို့မှုများနှင့် ရင်ဆိုင် လိုက်ရသောအခါ သံခင်းတမန်ခင်း
ရေနစ်သလို ဖြစ်လာရသော မြန်မာအစိုးရ အတွက် တရုတ်ပြည်မှာ ကောက်ရိုးတစ်မျှင်
ဖြစ်လာ ရတော့သည်။ ချိန်ခါသင့် ဆိုသလိုပင် ထိုစဉ်ကာလ လှေလှော်ရင်း
တက်ကျိုးတော့မလို ဖြစ်နေရသော တရုတ်ပြည် အတွက်လည်း မြန်မာနိုင်ငံမှာ
အရေးကြီးသော စီးပွားရေး မိတ်ဖက် ဖြစ်နေပါ တော့သည်။

အားလုံး သိကြသည့် အတိုင်း ပြီးခဲ့သော နှစ်ငါးဆယ် အတွင်း တရုတ်ပြည်၏
ပျမ်းမျှ စီးပွားရေး တိုးတက်မှုနှုန်းမှာ ၁ဝ ရာခိုင်နှုန်း ဝန်းကျင် ရှိသည်။
ဤမျှ စီးပွားရေး တိုးတက်မှုနှုန်း မြင့်မားလာရာ တရုတ်ပြည်၏ ကုန်ကြမ်းနှင့်
လောင်စာ လိုအပ်ချက်မှာ ပြည်တွင်း ထောက်ပံ့နိုင်စွမ်း ထက် အကြီးအကျယ်
ကျော်လွန် လာတော့သည်။ ဤတွင် သယံဇာတ ကြွယ်ဝသော မြန်မာနိုင်ငံကို တရုတ်တို့
အလေးထား လာသည်မှာ သူ့ဟာနှင့်သူ သဘာဝ ကျသည်ဟု ဆိုနိုင်ပါသည်။

ထိုစဉ်ကာလ အတွင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံဖို့ ကြိုးပမ်း လာ
ကြသည့် ကုမ္ပဏီပေါင်း ၅၀ ထက်မနည်း ရှိသည်ဟု သိရသည်။ အဆိုပါ
ရင်းနှီးမြှုပ်နှံမှု အစုစုကို ကဏ္ဍအလိုက် ခွဲခြားကြည့်လိုက် လျှင်
လျှပ်စစ်ဓါတ်အားက ၄၃ ဒသမ ၁၀ ရာခိုင်နှုန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့က ၄၀
ဒသမ ၂၀ ရာခိုင်နှုန်း၊ သတ္တု တူးဖော်ရေး ကဏ္ဍက ၁၅ ဒသမ ၃၀ ရာခိုင်နှုန်း၊
အခြားကဏ္ဍမှာ ၁ ဒသမ ၄၀ ရာခိုင်နှုန်း ရှိသည်။ ဆိုရလျှင် အနောက်၏
မြန်မာနိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှုများမှာ သူတို့ကြွေးကြော်သလို
မြန်မာ ဒီမိုကရေစီရေး အတွက်တော့ ထူးထူးခြားခြား အရာ မရောက်၊ တရုတ်ပြည်
အတွက်မူ လျှပ်စစ်ဓာတ်အား၊ လောင်စာနှင့် ကုန်ကြမ်း ထောက်ပံ့ရေး စခန်းတစ်ခု
ပေါပေါပဲပဲနှင့် ရလိုက်သည့် သဘောပင် ဖြစ်တော့သည်။ အထက် တစ်နေရာတွင်
ဖော်ပြခဲ့သော တရုတ်ပြည်၏ မဟာဗျူဟာမြောက် အော်လတာနေးတစ် သမုဒ္ဒရာ
နှစ်စင်းပေါ်လစီ စတင် အသက် ဝင်လာခြင်း မှာလည်း ဤကာလ အတွင်းမှာပင်
ဖြစ်ပါသည်။

၂ဝ၁ဝ နောက်ပိုင်း မြန်မာအစိုးရသစ် လက်ထက်သို့ ရောက် သော အခါ ဆိုခဲ့ပါ
ကာလအတွင်း စီးပွားရေး ဆက်ဆံမှုများမှာ မြန်မာ့ ဒီမိုကရေစီရေး အတွက်
စိန်ခေါ်ချက်လို ဖြစ်လာရတော့သည်။ တရုတ် ပြည်၏ စီးပွားရေး ဖွံ့ဖြိုးမှု
လမ်းကြောင်းမှာ အနောက်နိုင်ငံများ လျှောက်ခဲ့သည့် လမ်းအတိုင်းပင်။
"စီးပွားရေး တက်အောင်အရင်လုပ်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အပါအဝင်
ဘေးထွက် ဆိုးကျိုးများကို နောက်မှ ရှင်းမည်" ဆိုသော ပုံစံဖြစ်သည်။
နောက်ပိုင်း သဘာဝ ပတ်ဝန်းကျင်၏ ဒဏ်ခတ်မှုများနှင့် ဒုတ်ဒုတ်ထိ
ရင်ဆိုင်ရတော့မှ "အစိမ်းရောင် ဖွံ့ဖြိုးမှု" ဆိုသည်ကို
စဉ်းစားရကောင်းမှန်း သိလာခြင်း ဖြစ်သည်။

မြန်မာ့နိုင်ငံရေး လင်းပွင့် အခြေအနေသို့ ရောက်လာသော အခါ ပညာရှင်ပိုင်းက
အစိမ်းရောင် ရှုထောင့်မှ စိုးရိမ်မကင်း ဖြစ်လာ ကြသလို ၁၉၈၈ နောက်ပိုင်း
တစ်စစကြီးထွားလာသော တရုတ် ဆန့်ကျင်ရေး အခုအခံ များမှာလည်း မြန်မာလူထုကြား
ပျံ့နှံ့ အား ကောင်းလျက် ရှိသည်။ မြန်မာ့ ဒီမိုကရေစီရေးကို နောက်ကြောင်း
မပြန်တမ်း ရှေ့ဆက် ချီနိုင်ရေးအတွက် ကျားကုပ်ကျားခဲ လုံးပမ်းနေရ သော
မြန်မာအစိုးရသစ် အတွက်မူ အတိတ်မှ ချန်ထား ရစ်ခဲ့သော "ဆိုးမွေ" ဟု
ဆိုရလိမ့်မည် ထင်ပါသည်။
ချဉ်းကပ်မှုသုံးမျိုး

ဤသို့ဆိုလျှင် ဘာလုပ်ကြမည် နည်း။ ဓါတ်ငွေ့ပိုက်လိုင်းနှင့် ဟိုင်းဝေး
အပါအဝင် ယခင်အစိုးရ လက်ထက် တရုတ် ကုမ္ပဏီများနှင့် ချုပ်ဆိုခဲ့သော
ပရောဂျက်များနှင့် ပတ်သက်လျင် အနည်းဆုံး ရှုထောင့် သုံးရပ်မှ ချဉ်းကပ်
အကဲဖြတ် သင့်သည်ဟု သဘောရပါသည်။ ဤသည်တို့မှာ ၁။ တိုင်းပြည်စီးပွားရေး
ဖွံ့ဖြိုးတိုးတက်မှု ၂။ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာနှင့် လူမှုဘဝ ဆိုင်ရာ
သုံးသပ်မှုများ (EIA and SIA) နှင့် ၃။ တရုတ်-မြန်မာ ဆက်ဆံရေးတို့
ဖြစ်သည်။

ပြောရလျှင် ယနေ့ ဖွံ့ဖြိုးပြီး နိုင်ငံများ (အမေရိကနှင့် ဥရောပ) ရော
တရုတ်ပြည်ပါ စီးပွားရေးရှုထောင့် တစ်ခုတည်းမှသာ ဖွံ့ဖြိုး တိုးတက်ရေးကို
မောင်းနှင် ခဲ့ကြပါသည်။ သို့နှင့်တိုင် "သူတို့တောင် လုပ်ခဲ့ ကြသေးတာ။
ဒို့ရော ဘာကြောင့် သူတို့လို မလုပ်ရမှာလဲ" ဆို သော လောဂျစ်ဖြင့်
မတုံ့ပြန်သင့်ပါ။ ရေရှည်ဖွံ့ဖြိုးမှုကို လိုချင်လျှင် EIA နှင့် SIA
ကိုမလွှဲမရှောင်သာ ထည့်သွင်း တွက်ချက်ရမည်သာ ဖြစ်ပါသည်။ သို့တစေ မည်သည့်
စီးပွားရေး တိုးတက်မှုမှ တန်ရာ တန်ဖိုးမပေးဘဲ မရနိုင်သည် ကိုမူ
သတိချပ်ဖို့ လိုပါလိမ့်မည်။ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာနှင့် လူမှုဘဝ
ဆိုင်ရာ ဘေးထွက် ဆိုးကျိုးများကို အနိမ့်ဆုံးတွင် ရှိစေပြီး စီးပွားရေး
တိုးတက်မှုနှင့် ချိန်ခွင်လျှာ မျှပေးဖို့ လိုပါလိမ့်မည်။

ထိုမျှမက တတိယအချက် (တရုတ်-မြန်မာ ဆက်ဆံရေး) ကို လည်း "ဖက်တာ"
တစ်ခုအနေနှင့် ထည့်သွင်းစဉ်းစားဖို့ လိုမည်ထင်သည်။ တရုတ်ပြည်မှာ
"မတော်ချင်သည့်တိုင် မခေါ်ချင်လို့မရ" သော အိမ်နီးချင်း
တိုင်းပြည်ဖြစ်နေသည်။ နှစ်ပေါင်း ၆၀ ကျော်ကြာ ဆက်ဆံရေး အတွေ့အကြုံများ
အရဆိုလျှင် သတိကြီးကြီး ထားရမည့် အိမ်နီးချင်း နိုင်ငံကြီးဖြစ်သည်။
ထို့ထက် တရုတ်တို့ လက်တွင် ရှိနေသော "နိုင်ဖဲ" များကိုလည်း ဥပေက္ခာပြုလို့
မဖြစ်ပါ။ ယနေ့ အရေးကြီး လိုအပ်နေသော ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှု
နှင့် ဆက်စပ် စဉ်းစားကြဖို့ဖြစ်သည်။ ဒီမိုကရက်တိုင်ဇေးရှင်း ဆိုင်ရာ
ခေတ်ပြိုင်ပညာရှင် တစ်ဦးဖြစ်သူ ထောမက်ကရိုသာ သတိပေးထား သည့်အတိုင်း
"မိမိအိမ် တံခါးဝတွင် Non-democratic great power တစ်ခုခုရှိလျှင်
နောက်ကြောင်းပြန်နိုင်သည့် အန္တရာယ် ပိုများနိုင်သည်" ဆိုသော အချက်ကို
နှလုံးသွင်းကြဖို့ လိုမည် ထင်ပါသည်။

ရှေ့အပတ် အပြီးသတ်ပါမည်။
Written by ကျော်ဝင်း

ရှေ့အပတ်အညွှန်း
အမေရိကန်-မြန်မာ ဆက်ဆံရေးနှင့် အိန္ဒိယ-မြန်မာ ဆက်ဆံရေး

Nann Nyunt Oo

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ