ဂီတပွဲတော်၊ ရန်ပုံငွေနှင့် ခရိုနီတို့ ကခုန်ခြင်း

နိုဝင်ဘာလ ၁၁ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ဒဏ်သင့်
ရွှေဘိုမြို့နယ်ကျေးရွာတစ်ရွာရှိ ယာယီစာသင်ကျောင်း တစ်ကျောင်းကိုတွေ့ရစဉ်

အနုပညာရှင်များ၏ စိတ်အားထက်သန်စွာ ပါဝင်မှုများနှင့်အတူ မြန်မာနိုင်ငံ၊
ရန်ကုန်မြို့ဝန်းကျင်တွင် ရန်ပုံငွေဂီတပွဲတော်များ ခေတ်စားလာခြင်းသည်
လူမှုအဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၏
ရန်ပုံငွေရှာဖွေရေးကို အတန်အသင့် ပံ့ပိုးပေးခဲ့သည်။ နိုင်ငံရေးနှင့်
လူမှုအဖွဲ့အစည်းများမှ ကမကထပြုသော ရန်ပုံငွေဂီတပွဲတော်များတွင် အလှူငွေ
သိန်းထောင်ချီရရှိသည်အထိ အောင်မြင်ခဲ့သဖြင့် ဂီတပွဲတော်သည်
ရန်ပုံငွေရှာဖွေရေး ကိရိယာတစ်ခု ဖြစ်လာခဲ့သည်။ အဆိုပါဂီတ ပွဲတော်များတွင်
ခရိုနီကြီးငယ်လတ်တို့အနေဖြင့်လူသိရှင်ကြားလှူဒါန်းမှုများ ပြုလုပ်ခြင်းသည်
ပြည်သူလူထု၏ ဆင်းရဲမွဲတေမှု လျော့ချရေးကို စိတ်ပါလက်ပါရှိခြင်းထက်
ဒေါ်အောင်ဆန်းစုကြည်၊ ဦးမင်းကိုနိုင် စသည့် ပြည်သူလူထု ခေါင်းဆောင်များ ၏
အရှိန်အ၀ါကိုရယူပြီး၊ ခရိုနီတို့၏ ဂုဏ်သိက္ခာ အဖတ်ဆည်ခြင်း
ဖြစ်နိုင်သည်ဟုလည်း သုံးသပ်ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပညာရေးကွန်ရက်(၂)နှစ်ပြည့်
ပညာဒါနကျောင်းများ ရန်ပုံငွေရှာဖွေရေး ဂီတပွဲတော်ကို ၂၀၁၂ ခုနှစ်၊ ဒီဇင်
ဘာလ ၂၇ နှင့် ၂၈ ရက်တို့တွင် ရန်ကုန်မြို့၊ ပြည်သူ့ဥယျာဉ်၌
ကျင်းပမည်ဖြစ်သည်။ ပညာရေးကွန်ရက်သည် အားကောင်းမောင်းသန် အလုပ်လုပ်နေသော
အဖွဲ့တစ်ဖွဲ့ဖြစ်သည့်အတွက် ရန်ပုံငွေရရှိရေးသည် ပညာဒါနကျောင်းများ
တိုးချဲ့ရေးနှင့် ကွန်ရက်များ ချဲ့ထွင်ရေးတို့အတွက် အလွန်လိုအပ်သည်ဟု
သုံးသပ်မိသည်။

အများပြည်သူအကျိုးအတွက် အလုပ်လုပ်သော အဖွဲ့အစည်းတိုင်းအတွက်
ရန်ပုံငွေအလုံအလောက် ရရှိဖို့ အရေးကြီးသည်ကို သဘောပေါက်ပါသည်။
ဂီတပွဲတော်အပြင် အခြားရွေးချယ်နိုင်မည့် ရန်ပုံငွေရှာဖွေသည့်
နည်းလမ်းများ မရှိသဖြင့် ဂီတပွဲတော်လုပ်ပြီး၊ ရန်ပုံငွေရှာသည်ဟု
မှတ်ယူပါသည်။ နှစ်ပွဲပေါင်းဂီတပွဲတော် လက်မှတ်နှုန်းထား ကျပ် ၇၅၀၀ နှင့်
ကျပ် ၁၅၀၀၀ ကို ကျွန်တော့်အနေဖြင့် ကြည့်ဖို့ အဆင်မပြေနိုင်ပါ။
မိသားစုလေးယောက်အတွက် ဂီတပွဲတော် လက်မှတ်ခ၊ တက္ကစီငှားခ၊ အဆာပြေစားစရိတ်
အားလုံးပေါင်းလိုက်လျင် ဒေါ်လာတစ်ရာခန့် ကုန်ကျနိုင်ပါသည်။ ဂီတပွဲတော်
လက်မှတ်ရောင်းရငွေမှ ရာခိုင်နှုန်းမည်မျှ ပညာရေးကွန်ရက်အတွက်
ရန်ပုံငွေစီးဝင်မည်ကို အတိအကျမသိပါ။ သို့သော် ဂီတပွဲတော်ဖြစ်သဖြင့်
တီးဝိုင်းနှင့် အဆိုတော်များအားလုံး ကုသိုလ်ဖြစ် တီးခတ်၊
သီဆိုကြသည်ထားဦး၊ စရိတ်စက နည်းမည်မထင်ပါ။ တီးဝိုင်းပစ္စည်းပစ္စယ
ငှားရမ်းစရိတ်၊ သွားရေးလာရေးစရိတ်၊ အကျွေးအမွေးစရိတ်၊ အခမ်းအနား
ပြင်ဆင်စရိတ်၊ နေရာငှားရမ်းစရိတ်၊ အခွန်အခစရိတ်စသဖြင့် စရိတ်များစွာတို့၏
ဝန်ထုပ်ဝန်ပိုးကို ထမ်းရသည် ဖြစ်သဖြင့် အထွေထွေကုန်ကျစရိတ်များ
မြင့်မားတတ်သည်မှာ ဖြစ်ရိုး ဖြစ်စဉ်ဖြစ်သည်။

ခရိုနီကြီး၊ ငယ်၊ လတ်တို့သည် အောက်ခြေ ပြည်သူလူထုကြီး၏
ဆင်းရဲမွဲတေမှုများကို လက်တွေ့ကျကျ လျော့ချလိုသည်ဆိုပါက သူတို့ကိုယ်တိုင်
ဖောင်ဒေးရှင်းများ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ ထူထောင်လုပ်ကိုင်
နိုင်သည့်အပြင် မိမိတို့၏ ကုမ္ပဏီများ၊ လုပ်ငန်းများတွင်လည်း
ပြည်သူ့ဆက်ဆံရေးဌာနများကို စနစ်တကျထူထောင်ပြီး၊ စနစ်တကျ အများပြည်သူနှင့်
ထိတွေ့လျက် လိုအပ်ချက်များကို စနစ်တကျကူညီ၊ လှူဒါန်းပေးနိုင်သည်။သို့သော်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့တို့မှ
ကျင်းပသော ရန်ပုံငွေ ဂီတပွဲတော်များတွင် စပွန်ဆာပေး၊ လှူဒါန်းသကဲ့သို့
လူသိရှင်ကြားဖြစ်ကောင်းမှ ဖြစ်နိုင်မည်။ သတင်း မီဒီယာများတွင်
နေရာပိုရကောင်းမှ ရနိုင် မည်။

အောက်ခြေအများပြည်သူမှ ခရိုနီကြီးများအထိ ပါဝင်နိုင်ပြီး၊ လူမှုကူညီရေး
လှုပ်ရှားမှုအသွင်အထိ ကျယ်ပြန့်အောင်မြင်နေသော နာမည်ကျော် တရုတ်လူမျိုး
ရုပ်ရှင်မင်းသားဂျက်လီ၏ တစ်ဒေါ်လာဖောင်ဒေးရှင်းကို အမှတ်ရမိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပညာရေးကွန်ရက်သည်လည်း
အောက်ခြေပြည်သူလူထုအထိ ပါဝင်နိုင်ပြီး၊စရိတ်စကနည်းနည်းနှင့်
များများလှူနိုင်မည့် ရန်ပုံငွေ ရှာဖွေသည့်နည်းမျိုးကို
ဆွေးနွေးပုံဖော်သင့်သည်ဟု အကြံပြုလိုသည်။ ပြည်တွင်းတွင်လည်း ဂျက်လီ၏
တစ်ဒေါ်လာ ဖောင်ဒေးရှင်း အယူအဆအပေါ် အခြေခံလျက် စုစည်းလှူဒါန်းနေသော
တစ်လတစ်ထောင် စုဆောင်းလှူဒါန်းသည့် လူမှုအဖွဲ့အစည်းများ
အားကောင်းမောင်းသန် ပေါ်ပေါက်နေပြီဖြစ်သည်။ ဆရာအော်ပီကျယ်၊
ဆရာကိုသာချိုနှင့် ဆရာပြေသွေးနိုင်တို့ ကမကထလုပ်နေသည့် ONE MORE သည်လည်း
တစ်လတစ်ထောင် စုဆောင်းလှူဒါန်းသော အဖွဲ့များထဲမှ လူသိများသော
တစ်ဖွဲ့ဖြစ်သည်။
ပြည်သူလူထု၏ ပညာရေး၊ ကျန်းမာရေး စသည့် လူမှုဘ၀တိုးတက်ရေး လုပ်ငန်းများတွင်
ခရိုနီများ၏ စနစ်တကျ ပူးပေါင်းပါဝင်မှုသည် လိုအပ်သည်။ ပြည်သူလူထုအကြား
ဆင်းရဲမွဲတေမှု လျော့ချရေးအစီအစဉ်များတွင် ခရိုနီများကို စနစ်တကျ
ပါဝင်စေသင့်သည်။ ခရိုနီများကို တိုင်းပြည်၏ နေ့စဉ်စီးပွားရေးဘ၀တွင်
မှောင်ခိုမဟုတ်သော တရားဝင် ကုန်သွယ်ရောင်းဝယ်မှု၌ ပါဝင်စေခြင်းဖြင့်
တိုင်းပြည်၏စီးပွားရေး အပြောင်းအလဲတွင် အထောက်အကူပြုနိုင်သည် . . .
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပညာရေး ကွန်ရက် (၂)နှစ်ပြည့်
ပညာဒါနကျောင်းများ ရန်ပုံငွေရှာဖွေရေး ဂီတပွဲတော်နှင့် ပတ်သက်ပြီး၊
ဖေ့စ်ဘုတ်မှာသာမက ပြင်ပတွင်ပါ လူပြောများနေသည်မှာ Air Bagan နှင့် Sky
Net တို့ကို အဓိကစပွန်ဆာများအဖြစ် ဖိတ်ခေါ် ကမ်းလှမ်းခဲ့သည့်အပြင်
သတင်းစာရှင်းလင်းပွဲ၏ နောက်ခံပိတ်ကားတွင်လည်း Air Bagan နှင့် Sky Net
တို့၏ လိုဂိုများကို ထည့်သွင်းကြော်ငြာသည်အထိ ခရီးပေါက်လာနေခြင်း
ဖြစ်ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်၊
ပညာဒါနကျောင်းများ ရန်ပုံငွေရှာဖွေရေး ဂီတပွဲတော်ကို ကုမ္ပဏီများ၊
လုပ်ငန်းများက အဓိကစပွန်ဆာပေးရန် ပညာရေး ကွန်ရက်က အဆိုပြုရသည့်
အကြောင်းကို မရှင်းမလင်းခံစားရပါသည်။ ရန်ပုံငွေများများ ရရှိလိုမှု
သက်သက်ဆိုလျင် ခရိုနီအလတ်များ၊ ခရိုနီအငယ်များနှင့် အခြားစီးပွားရေး
လုပ်ငန်းရှင်ကြီးများကိုလည်း ချဉ်းကပ် အဆိုပြုနိုင်ဖွယ်ရှိသည်ဟု
သုံးသပ်မိသည်။ နံပါတ်တစ် ခရိုနီကြီးနှင့် ထိပ်တန်း ခရိုနီကြီးတို့
ပိုင်ဆိုင်သော လုပ်ငန်းများကို ချဉ်းကပ်၊ စပွန်ဆာတောင်းခဲ့ခြင်းသည်
နည်းမှန်လမ်းမှန်ဟုတ်၊ မဟုတ် ပြန်လည်ဆန်းစစ်ကြည့်သင့်သည်ဟု
ထင်မြင်မိပါသည်။ ၎င်းတို့မှ လွဲလျင် အဆိုပါဂီတပွဲတော်ကို
စပွန်ဆာလုပ်နိုင်သောသူ မရှိတော့ပြီလားဟု စဉ်းစားမိရင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပညာရေးကွန်ရက်အပေါ် ဂရုဏာစိတ်ဝင်မိပါသည်။

Air Bagan နှင့် Sky Net တို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊
ပညာရေးကွန်ရက်အတွက် အဓိကစပွန်ဆာများအဖြစ် ကျပ် သိန်းနှစ်ထောင်ကျော်
(အမေရိကန် ဒေါ်လာ နှစ်သိန်းလေးသောင်းကျော်) လှူဒါန်းမည်ဟု သတင်းများက
ဆိုသည်။ ရန်ပုံငွေ ဂီတပွဲတော်ဖွင့်ပွဲ အခမ်းအနားတွင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်
အဓိကစပွန်ဆာများ၏ လှူဒါန်းငွေကို လက်ခံယူဖွယ် ရှိသည်ဟုလည်း
သတင်းရပ်ကွက်များက ဆိုသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည်
သူမ၏ကိုယ်ပိုင်ပစ္စည်းနှစ်ခုကို ပွဲတော်ဖွင့်ပွဲအခမ်းအနားတွင်
လေလံတင်ရောင်းချမည် ဖြစ်ပြီး၊ လေလံတင်ရောင်းချရငွေကို ပညာရေးကွန်ရက်အတွက်
လှူဒါန်းမည်ဖြစ်သည်။ အဆိုပါပစ္စည်း နှစ်ခုကို အပြိုင်အဆိုင် လေလံဆွဲရန်
ခရိုနီကြီး၊ ငယ်၊ လတ်တို့သည် ဂီတ ပွဲတော်သို့ သုတ်ခြေတင်ကြဦးမည်
ဖြစ်ပြီး၊အဆိုပါပစ္စည်းနှစ်ခုကိုလည်း ခရိုနီများက ၀ယ်ယူသွားဦးမည်မှာ
အမှန်ဖြစ်သည်။

ခရိုနီများသည် တိုင်းပြည်တည်ဆောက်ရေး၊ တိုင်းပြည်၏
စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့တွင် တစ်တပ်တစ်အား ပါဝင်သင့်သည်။
ပြည်သူလူထု၏ ပညာရေး၊ကျန်းမာရေး စသည့် လူမှုဘ၀တိုးတက်ရေး လုပ်ငန်းများတွင်
ခရိုနီများ၏ စနစ်တကျ ပူးပေါင်းပါဝင်မှုသည် လိုအပ်သည်။ ပြည်သူလူထုအကြား
ဆင်းရဲမွဲတေမှု လျော့ချရေးအစီအစဉ်များတွင် ခရိုနီများကို စနစ်တကျ
ပါဝင်စေသင့်သည်။ ခရိုနီများကို တိုင်းပြည်၏ နေ့စဉ်စီးပွားရေးဘ၀တွင်
မှောင်ခိုမဟုတ်သော တရားဝင်ကုန် သွယ်ရောင်းဝယ်မှု၌ ပါဝင်စေခြင်းဖြင့်
တိုင်းပြည်၏ စီးပွားရေးအပြောင်းအလဲတွင် အထောက်အကူပြုနိုင်သည်။
တိုင်းပြည်၏ ကြွယ်ဝချမ်းသာမှု အများစုသည် ခရိုနီကြီးများ၊ သူတို့၏
လက်ဝေခံခရိုနီပေါက်စများ၏ လက်ထဲတွင် ရှိနေသဖြင့် တိုင်း
ပြည်စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန် ခရိုနီများ၏
ရင်းနှီးမြှုပ်နှံမှုများကို တွန်းအားပေးသင့်သည်။ ခရိုနီများကို
သီးခြားဖယ်ထုတ်ပြီး၊ တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး

လုပ်ရန်မှာလည်း မဖြစ်နိုင်သော အခြေအနေဖြစ်သည်။ အထက်ဖော်ပြပါ အချက်များသည်
ခရိုနီကြီး၊ ငယ်၊ လတ်များနှင့် ပတ်သက်သော သီးခြားအမြင်သဘောထားပင်ဖြစ်သည်။
ထို့ကြောင့် ခရိုနီများကို မတွေ့၊ မထိ၊ မဆက်ဆံ၊ ဘေးဖယ်ထားရမည် ဆိုသော
အယူအဆကိုလက်ခံခြင်း မဟုတ်၊ အချိန်ကာလကို လိုက်ပြီး၊ ဆင်ခြင်နိုင်ရန်
စေတနာရှေ့ထား၍ ဆော်သြခြင်းသက်သက်သာဖြစ်သည်။

ခရိုနီများ ခြေသွက်လက်သွက် ရှိပုံနှင့်အတူ လွှတ်တော်ဝန်းကျင်အထိ
စိတ်ကူးစိတ်သန်း ဖြန့်ကြက်နေသူများအထိ ရှိလာနေသည့်အလျောက် တိုင်းကျိုး
ပြည်ကျိုးအတွက် ဘ၀ ရင်း၊ ပိုင်ဆိုင်မှုရင်း၊ ခေါင်းရင်းပြီး၊
အလုပ်လုပ်မည့် ခရိုနီကြီး၊ ငယ်၊ လတ်တို့ နေရာရခဲ့လျင် တော်သေးသည်ဟု
ကောက်ချက်ပြုရမည်ဖြစ်သည်။ ထို့ကြောင့် ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄
ခုနှစ်များအတွင်း ခရိုနီကြီး၊ ငယ်၊ လတ်တို့သည် ကိုယ်စားလှယ် လောင်းနေရာ
သေချာဖို့အတွက် သူ့ထက်ငါ ဦးအောင် အစွမ်းပြကြမည်ကို
မြင်ယောင်မိပါသေးသည်။ပြည်သူလူထုကတော့ ပွဲကြည့် ပရိသတ်ပင် ဖြစ်နေဦးမည်ဟု
ယူဆမိပါသည်။

လက်ရှိ ပြည်တွင်းအခြေအနေများ အတန်အသင့်ရှုပ်ထွေးနေသော ကာလတွင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်သည် ပညာဒါနကျောင်းများ၏
ရန်ပုံငွေဂီတပွဲတော်အတွက် ခရိုနီကြီးများထံမှ
စပွန်ဆာကမ်းလှမ်းမည်ဆိုလျင်လည်း ချင့်ချင့်ချိန်ချိန် စဉ်းစားသင့်သည်ဟု
သုံးသပ်မိသည်။ ၎င်းတို့က ပညာဒါနကျောင်းများ ရန်ပုံငွေဂီတပွဲတော်အတွက်
အဓိကစပွန်ဆာကြီးများအဖြစ် ပါဝင်မည်ဆိုသောအခါ နိုင်ငံရေးတက်ကြွ
လှုပ်ရှားသူများ အပါအ၀င် ပြည်သူလူထု အများစုကြီးမှာ စိတ်မသက်မသာ
ဖြစ်ကြရမည်မှာ မလွဲမသွေဖြစ်သည်။ထို့အပြင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ပညာရေးကွန်ရက်၏ ခရိုနီ-စပွန်ဆာ
ခြေလှမ်းကို အကြောင်းပြုလျက် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်အောင်ဆန်းစုကြည်
လျောက်လှမ်းနေသော နိုင်ငံရေးလမ်းကြောင်းနှင့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့အပေါ်တွင်
ဝန်ထုပ်ဝန်ပိုးပိုဖြစ်သွားမည်ကို ရန်ပုံငွေဂီတပွဲတော် ဇာတ်စီးသူများက
အလေးထားသင့်သည်။

အောက်ခြေပြည်သူလူထု၏ ခရိုနီများအပေါ် သဘောထားကလည်း အကဲဆတ်နေဆဲဖြစ်သည်။
ထို့အတူ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ မျိုးဆက်သစ်
လူငယ်များအကြားတွင်လည်း ခရိုနီများသည် ထိလွယ်ရှလွယ်သော
အနေအထားတွင်ရှိနေဆဲဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တိုင်းပြည်နှင့်
ပြည်သူလူထုအကျိုးအတွက် ဆောင်ရွက်မည့် ဖွံ့ဖြိုးတိုးတက်ရေး
လုပ်ငန်းများတွင် ခရိုနီကြီး၊ ငယ်၊ လတ်တို့ကို လက်တွဲခေါ်ရန်
ဆန္ဒရှိသည့်အလျောက် ထိတွေ့မှုများ ရှိနေပုံရသည်ဟုလည်း
သုံးသပ်ကြသည်။အောက်ခြေပြည်သူလူထုနှင့် တက်ကြွလှုပ်ရှားသူများသည်
ခရိုနီများအပေါ် အကဲခတ်နေ သော်လည်း ဒေါ်အောင်ဆန်းစုကြည် အပေါ် ချစ်ခင်မှု၊
ထောက်ခံမှု၊ ယုံကြည်မှုတို့နှင့်အတူ မချစ်သော်လည်း
အောင့်ကာနမ်းကြရဦးမည်မှာ ဧကန်အမှန်ဖြစ်သည်။

အချုပ်အားဖြင့် ပြောလိုသည်မှာ၊ ဦးစီးဦးဆောင်လုပ်သူများက အဆိုပါ
ဂီတပွဲတော်အတွက် အဓိကစပွန်ဆာများအဖြစ် တိုင်းသိပြည်သိ ကမ္ဘာကျော်
ခရိုနီကြီးများ၏ လုပ်ငန်းများကို ရွေးချယ်သတ်မှတ်ခြင်းသည် ဖြစ်သင့်၊
မသင့် ပြန်လည်သုံးသပ် စဉ်းစားသင့်သည်ဟု အကြံပြုလိုပါသည်။

Link :http://www.first-11.com/index.php?option=com_content&view=article&id=16966:2012-12-23-05-02-58&catid=78:2009-11-13-06-25-17&Itemid=135

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ