ပြည်သူ့ခေတ်ဂျာနယ်စထွက်ချိန် ၂၀၁၀ ဇူလိုင်လကစလို့
ကျွန်တော့်ရဲ့ပြောချင်လွန်းလို့ကော်လံကို ဖွင့်ပြီးရေးခဲ့တာ
ပင်တိုင်ကဏ္ဍခေါင်းစဉ်နဲ့ လျော်ညီစွာ
ကျွန်တော်ပြောချင်လွန်းနေတဲ့အကြောင်းအရာတွေကိုချည်းပဲရေးခဲ့တာ များပါတယ်။
ယခုတစ်ပတ်တော့ မပြောချင်တဲ့ စကား ကို ဒီကဏ္ဍကပဲ ပြောရပါတော့မယ်။
အခြားမဟုတ်ပါ။ ကျွန်တော့် ကျန်းမာရေးအခြေအနေဖြစ်ပါတယ်။ ၃ အောက်တိုဘာ ၂၀၁၂
နေ့မှာ ကျွန်တော့်ရဲ့ Facebook လူမှုစာမျက်နှာမှာ ကျွန်တော်ကိုယ်တိုင်ပဲ
အောက်ပါအတိုင်း ရေးသားဖော်ပြခဲ့လို့ Facebook ပရိသတ်များကတော့
သိထားကြပါပြီ။
......................
ကျွန်တော့် ကျန်းမာရေးဆေးစစ်ပြီးအခြေအနေ (မောင်ဝံသ)
by Maung Wuntha on Wednesday, October 3, 2012 at 4:57pm
မိတ်ဆွေများခင်ဗျာ ...
ကျွန်တော် ကျန်းမာရေးဆေးစစ်ဖို့ စင်ကာပူကို စက်တင်ဘာ ၃၀ ရက်က ရောက်ပါတယ်။
အောက်တိုဘာ ၁ နဲ့ ၂ နှစ်ရက် ဆေးစစ်မှုတွေ ပြု လုပ်ပါတယ်။
အောက်တိုဘာ ၃ မှာ အဖြေတွေရပါတယ်။ Mt Elizabeth ဆေးရုံက အဆုတ်ပါရဂူ
ဆရာဝန်ကြီး Dr Philip Eng က အဆုးတ်ကင်ဆာလို့ ဆုံးဖြတ်ပါတယ်။
သူ့ဆီကနေ Oncologist Dr Benjamin ထံလွှဲပေးလိုက်လို့ဆွေးနွေးပြီး
အောက်တိုဘာ ၄ မှာ ကီမိုဆေးသွင်းကုသမှုပြုလုပ်ပါမယ်။ အောက် တိုဘာ ၁၁ မှာ
နောက်တစ်ကြိမ် ဆေးထပ်သွင်းကုသခံပြီး အောက်တိုဘာ လလယ်ထဲမှာ
ရန်ကုန်ပြန်ပါမယ်။ ရန်ကုန်မှာ ကီမိုဆေးသွင်းကု သမှုဆက်လုပ်ပြီး
ရက်ချိန်းစေ့ရင် စင်ကာပူပြန်ပြရပါမယ်။
အကြမ်းဖျင်းတော့ ဒီလောက်ပဲအစီရင်ခံနိုင်ပါသေးတယ်။
ကင်ဆာရောဂါဆိုတာကတော့မထင်ဘဲ အလစ်ဝင်တိုက်တာကို ခံရတာမျိုးပါပဲ။
ဆက်လက်ပြီး ရှင်သန်နိုင်သမျှ ရှင်သန်နိုင်အောင် တိုက်ပွဲတစ်ပွဲလို
ဆင်နွှဲရတော့မှာပါ။
ကျွန်တော့်အနေနဲ့ အောက်တိုဘာလလယ်ကနေ နိုဝင်ဘာ ၁၁ အထိ
ခရီးထွက်ဖို့ရှိတာကြောင့် ရန်ကုန်မှာမိမိသဘောနဲ့ မိမိ အထွေထွေစစ်
ဆေးမှုလုပ်ရာက ခုလို စတွေ့ခဲ့တာပါ။
တစ်နည်းပြောရရင် ကံကောင်းတယ်ဆိုရမှာပါ။ ခရီးထွက်နေတုန်းတစ်ခုခုဖြစ်ရင်
ပိုဆိုးမယ်ထင်ပါတယ်။
ကျွန်တော် ကျန်းမာရေးဆေးစစ်ခံနေတဲ့အကြောင်းကိုတော့ မိတ်ဆွေအချို့ရဲ့
facebook တွေမှာ တွေ့မိကောင်းတွေ့မိပါလိမ့်မယ်။ ကျွန် တော်
ချစ်ခင်လေးစားရပါသောမိတ်ဆွေများအားလုံးကို ကျွန်တော့်အနေနဲ့ ဒီစာနဲ့
အစီရင်ခံလိုက်ခြင်းဖြစ်ပါတယ်။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။
..............................
ကျွန်တော် ဘယ်လောက်ဆက်နေနိုင်ဦးမယ်ဆိုတာကတော့ မိမိကုသိုလ်ကံနဲ့
ခေတ်မီဆေးဝါးများအပေါ်မှာရယ်၊ ကျွန်တော် မိမိကိုယ်မိမိ ဘယ်လောက်
တောင့်ခံနိုင်မလဲဆိုတာရယ်၊ ကျွန်တော်ချစ်ခင်လေးစားရတဲ့
စာဖတ်ပရိသတ်ပြည်သူများရဲ့ ကျွန်တော့်အပေါ်တုန့်ပြန်တဲ့ မေတ္တာဓာတ်ရယ်အပေါ်
တည်ပေလိမ့်မယ်လို့ ယုံကြည်တယ်ဗျာ။ ကျွန်တော့်အတွက် ဆုတောင်းပေးကြသူများ၊
ကြင်နာမှု စာနာမှုအပြည့်နဲ့ အားပေးစကားရေးသားပေးပို့ကြသူများ၊ အစွမ်းထက်
ဆေးနည်းအချို့ လမ်းညွှန်သူများ၊ စင်ကာပူမှာ
ကိုယ်တိုင်ကိုယ်ကျလာရောက်တွေ့ဆုံ အားပေးကြသူများ၊ ရန်ကုန်နဲ့စင်ကာပူသို့
ဖုန်း အီးမေးလ်တို့ဖြင့် ဆက်သွယ်မေးမြန်းကြသူများကို လှိုက်လှိုက်လှဲလှဲ
ကျေးဇူးတင်နေပါတယ်။
အဆုတ်ကင်ဆာ ကျွန်တော့်မှာ ဖြစ်နေပြီလို့ အတည်ပြုခံလိုက်ရပြီးချိန်မှာ
အဆုတ်ကင်ဆာနဲ့ ကွယ်လွန်သွားကြရှာတဲ့ မိတ်ဆွေရင်းချာများ ကိုအောင်ပြည့်၊
မောင်ဝဏ္ဏတို့ကို ပြေးသတိရလိုက်တယ်။ နောက် လည်ချောင်းကင်ဆာရောဂါနဲ့
ကွယ်လွန်သွားတဲ့ သူငယ်ချင်းကြီး သား ဂျာနယ်ကျော် ကိုမိုးဟိန်းကို
သတိရတယ်။ ဆေးလိပ်အလွန်အကျွံသောက်ခဲ့သူများပါ။ ကျွန်တော်က
ဆေးလိပ်ဖြတ်လိုက်တာ ၁၃ နှစ်ကြာ ပြီဖြစ်ပေမယ့် ယခင် နှစ် ၃၀ ကျော်လောက်
ဆေးလိပ်စွဲသောက်ခဲ့တဲ့ဒဏ်ကို ခံရတာပါပဲဗျာ။ တခြားအကြောင်းတွေ
ရှိနိုင်သေးပေမယ့် ဆရာဝန်ကြီးများကတော့
ဆေးလိပ်သောက်ခဲ့တဲ့ဒဏ်တွေကြောင့်လို့ပဲ အတည်ပြုတယ်ဗျာ။
ဆေးလိပ်မဖြတ်နိုင်ကြသေးတဲ့ ကျွန်တော့်မိတ်ဆွေများ စဉ်းစားကြပါကုန်။
လက်ရှိအခြေအနေမှာတော့ ကျွန်တော့်အနေနဲ့ ကံတရားကိုလက်ခံပြီး
နောက်ဆုံးအချိန်ကို ဝေးနိုင်သလောက်ဝေးအောင် ရွှေ့ဆိုင်းနိုင်ဖို့
ကြိုးစားနေပါပြီ။ ဆေးဝါးကုသမှုစရိတ်က ကြောက်ခမန်းလိလိ ကြီးမားပါတယ်။
ကျွန်တော့်မိသားစုအနေနဲ့ မိတ်ဆွေသင်္ဂဟများရဲ့ အကူအ ညီမပါရင်
အခက်အခဲများစွာ ရှိပါလိမ့်မယ်။ သို့ပေမယ့် ကျွန်တော်ကတော့
ယုံကြည်မှုတစ်ခုရှိနေပါတယ်။ ကျွန်တော်ပြုခဲ့တဲ့ ကျန်းမာရေး ဆိုင်ရာ
ကောင်းမှုကုသိုလ်အချို့ရဲ့ တူသောအကျိုးကို တစ်နည်းနည်းနဲ့တော့
ခံစားနိုင်ပါလိမ့်မယ်လို့ယုံကြည်မိခြင်းပါ။
၂၀၀၈ ခုနှစ် အောက်တိုဘာလမှာ ကျွန်တော့်မိသားစုရဲ့ ဒေါင်းစာပေတိုက် (ယခင်က
ခွပ်ဒေါင်းစာပေ) ၃၅ နှစ်ပြည့် အထိမ်းအမှတ်ပွဲ ဘား လမ်း
စီးတီးစတားဟိုတယ်မှာပြုလုပ်ဖို့ စီစဉ်ခဲ့ပါတယ်။ အဓိကတော့
ကျန်းမာရေးချို့တဲ့နေပြီး ဆေးဖိုးဝါးခအခက်အခဲရှိနေသူ စာရေးဆရာ၊
သတင်းစာဆရာ၊ ကဗျာဆရာများထဲက အလိုအပ်ဆုံးသူ ၁၀ ယောက်ကို တစ်ယောက်ကို
တစ်သိန်းခွဲစီ၊ မန္တလေးနဲ့ရန်ကုန်က စာရေးဆရာ များ
ကျန်းမာရေးအကူအညီပေးရေးအဖွဲ့ကိုယ်စား ဦးကျော်ရင်မြင့်နဲ့
ဦးဝင်းငြိမ်းတို့ကို ကျပ် ၂ သိန်းခွဲစီ လှူဒါန်းဖို့ဖြစ်ပါတယ်။ ပြောရရင်
အရှည်ကြီးဖြစ်နေမှာမို့ လိုရင်းပြောပါမယ်။ ကျွန်တော့်ပွဲဟာ
နိုင်ငံရေးလှုပ်ရှားမှု တစ်ခုခုလုပ်ဖို့ရည်ရွယ်တာဖြစ်မယ်လို့
ရွှေဉာဏ်တော်စူး ရောက်ပြီး အဲဒီတုန်းက သက်ဆိုင်ရာကနေ အချိန်ကပ်ပြီး
ပိတ်ပင်ခဲ့ပါတယ်။ ဒေါင်းစာပေ နှစ်ပတ်လည်ပွဲကိုလာသူတွေလည်း ဒုက္ခတွေဖြစ်၊
ထောက်ပံ့ငွေလက်ခံဖို့လာတဲ့ထဲက ကဗျာဆရာကိုနီဟိန်းဆိုရင် လေဖြတ်နေလို့
လူအထမ်းနဲ့လာရတာ။ ဟိုတယ်က ပွဲဖျက်လိုက်ပြီဆိုတော့ ကျွန်တော့်အိမ်ကို
အငှားကားနဲ့ လိုက်လာရှာတယ်။ ကျန်သူတွေကိုတော့
အိမ်အရောက်လိုက်ပို့လိုက်ရပါတယ်။
ယမန်နှစ်က စာနယ်ဇင်းအယ်ဒီတာတစ်ယောက် သေကောင်ပေါင်းလဲဖြစ်ပြီး
ဆေးရုံတက်ရတယ်။ သူ့ဇနီးက ကျွန်တော်နဲ့ လူချင်းမသိပေ မယ့် ကျွန်တော်ဟာ
ဒုက္ခရောက်နေသူတွေကို ကူညီတတ်တယ်လို့ သတင်းကြားထားလို့ဆိုပြီး
အိမ်ကိုရောက်လာတယ်။ ငွေကြေးအခက်အခဲ ရှိနေတဲ့အကြောင်းပြောလို့ ကျွန်တော်
တတ်နိုင်သလောက်ကူညီလိုက်ပြီး အခြားသူတွေဆီကလည်း အလှူခံပေးမယ်လို့
ပြောလိုက်ပါ တယ်။ အဲဒီနောက် ကျွန်တော့် Facebook ကနေ သည်အကြောင်းကို
အရင်းအတိုင်း ရေးသားတင်ပြလိုက်ပါတယ်။ Facebook မှာ တက် သွားပြီး
နာရီပိုင်းအတွင်း ပထမဆုံး ကျပ် ၅၀၀၀၀ အလှူရှင်အဖြစ် ပြန်/ဆက် ညွှန်ချုပ်
ဦးရဲထွဋ် (ယခု ပြည်ထောင်စု ပြန်ကြားရေးဝန်ကြီးဌာန၊ ဒု ၀န်ကြီး)
ဖုန်းဆက်ပြီး နေ့ချင်းပဲ ရန်ကုန်က သူ့တပည့်တစ်ယောက် ငွေလာပို့တယ်။ နောက်
နေ့ချင်းညချင်းပဲ အလှူရှင်အတော်များများ ဆက်သွယ်လာပြီး ဆေးရုံတက်နေရတဲ့
လူနာအယ်ဒီတာမိသားစု အတော်ကလေးအထောက်အကူဖြစ်သွားပါတယ်။ ကျန်းကျန်းမာမာ
ဆေးရုံက ပြန်ဆင်းလာချိန်မှာ ကျွန်တော့်ကို လာကန်တော့သွားပါတယ်။
နောက် မှတ်မှတ်ရရတစ်ခုကတော့ ယခုအခါ တစ်နိုင်ငံလုံးကသိနေပြီဖြစ်တဲ့
ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းပါ။ နိုင်ငံရေးအကျဉ်းသား များ၊
နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ သူတို့ရဲ့ မိသားစုများ၊
စာနယ်ဇင်းသမားများထဲက ကျန်းမာရေးနဲ့ စားဝတ်နေရေးအခက်အခဲကြုံနေ
ရသူများစွာထဲက အရေးတကြီးလိုအပ်နေသူများကို ငွေကြေးထောက်ပံ့လှူဒါန်းဖို့
ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းအမည်နဲ့ ထူထောင် ပါရန် ကျွန်တော်က
စတင်အဆိုပြု၊ ဆရာ့ဆီက သဘောတူညီချက်ရရှိတဲ့အခါ
စတင်အကောင်အထည်ဖော်ခဲ့ပါတယ်။ကျွန်တော်က ဘဏ္ဍာ ထိန်းတစ်ဦးအဖြစ်
တာဝန်ယူနေပါတယ်။ အခုဆိုရင် ထောက်ပံ့ငွေများ ၃ ကြိမ်တိုင်
ပေးအပ်နိုင်ခဲ့ပါပြီ။
ယခု ကျွန်တော် စင်ကာပူမှာ ခေတ်မီကျန်းမာရေးစစ်ဆေးမှုခံယူ၊
ဆေးဝါးကုသမှုခံယူနေချိန်မှာ သတိအရဆုံးကတော့ ထောင်ထဲမှာ လုံ လောက်တဲ့
ကုသမှုမရခဲ့ကြရှာဘဲ ကျဆုံးသွားခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုပဲ
ဖြစ်ပါတယ်။ ဆရာဦးခင်မောင်မြင့်၊ ရန်ကြီးအောင် ကို စိန်ဝင်း (သုံးခွ)၊
မုံရွာဦးတင်ရွှေ၊ ဆရာမောင်သော်က၊ ခရမ်းကိုတင်မောင်ဝင်း၊ ရန်ကုန်တိုင်း
ဦးသိန်းတင် (တင်သိန်းမောင်)၊ ဗိသုကာ ဦး ကျော်မင်း စသူတွေကို
မြင်ယောင်နေမိတယ်။ ရန်ကြီးအောင် ကိုစိန်ဝင်းဆိုရင် တွဲဘက်ထောင်မှာ
ကျွန်တော့်ရှေ့မှာတင် အသည်းရောဂါနဲ့ မရှုနိုင်မကယ်နိုင်အချိန်ကျမှ
ဆေးရုံပို့တယ်။ ခရမ်း ကိုတင်မောင်ဝင်းက ရေကြည်အိုင်မှာ ကျွန်တော်တို့
အတူနေရစဉ်ကတည်းက သွေးဝမ်း တွေသွားနေပြီ။ အင်းစိန်ထောင်ရောက်တော့ ဗိသုကာ
ဦးကျော်မင်းရယ်၊ ကိုတင်မောင်ဝင်းရယ်၊ ကျွန်တော်ရယ် တစ်ခန်းတည်း နေကြရ
သေးတယ်။ အဲဒီအချိန်မှာ ကိုတင်မောင်ဝင်း မလှုပ်နိုင်လောက်အောင်ဖြစ်နေပါပြီ။
ကျွန်တော် သူ့ကို ကျောတွေ ပေါင်တွေ တက်တက်နင်းပေး တယ် ဒီလိုနဲ့
သူအကြောတွေတက်နေတာ သက်သာရာနည်းနည်းရသပေါ့။ သုံးယောက်ပေါင်းက တစ်နေ့နဲ့
တစ်ညလုံး ထုတ်ထားတဲ့ ချေးခွက် သေးခွက် ဂံဖလားတွေကို မနက်စောစော
မိလ္လာချချိန်မှာ ဦးကျော်မင်းနဲ့ကျွန်တော်က အပြင်မှာသွားသွန်ကြရတယ်။
ရေမလုံ လောက်လို့ သေချာမဆေးနိုင်တဲ့ ဂံဖလားတွေပြန်သွင်းလာရတယ်။
ရက်အတော်ကြာတော့ ကျွန်တော်တို့ကို လူချင်းခွဲ တစ်နေရာစီ တစ်
ခန်းစီထားတယ်။ ကိုတင်မောင်ဝင်းကို တစ်နေ့မနက်မှာ ထမ်းစင်ကြီးနဲ့တင်ပြီး
ထောင်ဆေးရုံပို့တယ်။ မကြာပါဘူး။ ဆုံးသွားပြီလို့ သတင်း ကြားရပါတယ်။
ဆရာမောင်သော်ကကို ၁၉၉၁ အင်းစိန်ထောင်မကြီးမှာ သူက ၂ တိုက်၊ ကျွန်တော်က ၃
တိုက်မှာရှိကြစဉ် ဆရာရေချိုးထွက်တာကို လှမ်း နှုတ်ဆက်လိုက်ရသေးတယ်။
နေ့လည်ကျတော့ ဦးနှောက်သွေးကြောပြတ်လို့ ဆေးရုံပို့လိုက်ပြီတဲ့။
နောက်နေ့ကျတော့ ဆုံးသွားပြီတဲ့။
၁၉၉၆ မှာ ကျွန်တော်တို့ ပုဒ်မ ၁၀ (က) နဲ့ပြန်ဝင်ရတော့ တွဲဘက်ထောင်
ကျွန်းတိုက်မှာအတူနေတဲ့ထဲက ကိုတင်သိန်းမောင် အသည်းရော ဂါနဲ့ အချိန်လွန်မှ
ဆေးရုံတင်လို့ ဆုံးရှာတယ်။ ဗိသုကာ ဦးကျော်မင်းလဲ ဆေးရုံတင်ပြီး
ကုလို့မရတဲ့အခြေအနေရောက်တော့ ပြန်လွှတ်ပေး တယ်။ အပြင်မှာဆုံးသွားတယ်လို့
ကြားရပါတယ်။ ဦးအေးဝင်းက နှလုံးရောဂါနဲ့ အချိန်မီ ဆေးရုံပို့လို့
အသက်ချမ်းသာရာရတယ်။ ဘကြီးမိုး ဦးမိုးသူ ဆီးကြိတ်ရောဂါနဲ့
ဆေးရုံပို့ရတယ်။ အဲဒီမတိုင်ခင် ခေါင်းမထူနိုင်အောင်မူးဝေပြီး
သူ့အခန်းထဲမှာလဲနေတုန်း အစောင့်တွေရဲ့ သ ဟောက်သဟန်းအပြောခံပြီး
ကျွန်တော်အရောက်သွားတယ်။ သူ့အခြေအနေ ဘယ်လိုမှန်းမသိလို့
ခင်ဗျားမှာစရာရှိတာ မှာပါဗျာလို့ ပြော လိုက်တဲ့အခါ အဲဒီရက်ပိုင်းအတွင်း
သူ့ကို ကျွန်တော် ရွတ်ရွတ်ပြနေတဲ့ ဆရာမင်းသုဝဏ်ရဲ့
သူ့မှာတမ်းကဗျာထဲကစာသားလေးတစ်ခုကို မျက်လုံးတွေ
မဖွင့်နိုင်တဲ့ကြားကအားယူပြီး သူကပြောလိုက်တဲ့အခါ ကျွန်တော်
မျက်ရည်မဆည်နိုင်တော့ဘူး။
သူရွတ်ပြတာက " အားနာခဲ့ကြောင်းပြောပါလေ" တဲ့။ သူ့မှာတမ်းကဗျာထဲက
အဲဒီအပိုဒ်က ဒီလိုပါ။ " အမောင် ပြောက်ကျား၊ တိုင်းပြည်အား လျှင်
ဘာများမှာခဲ့လိုသနည်း။ ခရီးမတ်တပ် လမ်းခုလတ်တွင် ကိုယ်လွတ်ရှောင်ခွာ
သွားရပါရွေ့ အားနာခဲ့ကြောင်းပြောပါလေ" ဖြစ်ပါတယ်။
ကျွန်တော်လည်း နောက်သိပ်မကြာပါဘူး၊ ဆီးကြိတ်ဖြစ်ပြီး ဆေးရုံရောက်၊
ဗာတိုင်းဂိုး ခေါင်းမူးပြီးဆေးရုံရောက်၊ ကံကောင်းလို့ မသေဘဲ အ
သက်ရှင်ခဲ့။
ကျွန်တော်တို့မျက်စိအောက်တွင် ဆေးဝါးမကုသနိုင်ဘဲ အသေခံခဲ့ရသူတွေ
အများကြီးရှိခဲ့ပါတယ်။ ဦးမောင်ကိုလိုသေရသူတွေလည်း ရှိခဲ့ ပါတယ်။
ကျွန်တော် ယခုတစ်ဖန် သေခြင်းတရားနှင့် ရင်ဆိုင်ယှဉ်ပြိုင်ရပြန်ပါပြီ။
ကျွန်တော့်ဘက်ကတော့ ရှင်သန်နိုင်သရွေ့ ဆက်လက်ရှင်သန်နိုင်
အောင်ကြိုးစားသွားဖို့ သန်နိတ်ဌာန်ချထားပါပြီ။ သွားလေသူ သူငယ်ချင်း
သားဂျာနယ်ကျော် ကိုမိုးဟိန်းရဲ့ စံနမူနာကိုယူပြီး တရားဓမ္မအလုပ်
တွေကိုလည်း ပြန်လုပ်နေပါပြီ။ နေ့စဉ် တရားမှတ်တဲ့အလေ့အကျင့် လုပ်ထားပါတယ်။
အနည်းဆုံးတော့ ကျွန်တော့်တိုင်းပြည် ငြိမ်းချမ်းသာယာ
ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွန်တော်ချစ်မြတ်နိုးတန်ဖိုးထားသော စာနယ်ဇင်းပ
ညာဖြင့် သည့်ထက်မက အလုပ်အကျွေးပြုချင်ပါသေးတယ်။ သို့မဟုတ်ရင်ဖြင့်
"ခရီးမတ်တပ် လမ်းခုလတ်တွင် ကိုယ်လွတ်ရှောင်ခွာ သွား ရပါရွေ့
အားနာခဲ့ကြောင်း" ပဲ ပြောရတော့မှာပါ။ အားနာခဲ့ကြောင်းပြောဖို့မလိုတော့ဘဲ
မိမိတာဝန်အားလုံးကျေပွန်ခဲ့ပြီလို့ ဥဒါန်းကျူးရင့်ကာ ကျေကျေနပ်နပ်
ထွက်ခွာနိုင်မယ့်အချိန်ကိုပဲ မျှော်လင့်မိပါတယ်။
ယခုတစ်ပတ် စာရှည်သွားတဲ့အတွက် နောက်မှဆက်ပါဦးမယ်။
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ