ရခိုင်ပြည်နယ် အတွက် သုံးစွဲရန်ကျပြီးသား ကျပ်ငွေ ၂၄ ဘီလီယံ ခန့် ကို
သုံးစွဲနိုင်ခြင်းမရှိပဲ စာရင်း ပိတ်သိမ်းခြင်း ခံရကြောင်း ရခိုင်ပြည်နယ်
ပြည်သူ့လွှတ်တော် အမတ်တစ်ဦးက Coral Arakan အား ပြောကြားသည်။
ရခိုင်ပြည်နယ်တစ်ခုလုံးအတွက် ပြီးခဲ့သည့်ဘဏ္ဍာရေးကာလအတွက် သုံးစွဲရန်
စုစုပေါင်း ကျပ်ငွေ ဘီလီယံပေါင်း (၉၀)ကျော် ခွင့်ပြုချက်ရထားသည့်အနက်မှ
ဘီလီယံ (၆၀) နီးကပါးမှာ ရခိုင်ပြည်နယ် ဆောက်လုပ်ရေးကဏ္ဍအတွက်ဖြစ်လေရာ၊ ထို
ဘီလီယံ (၆၀)အနက်မှ (၂၄)ဘီလီယံကို စာရင်းပိတ်သိမ်းခံရခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလမှစတင်သည့် ခြောက်လတာ ဘက်ဂျက်ကာလအတွင်း (ရခိုင်
ပြည်နယ်) ဆောက်လုပ်ရေးဝန်ကြီးဌာန၏ လမ်းတံတားထိန်းသိမ်းရေးဦးစီးဌာန တစ်ခု
တည်း အတွက် ကျထားသော ဘက်ဂျက်မှာ ဘီလီယံပေါင်း (၄၀)လောက် ရှိသည့် အနက်က၊
ခြောက်လကုန်သည်အထိ တစ်ပြားတစ်ချပ်မျှ မသုံးစွဲ ရသေးသည်ကို အံ့ဖွယ်သရဲ
ကြားသိရခဲ့သည်ဟု အဆိုပါ လွှတ်တော်အမတ်က ပြောပြသည်။
အဆိုပါငွေများကို လမ်းပြုပြင်ရန်မသုံးရသေးသော်လည်း၊ တစ်ချိန်နည်းမှာ
ရခိုင် ပြည်နယ် တစ်ဝန်းလုံးက လမ်းများမှာ ဆိုးဆိုးဝါးဝါး ပျက်စီးနေသည်မှာ
ယနေ့ ထက်တိုင် လူတကာ မျက်မြင်ပင် ဖြစ်သည်။
စက်တင်ဘာလ နှောင်းပိုင်းတွင်ပြုလုပ်ခဲ့သော ရခိုင်ပြည်နယ် ပြည်သူ့လွှတ်တော်
အစည်းအဝေး ဖြစ်သည့် အဆိုပါ 'ပထမအကြိမ် စတုတ္ထပုံ မှန်အစည်း အဝေး'တွင်
ပြည်သူ့ လွှတ်တော်က ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၏
'မူလခန့်မှန်းခြေ' နှင့် 'ပြုပြင်ပြီး ခန့်မှန်းခြေ' တို့အကြား
ကိန်းဂဏန်းကွာခြားချက် အလွန်ကြီးမားလှသည်ကို အမတ်များက
မေးမြန်းသည့်အခါကျမှ သုံးစွဲရန်ကျပြီးသား ဘက်ဂျက်ငွေပမာဏအား သုံးစွဲမည့်
တွက်ချက်တင်ပြမှုကို အချိန်မီ ပြုလုပ်နိုင်ခဲ့ခြင်း မရှိသောကြောင့် စာရင်း
ပိတ်သိမ်းခြင်း ခံခဲ့ရကြောင်း ပေါ်ပေါက်ခဲ့သည်။
ယင်းအတွက်တာဝန်ရှိသူ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးကျော်ခင်က
ယင်းငွေများကို 'ပြန်လည် ဆွဲထုတ်' နိုင်ရန် ကြိုးပမ်းသွားမည်ဟု
ရခိုင်ပြည်နယ် လွှတ်တော်အား ပြောကြားသွားခဲ့သည်။ သို့ရာတွင်
လွှတ်တော်အမတ်များကမူ ထိုငွေများကို ပြန်ရရန် မဖြစ်နိုင်သလောက်ပင်ဖြစ်သည်
ဟု ပြောကြသည်။
ရခိုင်ပါတီတစ်ခုမှ အဆင့်မြင့်အရာရှိတစ်ဦးက ၀န်ကြီးဦးကျော်ခင်
နှင့်ပတ်သက်၍ Coral Arakan အားပြောပြသည်မှာ "ပြီးခဲ့တဲ့ ဘက်ဂျက်ကာလ
ခြောက်လအတွင်းမှာ စီမံကိန်းတွေကို သူဘာမှ အကွက်ချ ရေးဆွဲနိုင်ခြင်း
မရှိခဲ့ဘူး။ ကျွန်တော် သိသလောက်ကတော့ တောင်ကုတ်မြို့နယ် မအီဖက်က
ကျောက်ထုတ်တဲ့ နေရာတွေကို သူ သွားကြည့်တာလောက်ကိုပဲ ကြားဖူးတယ်" ဟု
ဆိုသည်။
ရခိုင်ဝန်ကြီးတွေ ဘက်ဂျက်ရတာ၊ မျောက် အုန်းသီးရသလိုမျိုး၊ ဘာမှ မလုပ်တတ်
မကိုင်တတ် ဖြစ်နေတယ် ဟု ၄င်းက ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားသည်။
ထို့အပြင် ယခင်နှစ်က ဘက်ဂျက်တွင်လည်း ခွင့်ပြုချက် ကျပြီးသား စုစုပေါင်း
ပမာဏထဲမှ၊ ပြည်နယ်အစိုးရအဖွဲ့က မစီမံတတ် သောကြောင့် ကျပ်ငွေလေးဘီလီယံ
ပိတ်သိမ်းခံရပြီး ဖြစ်သည် ဟု ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာလတွင်ကျင်းပခဲ့သည့် ရခိုင်လွှတ်တော်တွင် မိမိ၏
နမော်နမဲ့ နိုင်မှုကို ဖော်ပြခဲ့သော ၀န်ကြီး တစ်ပါးမှာ သမ၀ါယမ၀န်ကြီး
ဦးမြအောင်ဖြစ်သည်ဟု ဆိုသည်။ ၄င်းသည် ၀န်ကြီးဌာန၏ ၀န်ထမ်းများလစာကို
ထည့်သွင်းတွက်ချက် တောင်းဆိုရန် မေ့လျော့ ခဲ့သောကြောင့် ၀န်ထမ်းများကို
လစာပေးရန် ဘက်ဂျက်မရှိ ဖြစ်နေလေရာ၊ ယခု အစည်းအဝေးတွင်ကျမှ
ဖြည့်စွက်ဘက်ဂျက်အားဖြင့် ၀န်ထမ်းများ လစာကို တောင်းရသည်ဟု ဆိုသည်။
ရခိုင်ဝန်ကြီးတို့၏ နေအိမ်တို့တွင် မျက်နှာကြက်ပေါ်မှ
မီးပန်းဆိုင်းများပြုတ်ကျခြင်း အစရှိသည့် အန္တရာယ်ရှိ ယိုယွင်းမှုများ
ဖြစ်ပျက်နေလေရာ၊ ယင်းတို့ကို ပြုပြင်ရန် အတွက် ကျပ်ငွေ သိန်းလေးရာခန့်
တောင်းဆိုခဲ့ကြသော်လည်း အမတ်များက ကန့်ကွက်သဖြင့်၊ ယင်းတို့ အား
ဆောက်လုပ်ခဲ့သည့် Max Myanmar ၊ ဂျီအီး အစရှိသည့် ဆောက်လုပ်သူများနှင့်
ညှိနှိုင်းဆွေးနွေးစေရန်ကိုသာ ဆုံးဖြတ်ခဲ့ကြသည်။
နောက်ထပ်ကန့်ကွက်ခဲ့ရသည့် ဘက်ဂျက်တောင်းဆိုမှုတစ်ခုမှာ
စိုက်ပျိုးရေးဝန်ကြီးဌာန ၏ မျိုးစပါး စိုက်ခင်း (၁၀)ဧကအတွက် ပြုပြင်စရိတ်
တစ်ဧကလျှင် (၁၅)သိန်းနှုန်းဖြင့် သိန်း (၁၅၀) တောင်းဆိုခြင်းဖြစ်သည်ဟု
ဆိုသည်။ လယ်တစ်ဧကကို အပိုင်ဝယ်လျှင်မှ အကြမ်းဖျင်း ငါးသိန်းကုန်ကျပြီး၊
တစ်ဧကအတွက် တစ်သီးစိုက်ပျိုးစရိတ်မှာ ရှစ်သောင်း နှင့်
တစ်သိန်းကျပ်အကြားတွင်သာရှိသည် ဟု တောင်သူအချို့က Coral Arakan ကို
ပြောကြားသည်။
(ဟန်မောင်သိန်း ရေးသားသည်။)
http://www.facebook.com/pages/Coral-Arakan-News-Agency/145802848890758
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ