သီလ၀ါအထူးစီးပွားဇုန် မြေနေရာတွင် နေရာလွတ်ကျန်ရှိသည့်
မြေကွက်သုံးကွက်အား မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ Joint Venture
(အကျိုးတူပူးပေါင်းစနစ်) ဖြင့် ဆိပ်ကမ်းတည်ဆောက်ရန် လျာထားကြောင်း
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးချိုသန်းမောင်၏
ပြောကြားချက်အရ သိရပါသည်။
သီလ၀ါအထူးစီးပွားဇုန် မြေနေရာတွင် လုပ်ငန်းဖော်ဆောင်ရန် မြေကွက် ၃၇
နေရာလျာထားရာမှ မြေကွက်ရှစ်ကွက်သာ နေရာလွတ်ကျန်ရှိခဲ့ပြီး၊
ယင်းမြေကွက်ရှစ်ကွက်အနက်မှ ငါးကွက်အား မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ
ဆိပ်ကမ်းတိုးချဲ့ တည်ဆောက်မည်ဖြစ်ပြီး၊ ကျန်မြေကွက်သုံးကွက်ကိုသာလျှင်
ဆိပ်ကမ်းတည်ဆောက်မည့် အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ Joint
Venture စနစ်ဖြင့် ဆိပ်ကမ်းတည်ဆောက်သွားမည်ဖြစ်သည်။
''လက်ရှိသီလ၀ါ အထူးစီးပွားဇုန်မြေနေရာမှ မြေကွက်နေရာလွတ်
ရှစ်ကွက်ကျန်တဲ့အနက်က မြေကွက်ငါးကွက်ကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေနဲ့
သီလ၀ါဆိပ်ကမ်းဘက်မှာ တိုးချဲ့တည်ဆောက်ဖို့ JICA နဲ့ပူးပေါင်းပြီး
မြေနေရာလေ့လာမှု တွေလုပ်နေပြီဖြစ်ပါတယ်။ ကျန်မြေကွက်သုံးကွက်ကိုတော့
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နဲ့ Joint Venture သဘောမျိုးပူးပေါင်းပြီး
ဆိပ်ကမ်းတည်ဆောက်သွားဖို့ လျာထားပါတယ်''ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ
ဦးဆောင်ညွှန်ကြားရေး မှူး ဦးချိုသန်းမောင်က စက်တင်ဘာလ ၁၁ ရက်နေ့က
ပြောကြားခဲ့သည်။
လက်ရှိတွင် သီလ၀ါအထူးစီး ပွားဇုန်နေရာ၌ MITT ၊ MIPL နှင့် MEC တို့မှ
ကုန်သေတ္တာနှင့် အထွေထွေကုန်စည်တံတားအတွက်
ဆောင်ရွက်ပြီးမြေကွက်ခြောက်ကွက်နှင့် ဆောင်ရွက်ဆဲ မြေကွက်လေးကွက်၊
ဦးပိုင်နှင့် MSPL တို့မှ အထွေ ထွေတံတား တည်ဆောက်ရန် နေရာချထားပြီး
မြေကွက်လေးကွက်၊ စက်သုံးဆီဆိပ်ကမ်းများ တည်ဆောက်ရန်ချထားပြီး မြေကွက် ၁၁
ကွက်၊ ကောက်ပဲသီးနှံတံတားအတွက် မြေကွက်လေးကွက် စုစုပေါင်းမြေကွက် ၂၉
နေရာအား အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည်။
သီလ၀ါဆိပ်ကမ်း အထူးစီးပွားရေးဇုန်အား ဂျပန်နိုင်ငံ၏ ကူညီမှုဖြင့် ၂၀၁၅
ခုနှစ်တွင် အပြီးသတ် ဖွင့်လှစ်နိုင်ရန် စာချုပ်ချုပ်ဆိုထားကြောင်း
သိရသည်။
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ