နိုင်ငံတော်သမ္မတက စတုတ္ထ အကြိမ်မြောက် ပြစ်ဒဏ် လွတ်ငြိမ်းခွင့် အဖြစ် နောက်ထပ်အကျဉ်းသား ၅၁၄ ဦးအား စက်တင်ဘာလ ၁၇ ရက်နေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု

နိုင်ငံတော်သမ္မတက နောက်ထပ်အကျဉ်းသား ၅၁၄ ဦးအား စက်တင်ဘာလ ၁၇ ရက်နေ့တွင်
ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏
ဝက်ဘ်ဆိုက်တွင် စက်တင်ဘာလ ၁၇ ရက်နေ့ (ယနေ့) တွင် ဖော်ပြခဲ့သည်။

''ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတသည် နိုင်ငံတော်
တည်ငြိမ်ရေးနှင့် ထာဝရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေး အတွက် လည်းကောင်း၊
လူသားချင်း စာနာ ထောက်ထားမှုကို အလေးပေးသောအားဖြင့် လည်းကောင်း၊
နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော်
တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက် အပံ့ဖြစ်စေသည့် နိုင်ငံသားများ
အဖြစ်သို့ ပြုပြင် ပြောင်းလဲစေရန် အတွက် လည်းကောင်း၊ အိမ်နီးချင်း
နိုင်ငံများနှင့် နိုင်ငံ အချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေး၊
ချစ်ကြည်ရေးတို့ အတွက်လည်းကောင်း ရည်ရွယ်၍ နိုင်ငံတော် ဖွဲ့စည်းပုံ
အခြေခံ ဥပဒေပုဒ်မ ၂၀၄ (က)နှင့်အညီ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသားများ
ဖြစ်ကြသည့် နိုင်ငံခြားသား အကျဉ်းသားများ အပါအဝင် စုစုပေါင်း အကျဉ်းသား
(၅၁၄)ဦးတို့အား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ (၁)အရ
မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ်၊ တော်သလင်းလဆန်း (၂)ရက်နေ့ (ခရစ်နှစ် ၂၀၁၂
ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့) မှစ၍ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်
ပြုခဲ့ကြောင်း သိရှိရပါသည်။''ဟု ပြန်ကြားရေးဝန်ကြီးဌာန၏ ၀က်ဘ်ဆိုက်တွင်
ဖော်ပြခဲ့သည်။

''နိုင်ငံရေးအကျဉ်းသား ဘယ်လောက်လွတ်မြောက်လာမယ်ဆိုတာကို လောလောဆယ်တော့
လုံးဝမသိရသေးပါဘူး။ မနက်ဖြန် အင်းစိန်ထောင်ရှေ့မှာ
လွတ်မြောက်လာတဲ့သူတွေကို ကြိုဆိုဖို့အတွက် ပြင်ဆင်နေပါပြီ။ အခု
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်သူတွေထဲမှာ ကျန်ရှိနေတဲ့
နိုင်ငံရေးအကျဉ်းသားအားလုံး ပါဝင်လာလိမ့်မယ်လို့ ကျွန်တော်တို့အနေနဲ့
မျှော်လင့်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် သမ္မတကြီးက တရုတ်ပြည်ခရီးစဉ်ကို
မနက်ဖြန် စတင်မယ်လို့ သိရတယ်။ တရုတ်ပြည်ကနေ အမေရိကန်နိုင်ငံကို
ဆက်သွားမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေး
ဖြစ်ထွန်းပေါ်ပေါက်ရေးတို့ကို အမေရိကန်နိုင်ငံအနေနဲ့
ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်တယ်။ ကျွန်တော်တို့
နိုင်ငံခေါင်းဆောင်တွေ အခုလိုမျိုး နိုင်ငံခြားခရီးစဉ်တွေ
သွားရောက်တဲ့အခါမှာ အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့တဲံ့
ဖြစ်စဉ်တွေ အရင်ကလည်း ရှိခဲ့တယ်။'' ဟု
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ကိုထွန်းကြည်က စက်တင်ဘာလ ၁၇ ရက်နေ့
ညနေ ၄ နာရီ ၄၅ မိနစ်က ပြောကြားခဲ့သည်။

၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ကိုဇော်မင်းက "ထောင်ထဲမှာ
အကြာကြီးနေခဲ့ဖူးတော့ အကျဉ်းကျနေသူတွေရဲ့ အခက်အခဲကို
ကိုယ်ချင်းစာပါတယ်။ထောင်ကျနေတဲ့ သူတွေထဲမှာ နိုင်ငံရဲ့အကျိုးကို
ထမ်းဆောင်နိုင်မယ့် သူတွေအများကြီး ရှိနေပါတယ်။ အခု လွတ်မြောက်လာမယ့်
သူတွေထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ အများကြီးပါလာမယ်လို့ သိရပါတယ်။
အခုလိုလွှတ်ပေးတဲ့အတွက် အစိုးရအဖွဲ့ကို ကျေးဇူးတင်ပါတယ်။
လွတ်မြောက်သင့်တဲ့သူတွေ ကျန်နေအုံးမယ်ဆိုရင်လည်း ထပ်မံလွှတ်ပေးပါလို့
ကျွန်တော်တို့အနေနဲ့ တောင်းဆိုပါတယ်။ ဒီလိုလွှတ်ပေးခြင်းအားဖြင့်
နိုင်ငံတော် အစိုးရအပေါ်ကို နိုင်ငံတကာနဲ့ နိုင်ငံသားတွေ အားလုံးက
အကောင်းမြင်လာပြီး ယုံကြည်မှုတွေ ပိုရှိလာစေပါတယ်။ အစိုးရကို လူတွေ
အကောင်းမြင်ခြင်းအားဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး
လုပ်ဆောင်ရာမှာ ပိုမိုတိုးတက်မှု ရရှိအောင် ဆောင်ရွက်နိုင်မှာ
ဖြစ်ပါတယ်"ဟု ပြောပြခဲ့ပါသည်။

၂၀၁၀ ရွေးကောက်ပွဲအပြီးနောက် အရပ်သားအစိုးရအနေဖြင့်
အကျဉ်းသားအများအပြားကို လွတ်ငြိမ်းချမ်းသာခွင့် သုံးကြိမ်ထုတ်ပြန်ပြီး
လွှတ်ပေးခဲ့ရာ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃ ရက်နေ့တွင် အကျဉ်းသား ၆၀၈၇ ဦး၊
အကျဉ်းသူ ၅၆၉ ဦး စုစုပေါင်း ၆၆၅၆ ဦးကို လွှတ်ပေးခဲ့သလို ၂၀၁၂ ခုနှစ်
ဇန်န၀ါရီ ၁၃ ရက်နေ့တွင်လည်း အကျဉ်းသားစုစုပေါင်း ၆၅၁ ဦးကိုလည်းကောင်း၊
၂၀၁၂ ခုနှစ်ဇူလိုင်လ ၃ ရက်နေ့တွင် အကျဉ်းသား ၃၇ ဦး၊ အကျဉ်းသူ ၄၆ ဦးကို
လည်းကောင်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့သည်။

အစိုးရသစ်လက်ထက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသားအများအပြား
လွှတ်ပေးခဲ့ရာ နိုင်ငံရေးအကျဉ်းသားများ ပါဝင်မှုရှိခဲ့သော်လည်း
လက်ရှိအချိန်ထိ အကျဉ်းထောင်အသီးသီး၌ ယခင်အစိုးရလက်ထက်က ထောက်လှမ်းရေးမှ
ဖောက်ခွဲရေးပုဒ်မများအပါအ၀င် ကျိုးကြောင်းဆီလျော်ခြင်းမရှိဘဲ
ဖမ်းဆီးခဲ့သော နိုင်ငံရေးအကျဉ်းသားများ များစွာကျန်ရှိနေသေးကြောင်း
ပြန်လည်လွတ်မြောက်လာခဲ့သည့် နိုင်ငံရေး အကျဉ်းသားဟောင်းများက
ပြောကြားထားသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ
ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ) AAPP မှ ထုတ်ပြန်သောစာရင်းတွင်
မြန်မာနိုင်ငံ၌ စက်တင်ဘာလ ၁ ရက်နေ့အထိ အတည်ပြုနိုင်သော နိုင်ငံရေး
အကျဉ်းသားအရေအတွက်မှာ ၄၂၄ ဦးရှိကြောင်း သိရသည်။ AAPP ၏ စာရင်းများအရ
အဆိုပါနိုင်ငံရေး အကျဉ်းသားများမှာ ယခင်အစိုးရလက်ထက်က
ဖမ်းဆီးခဲ့သူများဖြစ်ပြီး အရေးပေါ်စီမံမှုအက်ဥပဒေပုဒ်မများ၊
မတရားအသင်းနှင့် ဆက်သွယ်သော ပုဒ်မများ၊ ဖောက်ခွဲရေးပုဒ်မများဖြင့်
စွဲချက်တင်ပြီး ဖမ်းဆီးခံထားရသူများဖြစ်ကြောင်း သိရသည်။

Updated : 7:45 PM
ယနေ့ (စက်တင်ဘာလ ၁၇) ရက် ညနေပိုင်းတွင် အင်းစိန် အကျဉ်းထောင်မှ အကျဉ်းသား
(၁၀) ဦး လွတ်မြောက်ခဲ့ ကြောင်းသိရှိရသည်။ လွတ်မြောက်ခဲ့သူ (၁၀) ဦးအနက်
နှစ်ဦးမှာ နိုင်ငံခြားသားများဖြစ်ပြီး ကျန်(၈)ဦးမှာ ပုဒ်မ ၁၇/၁၊ ၁၃/၁၊
သင်းဖွဲ့-၆ အစရှိသော ပုဒ်မများဖြင့် အကျဉ်းကျခံခဲ့ရသော နိုင်ငံရေး
အကျဉ်းသားများ ဖြစ်သည်ဟု ပြန်လည် လွတ်မြောက်လာသူ တစ်ဦးဖြစ်သည့်
ပဲခူးမြို့မကျောင်းမှ ဦးခေမာစာရ (ခေါ်) ကိုချမ်းသာက ပြောပါသည်။

Updated : 8:15PM
ယနေ့(စက်တင်ဘာလ ၁၇ရက်နေ့)ညပိုင်းတွင် မန္တလေး အိုးဘို အကျဉ်းထောင်မှ
နိုင်ငံခြားသား တစ်ဦးအပါအ၀င် အကျဉ်းသား ၄၇ဦး လွတ်မြောက်လာကြောင်း
သတင်းရရှိသည်။ ယင်းလွတ်မြောက်လာသူများထဲတွင် ဖောက်ခွဲရေးပုဒ်မများဖြင်
့ဖမ်းဆီးခံခဲ့ရသူများ၊နိုင်ငံရေး အကျဉ်းသားများအပြင် ၂၀၀၃ခုနှစ်
ကအထိန်းသိမ်းခံခဲ့ရသည့် သံဃာတော် ၂၂ ပါးလည်း ပါဝင်ကြောင်းလည်း သိရသည်။

Updated : 10:12PM
ဦးထွန်းကြည်က "အခုလို ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်တဲ့အခါ
နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိသင့်တော့ပါဘူ။ သမ္မတကြီး ကိုယ်တိုင်ကလည်း
နိုင်ငံကိုပြုပြင်ပြောင်းလဲမှု ပြုလုပ်ရာမှာ အားလုံးပါဝင်ဖို့လိုကြောင်း
ပြောထားတာပါ။ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးသင့်ပါပြီ။
ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်က အားလုံးချွင်းချက်မရှိ
လွတ်မြောက်ရေးအတွက်ပါ။ အရမ်းအရေးကြီးပါတယ်။ လက်ရှိရရှိတဲ့ သတင်းတွေအရ
လွတ်မြောက်လာတာ အရမ်းနည်းနေပါတယ်။ ကျန်ရှိနေသေးတဲ့
နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးပါလို့ ကျွန်တော်တို့အနေနဲ့
တောင်းဆိုပါတယ်။"ဟု ပြောပြခဲ့ပါသည်။

စက်တင်ဘာလ ၁၇ ရက်နေ့ ည ၁၀ နာရီအချိန်အထိ ရရှိသောသတင်းများအရ
လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများမှာ အင်းစိန်ထောင်မှ ၈ဦး၊
ပဲခူးထောင်မှ ၁ဦး၊ သာယာဝတီထောင်မှ ၃ဦး၊ မြင်းခြံထောင်မှ ၁ ဦး၊
တောင်ငူထောင်မှ ၂၆ဦးတို့ဖြစ်ကြောင်းနှင့် မန္တလေးအိုးဘိုထောင်မှ
လွတ်မြောက်လာသူများတွင်လည်း နိုင်ငံရေးအကျဉ်းသားများ ပါဝင်ကြောင်း
သိရသည်။ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ ပြုစုထားသော စာရင်းများအရ
အင်းစိန်ထောင် တစ်ခုတည်းတွင်ပင် နိုင်ငံရေးအကျဉ်းသားပေါင်း ၈၀
ကျော်ရှိသော်လည်း ၈ ဦးသာ လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့သည့်အတွက်
ယခုလွတ်မြောက်လာသူများတွင် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်သည့်
အရေအတွက်မှာ မျှော်လင့်ထားသည်ထက် အလွန်နည်းပါးနေကြောင်း နိုင်ငံရေး
အကျဉ်းသားဟောင်းများအဖွဲ့မှကိုထွန်းကြည်၏
ပြောကြားချက်အရသိရသည်။ဦးထွန်းကြည်က "အခုလို ပြုပြင်ပြောင်းလဲရေး
လုပ်ဆောင်တဲ့အခါ နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိသင့်တော့ပါဘူ။ သမ္မတကြီး
ကိုယ်တိုင်ကလည်း နိုင်ငံကိုပြုပြင်ပြောင်းလဲမှု ပြုလုပ်ရာမှာ
အားလုံးပါဝင်ဖို့လိုကြောင်း ပြောထားတာပါ။ နိုင်ငံရေးအကျဉ်းသား အားလုံးကို
လွှတ်ပေးသင့်ပါပြီ။ ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်က အားလုံးချွင်းချက်မရှိ
လွတ်မြောက်ရေးအတွက်ပါ။ အရမ်းအရေးကြီးပါတယ်။ လက်ရှိရရှိတဲ့ သတင်းတွေအရ
လွတ်မြောက်လာတာ အရမ်းနည်းနေပါတယ်။ ကျန်ရှိနေသေးတဲ့
နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးပါလို့ ကျွန်တော်တို့အနေနဲ့
တောင်းဆိုပါတယ်။"ဟု ပြောပြခဲ့ပါသည်။

Updated : 11:52PM
စက်တင်ဘာလ ၁၇ရက်နေ့ ည ၁၁ နာရီ မိနစ် ၃၀ ဝန်းကျင် အချိန်အထိ
ရရှိသောသတင်းများအရ မြန်မာနိုင်ငံ အသီးသီးရှိ အကျဉ်းထောင် ရှစ်ထောင်မှ
နိုင်ငံရေးအကျဉ်းသားပေါင်း ၈၇ဦး လွတ်မြောက်လာခဲ့ကြောင်း
နိုင်ငံရေးအကျဉ်းသမားဟောင်းများအဖွဲ့မှ ရရှိသော သတင်းများအရ သိရပါသည်။

ထောင်အသီးသီးမှ လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသားများစာရင်းမှာ
ရန်ကုန် အင်းစိန်ထောင်မှ ၈ဦး၊ မန္တလေး အိုးဘိုထောင်မှ ၄၆ဦး၊ တောင်ငူထောင်
မှ ၂၆ဦး၊ သာယာဝတီထောင်မှ ၃ဦး၊ ပဲခူးထောင်မှ ၁ဦး၊ မြင်းခြံထောင်မှ ၁ဦး၊
လွိုင်ကော်ထောင်မှ ၁ ဦး၊ တောင်ကြီးထောင်မှ ၁ဦး စုစုပေါင်း ၈၇
ဦးဖြစ်ကြောင်း သိရသည်။

၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က "အခုလို
လွှတ်ပေးသင့်တာကြာပါပြီ။ ထောင်ထဲမှာ ဆယ်စုနှစ်တွေ ကြာတဲ့အထိနေခဲ့ကြရတဲ့
ဘ၀တွေအများကြီးရှိပါတယ်။ ဦးရွှေထူးဆိုရင် ၁၅နှစ်နီးပါးရှိပြီ။
လက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်တော်ပြန်လာတဲ့သူတွေကိုတောင်
လက်ခံနေပြီဆိုတဲ့အချိန်မှာ ပုဒ်မတွေအမျိုးမျိုးနဲ့ အစွပ်စွဲခံခဲ့ရပြီး
မတရား ဖမ်းဆီးခံခဲ့ရတဲ့သူတွေ ထောင်ထဲမှာ မရှိသင့်ပါဘူး။ အခုလို
လွှတ်ပေးခြင်းဟာ နိုင်ငံတကာမှာ မျက်နှာပန်းလှမယ့်ကိစ္စပါ။
ကျွန်တော်တို့အနေနဲ့ ဘယ်လောက်ကျန်သေးတယ်ဆိုတာကိုတော့ စနစ်တကျ
သတင်းစုဆောင်း စိစစ်သွားပြီး ကျန်သေးရင် တောင်းဆိုမှုတွေ
ပြုလုပ်သွားမှာပါ။ တစ်စုံတစ်ယောက်က နိုင်ငံရေး အကျဉ်းသားတွေရဲ့ဘ၀တွေကို
နိုင်ဖဲတစ်ချပ် ကိုင်ထားသလို ကိုင်ထားတာမျိုး မဖြစ်ပါစေနဲ့လို့တော့
ဆုတောင်းပါတယ်"ဟု ပြောပြခဲ့ပါသည်။

လွတ်မြောက်လာသူများထဲတွင် ၁၉၉၈ခုနှစ်ကတည်းက အကျဉ်းကျနေသော
တောင်ကြီးထောင်မှ ဦးရွှေထူး၊ သာယာဝတီထောင်မှ မောင်မောင်သန်းရွှေ၊
ဇာနိုင်ထွန်း(ခ)ဖြူလေး၊ ကိုဥာဏ်ထွန်း၊ ပဲခူးထောင်မှ ကိုဇင်လင်းထွန်း
စသည်တို့ပါဝင်ကြောင်းသိရသည်။

လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများကိုလည်း
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်
မြို့နယ်ရှိ ရွှေဝါရောင် ဦးဆောင်သံဃာတော် အရှင်ဦးပဏ္ဏ၀ံသ၏
ရွှေတောင်ကျောင်းတိုက်တွင် လက်ခံတွေ့ဆုံ၍ အားပေးကူညီမှုများ
ပြုလုပ်လျက်ရှိကြောင်းသိရသည်။

လွတ်မြောက်လာသည့် အကျဉ်းသားများကို ဆေးစစ်ဆေးမှုများ
ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ဆေးကုသရန်လိုအပ်ပါက ၎င်းတို့
တက်နိုင်သည့်အားဖြင့် ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့
နိုင်ငံရေးအကျဉ်းသား သုံးပုံတစ်ပုံနီးပါးကို စိတ်အားထက်သန်စွာ
လွတ်ငြိမ်းချမ်းသာခွင့် ပြုပေးခဲ့သည့် သမ္မတကြီးအား
အထူးကျေးဇူးတင်ပါကြောင်းနှင့် ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသား
နှစ်ရာကျော်အား အမြန်ဆုံးစိတ်အားထက်သန်စွာ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန်
တောင်းဆိုပါကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ
အဖွဲ့ဝင်များကပြောပြပါသည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ပြုစုထားသော စာရင်းအရ
မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များ၌ နိုင်ငံရေးအကျဉ်းသားပေါင်း ၃၀၃
ဦးရှိရာ လက်ရှိအချိန်ထိ ၈၇ ဦး လွတ်မြောက်လာကြောင်း သတင်းရရှိပါသည်။

Updated : 18-09-2012

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ပြုစုထားသော စာရင်းအရ
မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များ၌ နိုင်ငံရေးအကျဉ်းသားပေါင်း ၃၀၃
ဦးရှိရာ လက်ရှိအချိန်ထိ ၈၇ ဦး လွတ်မြောက်လာကြောင်း
သတင်းရရှိပါသည်။နိုင်ငံတော်သမ္မတက နောက်ထပ်အကျဉ်းသား ၅၁၄ ဦးအား စက်တင်ဘာလ
၁၇ ရက်နေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်ရာတွင် ၃၉၉ ဦးမှာ
နိုင်ငံခြားသားများဖြစ်ကြောင်း၊ ယင်းအနက် အများစုမှာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ ဖြစ်ကြောင်းနှင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်
ပြုလိုက်သည့် နိုင်ငံခြားသား အများစုမှာ တရားမ၀င် နယ်စပ်ဖြတ်ကျော်
ဝင်ရောက်လာ၍ လ၀က ၁၃ (၁) ဖြင့် ထောင်ဒဏ်ကျခံနေရသူဖြစ်ကြောင်း နေပြည်တော်
အကျဉ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဝင်းက Eleven Media
Group သို့ စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၇ မိနစ်က ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတက နောက်ထပ်အကျဉ်းသား ၅၁၄ ဦးအား စက်တင်ဘာလ ၁၇ ရက်နေ့တွင်
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ရာတွင် ၃၉၉ ဦးမှာ
နိုင်ငံခြားသားများဖြစ်ကြောင်း၊ ယင်းအနက် အများစုမှာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ ဖြစ်ကြောင်းနှင့်
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်သည့် နိုင်ငံခြားသား အများစုမှာ တရားမ၀င်
နယ်စပ်ဖြတ်ကျော် ၀င်ရောက်လာ၍ လ၀က ၁၃ (၁) ဖြင့်
ထောင်ဒဏ်ကျခံနေရသူဖြစ်ကြောင်း နေပြည်တော် အကျဉ်းဦးစီးဌာနမှ
ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဝင်းက Eleven Media Group သို့ စက်တင်ဘာလ
၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၇ မိနစ်က ပြောကြားခဲ့သည်။

ကလေးမြို့ အကျဉ်းထောင်မှ လွတ်မြောက်လာသူ (၁၈) ဦးအနက် မြန်မာနိုင်ငံသား
တစ်ဦးသာပါဝင်

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ
ကလေးမြို့ အကျဉ်းထောင်မှ လွတ်မြောက်လာသူ ၁၈ ဦးအနက် မြန်မာနိုင်ငံသား
တစ်ဦးသာ ပါဝင်ကြောင်း သိရသည်။

လွတ်မြောက်ခဲ့သူများတွင် အိန္ဒိယ နိုင်ငံသား (၁၄) ဦးနှင့်
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၃)ဦး ပါဝင်ခဲ့ပြီး ပုဒ်မ ၁၇/၁ ဖြင့်
အကျဉ်းကျနေသော ချင်းတိုင်းရင်းသား တစ်ဦးပါဝင်ကြောင်း သိရပါသည်။
ကလေးမြို့ အကျဉ်းထောင်တွင် အကျဉ်းကျနေသော နိုင်ငံရေး အကျဉ်းသား
ကိုရန်ရွှေနှင့် ဗိုလ်မှူးကြီးဟောင်း တင်လှတို့မှာ လွတ်မြောက်ခြင်း
မရှိသေးဟု သိရပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမ၀င်ခိုးဝင်လာသည့်လူ ၁၁၈ ဦးကို စစ်တွေ
အကျဉ်းထောင်မှ ပြန်လွှတ်ပေးခဲ့

ယမန်နေ့က ထုတ်ပြန်ခဲ့သော လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့်
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမ၀င် ခိုးဝင်လာသည့်လူ ၁၁၈ ဦး စက်တင်ဘာလ ၁၇
ရက်နေ့ ညပိုင်းက စစ်တွေ အကျဉ်းထောင်မှ ပြန်လွှတ်ပေးလိုက်ကြောင်း သိရပါသည်။

သို့သော် ဘင်္ဂလားဒေ့ရှ် နိုင်ငံအစိုးရမှ ပြန်မခေါ်မချင်း ထောင်ထဲတွင်
ယာယီထိန်းသိမ်း ထားဦးမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။

အလားတူ ငွေကြေးအလွဲသုံးစားသုံးစွဲမှုဖြင့် ထောင်ဒဏ်ကျခံ နေရသည့် အကျဉ်းသား
၃ ဦးကိုလည်းပြန်လည် လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း၊ ထိုသူတို့အနေဖြင့်
နိုင်ငံတော်သမ္မတကြီး၏ လွတ်ငြိမ်းချမ်းသာခွင့်အရ လွှတ်ပေးလိုက်ခြင်း
ဖြစ်ကြောင်းလည်း သိရှိရပါသည်။

ထို့အပြင် ညမထွက်ရ အမိန့်ဖြင့် စစ်တွေအကျဉ်းထောင်၌
ထိန်းသိမ်းခံခဲ့ရသူများကို စက်တင်ဘာလ ၁၇ ရက်နေ့ ည ၁၀ နာရီကျော် ခန့်တွင်
ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

အဆိုပါ ထောင်ကျသူများသည် ထောင်ဒဏ် ၆ လ အဖြစ်မြို့နယ်တရားရုံးမှ ပြစ်ဒဏ်
ချမှတ်ခဲ့ခြင်းဖြစ်ပြီး ရခိုင်တရားရုံးသို့ အယူခံဝင်ခဲ့ရာ
ယနေ့ရုံးချိန်းတွင် အယူခံ အောင်မြင်ခဲ့သဖြင့် ပြန်လည် လွှတ်ပေးလိုက်ခြင်း
ဖြစ် ကြောင်းလည်း သိရှိရပါသည်။

ယင်းသို့ ပြန်လွှတ်ရာတွင် အကျဉ်သား ၄၈ ဦးပါဝင်ကြောင်းနှင့် ရခိုင်၊
မရာမာကြီးနှင့် ဟိန္ဒူလူမျိုးများဖြစ် ကြောင်းလည်း သိရှိရပါသည်။
အကျဉ်းသားများသည် ယခင် ပြစ်မှု ထင်ရှားသူများ မဟုတ်ကြောင်းနှင့် ညမထွက်ရ
အမိန့်အား ဖောက်ဖျက်ခြင်းဖြင့် ထောင်ဒဏ် ချမှတ်ခံထားရသူများ ဖြစ်ရာ အယူခံ
အောင်မြင်ခြင်းကြောင့် လွှတ်ပေးလိုက်သူများ ဖြစ်ကြောင်းလည်း သိရှိရပါသည်။

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ