မေတ္တာအကြောင်း ဆက်ရေးမလို့ လုပ်နေတုန်းမှာပဲ ကိုယ်စုထား ဆောင်းထားတဲ့
သတင်းစာအဟောင်း စာစောင်အဟောင်းကလေးတွေကို တင်ပေးချင်တဲ့ စိတ်ကလဲ
ပေါ်လာပြန်တယ်။ ဒါနဲ့ ကွန်ပြူတာထဲမှာ အရင်က စကင်ဖတ်ပြီး သိမ်ထားခဲ့တဲ့
ဖိုင်ဟောင်းတွေကို ပြန်လှန်ရှာဖွေကြည့်မိတယ်။ ပထမဆုံး တွေ့ရတာက
သတင်းစာဟောင်းကလေးတစ်စောင်။ ဒီထဲမှာ ရှစ်လေးလုံး အရေးတော်ပုံကြီ
ဖြစ်ခါနီးဆဲဆဲမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဋ္ဌကြီး ဦးနေ၀င်းရဲ့
နောက်ဆုံး ပြောသွားတဲ့ မိန့်ခွန်း ပါပါတယ်။ ဒီမိန့်ခွန်းကို
ကောက်ဖတ်မိပြီး အတွေးတစ်ခု ရသွားတာနဲ့ ဒီစာစုကို ချရေးလိုက်တာပါ။
(၂)
"နောင်တ" ဆိုတဲ့ မြန်မာစကားလုံးရဲ့ အဓိပ္ပာယ်ကိုတော့ အများနားလည်ထားပြီး
သိထားပြီး ဖြစ်မယ်လို့ ထင်ပါတယ်။ ကိုယ်ဖြတ်သန်းခဲ့ရတဲ့ ကိုယ့်ဘ၀ခရီးကို
ပြန်လည် မျှော်ကြည့်လိုက်တဲ့အခါမှာ လုပ်သင့် လုပ်ထိုက်တာတွေကို
မလုပ်မိခဲ့တာလဲ ရှိကောင်း ရှိမယ်။ မလုပ်သင့် မလုပ်ထိုက်တာတွေကို
လုပ်ခဲ့မိတာလဲ ရှိကောင်း ရှိမယ်။ ဒီအခြေအနေနှစ်ရပ်ကို ပြန်တွေးပြီး
စိတ်မကောင်းဖြစ်တာဟာ "နောင်တ" ပါဘဲ။ "နောင်တရတယ်" ဆိုတဲ့အတိုင်းပဲ
ကာလတစ်ခုကို လွန်သွားပြီး နောက်နောင်အခါရောက်မှပဲ ပြန်လည် တမ်းတလို့
မချင့်မရဲ ဖြစ်ကြရတာပါ။ ဒါကိုပဲ ဗုဒ္ဓတရားတော်တွေထဲမှာ "ကုက္ကုစ္စ" ဖြစ်တယ်၊
"၀ိပ္ပဋိသာရ" ဖြစ်တယ် လို့ ဆိုပါတယ်။ အင်္ဂလိပ်လို့တော "Remorse" ဆိုတာပေါ့။
(၃)
မြန်မာရာဇ၀င်ထဲမှာ နရပတိစည်သူမင်းဆိုတာကို ကြားဖူးကြမှာပေါ့။ သူ့ရဲ
မိဖုရားနာမည်က ဝေဠုဝတီ လို့ ခေါ်ပါတယ်။ တယ်လဲ ချောမောလှပ ဆိုသကိုး။ အဲဒီ
ဝေဠုဝတီ ကို နောင်တော်ဖြစ်တဲ့ မင်းယဉ်နရသိင်္ခ က လိုချင်တဲ့ အတွက် အကြံအဖန်
လုပ်ပါတယ်။ ဘယ်လို လုပ်သလဲ ဆိုရင် "တစ်နေရာမှာ သူပုန်သူကန်တွေ
ထကြွသောင်းကျန်းနေတယ်၊ ညီတော် သွားနှိမ်နင်းရမယ်" ဆိုပြီး နရပတိစည်သူကို
အဝေးကို စေလွှတ်ပါတယ်။ နရပတိစည်သူ မရှိတဲ့အချိန်မှာ ဝေဠုဝတီ ကို
သိမ်းပိုက်မယ် ပေါ့လေ။ ဒါက နောင်တော် မင်းယဉ်သိင်္ခ ရဲ့ ကာမေသုမိစ္ဆာစာရ
မဟာစီမံကိန်း။
ဒါကို နရပတိစည်သူက ရိပ်မိပါတယ်။ ဒါပေမဲ့ သူပုန်သူကန် နှိမ်နင်းရေး ဆိုတဲ့
ခေါင်းစဉ်နဲ့ ခိုင်းတော့ မသွားလို့က မရဘူးလေ။ သွားရတာပေါ့။ သွားခါနီးမှာ
သူ့ရဲ့ ကျွန်ယုံတော် ငပြည့်ကိုတော့ တိုးတိုးကပ်ပြီး မှာထားခဲ့တယ်။
နန်းတော်ထဲမှာ အခြေအနေထူးရင် ချက်ချင်း အကြောင်းကြားဖို့။ အခြေအနေကလဲ
မထူးပဲနေပါ့မလား။ ဒီယုန်မြင်လို့ ဒီခြုံထွင်ခဲ့တဲ့ အကိုဖြစ်သူက ညီဖြစ်သူ
ခရီးထွက်သွားတယ် ဆိုရင်ပဲ ညီရဲ့ မယားကို
မဟားဒယားသိမ်းပိုက်တော်မူလိုက်တာပေါ့။ ညီတော်ရဲ့ ကျွန်ယုံငပြည့်လဲ
သူ့သခင်ကို အမြန်ဆုံး သတင်းပို့ဖို့ အတွက် မြင်းစီးပြီး
အသော့နှင်ရပါတော့တယ်။ သူ့သခင်နဲ့ သိပ်မဝေးလှတော့တဲ့ တစ်နေရာအရောက်မှာ
နေကလဲ နှောင်းနေ၊ မြင်းကလဲ ပင်းပမ်းနေပြီဆိုတော့ တစ်ညတာလောက်
နားလိုက်ဦးမှပဲ ဆိုပြီး အဲဒီမှာ တစ်ညအိပ်လိုက်ရတယ်။ ကံဆိုးတာက မြင်း
ဟည်း လိုက်တဲ့ အသံပါပဲ။ မြင်းဟည်းသံကို မလှမ်းမကမ်းမှာ ရှိနေတဲ့
နရပတိစည်သူက ကြားတယ်။ မနက်မိုးလင်းလို့ ငပြည့် သူ့သခင်ဆီကို သွား
သတင်းပို့တဲ့အခါ "ည က ဘယ်မှာအိပ်လဲ" လို့ စ မေးလိုက်ပြီး
နောက်ဆုံးမှာတော့ "ဒီလောက်အရေးကြီးတဲ့ သတင်းကို ချက်ချင်း
လာမပြောရကောင်းလား" ဆိုပြီး ကျွန်ယုံငပြည့်ကို သတ်ပစ်လိုက်ပါတယ်။
မယားစိတ်နဲ့ ဒေါသတွေ ငယ်ထိပ်ကို ရောက်နေတဲ့ နရပတိစည်သူဟာ နောင်တော်ကို
လုပ်ကြံသတ်ဖြတ်ခိုင်းခဲ့သလို လုပ်ကြံသတ်ဖြတ်ပေးတဲ့ အမတ် ငအောင်စွာကိုလဲ
သူ့ကို ပမာမခန့် ပြုရကောင်းလား ဆိုပြီး သတ်ပြန်ပါတယ်။ အဆိုးဆုံး
သတ်ဖြတ်မှုကတော့ နောင်တော်ရဲ့ အထိန်းတော်သား အနန္တသူရိယကို သတ်ပစ်တဲ့
ကိစ္စပါ။ "သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာ ပျက်လင့်ကာသာ
ဓမ္မတာတည်း" အစရှိတဲ့ အလွန်ထင်ရှားလှတဲ့ ကဗျာလေးပုဒ်ဟာ အနန္တသူရိယ
သေရခါနီးဆဲဆဲမှာ နရပတိစည်သူဘုရင်ကို ဆက်သပေးဖို့ ရေးခဲ့တဲ့ ကဗျာတွေပါ။
နရပတိစည်သူ ဟာ ဒီကဗျာတွေကို ဖတ်ရတဲ့အခါကျတော့ "သွားပြီ၊ ငါ မှားပြီး"
ဆိုပြီး နောင်တရပါသတဲ့။ "အနန္တသူရိယကို ချက်ချင်းလွှတ်" ဆိုပြီးတော့လဲ
အမိန့်ပေးပါသတဲ့။ ဒါပေမဲ့ မတတ်နိုင်တော့ဘူးလေ။ အနန္တသူရိယက သူ့ရဲ့ "သတ်စေ"
ဆိုတဲ့ အမိန့်အာဏာဓားချက်အောက်မှာ အသက်ပျောက်ခဲ့ရပြီပဲ။ ဒီမှာတင် ဒေါသတွေ
နောက်တစ်ခါ ပေါက်ကွဲပြီး "အနန္တသူရိယကို သတ်တဲ့သူတွေကိုလဲ သတ်ပစ်လိုက်ကြ"
လို့ အမိန့်ပေးပြန်လို့ ဒီလူတွေလဲ သေကြရပြန်ပါတယ်။
နည်းနည်းလေး စိတ်ပြေသွားတော့မှ သူ့နှုတ်ဖြားက နောင်တစကားကို ခုလို
ပြောပါသတဲ့။ " နောင်ကို ငါက သတ်စေ လို့ အမိန့်ပေးသော်လဲ တစ်လ၊ လေးသီတင်း
ထားပြီး စစ်ကြောကြ၊ သေတန်မှ သေပါစေ" တဲ့။
(၄)
မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးတဲ့နောက် ပထမဦးဆုံးပေါ်ထွက်လာတဲ့
အုပ်ချုပ်ရေးစနစ်က ပြည်သူလူထုရဲ့ ရွေးကောက်ခံ ပါလီမန်ဒီမိုကရေစီ
အုပ်ချုပ်ရေးစနစ်ဖြစ်ပါတယ်။ ဒီစနစ်နဲ့ အုပ်ချုပ်ခဲ့တဲ့
ပါလီမန်ဒီမိုကရေစီခေတ်မှာ ပြည်တွင်းသောင်းကျန်းမှုတွေကြောင့် မတည်မငြိမ်
ရှိခဲ့သော်လဲ တိုင်းပြည်အဆင့်အတန်းကတော့ မနိမ့်ကျပါဘူး။
အရှေ့တောင်အာရှရဲ့ ကျားတစ်ကောင်ပါ။ စင်ကာပူ လို နိုင်ငံမျိုးကတောင်
မော့ကြည့်ခဲ့ရတဲ့ နိုင်ငံပါ။ ၁၉၆၂-ခုနှစ် မတ်လ (၂) ရက်နေ့မှာတော့
တိုင်းပြည်ဟာ ကံဆိုးမိုးမှောင် ကျခဲ့ပါတယ်။
ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးနေ၀င်း က လူထုအစိုးရကို ဖြုတ်ချပြီး
တော်လှန်ရေးကောင်စီ နာမည်နဲ့ အာဏာသိမ်းလိုက်တာပဲ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ အဲဒီနှစ် ဇူလိုင်လ (၇) ရက်နေ့မှာတော့
ရန်ကုန်တက္ကသိုလ်ရဲ့ သမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောက်အအုံကြီးကို
ဒိုင်းနမိုက်နဲ့ ဖြိုချဖျက်ဆီးပစ်လိုက်ပါတယ်။ လက်နက်မဲ့ ကျောင်းသားတွေကို
လဲ လက်နက်ကိုင်စစ်ဦးစီးချုပ်ကြီးက "ဓား ဓားချင်း လှံ လှံချင်း
ရင်ဆိုင်ဖို့" စိန်ခေါ်စကား ဆိုခဲ့ပါသေးတယ်။ တစ်တိုင်းပြည်လုံးသိအောင်
သူ့ကိုယ်တိုင် အသံလွှင့်ပြီး ပြောတာပါ။ ယခုအခါမှာ အသံမှတ်တမ်းအနေနဲ့ ရှိ
မရှိ မသိရပေမယ့် စာ(သတင်းစာ)မှတ်တမ်းအနေနဲ့ကတော့ ရှိနေပါသေးတယ်။
စစ်အာဏာရှင်စနစ်ကိုပဲ တော်လှန်ရေးကောင်စီ၊ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ
နာမည်တွေ သုံးပြီး အုပ်ချုပ်လာခဲ့တဲ့ ဦးနေ၀င်းအစိုးရ
နှစ်ဆယ့်ခြောက်နှစ်ကြာလာတဲ့အခါမှာတော့ တိုင်းပြည်ဟာ
ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံ (L.D.C) အဖြစ်သို့ လျှောကျသွားပါတော့တယ်။
အဲဒီမှာတင် လူထုတွေလဲ လမ်းမပေါ် ရောက်ကုန်ကြပါတယ်။ ဒီအချိန်မှာ ဦးနေ၀င်း
ပြောခဲ့တဲ့ မိန့်ခွန်းကတော့ "ကျွန်တော် နိုင်ငံရေးက အနားယူတော့မယ်။
အနားယူတော့မယ် ဆိုပေမယ်လို့ နောင်အဖွဲ့အစည်းတွေ တာဝန်အပြည့်
ကွပ်ကဲနိုင်တဲ့အထိတော့ ကျွန်တော်တို့ နိုင်ငံကို မပျက်စီးရအောင်
ကသောင်းကနင်း မဖြစ်ရအောင် ဆက်ထိန်းရပါလိမ့်မယ်။ အဲဒီထိန်းတဲ့ အထဲမှာ
တိုင်းပြည်တစ်ပြည်လုံး လူထုကို ကျွန်တော် သိစေချင်တယ်။ နောင်ကို လူစု
လူဝေးနဲ့ ဆူဆူပူပူ လုပ်လို့ ရှိရင်တော့ စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်
ပစ်တယ်။ မိုးပေါ်ထောင်ပြီး ချောက်တာ မပါဘူး။ အဲဒီတော့ နောင်ကို ဆူဆူပူပူ
လုပ်မယ်ဆိုရင်တော့ရင် တပ်ကို သုံးလို့ ရှိရင်တော့ အဲဒါ ဆူတဲ့လူတွေ
မသက်သာဘူးသာ မှတ်ပေတော့ လို့ ကျွန်တော် ဒီကနေ့ ပြောပါတယ်။" တဲ့။
ဒီမိန့်ခွန်းကတော့ စာမှတ်တမ်း သာမက ဗွီဒီယိုမှတ်တမ်း အဖြစ်နဲ့ပါ
ရှိနေပါတယ်။ အဲဒီရဲ့နောက်မှာ ပေါ်ထွက်လာတဲ့ ပစ်သံခတ်သံတွေကတော့
တဒိုင်းဒိုင်း တဒုံးဒုံးနဲ့ ပွက်ပွက်ကို ညံလို့ပါပဲ။
အပစ်အခတ် အသတ်အဖြတ်တွေနဲ့ ရာထူးအာဏာကို ရယူ၊ အပစ်အခတ် အသတ်အဖြတ်
စကားတွေပြောပြီး ရာထူးအာဏာက ထွက်ခွာသွားတဲ့ စစ်အာဏာရှင်ကြီး ဦးနေ၀င်းဟာ
ရာထူးအာဏာက ထွက်ခွာပြီးနောက် ၇-နှစ်အကြာ ၁၉၉၅-ခုနှစ် ဇူလိုင်လ
၂၅-ရက်နေ့မှာတော့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေကို သူ့ရဲ့
နောင်တစကားကို ခုလိုပြောပါသတဲ့။
"ကိုယ်လူတို့ကို ကြုံတုန်းပြောလိုက်ရဦးမယ်။ ကိုယ့်အနေနဲ့ ဒီသံသရာတရား
တွေ၊ သင်္ခါရတရားတွေ၊ အနိစ္စအနတ္တတရားတွေကို ဒီနေ့ သိမြင်သလိုများ ဟိုတုန်းက
သိခဲ့မယ်ဆိုရင် ၁၉၆၂၊ မတ်လက ကိစ္စကို ကိုယ်မလုပ်ခဲ့ပါဘူး" "ဟုတ်တယ်၊
အဲဒီတုန်းကသာ ဒီတရားတွေကို သိနေခဲ့ရင် ၁၉၆၂ က လုပ်ခဲ့တဲ့ အလုပ်မျိုးကို
ကိုယ်မလုပ်ခဲ့ဘူး" တဲ့။(ဦးကိုကိုမောင်ကြီး - ကျွန်တော်သိသော
တရံရောအခါများ၊ စာ-၃၅၇)
(၅)
ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ဘယ်သူပဲ ဖြစ်ဖြစ် ကိုယ့်အမှားကိုယ်သိပြီး
နောင်တရတယ် ဆိုရင် ကောင်းတယ် လို့ပဲ ပြောရမှာပါ။ နောင်တရသူအတွက်
နောက်နောင်မှာ ဆက်ပြီး အမှားမလုပ်ဖြစ်အောင် နောင်တတရားက
အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ပေးမှာ ဖြစ်လို့ပါ။ ဒါပေမဲ့ နောင်တရသူ
နောင်တမရခင်မှာ ပြုမူလုပ်ဆောင်လိုက်တဲ့ လုပ်ဆောင်ချက်အားလုံးရဲ့
သက်ရောက်မှုတွေကို ဆက်နွယ်နေသူအားလုံးက အလူးအလဲ ခံစားကြရတဲ့အတွက်ကတော့
ပြောစရာ ရှိပါလိမ့်မယ်။ အ၀န်းအ၀ိုင်း ကျယ်ပြန့်ရင် ကျယ်ပြန့်သလောက်
ဒဏ်ရာဒဏ်ချက်တွေကလဲ ကြီးမားကျယ်ပြန့်ပါတယ်။ ပြန်လည်ကုစားလို့
မရနိုင်လောက်အောင်အထိကိုလဲ ဖြစ်သွားစေနိုင်ပါတယ်။ မည်သူမဆို
တစ်ချိန်ချိန်မှာ တစ်ခု မဟုတ် တစ်ခုတော့ နောင်တရတတ်ကြပါတယ်။ အဲဒီ
မည်သူမဆို ဆိုတဲ့အထဲမှာတော့ လုပ်ပိုင်ခွင့်နယ်ပယ် ပိုင်ဆိုင်ထားသူများကို
လုံးဝ လုံးဝ မပါဝင်စေချင်ပါဘူး လို့ပဲ ပြောလိုက်ပါရစေ။
ဘိက္ခုသုမန
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ