စက်တင်ဘာလ ၁၁ ရက်နေ့က တွေ့ရစဉ် ။ ဓါတ်ပုံ - ၀င်းမြင့်ကျော်။
ကချင်ပြည်နယ်တွင်း ရှမ်းမျိုးနွယ်စုများသည် ပြည်နယ်လူဦးရေ၏ ၆၀
ရာခိုင်နှုန်းခန့်ရှိကြောင်း ခန့်မှန်း ငြိမ်းချမ်းရေးရရှိရန်
ပြည်နယ်တွင်းမှ လူမျိုးအားလုံး၏ မျက်နှာကို အဓိကထား၍ ကြည့်ကာ
စဉ်းစားရမည်ဟု တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ
ဖွံ့ဖြိုးတိုးတက်ရေးပါတီ အတွင်းရေးမှူး ပြောကြား
ကချင်ပြည်နယ်အတွင်း နေထိုင်သော တိုင်းရင်းသားလူမျိုးများအနက်
ရှမ်းမျိုးနွယ်စုများသည် ပြည်နယ်လူဦးရေ၏ ၆၀ ရာခိုင်နှုန်းခန့်ရှိသည်ဟု
ခန့်မှန်းထားကြောင်းနှင့် ငြိမ်းချမ်းရေးရရှိရန်အတွက် ပြည်နယ်တွင်းမှ
တိုင်းရင်းသားလူမျိုးအားလုံး၏ မျက်နှာကို အဓိကထား၍ ကြည့်ကာ
ဆွေးနွေးရမည်ဖြစ်ကြောင်း တိုင်းလိုင် (ရှမ်းနီ)အမျိုးသားများ
ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ အတွင်းရေးမှူးက ပြောကြားခဲ့သည်။
ကချင်ပြည်နယ်တွင်း လက်ရှိဖြစ်ပေါ်နေသော အခြေအနေများ၊
ငြိမ်းချမ်းရေးရရှိရန် လိုအပ်နေမှုများ စသည်တို့နှင့်ပတ်သက်၍
သဘောထားအမြင်ကို မေးမြန်းရာတွင် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ
ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ အတွင်းရေးမှူး ဦး စောဝင်းထွန်းက
ပြန်လည်ဖြေကြားခဲ့သည်။
''အခုလက်ရှိ ကချင်ပြည်နယ် ငြိမ်းချမ်းရေးရဖို့ဆိုရင် တပ်မတော်ရယ်
လက်ရှိအစိုးရပေါ့ဗျာ၊ လက်ရှိတိုက်ပွဲဖြစ်နေတဲ့ ကချင်အဖွဲ့အစည်းပေါ့။
သူတို့ရဲ့ သဘောတူညီချက်ရရင်၊ ငြိမ်းချမ်းရေးရရင် အကောင်းဆုံးပေါ့။
သို့သော်လည်း အမြဲတမ်း တည် တံ့တဲ့ ငြိမ်းချမ်းရေးရဖို့ဆိုရင်တော့
ကချင်ပြည်နယ်တွင်းမှာ နေထိုင်ကြတဲ့ လူမျိုးအားလုံးပေါ့။ ဒေသခံလူမျိုး
အားလုံးတို့ရဲ့ သဘောထားဆန္ဒကိုလည်း ထည့်သွင်းစဉ်းစားပေးမယ်ဆိုရင်တော့
ဒါဟာပိုမိုပြီး ကောင်းမွန်တဲ့ ငြိမ်းချမ်းရေးကို ရရှိမယ်လို့
ယုံကြည်ထားပါတယ်''ဟု ဦးစောဝင်းထွန်းက ပြောကြားခဲ့သည်။
ကချင်ပြည်နယ်တွင်း တပ်မတော်နှင့် ကေအိုင်အေအဖွဲ့တို့အကြား
တစ်ကျော့ပြန်တိုက်ပွဲများသည် ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့က စတင်ခဲ့သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနှင့်
ကချင်လွတ်မြောက်ရေးအဖွဲ့(ကေအိုင်အို) မှ တာဝန်ရှိသူများသည် ပြည်နယ်အဆင့်
သုံးကြိမ်၊ ပြည်ထောင်စုအဆင့် သုံးကြိမ်တွေ့ဆုံခဲ့ပြီးဖြစ်သော်လည်း
ဆွေးနွေးပြေလည်ခြင်း မရှိခဲ့သေးကြောင်း သိရှိရသည်။
ကချင်ပြည်နယ်အတွင်း တိုက်ပွဲများမှာ စက်တင်ဘာလဆန်းပိုင်းအထိ
ဆက်လက်ဖြစ်ပွားမှု ရှိနေသည်။
''ပါတီအမြင်ဆိုတာထက် ကျွန်တော့်ရဲ့ အမြင်ပေါ့။ ကျွန်တော်လည်း ဒေသခံပါ။
ကိုယ့်မြေ ကိုယ့်ရေအကြောင်း ပိုသိပါတယ်။ အဓိက မရနိုင်ရခြင်းအကြောင်းက
တစ်ဖက်နဲ့တစ်ဖက်ရယ်လို့ မပြောလိုပါဘူး။ ငြိမ်းချမ်းရေး
ဆွေးနွေးနေကြတဲ့အထဲမှာ သူ့အယူအဆ၊ ကိုယ့်အယူအဆဆိုတာ ရှိကြမှာပါ''ဟု
ဦးစောဝင်းထွန်းက ပြောကြားသည်။
''သို့သော်လည်း ဆွေးနွေးနေကြတဲ့ နှစ်ဖွဲ့လုံး အဓိကအားဖြင့် ပြောရင်တော့
ပြည်သူလူထုရဲ့ မျက်နှာ၊ ကချင်ပြည်နယ်တွင်းမှာ နေထိုင်ကြတဲ့
တိုင်းရင်းသားလူမျိုးတွေအားလုံးရဲ့မျက်နှာကို အဓိကထားကြည့်ပြီးမှ
စဉ်းစားကြမယ်ဆိုရင်တော့ ငြိမ်းချမ်း ရေးရမယ်၊ ထာဝရငြိမ်းချမ်းရေးလည်း
ဖြစ်မယ်။ ငြိမ်းချမ်းရေးမရနိုင်တဲ့ အချက်ကတော့ ဆွေးနွေးနေကြတဲ့
အချက်တွေမှာ အဓိကကအရေးတကြီးအဖြစ် သူတို့ မထည့်သွင်း
မစဉ်းစားသေးတဲ့အတွက်ကြောင့် ငြိမ်းချမ်းရေး မရခြင်းလို့ပဲ ယူဆပါတယ်''ဟု
၎င်းက သုံးသပ်သည်။
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့က ပြုလုပ်ခဲ့သော အမျိုးသားလွှတ်တော်
အစည်းအဝေးတွင် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁)မှ
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခက်ထိန်နန်၏ အပစ်အခတ်ရပ်စဲ
ရေး/ငြိမ်းချမ်းရေးနှင့် စပ်လျဉ်းသည့် မေးခွန်းအား
ကာကွယ်ရေးဝန်ကြီးဌာနဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်အောင်သော်က ဖြေကြားရာတွင်
KIA အဖွဲ့အနေဖြင့် အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်ကို လုံးဝညှိနှိုင်း
ဆွေးနွေးခြင်းမရှိဘဲ နိုင်ငံရေးအရ ဆွေးနွေး ညှိနှိုင်းမှု ပြုလုပ်ပြီးမှသာ
အပစ်အခတ် ရပ်စဲမည်ဆိုသည့်အချက်ကို ကိုင်စွဲထားသဖြင့် လတ်တလော
ပစ်ခတ်မှုများ ဖြစ်ပေါ်နေရခြင်းဖြစ်သည်ဟု ထည့်သွင်းဖြေကြားခဲ့သည်။
သမ္မတကြီး၏ ညွှန်ကြားချက် ရရှိပြီးနောက်ပိုင်း တပ်မတော်အနေဖြင့်
ကေအိုင်အေတပ်စခန်းများကို ထိုးစစ်ဆင်ခြင်းကို လုံးဝပြုလုပ်ခဲ့ခြင်း
မရှိကြောင်း၊ အများပြည်သူ အသုံးပြုလျက်ရှိသော လမ်းကြောင်းနှင့်
နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် တစ်ဖက်မှ တိုက်ခိုက်လာမှုများအား
ပြည်သူလူထု၏ အကျိုးစီးပွားကို အစဉ်စောင့်ရှောက်ရန် တာဝန်ရှိသည်နှင့်အညီ
ယင်းတာဝန်ကိုသာ ထမ်းဆောင်နေခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ်အောင်သော်က
မေးခွန်းဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတကြီးက ပြောတယ်။ တပ်မတော်ကို ခံစစ်ပဲနေကြပါ။
ထိုးစစ်မဆင်ပါနဲ့လို့ ပြောထားပါတယ်။ အခုအောက်ခြေမှာ ဖြစ်နေတာက မြင်ရင်
မြင်တဲ့လူက အရင် စပစ်တယ်။
တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့(ကေအိုင်အို)တို့အကြား ၁၉၉၄ ခုနှစ်
ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေးသဘော တူညီချက်ကို
လက်မှတ်ရေးထိုးခဲ့သည်။ ထို့နောက် နှစ်ပေါင်း ၁၇ နှစ်အကြာ ၂၀၁၁ ခုနှစ်တွင်
တိုက်ပွဲများ တစ်ကျော့ပြန် ဖြစ်ပွားလာခြင်းဖြစ်သည်။
နိုင်ငံရေး ဆွေးနွေးမှုပြုလုပ်ပြီးမှ သာအပစ်အခတ် ရပ်စဲမည်ဆိုသည့်အချက်ကို
ကချင်လွတ်မြောက်ရေး အဖွဲ့ KIO က စွဲကိုင်ထားသဖြင့် ကချင်ဒေသတွင်
ဆက်လက်တိုက်ပွဲဖြစ်ပွားနေရသည်ဟု ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး
ဗိုလ်မှူးချုပ်အောင်သော်၏ ပြောကြားချက်မှာ မဟုတ်မမှန်ကြောင်း KIO က ၂၀၁၂
ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့က တုံ့ပြန်ခဲ့သည်ဟု Karen Information Center
က ဖော်ပြခဲ့သည်။
KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က ''ကျနော်တို့ အမြဲပြောနေတာကတော့
အခုဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေဟာ အဓိကပြဿနာ မဟုတ်ဘူး။
တိုင်းရင်းသားအရေးနဲ့ ပတ်သက်တဲ့ နိုင်ငံရေးပြဿနာပါ။ ဒီနိုင်ငံရေး
ပြဿနာကို အစိုးရအဆက်ဆက်က မဖြေရှင်းနိုင်တဲ့အတွက် တိုက်ပွဲဖြစ်ရတာပါ''ဟု
ပြောကြားခဲ့သည်ဟုလည်း Karen Information Center က ဖော်ပြခဲ့သည်။
ကချင်ပြည်နယ်တွင် ယခင်ကတည်းက ကချင်တိုင်းရင်းသားမျိုးနွယ်စုများနှင့်
ရှမ်းမျိုးနွယ်စုများသည် အတူယှဉ်တွဲနေထိုင်လာခဲ့ကြပြီး
ကချင်တိုင်းရင်းသားများသည် တောင်တန်းဒေသများတွင် နေထိုင်ကာ
ရှမ်းတိုင်းရင်းသားမျိုးနွယ်စုများက မြေပြန့်တွင်
အခြေချနေထိုင်ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
၂၀၀၀ ပြည့်နှစ် စာရင်းအရ ကချင်ပြည်နယ်တွင် လူဦးရေ ၁ ဒသမ ၂
သန်းခန့်ရှိပြီး ကချင်၊ ရှမ်း၊ ဗမာစသည့် လူမျိုးများစုစည်း နေထိုင်
လျက်ရှိနေသည်။
''နိုင်ငံတော်သမ္မတကြီးက ပြောတယ်။ တပ်မတော်ကို ခံစစ်ပဲနေကြပါ။
ထိုးစစ်မဆင်ပါနဲ့လို့ ပြောထားပါတယ်။ အခု အောက်ခြေမှာဖြစ်နေတာက မြင်ရင်
မြင်တဲ့လူက အရင် စပစ်တယ်။ သမ္မတကြီးပြောသလို ခံစစ်အနေနဲ့
တပ်တွေနေဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ မပစ်ရင်လည်း မပစ်တဲ့သူပဲ
အရင်သေမှာဖြစ်တော့ ပစ်ရတာပဲ။ အဲဒီတော့ အခုဆွေးနွေးနေကြတဲ့
ငြိမ်းချမ်းရေးအဖွဲ့တွေလောက်နဲ့ ဆွေးနွေးဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။
လက်နက်ကိုင်နှစ်ဖွဲ့ တွေ့ဖို့လိုပြီ''ဟု ကချင်ပြည်နယ်
အင်ဂျန်းယန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက
ပြောကြားခဲ့သည်။
ကချင်ပြည်နယ်တွင်း တိုက်ပွဲများဖြစ်ပွားသည့် တစ်နှစ်ကျော်ကာလအတွင်း
လူမှုရေး၊ စီးပွားရေးပိုင်း သက်ရောက်မှုများစွာ ဖြစ်ပေါ်ခဲ့ကာ
စိုက်ပျိုးရေးလုပ်ငန်းများ၊ နယ်စပ်နှင့် ဆက်စပ်လုပ်ကိုင်သော
ကုန်သွယ်ရေးလုပ်ငန်းများ နှောင့်နှေးမှု၊ အခက်အခဲ များ ရှိနေဆဲဖြစ်သော
ဒုက္ခသည်စခန်းများတွင် ဒေသခံများ ခိုလှုံနေထိုင်ရမှုများ စသည်တို့ ရှိနေသည်။
''ကချင်ပြည်နယ် ငြိမ်းချမ်းရေးရဖို့အတွက် ရှမ်းနီပါတီအနေနဲ့၊
ကျွန်တော်တို့ တိုင်းလိုင်လူမျိုးတွေအနေနဲ့ ကူညီပြီးမှဆောင်ရွက်ဖို့
အဆင်သင့်ရှိပါတယ်''ဟု ဦးစောဝင်းထွန်းက ပြောပါသည်။
တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီသည်
သဘောထားကြေညာချက်တစ်စောင်ကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က
ထုတ်ပြန်ခဲ့သည်။
အဆိုပါ ကြေညာချက်တွင် 'နိုင်ငံတော်အစိုးရ၏
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်
ကြိုးပမ်းနေမှုကို လက်ခံကြိုဆိုပါသည်။ ပြည်ထောင်စု ဒေသတွင်းငြိမ်းချမ်းရေး
တည်ဆောက်ရာတွင် ဒေသခံပြည်သူများ၏ ခံစားချက်နှင့် ဆန္ဒသဘောထားတို့ကို
ဦးစားပေး ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။ သို့အတွက်ကြောင့် ဒေသအတွင်း
ထာဝရငြိမ်းချမ်းရေးရရှိရန် နိုင်ငံတော်အစိုးရ၊
ဒေသခံလက်နက်ကိုင်အဖွဲ့တို့နှင့်အတူ ပြည်သူများပါဝင်သော သုံးပွင့်ဆိုင်
တန်းတူရည်တူ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းများ
ပြုလုပ်သွားရမည်ဖြစ်ပါသည်'ဟု ပါရှိသည်။
'တိုင်းရင်းသား လူမျိုးစုများအတွင်း လူမျိုးရေး၊ ဘာသာရေး၊
နယ်မြေပိုင်ဆိုင်ရေးစသည်တို့ကို အခြေခံသော ပဋိပက္ခများ မဖြစ်စေရန်
ရှောင်ရှားပြီး ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ချစ်ကြည်ရင်းနှီးစွာ
အတူယှဉ်တွဲနေထိုင်ကာ ဒေသတွင်း ခိုင်မြဲသော ငြိမ်း ချမ်းရေးကို
တည်ဆောက်သွားရမည်ဖြစ်ပါသည်။ စစ်မှန်သော ပြည်ထောင်စုကြီး
ပေါ်ပေါက်လာရေးအတွက် တိုင်းရင်းသားပေါင်းစုံပါဝင်သော ညီလာခံကြီးတစ်ရပ်
ပြုလုပ်သွားရန် တိုင်းလိုင် (ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်
ရေးပါတီက လိုလားပါသည်'ဟု သဘောထားကြေညာချက်တွင် ဖော်ပြပါရှိခဲ့သည်။
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ