ဓါတ်ပုံသတင်း
စာလုံးထောင်သောင်းဖြင့်ရေးပြသည်ထက် ရုပ်ပုံတစ်ပုံ(ဓါတ်ပုံတစ်ပုံ)ဖြင့်ဖော်ပြခြင်းကပို၍တာသွားသည်။
ဓါတ်ပုံတစ်ပုံဟာသတင်းကိုခိုင်မာစေဖို့အတွက်အရေးကြီးဆုံးအားတစ်ခုဖြစ်ရုံသာမကပါဘူး၊ သတင်းကို အသက်ဝင်လှုပ်ရှားစေတဲ့ဝိဉာဉ်လည်းဖြစ်ပါတယ်။
"ဓါတ်ပုံသတင်းထောက်တစ်ယောက်အဖို့တော့ ရသပညာအကြောင်း အနုပညာအကြောင်း မသိဘဲနဲ့ဘယ်လိုမှ အောင်မြင်တဲ့သတင်း ဓါတ်ပုံပညာရှင်တစ်ယောက်ဖြစ်မလာနိုင်ပါဘူး။ အလွန်ဆုံးဖြစ်လှရင်ပုံအရိုက်ကောင်းတဲ့ ကင်မရာမင်းပဲဖြစ်မှာပါ။"
( လူထုစိန်ဝင်း)
သတင်းဓါတ်ပုံဂုဏ်အင်္ဂါများ
သတင်းဓာတ်ပုံသည်ဓာတ်ပုံကောင်းဖြစ်၍သတင်းဂုဏ်လည်းမြောက်ရမည်။ ဓာတ်ပုံပညာသဘောအရဓာတ်ပုံ ကောင်းတစ်ခု ဖြစ်စေရန်အလင်းအမှောင်အနေအထားဆီလျော်ပြတ်သားစေရမည်။ မြင်လိုက်သူများ၏စိတ်ကိုဆွဲငင် နိုင်သည့်အနုပညာ အရည်အချင်း နှင့်ပြည့်စုံရမည်။ သတင်းဂုဏ်မြောက်ရမည်ဟုဆိုရာတွင် အဖြစ်အပျက်တစ်ခုကို စာဖြင့်ရေးပြသည်ထက်ပင် ထိထိမိမိပြနိုင်သည့် ပုံမျိုး ဖြစ်စေရမည်။ ခေတ်စားနေသောအတွေးအဆ၊လူတိုင်းပါးစပ်ဖျား သို့ရောက်နေသောကိစ္စ၊လူတိုင်းစူးစိုက်နေသောအခြေအနေ တို့နှင့် စပ်လျဉ်း၍အချိန်မီဖော်ပြနိုင်ရမည်။ ထိုဓာတ်ပုံများ တွင်အချက်တစ်ခုခုပါရှိစေရမည်။ ဘယ်သူဘာကြောင့်ဘယ်အချိန်ကဘယ်မှာ ဟူသောမေးခွန်းများအတွက်ကွင်းကွင်း ကွက်ကွက်အဖြေပေါ်စေရမည်။ အတိုက်အခံအကြမ်းပရမ်း၊ချစ်ခန်းကြိုက်ခန်း၊စွန့်စားခန်း၊ ကပ်ဘေးတစ်စုံတစ်ခုထူးထူး ကဲကဲအောင်မြင်မှုသတင်းများမှာ ဓာတ်ပုံများရိုက်ပြရန်အကောင်းဆုံးသတင်းများပင်ဖြစ်ပေသည်။
စံပြသတင်းဓါတ်ပုံများ
တစ်ခါတစ်ရံတွင်သတင်းဓာတ်ပုံဆရာသည် တကယ်ဖြစ်ပျက်သည့်အရာကိုမပြဘဲပတ်ဝန်းကျင်အခြေအနေကို သရုပ်ဖော်နိုင် သည်။ ဒက်ထရွိုက်မြို့တိုင်းသတင်းစာဓာတ်ပုံဆရာသည်စိတ်နှလုံးမသာယာဖွယ်အမှုတစ်ခုကိုတိုက်ရိုက် မပြဘဲဘေးက၀ိုင်းဝန်း ကြည့်ရှု နေသူများကိုသာရိုက်ပြခဲ့လေသည်။ ထိုဓာတ်ပုံတွင်ဓာတ်ပုံဆရာသည်အနီး၌ရပ်ကြည့် နေသူများ၏မျက်နှာပေါ်တွင်ပေါ်လွင်နေသောတုန်လှုပ်သည့်စိတ်၊မကြည့်ချင်သော်လည်းမြင်နေရသည့်စိတ်ကို အမိဖမ်းနိုင်ခဲ့လေသည်။ ထိုလူစုမှာဓာတ်ပုံဆရာနှင့်အတူပင် ဓာတ်ဆီဆိုင်သို့အပြေးလာကြည့်ရာတွင်ဓာတ်ဆီဆိုင် စောင့်သူအားဓားပြများသတ်ထားခဲ့ကြသည်ကိုတွေ့ကြခြင်းဖြစ်သည်။
ဤဓာတ်ပုံမျိုးမှာသတင်းထောက်၏မျက်မြင်ကိုယ်တွေ့သတင်းအဖြစ်နှင့်လူတစ်ယောက်အားကြောက်မက်ဖွယ်ရာရက်ရက်စက်စက်အသတ်ခံရပုံကိုခရေစေ့တွင်းကျရေးထားသည်ထက်ပင်ထိရောက်ပေသေးသည်။
၁၉၄၈ခုနှစ်တွင်ဆုရသောဓာတ်ပုံများအနက်ချီကာဂိုသတင်းစာဓာတ်ပုံမှာလည်းစိတ်ဝင်စားဖွယ်ကောင်းလှပေသည်။ ထိုဓာတ်ပုံမှာမင်္ဂလာဆောင်တစ်ခုမှဓာတ်ပုံဖြစ်သည်။ သို့သော်ကျွန်ုပ်တို့တွေ့နေကျမင်္ဂလာဆောင်ဓာတ်ပုံမျိုး မဟုတ်ဘဲလက်ထပ်သည့်အခမ်းအနားအပြီးတွင်သတို့သမီးနှင့်သတို့သားလက်တွဲ၍ထွက်လာစဉ်သတို့သမီးကသူ၏ အပျိုဖော်သူငယ်ချင်းများကိုမျက်စိတစ်ဖက်မှိတ်ပြနေပုံဖြစ်လေသည်။
ဓါတ်ပုံသတင်းထောက်ရှိရမည့်အရည်အချင်းများ
ဓါတ်ပုံသတင်းထောက်များသည်
(၁) သွက်လက်ဖျက်လက်ရမည်
(၂) ဖလင်ပါသော(သို့မဟုတ်)Digitalကင်မရာကိုကိုယ်နှင့်မကွာရှိရမည်။
(၃) သတင်းအနံ့ခံတတ်ရမည်
(၄) ဓါတ်ပုံရိုက်ခြင်း၊ ဆေးခြင်း၊ကူးခြင်း၊ချဲ့ခြင်းအတတ်ပညာ၌ကျွမ်းကျင်ရမည်။
(၅) သတင်းဓါတ်ပုံရိုက်ရာ၌အချိန်လု၍ရိုက်ကူးရစေဦးတော့ဓါတ်ပုံအနေအထားကောင်းကောင်းရရှိစေရမည်၊ဓါတ်ပုံ ကင်မရာရှုဒေါင့်ကောင်းကောင်းယူတတ်ရမည်။
သတင်းဓါတ်ပုံကောင်းအတွက်အရေးကြီးဆုံးအရာ
သတင်းဓာတ်ပုံကောင်းတစ်ခုဖြစ်ဖို့အတွက် ဘယ်အရာတွေအရေးကြီးသဘဲဆိုတာနှင့် ပတ်သတ်လို့လည်းသတင်းဓာတ်ပုံတွင် နောက်ခံ အရာဝထ္ထုများသည်အရေးကြီးသည်။မိမိရိုက်ကူးထားသောသတင်းဓာတ်ပုံသည် မည်သည့်နေရာ၌ဖြစ်ပျက်သည်ကို ရိုက်ကူးထားကြောင်းပုံထဲတွင်သိသိသာသာသို့မဟုတ်အရိပ်အမြွက်ပြသင့်သည်။ ဥပမာမန္တလေးမြို့၏အထိမ်းအမှတ်ဖြစ်သောနာရီစင်၊နန်းတော်၊ကျုံးတံတားအနီးတို့တွင်ရိုက်ကူးလျှင်ဤဌာနကို အသေအချာဖော်ပြပြီး ဖြစ်သည့်သတင်းဓာတ်ပုံထွက်နိုင်လေသည်။အခြားမြို့များ၌မှုထိုမြို့အမည်ပါသောဆိုင်းဘုတ် (သို့မဟုတ်)ထိုမြို့၏အများသိ ထင်ရှားသောအဆောက်အအုံတစ်ခုကိုတစ်စွန်းတစ်စနောက်ခံထားပြီးရိုက်ကူးနိုင်ပေသည်။
နောက်ခံနှင့်စပ်လျဉ်း၍သတိထားစရာများရှိသေးသည်။ဥပမာ-မိမိရိုက်ကူးမည့်ပုဂ္ဂိုလ်တစ်ဦး၏နောက်တွင် သစ်ပင်၊တိုင်စသည်တို့ ရှိနေလျှင်အလွန်သတိထားရ၏။ အကြောင်းသော်ကားဓာတ်ပုံထွက်လာသောအခါအဆိုပါ ပုဂ္ဂိုလ်ခေါင်းပေါ်တွင် သစ်ပင်ပေါက်နေ သလိုလို၊တိုင်ကြီးစိုက်ထားသလိုလိုဖြစ်တတ်သောကြောင့်တည်။
ဓါတ်ပုံသတင်း၏ကောင်းကျိုးများ
သတင်းဓါတ်ပုံများသည်
(၁) သတင်းအဖြစ်အပျက်ကိုမှန်ကန်ကြောင်းသက်သေထူခြင်း
(၂) သမိုင်းအတွက်သက်သေခံအထောက်အထားမှတ်တမ်းဝင်၊မော်ကွန်းဝင်ဖြစ်စေခြင်း
(၃) သတင်းစာနှင့်သတင်းကိုဖတ်ရှုသူတို့စိတ်ဝင်စားဖတ်ရှုလာစေရန်ဆွဲဆောင်ခြင်း
(၄) သတင်းစာ၏အဆင်းတန်ဆာလက်ဝတ်ရတနာများသဖွယ်ဖြစ်ခြင်း
(၅) စာဖတ်သူအဖို့ဓါတ်ပုံသတင်းကိုစာသားသတင်းထက်ပိုပို၍မြင်တွေ့စေလွယ်ခြင်း
(၆) စာမဖတ်တတ်သူပင်လျှင်သိမြင်ခံစားနိုင်ခြင်းစသည့်ကောင်းကျိုးများရှိစေသည်။
သတင်းဓါတ်ပုံအမျိုးအစားများ
သတင်းဓါတ်ပုံအမျိုးမျိုးရှိသည်။
(၁) လျှပ်တပြတ်ဓါတ်ပုံ(Snap-shot photo)
(၂) လောလောလတ်လတ်သတင်းဓါတ်ပုံ(Spot news photo)
(၃) စိတ်ဝင်စားစရာဓါတ်ပုံ(Human interest photo)
(၄) ဆောင်းပါးဓါတ်ပုံ(Feature photo)
(၅) ကြော်ငြာဝါဒဖြန့်ဓါတ်ပုံ(Publicity photo)
(၆) ဒူးပေါ်ပေါင်ပေါ်ဓါတ်ပုံ(Chease cake photo,leg-art photo)
(၇) ရှုခင်းသာအလှဓါတ်ပုံ(Salon photo)
စသည်ဖြင့်ဖြစ်သည်။
သတင်းဓါတ်ပုံ(သို့မဟုတ်)ရသဓါတ်ပုံ
သတင်းဓါတ်ပုံများကို(ရသဓါတ်ပုံ)ဟုလည်းခေါ်နိုင်သည်။သတင်းဓါတ်ပုံကိုကြည့်ကာချစ်ခင်သနား၊တည်ငြား ကြမ်းကြုတ်၊စက်ဆုပ်ကြောက်ရွံ့၊ရဲ့ဝံ့အဲ့သြအစရှိသောရသများအနက် ဆိုင်ရာရသများကိုခံစားနိုင်သောကြောင့်ဖြစ်သည်။
သတင်းဓါတ်ပုံ(သို့မဟုတ်)ခေတ်သမိုင်း
နေ့စဉ်ဖြစ်ပျက်နေသောအချင်းအရာများကိုသတင်းဓါတ်ပုံဖြင့်မှတ်တမ်းတင်နေသကဲ့သို့၊စာနယ်ဇင်းများတွင် ဖော်ပြသောဓါတ်ပုံသတင်းများသည်သမိုင်းဝင်မှတ်တမ်းတင်ဓါတ်ပုံများဖြစ်သည်။ ထို့ကြောင့်ဓါတ်ပုံသတင်းများသည် ခေတ်သမိုင်းများဖြစ်သည်။ ခေတ်ကိုဝေဖန်ခြင်း၊သရော်ခြင်း၊လှောင်ပြောင်ခြင်း၊ရှုံးချခြင်းစသည်ဖြင့်အမျိုးမျိုးမှတ်တမ်း တင်နိုင်သည်။ ထိုမှတ်တမ်းများမပျောက်မပျက်ရန်လည်းအလွန်အရေးကြီးလှရာဓါတ်ပုံဖလင်ကော်ပြားများကိုစနစ်တ ကျသိမ်းဆည်းထားရန်လည်းအလွန်အရေးကြီးပေသည်။ ထို့မှသာနောင်တခေတ်တွင်သမိုင်းကြောင်းကိုပြန်လှန်သီကုံး လိုပါကအလွယ်တကူအခိုင်အမာအထောက်အထားရနိုင်မည်ဖြစ်သည်။
သတင်းဓါတ်ပုံ၏အနုပညာအရည်အသွေး
သတင်းဓါတ်ပုံ၏အနုပညာအရည်အသွေးဟူသည်
(၁) သတင်းတန်ဖိုး
(၂) အနေအထား
(၃) ပတ်ဝန်းကျင်ဖွဲ့စည်းမှု
(၄) ဓါတ်ပုံဆေးသား( ယနေ့ခေတ်တွင် အရေးမကြီးတော့ပါ။)
(၅) အလင်းအမှောင်ကောင်းမွန်ခြင်း
(၆) ရှုထောင့်မှန်ကန်ခြင်း
(၇) အဖြတ်အတောက်အချိုးကျခြင်း
စသည့် တို့ကိုဆိုလိုသည်။
ဆက်ပါဦးမည်…….
အချက်အလက်နှင့်ဆောင်းပါးများအားလုံးကို အလင်းဆက် (IR)မှ ပံပိုးကူညီပါသည်။
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ