ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းခဲ့သော လျှပ်တစ်ပြက်ဂျာနယ်ကို ပြန်လည်ထုတ်ဝေခွင့်ပြု

ဇွန်လ ၈ ရက်နေ့က ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းခဲ့သော လျှပ်တစ်ပြက် ဂျာနယ်ကို သြဂုတ်လ ၉ ရက်နေ့မှ စတင်ပြီး ပြန်လည်ထုတ်ဝေခွင့် ပြုလိုက်ကြောင်း သိရှိရပါသည်။ ထိုသို့ ပြန်လည် ထုတ်ဝေခွင့် ပြုကြောင်းကို သြဂုတ်လ ၁ရက်နေ့ ညနေပိုင်းက အသိပေးခဲ့ ခြင်းဖြစ်သည်ဟု လျှပ်တစ်ပြက်ဂျာနယ်၏ အယ်ဒီတာချုပ် ဦးမြတ်ခိုင်က ၎င်း၏ facebook စာမျက်နှာတွင် ရေးသားခဲ့ပါသည်။

" သြဂုတ်၊ ၂၀၁၂ ညနေပိုင်းတွင် စာပေ စိစစ်ရေးမှူး ဒုတိယ ညွှန်ကြားရေး မှူးချုပ်၊ ညွှန်ကြားရေးမှူးတို့မှ ၂လ ပိတ်ပင် တားမြစ် ရပ်ဆိုင်းခဲ့သော လျှပ်တစ်ပြက် သတင်းဂျာနယ်အား ၉၊ သြဂုတ်၊ ၂၀၁၂ရက်နေ့တွင် ပြန်လည် ထုတ်ဝေခွင့် ပြုလိုက်ကြောင်း အသိပေး ပြောကြားခဲ့သည်။ သည့်အတွက် လျှပ်တစ်ပြက် သတင်း ဂျာနယ်နှင့် ပတ်သက်၍ ကူညီခဲ့ ကြသူများ၊ ၀ိုင်းဝန်း ခဲ့ကြသူများ၊ စောင့်ရှောက်ခဲ့ ကြသူများ၊ ဖေးမပေးခဲ့ ကြသူများ၊ ရပ်တည် ပေးခဲ့ကြသူများ၊ အားပေးခဲ့ကြသူများ အားလုံး အားလုံးကို အထူး ကျေးဇူးတင် ဂါရ၀ ပြုပါကြောင်း မှတ်တမ်း တင်အပ်ပါသည်"ဟု ဦးမြတ်ခိုင်က ၎င်း၏ facebook စာမျက်နှာတွင် ရေးသားခဲ့သည်။

လျှပ်တစ်ပြက် ဂျာနယ်အတွဲ ၃ အမှတ် ၉၁ စာမျက်နှာ ၈ တွင် ဖော် ပြပါရှိသော မသီတာထွေး၏ ဓာတ်ပုံ နှင့်ပတ်သက်၍ အယ်ဒီတာချုပ် ဦး မြတ်ခိုင်အား ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅ (ခ)(ဂ)တို့ဖြင့် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုယ် စားပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေး မှူးက တရားစွဲဆိုခဲ့ကာ တရားစွဲဆိုမှု နှင့်အတူ ဂျာနယ် ထုတ်ဝေ ဖြန့်ချိခွင့် ကိုလည်း ယာယီ ရပ်ဆိုင်းခဲ့ခြင်း ဖြစ် ပါသည်။

ဇွန်လ ၈ ရက်နေ့က နောက် ဆုံးထုတ်ဝေဖြန့်ချိခွင့် ရရှိခဲ့သော လျှပ်တစ်ပြက် ဂျာနယ်ကို ထုတ်ဝေ ဖြန့်ချိခွင့် ယာယီပိတ်ပင်မှုမှာ တစ်လ ခန့် ကြာမြင့်မည်ဟု မူလက သိရှိရသော်လည်း တစ်လပြည့်ပြီး နောက်ပိုင်းတွင်လည်း ထုတ်ဝေဖြန့်ချိခွင့်မှာ မရရှိဘဲ ရပ်ဆိုင်းခံခဲ့ရပြီးနောက် ရက်သတ္တပတ် ခုနှစ်ပတ်အကြာတွင် ပြန်လည် ထုတ်ဝေခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

ဂျာနယ် ပြန်လည်ထုတ်ဝေခွင့် ရရှိခဲ့သော်လည်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုယ်စားပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူးက တရားစွဲဆိုခဲ့သော အမှုကိုမူ ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်ကာ ထိုအမှုအတွက် ငါးကြိမ်မြောက် ကြားနာမှု ရုံးချိန်းကို သြဂုတ်လ ၃ ရက်နေ့သို့ ချိန်းဆိုထားပါသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့ကလည်း ပြန်ကြားရေးဝန်ကြီးဌာန၊ လက်အောက်ရှိ စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနက The Voice Weekly ဂျာနယ်နှင့် Envoy News Journal တို့ အား သတ်မှတ်ထားသော စည်းကမ်းချက်များကို ချိုးဖောက်သည်ဟုသော စွပ်စွဲချက်ဖြင့် ထုတ်ဝေခွင့် ယာယီရပ်နားခဲ့ပါသည်။

ထိုကဲ့သို့ ယာယီရပ်နားခဲ့မှုနှင့် ပတ်သက်ပြီး သတင်းမီဒီယာသမား အများအပြား ပါဝင်သည့် ဆွေးနွေးပွဲတစ်ရပ်ကို သြဂုတ်လ ၁ ရက်နေ့ မွန်းလွဲပိုင်းက တော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ ပြုလုပ်ခဲ့ကာ တက်ရောက်ခဲ့သော သတင်းသမားများစုစည်း၍ သတင်းလွတ်လပ်ခွင့် ကော်မတီ(ယာယီ)ကို ဖွဲ့စည်းခဲ့ပါသည်။ ထိုကော်မတီမှ သတင်း မီဒီယာများ အပေါ် ထုတ်ဝေခွင့် ပိတ်ပင်ခြင်း၊ ချုပ်ချယ်ခြင်းများ ပြုလုပ်ခြင်းများနှင့် ပတ်သက်၍ သတင်း ထုတ်ပြန် ကြေညာချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါသည်။

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ