ကိုကို ပုံပြောမယ်..။

ဒီနေ့တော့ ရေးလက်စ စာကိုလည်းမရေးချင်..လူကလည်းပျင်းနေတော့ ပေါက်ကရတွေ
လျှောက်စဉ်းစားမိတယ်။ တစ်ဖက် မှာလည်း ကြည့်လိုက်တော့ Fast Furious 4
ကားကိုကြည်နေ့ကြတယ်။ ပေါက်ကရတွေတွေးနေတဲ့ကောင်ဆိုတော့ ဒီဇာတ်လမ်းနဲ့တူတဲ့
ဇာတ်လမ်းတစ်ခုကိုတွေးမိတယ်..။
အဲ့ဒါနဲ့ပဲ..ကျွန်တော်ဘာပြောပြော နားထောင်တဲ့ ကောင်မချောချောလေးကို
နားရွက်ဆွဲခေါ်ခဲ့ပြီး အတင်းကြီးကို ပုံပြောတော့ ပါပဲ။ သူကတော့
နားမထောင်ချင် ထောင်ချင်ပေါ့လေ..။ ကျွန်တော်ကလည်းဖိုးပြောချင် ဆိုတော့
မုန့်ကျွေးပြီး ပြောရတာ ပေါ့လေ..။ မုန့်စားရတော့လည်း ကောင်မချောချောလေးက
နားထောင်တာပေါ့လေ..။ အဲ့ကျမှ စပြောခွင့်ရတော့တာပါပဲ..။
အဲ့..ခင်များတို့လည်း နားထောင်ချင်ရင်..ကျွန်တော့် ကောင်မလေးချောချော
အဲ့လေ.. ကောင်မချောချောလေးကို မုန့်ကျွေး လိုက်ပေါ့ဗျာ..။
ကဲ..စပြီနော်..။
ဟိုးရှေးရှေးတုန်းကပေါ့လေ..။ ပုဂ္ဂါပြည်မှာ အနော်ရထာဆိုတဲ့ လူတစ်ယောက်က
ဘုရင်လုပ်တန်းကစားသတဲ့။ သူ့လက်အောက်မှာ
ထီးတွေလှိုင်လှိုင်ထွက်တဲ့ဒေသမှာနေတဲ့ ထီးလှိုင်ရှင်ဆိုတဲ့
တပည့်ကျော်ကြီးတစ်ယောက်ရှိတယ်ကွဲ့။ ကိုကို ထင်တာပြောရရင်
ပုသိမ်လို့ထင်တာပဲလေ..။ ပုသိမ်ထီးကနာမည်ကြီးကိုးဗျ..။ ဒီကောင်ကလည်း
အလုပ်မရှိအကိုင်မရှိ ဆိုတော့ သူ့ဘောစိပေးထားတဲ့ လှံတစ်ချောင်းကိုင်ပြီး
လပ်လျားလပ်လျားလုပ်နေသတဲ့။
တစ်နေ့တော့ သူ့ဘောစိ အနော်ရထာက မျက်စေ့နောက်လာတာနဲ့ ထီးလှိုင်ရှင်ကို
ကျန်စစ်သားဘွဲ့ပေးပြီး သူနဲ့ အတူတူ လျှောက်ကမြင်းကြောထဖို့
အဖော်တွေလျှောက်ရှာကွာဆိုပြီး အပြင်ကိုစေလွှတ်သတဲ့။ အဲ့ဒါနဲ့
ထီးလှိုင်ရှင်လည်း ဘယ်ထွက်ရှာရမတုန်းလို့ဘောစိကိုပြောပြီး စိတ်ညစ်ညစ်နဲ့
ချောင်းစပ်မှာ သွားထိုင်နေသတဲ့။ သူလည်းဘာလုပ်ရမှန်းမသိဘူး
ဖြစ်နေတာပေါ့လေ..။
အဲ့ဒီအချိန်မှာ ချောင်းထဲမှာ ဟိုဘက်ဒီဘက် လက်ပစ်ကူးနေတဲ့
လူတစ်ယောက်ကိုသွားတွေ့သတဲ့။ အဲ့ဒါနဲ့ လှမ်းခေါ် လိုက်ပြီး
စကားပြောဖို့ကြံစည်သတဲ့ကွယ်..။ ထီးလှိုင်ရှင် ထိုင်နေတဲ့နေရာက
ကမ်းစပ်မှာဆိုပေမယ့် နည်းနည်းတော့ စောက် နက်တဲ့နေရာကြီးမှာ
ဖြစ်နေတာပေါ့ကွယ်။ အဲ့လိုဖြစ်နေတုန်းမှာ ထီးလှိုင်ရှင်က
လှမ်းခေါ်လိုက်ပြီး မင်းတက်လာ မလား.. ငါဆင်းခဲ့ရမလားဆိုပြီး
ဟန်ကိုယ့်ဖို့လုပ်ပြီး လှမ်းခေါ်တာပေါ့ကွယ်..။
လက်ပစ်ကူးနေတဲ့ကောင်ကလည်းကြားသွားပြီး ဆင်းလာရမယ့်ကောင်ကို အားနာတာနဲ့
သူကတက်သွားတာပေါ့ကွယ်။ ဗမာလူမျိုးတွေ အားနာတာ အဲ့က စတာပါပဲ။
ထီးလှိုင်ရှင် ဆိုတဲ့ကောင်ကလည်း သူ့မှာပါလာတဲ့ စကောဘီယာနဲ့ဧည့်ခံတော့
ရေကူးနေတဲ့ကောင်က စကော မသောက်ချင်ဘူး ထန်းရည်ဘဲ ချချင်တယ်လို့ပြောတာနဲ့
..ကျန်စစ်သားဘွဲ့ခံတဲ့လူကလည်း ပါလာတဲ့ ပိုက်ဆံကို ကြည့်လိုက် တော့
ထန်းရည်ဖိုးရှိသေးတာကို တွေ့ရသတဲ့။ ကျန်စစ်သားကလည်း တကာခံမယ်လာကွာ
လို့ပြောပြီး ထန်းရည်စတေးရှင်ကို ခေါ်သွားတာပေါ့ကွယ်.။လမ်းမှာ သွားနေရင်း
ဘာအလုပ်လုပ်သလဲမေးတော့ ရေကူးတဲ့ကောင်က ကူးတို့ပို့စားတယ်လို့ပြော
သတဲ့ကွယ်။ အဲ့လိုပြောတော့ ကျန်စစ်သားက ခင်ဗျားမှာ
ကူးတို့ပို့ဖို့လှေလည်းမတွေ့ပါလားလို့ မေးတော့ ရေကူးတဲ့ကောင် က
လူကိုထမ်းပြီး ဟိုဘက်ဒီဘက်ကူးတို့ပို့စားတာ (၁၀)
နှစ်ရှိပြီလို့ပြောသတဲ့ကွယ်။
ကျန်စစ်သားလည်း အံ့သြသွားတာပေါ့ကွယ်။ အဲ့ဒါနဲ့ နာမည်မေးတော့ သူ့နာမည်က
ငဖီးလို့ခေါ်ပါတယ်တဲ့ကွယ်။ ညောင်ဦးမှာနေလို့
ညောင်ဦးဖီးလို့ခေါ်တယ်လို့ပြောတယ်။ ကျန်စစ်သားလည်း စိတ်ဝင်စားသွားပြီး
ညောင်ဦးဖီးကို သူ့ဆီမှာ အလုပ်လုပ်မလား။ တစ်ပတ်ကို ပေါင်
သုံးသောင်းပေးမယ်။ နန်းတော်က ကောင်မလေးတွေကို ရေကူးသင်ပေးရမယ်လို့
ပြောသတဲ့ကွယ်။ ညောင်ဦးဖီး ဆိုတဲ့ကောင်ကလည်း ကောင်မလေးတွေဆိုရင်
အလကားတောင် ကူးတို့ပို့ပေးနေကျ ဆိုတော့ ပိုက်ဆံရမယ်ဆိုတော့ အလုပ်ကို
လက်ခံလိုက်သတဲ့ကွယ်။
စကားတပြောပြောနဲ့လျှောက်သွားလိုက်တာ ထန်းတောထဲကို ရောက်သွားသတဲ့ကွယ်။
ဆိုင်နာမည်ကို လှမ်းကြည့် လိုက်တော့ ထန်းရိပ်ညိုဆိုတဲ့
ဆိုင်ကိုတွေ့လာသတဲ့ကွယ်။ ဒါပေမယ့်
ဆိုင်ရှင်ကိုတော့မတွေ့ကြဘူးကွဲ့။အဲ့ဒါနဲ့ လိုက်ရှာကြည့် လိုက်တော့
ထန်းပင်တွေပေါ်မှာ မျောက်ခုန်ကူးသလို ကူးနေတဲ့ကောင်ကို တွေ့တယ်။
လှမ်းခေါ်ပြီး ထန်းရည် (၃) ဂျားလို့ မှာလိုက်တော့ မျောက်နဲ့တူတဲ့ကောင်က
ရိုးရိုးလား ရှယ်လား လို့မေးသတဲ့ကွယ်။
ကျန်စစ်သားကလည်း သူဘောစိက ဘုရင်ဆိုတော့ မာန်တက်ပြီး
ရှယ်ပဲသောက်မယ်လို့ပြောလိုက်သတဲ့။ ဒါနဲ့ပဲ ဆိုင်ရှင်က သူကိုယ်တိုင်
ထန်းပင်ပေါ်ကိုတက်ပြီး တစ်ပင်ကနေတစ်ပင်ကို တက်လိုက်ဆင်းလိုက် မလုပ်ဘဲ
လှမ်းကူးပြီး ထန်းရည် (၃) ဂျားကို ယူဆောင်လာပေးသတဲ့ကွယ်။ ညောင်ဦးဖီးက
ကြာကြာစားလို့ရတဲ့အမြည်းရှိလားလို့မေးလိုက်တော့ ပိုင်ရှင်က
ဖိနပ်သားရေမီးဖုတ်ရှိတယ်လို့ ပြောသတဲ့။ (အဲ့အချိန် ကောင်မချောချောလေးက
ထွီ..ရွံစရာကြီးလို့ ၀င်ပြောသတဲ့.. ကိုကိုလည်း ပြောရတာပေါ့..။
ဝါးလို့မရ..မျိုလို့မရနဲ့ မြန်မြန်မကုန်တာ ဒါပဲရှိတယ်။
အမဲရွတ်ထက်တောင်သာသေးတယ်လို့ ပြောလိုက်တာ သူတောင်
သားရေတွေကျနေသေးတယ်..ဟီး..ဟီး..)
ကဲ..ကဲ..ဆက်ပြောရအောင်။ ကျန်စစ်သားနဲ့ညောင်ဦးဖီးတို့
နည်းနည်းကောင်းလာတော့ ပိုင်ရှင်ကိုမေးတာပေါ့။ ခင်ဗျားနာမည်
ဘယ်လိုခေါ်လဲ..ဆိုတော့ ပိုင်ရှင်က ကျွန်တော်က မွေးကတည်းကရူးနေပြီး
ထန်းပင်ပေါ်တက်လိုက် သောက် လိုက်နဲ့ထွေထွေနေလို့ အများက ငထွေရူး
လို့ခေါ်ပါတယ်လို့ မိတ်ဆက်လာသတဲ့ကွယ်။ အဲ့ဒါနဲ့ လျှာရှည်တဲ့ ကျန်စစ်သားက
ဘာဖြစ်လို့ စပိုက်ဒါမန်းလို ထန်းပင်ပေါ်မှာ ပြေးတမ်းလိုက်တန်း
ကစားနေရတာလဲလို့ မေးလိုက်သတဲ့ကွယ်။
ငထွေရူးဆိုတဲ့ကောင်ကလည်း ပြောတာပေါ့ကွယ်…။ သူ့ထန်းပင်တွေမှာ
ထန်းရည်ကိုပုတ်သင်ညိုတွေလာလာ သောက်လို့ ဒီကောင်တွေကို လိုက်ဖမ်းပြီး
အမြည်းလုပ်ရောင်းမလို့ပါလို့ ပြောတာပေါ့ကွယ်..။ ညောင်ဦးဖီးကလည်း ၀င်ပြော
တာပေါ့။ ခမောက်လေးရော..ပါသေးလားဆိုလို့ ငထွေရူးကတောင်
ဒါးနှောင့်နဲ့ထုလိုက်ရသေးတယ်..။ (ဒီကြားထဲ မုန့်ကုန် သွားတယ် ထင်ပါရဲ့
ချောချောက ၀င်နှောက်လို့ ထိပ်ကို နှစ်ချက်ခေါက်လိုက်ရသေးတယ်။
ခေါင်းမာတယ်ဗျာ..မငိုဘူးဗျ။ သူ့ကို မညိုးလုံး လို့
နာမည်ပေးရင်ကောင်းမလားဘဲ)
ပြီးတော့မှ ငထွေရူးက ဆက်ပြောတယ်။ သစ်ပင်တက်ရတာ ၀ါသနာပါတယ်တဲ့။
မြို့ရောက်တုန်းက သူ့ယောက်ဖက ဆောက်နေတဲ့ ကန်ထရိုက်တိုက်ရှစ်ထပ်ကို
လှေကားကတက်ရင် ကြာလို့ နံရံကနေတွယ်တက်ခဲ့တာလို့ ပြောတော့ ကျန်စစ် သားလဲ
..ဟ..ဟီးရိုးတစ်ကောင်တော့တွေ့ပြန်ပြီကွ လို့တွေးပြီး
နန်းတော်ထဲလိုက်ခဲ့ပါလား။ခေါင်မိုးတွေ ဆေးတက် သုတ်ပေး ယုံပဲ။ အဆင်ပြေရင်
ခေါင်မိုးပေါ်ကနေ ဆေးသုတ်ရင်း နန်းတွင်းသူလေးတွေကို
ချောင်းကြည့်လို့ရတယ်လို့ ပြောတော့ ငထွေရူး လည်း စိတ်ဝင်စားသွားပြီး
မေးလိုက်သတဲ့ ကျုပ်ထန်းတောကို ဘယ်သူကြည့်ပေးမလဲတဲ့ကွယ်။
ကျန်စစ်သားကလည်း ပြောလိုက်သတဲ့။ ကန်ထရိုက်ပေးလိုက်ကွာ။
မန်းသားတွေမန်းသူတွေ လာသောက်ကြလိမ့် မယ်။ လိုအပ်ရင် မူးပြီးကွဲနေတဲ့အခါ
ပြန်လိုက်ပို့ဖို့ ထော်လာဂျီတွေ ၀ယ်ထားလို့ပြောသတဲ့။
(ဒီကြားထဲ..မုန့်ကုန်နေလို့ ညစ်နေတဲ့ ချောချောက
ကိုကိုနော်..အတင်းမပြောနဲ့ဆိုပြီး အိုးမလုံအုံပွင့်နေလို့
မနည်းချော့ရသေးတယ်။) ဆက်ပြောမယ်…။ ငထွေရူးလည်း စဉ်းစားနေတုန်း
ကျန်စစ်သားခါးကြားက ဖုန်းက
"ကိုကိုရေ..ဖုန်းလာနေတယ်..ကိုကိုရေ..ဖုန်းလာနေတယ်" လို့ ထအော် တော့တာပဲ။
(ချောချောက ၀င်ပါပြန်သေးတယ်..ကိုကို အဲ့ဖုန်းက GSM လား CDMA450 လား 800
လားတဲ့.. ပြန်ရှင်းပြရ သေးတယ်။ ဘာဖုန်းဖြစ်ဖြစ်ပေါ့..။ ဖုန်းဆိုရင်
ပြီးရောပေါ့ လို့ ငေါက်လိုက်ရသေးတယ်။ တစ်ကယ်မလွယ်ဘူး နော်.. ပုံပြောရတာ)
သူ့ဘောစိက ညနေစောင်းရင်ပြန်လာခဲ့ဖို့မှာနေတုန်း ကျန်စစ်သားက
စိတ်ချ..အာစရိ။ ဒီည KTV ဆိုင်အသစ်ကို လိုက်ပို့ပေးမယ်။
အာစရိအသည်းကြီးအလစ်မှာ ထွက်လာခဲ့လို့ပြောလိုက်ပြီး ဖုန်းချလိုက်ပါတယ်။
ပြီးတော့မှ… ငထွေရူးကို ..စဉ်းစားမနေပါနဲ့
ငထွေရူးရယ်..လိုက်သာလိုက်ခဲ့ပါကွာ..မင်းထန်းရိပ်ညိုကို ငါ
စီစဉ်ပေးမယ်လို့ အတင်းဆွဲ ခေါ်တော့ ကန့်လန့်ကန့်လန့်နဲ့ပါသွားသတဲ့ကွယ်။
(လူကမောလို့ခဏနားနေတုန်း လှည့်ကြည့်လိုက်တော့ ဘာတွေတွေးနေလဲ မသိပါဘူး။
ချောချောက သားရည်တွေ ယိုနေတာကို တွေ့လိုက်ရပါတယ်။ ပခုံးပုတ်ပြီး
ထန်းရိပ်ညို Station ကိုသွားမလားလို့ ရွဲ့မေးတော့မှ ဟားးးးးးးးးးးး
ဆိုပြီး ရှက်ရယ် ရယ်နေပါတယ်။ မလွယ်ဘူးဗျာ..။ ဇ ရှိပုံရတယ်။)
ပုံပြင်ဆက်ပြောမယ်နော်။ အခုဆိုရင် Fantastic Three ရှိနေ ပြီနော်..။
သူတို့ သုံးယောက်ခပ်ထွေထွေနဲ့လျှောက်လာတုန်း ဒဂုံတောင်ကိုရောက်သွားသတဲ့။
(ပုံပြင်နော်..ရောက်ချင်ရာ ရောက်ပဲ..လျှာမရှည်နဲ့။)
ဒဂုံတောင်ကိုရောက်တော့ မြို့အစွန်မှာ လယ်ထွန်နေတဲ့ ငတိတစ်ကောင်ကို
သွားတွေ့သတဲ့။
သူတို့အံ့သြသွားတာက ထွန်တုံး (၃၀) နွား (၆၀)နဲ့ တစ်ယောက်တည်းဆွဲနေတာကို
တွေ့လိုက်ရတာပါပဲ။ နွားတန်း ကြီးကလည်း တောင်ပြေးလိုက် မြောက်ပြေးလိုက်နဲ့
သူကလည်း နိုင်အောင်ဆွဲပြီး ရအောင်ထွန်နေတာပေါ့ကွယ်။ (ကိုကိုသာ ဆိုရင်
ထွန်စက်နဲ့ပဲဆွဲလိုက်တော့မယ်။ နွားအကောင်(၆၀) ဆိုရင် အနည်းဆုံး
သိန်း(၁၈၀)ပဲ။ ထွန်စက်လေးဝယ်.. လူငှား လေးတင်..ပိုတဲ့ပိုက်ဆံနဲ့
မိန်းမလေး (၂)ယောက်လောက်ယူ..တက်စီဆွဲစား..အဲ..ဘာတွေလျှောက်ပြောနေပါလိမ့်..
ဘွာတေး..ဘွာတေး..)။ ကျန်စစ်သားအကြောင်းဆက်ပြောမယ်နော်..ဟီး..ဟီး။
သူတို့သုံးယောက်လည်းကြည့်ကောင်းကောင်းနဲ့ကြည့်နေတာပေါ့။ နွားတွေကလည်း
ဆပ်စလူးထနေ ပြေးနေတော့ တော်တော်ကြီးကို လုပ်နေရတာပေါ့ကွယ်။
သူတို့လည်းထိုင်ကြည့်နေပြီး ငထွေရူးနဲ့ညာင်ဦးဖီးကတော့
ငြင်းခုန်နေကြပါတယ်။ ပိုက်ဆံရှိတာကောင်းတယ်..ပိုက်ဆံရှိတာမကောင်းဘူး
ဆိုပြီးတော့ပေါ့ကွယ်။ လယ်ထွန်လည်းပြီးရော..ကျန်စစ်သားက
လှမ်းမေးလိုက်သတဲ့..။ "ဟေ့လူ
ဟိုဘက်ပြေးလိုက်..ဒီဘက်ပြေးလိုက်..ပြေးရင်းနဲ့မောင်းလိုက်
မောင်းရင်းနဲ့ပြေးလိုက်နဲ့ ခင်ဗျား ဘယ်လိုဖြစ်နေတာတုန်း"
လယ်ထွန်နေတဲ့ကောင်ကလည်း သူတို့သုံးယောက်ဆီကိုလျှောက်လာပြီး "မင်းဘာကောင်
လဲ..ငါဘာကောင်လဲ..ဘယ်သူဘာကောင်လဲ။ "လို့မေးသတဲ့ကွယ်။
အဲ့..ဟစ်ဟော့တွေပါကုန်ပြီ..။ ထားလိုက်မယ်နော်..
ပုံပြင်ပဲ..ရပါတယ်..ဟဲ..ဟဲ။
အဲ့ခါကျမှ ညောင်ဦးဖီးက ၀င်ပြောသတဲ့ ။ "ခင်များဗျာ..လယ်ထွန်တာပဲ။
အေးဆေးထွန်ပေါ့ဗျာ..ဘာဖြစ်လို့ ရွစိ တက်ပြီး
ယောက်ယက်ခက်အောင်ထွန်နေရတာတုန်း" လို့မေးလိုက်တော့ လယ်ထွန်တဲ့ကောင်က
သူ့ဘ၀ကိုပြောပြတယ်။ သူ့နာမည်က ငလုံးတဲ့။ သူ့မိန်းမက
စိန်နားကပ်ပန်ချင်လို့ ပိုက်ဆံကို ပိုရှာချင်လို့ နွား(၄)ကောင် ထွန်တုံး
(၂)တုံးနဲ့ပိုက်ဆံရှာ ပိုက်ဆံရလာရင် စိန်နားကပ်လေးဝယ်..မိန်းမက
ထပ်ပူဆာတော နွား(၈)ကောင် ထွန်တုံး(၄)တုံးနဲ့ထပ်ရှာ စိန်လက်ကောက်
လေးဝယ်..ထပ်ပူဆာလို့ နွား(၁၆)ကောင် ထွန်တုံး(၈)တုံးနဲ့ ပိုက်ဆံထပ်ရှာ
ရလာရင် စိန်ဆွဲကြိုးလေးဝယ်..၀ယ်ဝယ်ပေးနေ တာနဲ့ စိန်တဆင်စာလည်းရရော သူလည်း
နွားအကောင်(၆၀) ထွန်တုံး(၃၀)နဲ့ရှာရတဲ့ဘ၀ကိုရောက်နေတော့တာပါပဲတဲ့။
သနားပါတယ်နော်…။( ပုံပြင်ဖတ်နေတဲ့ မိန်းကလေးတွေ..အဲ့လိုမလုပ်နဲ့နော်..။
ကိုယ့်ယောက်ျားကို ကိုယ်သနားတက်အောင် ကျင့်ထားကြ…။လူလူချင်း
ကိုယ်ချင်းစာပါနော်..) ပုံပြင်ဆက်ပြောမယ်..။
တစ်နေ့ကျတော့ ဆပ်စလူးထပြီး လယ်ထွန်လိုက်တာနဲ့
ချော်လဲပြီးလက်ကဖယ်တယ်ဖယ်တယ် ဖြစ်သွားတာနဲ့ အားလုံးက ငလုံးလက်ဖယ်
လို့ခေါ်ကြတော့တာပါပဲ တဲ့။ အခုတော့ အဆင်ပြေနေပြီပေါ့ ဟုတ်လား၊ ခင်ဗျားက
မိန်းမကို တော်တော်ချစ်တာပဲ လို့ ငထွေရူးက ပြောတော့ ငလုံးလက်ဖယ်
ဆိုတဲ့သူကလည်း ငိုသံပါကြီးနဲ့ ဒီနေ့မနက်ပဲ စိန်တွေ အကုန်ယူသွားပြီး
လင်ငယ်နောက်ပါသွားပြီလို့ ပြောတော့တာပါပဲ။ ဒါကြောင့် ပေါက်ကွဲနေတာတဲ့။
အင်း..ကောင်းရော..။
ကျန်စစ်သားက ခင်ဗျားက အဲ့ဒါကို မသိလိုက်ဘူးလားလို့ မေးလေရော..။
ငလုံးလက်ဖယ်ကလည်း ပြန်ပြောရှာ ပါတယ်။ တွေ့တာပေါ့ဗျာ..ကျနော့်ရှေ့တင်
အေးအေးလူလူထွက်သွားကြတာတဲ့။ အကုန်မ သွားတာပါပဲတဲ့။ ကျန်စစ်သားက
ဆက်ပြောပါဦးဆိုပြီး စကားထောက်ပေးတော့ ငလုံးလက်ဖယ်က "နွားအကောင် (၆၀)ကို
နိုင်အောင်ထိန်းနေရတာနဲ့ ဘာမှ လုပ်လို့မရလိုက်ပါဘူးတဲ့။ နွားတွေလည်း
ထိန်းပြီးရော..နောက်ကလိုက်တော့မမှီတော့ဘူးတဲ့"
ငထွေရူးသလည်း စိတ်ဝင်စားစွာနဲ့ မေးပါတယ်။ ဘယ်ရောက်သွားလို့လဲ တဲ့။
ငိုသံကြီးနဲ့ဖြေရှာပါတယ်။ စင်္ကာပူရ ကိုတောင် ရောက်နေပြီတဲ့။ Flight
မမှီတော့လို့လားတဲ့ ..ခေါင်းလေးစောင်းပြီး ညောင်ဦးဖီးကမေးတော့
"မဟုတ်ပါဘူးဗျာ။ Passport ကလုပ်နေတာ တစ်လကျော်ကြာနေလို့"တဲ့။
အင်း..ဒါလည်း ဒုက္ခပဲနော်..။ ဆက်ပြောတယ်..ငလုံးလက်ဖယ် က ကျနော်လည်း
စိတ်နာနာနဲ့ လယ်ပဲဆက်ထွန်နေတာတဲ့။ ဒါနဲ့ပဲ..ငထွေရူးနဲ့ ညောင်ဦးဖီးက
"အေးဟ..သူဒုက္ခလည်းမသေးဘူး ကွ"တဲ့။ ကျန်စစ်သားကတော့ သနားသွားပုံရပါတယ်။
ငလုံးလက်ဖယ်ကို နန်းတော်ကို လိုက်ခဲ့ဖို့ခေါ်ပါတယ်။
လယ်လည်းဆက်မထွန်နဲ့တော့။ ဟိုရောက်ရင် နေ့ကလေး ထိန်းကျောင်းမှာ
ကျောင်အုပ်ခန့်မယ်တဲ့။ မိန်းမအသစ်လည်း ရှာပေးမယ်။ နန်းတော်ထဲမှာ
မိန်းမချောချောလေးတွေ အများ ကြီးရှိတယ်။ကြိုက်တဲ့
တစ်ယောက်ကိုရှာယူတဲ့။ကျွဲတွေနွားတွေလည်း ရောင်းပစ်လိုက်တော့တဲ့. ။
စိန်တစ်ဆင်စာမကဘူး။ (၄)ဆင်စာလောက်ရတယ်တဲ့။ လယ်ကိုမှ ဆက်ထွန်ချင်သေးရင်
ဂွမ်ဒေါင်း အစီး(၆၀) ၀ယ်ပြီးထွန်ပေတော့တဲ့။ ပိုက်ဆံမ လောက်ရင် ကျန်စစ်သား
ကျနော်က ချေးမယ်တဲ့။
ငလုံးလက်ဖယ်လည်း တော်ပါပြီဗျာ..လယ်ထွန်ရတာကို
စိတ်နာနေပါပြီ..မူကြိုကျောင်းအုပ်လုပ်ပြီး မိန်းမနောက်
တစ်ယောက်ပဲယူတော့မယ်တဲ့။ တော်ကြာ ဂွမ်ဒေါင်း အစီး(၆၀)နဲ့လယ်ဆက်ထွန်လို့
ကျနော်ဆပ်စလူးထပုံနဲ့ဆို ငလုံးလက် ဖယ် မဖြစ်ဘဲ ငလုံးခြေထောက်ဖယ်ပါ
ဖြစ်နေပါဦးမယ် လို့ ဆိုပြီး ကျန်စစ်သားတို့နဲ့အတူ နန်းတော်ကို
လိုက်သွားသတဲ့ ကွယ်။ ကျန်စစ်သားကတော့ ဘော်ဒါတွေတိုးလာလို့
ဝမ်းသာနေတာပေါ့ကွယ်။
ပြီးတော့ စိတ်ကူးတွေတောင် ယဉ်နေလိုက်သေးတယ်..။ သူက
ကာကွယ်ရေးဝန်ကြီးလုပ်မယ်။ ငထွေရူးကို ကူးသန်း
ရောင်းဝယ်ရေးဝန်ကြီးလုပ်ခိုင်းမယ်။ ကြည်းတပ်မှာ ဦးစီးချုပ်ခန့်မယ်။
ညောင်ဦးဖီးကို မြန်မာ့ကြယ်ငါးပွင်ကော်ပို့ရေးရှင်းမှာ ညွှန်မှူးခန့်မယ်။
တပ်မတော်(ရေ) မှာ ဗိုလ်ချုပ်ကြီးရာထူးနဲ့ တာဝန်ပေးမယ်။ငလုံးလက်ဖယ်ကိုတော့
စိုက်ပျိုးရေးဝန်ကြီး ခန့်မယ်။ မွေး/ရေဘဏ်မှာ ဦးစီးချုပ်
ညွှန်မှူးခန့်မယ်။ ဘာညာပေါ့လေ..။
အနော်ရထာရှေ့ကိုလည်းရောက်ရော…ဘောစိက ၀မ်းသာနေတာပေါ့။ ကျန်စစ်သားကိုလည်း
ချီးမွမ်းနေတယ်။ သုံးယောက်ပေါင်းရင်တောင်
လောင်းကျော်တာ..လေးယောက်သာပေါင်းလိုက်ရင်တော့
တိုင်းကျော်ပြည်ကျော်ဖြစ်သွားမှာပဲ လို့လည်း တွေးပြီး ၀မ်းသာနေသေးတယ်။
ကဲ..ဒါကြောင့် မှတ်ထားပါနော်..။ Fast Furious 4 ဇာတ်ကားက မြန်မာပြည်က
လူစွမ်းကောင်း(၄)ယောက်ကို ခိုးချပြီးရိုက်ထားတာပါ။
ဒီတစ်ခေါက်တော့…ဒီလောက်ပါပဲဗျာ..။ ပျော်ရွှင်ပါစေ..။
အခုလည်း Fast Furious 5 ထွက်နေပါပြီ။ အထင်ကြီးစရာမလိုပါဘူး။ မြန်မာပြည်က
ဇာတ်ကောင်တွေပါပဲ။ နောက်တစ်ယောက်က ဗျက်စုတ်ဗျက်ပဲ့ထဲက ဗျက်ပဲ့ပါ
ပါလာတာပါ။ သူ့ကိုတော့ သထုံကို သွားလည်ရင်းနဲ့ မန်းလေးမှာ ကဲပြီး
ပုဂ္ဂါကိုအပြန်မှာ တွေ့လာခဲ့တာပါ။ အားယားနေတဲ့အခါ နဲ့ ပရိသတ်ကြီးက
တောင်းဆိုတဲ့အခါမှာ ရေးပေးပါမယ်။
ကဲ..ပုံပြင်လေးကတော့ ဒီမျှပါပဲကွယ်။ ပုံပြင်ကို နားထောင်နေတဲ့
ကောင်မချောချောလေးလည်း ပြန်နိုင်ပါပြီကွယ်။
မှတ်ချက် ။ ။ အရိုးရေးထားသောစာကိုပြန်ပြင်ရေးသားထားခြင်းဖြစ်ပါသည်။
ကိုကိုမှော်ဆရာလေး

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ