ဆရာကြီးတွေ နေတဲ့နိုင်ငံ


ခက်တော့လည်း အခက်သား
လူတိုင်းနီးပါးက
တစ်ထွာလုပ်ပြီးရင် တစ်တောင်ပြချင်နေတဲ့ခေတ်။



ဘာသာတရားသင်ပြသူက
ဘာသာတရားဆိုတာ 
လူတစ်ယောက်ရဲ့တစ်ဘ၀လုံးကို ခြုံငုံမိတဲ့ အသိတရားလို့
လူတိုင်းကို နားချချင်ကြတယ်။

စစ်သားကလည်း
ပြည်သူရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရသမို့
လူတိုင်းက သူတို့ကို ဘုရားသခင်လိုမျိုး ရိုကျိုးစေချင်တယ်။

အစိုးရဆိုတာ
လူအ၊ လူန၊ လူမပီသတဲ့ ဘ၀တွေအတွက်
ပစ္စုပ္ပန်သံသရာ၊ လောကီ၊ လောကုတ္တရာ
အားလုံးကောင်းအောင် 
မလွှဲသာမရှောင်သာ 
ဇိကုပ်ကာ နတ်ပြည်တင်နေကြရသူတွေလို့ 
သူတို့ကိုယ်သူတို့ ဘ၀င်မြင့်တယ်။

ဒီလိုပါပဲ 
အလှူခံကလည်း အလှူခံမို့လို့
မော်တော်ပီကယ်ကလည်း မော်တော်ပီကယ်မို့လို့
ကားစပါယ်ယာက အစ
သူတို့ကိုယ်သူတို့တော့ ကယ်တင်ရှင်ကြီးတွေ ထင်မှတ်ကြ။ 

သူတောင်းစားကတောင်
သိန်းတစ်ထောင့်ငါးရာဆုကြီး ပေါက်သွားတဲ့ လူတစ်ယောက်ကို 
သူတို့ပေးတဲ့ဆုကြီးနဲ့ တစ်လုံးတစ်ဝကြီး ပြည့်ဝသွားသူလို့
တီးတိုးပြောရင်း သနားကြ။

ငါတို့နိုင်ငံမှာ
ငါတို့ role ကို ငါတို့နိုင်အောင် play ဖို့ထက်
သူများ role ကို ၀င်ဝင် play ဖို့ အားသန်သူတွေ များကြတယ်။

ဒီလိုနဲ့
လူတိုင်းပဲ မွဲနေကြပေမယ့်
ဆရာကြီးတွေတော့ ထွန်းကားတယ်။ ။

 
—Kyaw Ba Thit

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ